မန္တလေးတွင် စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

မန္တလေး အမှတ်(၉) ရဲစခန်းအနီးတွင် ယနေ့ (ဒီဇင်ဘာ ၁ ) မွန်းလွဲပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားသည်။

တစ်ဦးတည်း ဆိုင်ကယ်စီးနင်းလာစဉ် မဟာအောင်မြေမြို့နယ် ၃၆လမ်းနှင့် ၈၂လမ်းအရောက် ဦးခေါင်းနှင့် လည်ပင်း ကျည်ထိမှန်သေဆုံးသူမှာ ထိုမြို့နယ် ဟေမမာလာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ် ဦးလှိုင်မောင်ဝင်းဆိုသူဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက အတည်ပြုသည်။

“ပစ်ခံရပြီးကတည်းက မလှုပ်တော့ဘူး။ အလောင်းကိုတော့ လူမှုရေးကားနဲ့ လာတင်သွားတယ်” ဟု လုံခြုံရေးအရ အမည်ဖော်၍ မပြောလိုသူ အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

သေဆုံးသူသည် စစ်တပ်က ဖွဲ့ပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို သတင်းပေးနေသူဖြစ်ကြောင်း သူက ဆက်ပြောသည်။

“သူက ကြံ့ခိုင်ရေးပါတီဝင်။ ဒလန်အကြီးစား။ သူ့ကြောင့်မို့လို့ ကျွန်တော်တို့ညီတွေတောင် အိမ်ကိုပြန်လို့ မရကြဘူး။ သူသတင်းပေးလို့ ဖမ်းခံရသူတွေလည်းရှိတယ်”ဟု ထိုသူက ဆိုသည်။

သို့သော် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဖြစ်စဉ်၊ ၎င်း၏ ညီများ အိမ်သို့ ပြန်မရသည့်ကိစ္စ အသေးစိတ်အကြောင်းအရာတို့ကိုမူ ၎င်းထံမှ မသိရသလို ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခံရသူ၏ မိသားစုနှင့် စစ်ကောင်စီထံ ဆက်သွယ်၍ မရသေးပေ။

ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းနေသည့် စစ်ကောင်စီကို မန္တလေးမြို့၌ အာခံနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Generation Z Power(GZP) မှ အဖွဲ့သားတစ်ဦးကမူ ဦးလှိုင်မောင်ဝင်း သေဆုံးမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောသည်။

“သူက မနက် ၇နာရီက လွှတ်တော်ရုံးမှာ အစည်းအဝေးသွားတက်တာ။ အဲဒီကတည်းက စောင့်နေတာ။ လွတ်သွားတယ်။ ဒါနဲ့ နေ့လည်ပိုင်းမှ လမ်းမပေါ်မှာတင် ပစ်သတ်ခဲ့ရတယ်”ဟု သူက ပြောသည်။

သတင်းပေးများ၊ စစ်ကောင်စီ၏ ယန္တရားကို လည်ပတ်နိုင်စေရန် ကူညီနေသူများကို ဆက်လက်ချေမှုန်းသွားမည်ဟု GZP အဖွဲ့က ပြောသည်။

“ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ မစ်ရှင်တွေလုပ်တဲ့အခါ အန္တရာယ်မဖြစ်ဖို့ လမ်းမတွေမှာ သူတို့နဲ့နီးရာတွေမှာ မနေကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု အထက်ပါ အဖွဲ့ဝင်က ဆိုသည်။

ဖေဖော်ဝါရီ (၁) အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြဆန့်ကျင်နေသူများ နေ့စဉ်ရှိနေသည့် မန္တလေးတွင် ရဟန်း၊ သံဃာများပင်မချန် ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်၍ စစ်ကောင်စီက ဖြိုခွင်းနေချိန်တွင် ယင်းကို ခုခံသည့် GZP ကဲ့သို့ ဒေသခံ တော်လှန်ရေးအဖွဲ့များ ပေါ်​ထွန်းလာသည်။

ဆန္ဒပြသူ၊ အာဏာဖီဆန်သူတို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွင် သတင်းပေးသည့်နည်းဖြင့် စစ်ကောင်စီတပ်ကို ကူညီသည်ဟု ယူဆရသူများသည်လည်း ထိုအဖွဲ့များ၏ ပစ်မှတ်ဖြစ်လာသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် သတင်းပေး သတ်ဖြတ်ခံရမှုများ၊ အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲခံရမှုများ၊ စစ်သားနှင့် ရဲတို့ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။

ယမန်နေ့ (နိုဝင်ဘာ ၃၀) နံနက်ပိုင်းကပင် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ပစ်ခတ်ခဲ့ရာ တပ် ကြပ်ကြီးအဆင့်ရှိသည့် စစ်သားတစ်ဦးနှင့် ထိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေတို့ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရသွားကြောင်း Burma Phoenix Organization (BPO) အဖွဲ့က ပြောထားသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ နိုဝင်ဘာ ၁၈ ရက်စွဲတပ် သတင်းထုတ်ပြန်ချက်တစ်ခုတွင်မူ “အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့်” အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ ၁၉၈ ဦးခန့် သေဆုံး၊ ၁၄၈ ဦးခန့် ဒဏ်ရာရရှိထားသည်ဟု ဖော်ပြထားသည်။

ဒေသတချို့တွင် ခြိမ်းခြောက်ခံရသည့် အုပ်ချုပ်ရေးမှူးများ တာဝန်မှ အနားယူသွားကြသည်။ အာဏာသိမ်းစစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးထွက်စာတင်မှုများကို သတင်းအမှောင်ချထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s