Monthly Archives: Dec 2021

ဖမ်းထားသည့် အင်ဂျင်နီယာကို ပြန်လွှတ်ပေးမည်ဆိုကာ ငွေညှစ်နေ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် နေထိုင်သည့် အင်ဂျင်နီယာတစ်ဦးကို စစ်ကောင်စီက ဖမ်းသွားပြီး ၁၀ရက်ကြာသည်အထိ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရဘဲ ပြန်လွှတ်ပေးမည်ဆိုကာ ငွေတောင်းခံနေကြောင်း မိသားစုဝင်နှစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူမှာ အသက် ၄၁ နှစ်အရွယ် ဦးဉာဏ်ထွန်းဖြစ်ပြီး အလုပ်ကိစ္စဖြင့် အပြင်သွားစဉ် နိုဝင်ဘာ ၂၀ ရက်ကတည်းက အဆက် အသွယ်ပြတ်သွားကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကြည်ပြာအေးနှင့် အမည်မဖော်လိုသူ အခြားမိသားစုဝင်တစ်ဦးက ယမန်နေ့ (နိုဝင်ဘာ ၃၀) တွင် ပြောသည်။

ထိုသို့ အဆက်အသွယ်ပြတ်တောက်ပြီးနောက် နိုဝင်ဘာ ၂၁ တွင် ရဲ၊ စစ်သားနှင့်အတူ အရပ်ဝတ်ပုဂ္ဂိုလ်အချို့ နေအိမ်ကို လာရောက်ရှာဖွေခဲ့သော်လည်း ဦးဉာဏ်ထွန်းကို မည်သည့်အကြောင်းဖြင့် မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို အသိမပေးခဲ့ဟု ဒေါ်ကြည်ပြာအေးက ပြောသည်။

ထိုသို့ နေအိမ်ကို လာရောက်ရှာဖွေစဉ် ဆောက်လုပ်ရေးလုပ်ငန်းသုံး Tools Box ထဲမှ သံပြားပိုင်းနှစ်ခု ယူဆောင်သွားကာ အဝတ်အစားအချို့နှင့် သောက်နေကျ ဆေးဝါးရှိလျှင် ထည့်ပေးနိုင်ကြောင်းသာ အသိပေးကာ အခြားမည်သည့်ကိစ္စမျှ မေးမြန်းမရခဲ့ဟု ၎င်းက ဆိုသည်။

“သူတို့ ထိန်းသိမ်းထားတဲ့အကြောင်း ပြောပြီး ကျန်တာလည်း ဘာမှ မပြောသွားဘူး။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်နေရင် ပြန်လွှတ်ပေးမယ်ပြောပြီး ကျန်တာလည်း ဘာမှ မပြောသွားဘူး။ အခုချိန်ထိလည်း မဆက်သွယ်လာဘူး” ဟု မကြည်ပြာအေးက ပြောသည်။

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း ဓာတ်ပုံတင်ထားသူတစ်ဦးနှင့် အခြားတစ်ဦးတို့က မိသားစုဝင်အချို့ကို Facebook Messenger မှတစ်ဆင့် ဆက်သွယ်လာပြီး ဦးဉာဏ်ထွန်း လွတ်မြောက်အောင် လုပ်ပေးနိုင်သည်ဟုဆိုကာ ကျပ်သိန်း ၂၀ မှ ၃၀ အထိ ပေးရန် တောင်းခံမှုများရှိကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုသို့ ကမ်းလှမ်းလာသူတို့က အမည်နှင့် ရာထူး၊ တာဝန်ကို ထုတ်မပြောပဲ Messenger တွင် ၎င်းတို့ ပို့လာသည့် ဖုန်းနံပါတ်ကိုသာ ဆက်ခိုင်း၍ နှစ်ကြိမ်ဆက်သွယ်ခဲ့ဖူးကြောင်း၊ ဉီးဉာဏ်ထွန်းမှာ မည်သည့်ပြစ်မှုမျှ ကျူးလွန်သူမဟုတ်၍ တောင်းခံသည့် ငွေကို မပေးလိုကြောင်း ၎င်းက ဆက်ပြောသည်။

“နေပြည်တော်က ဘာဖြစ်တယ် ညာဖြစ်တယ် အဲဒီလိုမျိုးတွေနဲ့။ ဂိမ်းဆော့တဲ့ အကောင့်နာမည်တွေ ထူးထူးဆန်းဆန်းနာမည်တွေနဲ့ ဆက်သွယ်လာတာ။ ဘယ်ဌာနကဆိုတာ ပြောပြလို့ မရဘူးတဲ့။ ပွင့်ပွင့်လင်းလင်းပြောရင်(ငွေပေးပြီး) မထုတ်ဘူးလို့ စဉ်းစားထားတယ်” ဟု မိသားစုဝင်က ဆိုသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ အင်ဂျင်နီယာလက်မှတ်ရထားသူ ဦးဉာဏ်ထွန်းမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူသာဖြစ်ပြီး ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းမရှိသလို စစ်အာဏာသိမ်းခြင်းကို သူ၏ Facebook တွင် ရေးသားဝေဖန်ဖူးသူ မဟုတ်ဟု အထက်ပါ သတင်းရင်း မြစ်ကပင် ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် (နိုင်ငံရေး) ကင်းရှင်းတယ်။ ဘာမှ မရှိဘူး။ တော်တော်လည်း ပြောရခက်တယ်။ အင်ဂျင်နီယာဆိုတော့ လှူတာတန်းတာနဲ့များ ခေါင်းစဉ်တပ်လိုက်လား စိုးတော့ စိုးရိမ်တယ်”ဟု ၎င်းက ပြောသည်။

ငါးနှစ်အရွယ် သားတစ်ဦး၊ သုံးနှစ်အရွယ် သမီးတစ်ဦး၏ ဖခင် ဦးဉာဏ်ထွန်း၏ ပကတိအခြေအနေကို သိလိုကြောင်း ဇနီးဖြစ်သူ မကြည်ပြာအေးကလည်း ပြောသည်။

“ဘယ်မှာ ခေါ်သွားလို့ သူ့ကို ဘာလုပ်ထားတယ်ဆိုတာ ဘယ်လိုပုဒ်မတွေနဲ့ စွဲထားလဲ အဲဒါကိုတော့ သိချင်တာပေါ့။ အခုချိန်ထိ ဘာမှ မသိရသေးတော့ ကျွန်မကလည်း ကလေးနှစ်ယောက်နဲ့ဆိုတော့ ဘာမှလည်း မလုပ်တတ်ဘူးဆိုတော့” ဟု ၎င်းက ပြောသည်။

ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖေဖော်ဝါရီ ၁ တွင် ဖြုတ်ချကာ အာဏာသိမ်းပြီး ၇ လအတွင်း စစ်တပ်က ၎င်းတို့ဖမ်းဆီးထားသည့် လူပေါင်း ၇၀၀၀ ကျော်အနက် ၈၂ ရာခိုင်နှုန်းကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း ထုတ်မပြောခဲ့ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ် ၃၀တွင် ထုတ်ပြန်ဖူးသည်။

AAPP ကို တရားမဝင်အသင်းအဖြစ် ကြေညာထားသည့် စစ်ကောင်စီထံသို့မူ ဦးဉာဏ်ထွန်းကိစ္စ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီး ၁၀ လကြာမြင့်ချိန်အထိ စစ်ကောင်စီက နိုင်ငံအနှံ့ ဖိနှိပ်မှုများ နေ့စဉ် ပြုလုပ်နေဆဲဖြစ်ပြီး AAPP ၏ နိုဝင်ဘာ ၂၉ စာရင်းအရ ဖမ်းခံရသူ ၁၀၀၀၀ ကျော်နှင့် အသက်ဆုံးရသူ ၁၂၉၇ ဦးထိ ရှိနေကြောင်း သိရသည်။ myanmar now

စစ်ရှောင်များအတွက် စားနပ်ရိက္ခာ ပါဝင်လှူဒါန်းနိုင်

စစ်ဘေးရှောင်ဒေသတွေအတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ လူတယောက်ကို ငွေကျပ် တသောင်းအလှူကမ်ပိန်းမှာ Clean Yangon အဖွဲ့က တဆင့်  ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

လတ်တလောမှာတော့ နိုင်ငံဒေသအနှံ့ တိုးပွားလာနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် စားနပ်ရိက္ခာလိုအပ်ချက်က ကြီးမားနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၁၀ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။

ဒီတိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ် ဘေးရှောင် ဒုက္ခသည်တွေဟာလည်း တနေ့တခြား ပိုမိုများပြားလာနေပါတယ်။

Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေးလှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုး ကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ DVB

မန္တလေးတွင် စစ်ကောင်စီ တပ်စွဲထားသည့်ကျောင်း ဗုံးပစ်ခံရ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးလည်း အသတ်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၊ မြို့သစ် (၄) ရပ်ကွက်ရှိ အမှတ် (၃) အထကခွဲ ကျောင်း၌ တပ်စွဲထားသည့် စစ်သားများ ယနေ့ ဒီဇင်ဘာလ ၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀တွင် ဗုံးခွဲ တိုက်ခိုက်ခံရကြောင်း မြို့ခံများက ပြောသည်။ “ကျောင်းရှေ့မှာ လက်လုပ်ဗုံး တွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်တွေ လာရှင်းတဲ့အချိန် နောက်ဗုံး တစ်လုံးက ထပေါက်တာပါ။ အဲဒီထဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာ လနဲ့ချီ ကြာနေပြီ။ ဟိုတစ်ခါကလည်း ဗုံးတစ်ခါ ပစ်ခံထားရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုတွင် စစ်သားများ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို မသိရသေးပေ။ ယင်းဖြစ်ရပ်အပြင် မဟာအောင်မြေမြို့နယ် ၃၆ လမ်းနှင့် ၈၂ လမ်းထောင့် အနီး၌လည်း စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ယနေ့ နေ့လယ် ၁ နာရီကျော်တွင် သေနတ်ဖြင့် နှစ်ချက် ပစ်ခံရမှု ဖြစ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

၎င်း ဆိုင်ကယ်စီးလာစဉ် သေနတ်သမားနှစ်ဦးက ပစ်သတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။သေဆုံးသွားသူသည် မဟာအောင်မြေမြို့နယ် ဟေမမာလာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် အရွယ် ၅၀ ရှိ ဦးလှိုင်မောင်ဝင်း ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားကြောင်းကိုမူ လက်ရှိတွင် မသိရသေးပေ။

မန္တလေးမြို့တွင် စစ်တပ်နှင့် ဆက်စပ်သည့် နေရာများ အပါအဝင် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးဒလန်များ တိုက်ခိုက်ခံနေရပြီး စစ်တပ်ဘက်ကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများကို နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်လျက် ရှိသည်။ mizzima

ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်ဝေလုံဘက်မှာ ဒီကနေ့ ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းကစပြီး ညနေအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

“ဝှေခါမှော်ဘက်ခြမ်းက ဝေလုံဘက်ပေါ့ မနက်ကတည်းက ပစ်နေကြတာ။ အခုညနေအထိ မပြီးသေးဘူး။ မြို့ထဲက ဗျူဟာကုန်းပေါ်ကလည်း ညနေ ၃ နာရီခွဲဝန်းကျင်က လက်နက်ကြီးနဲ့ နှစ်ချက်ပစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မက်လင်ခြောင်ဘက်ခြမ်းမှာလည်း နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီလောက်က  ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ မရှိဘူးလို့ သိရပါတယ်။ 

ဖားကန့်မြို့နယ်အတွင်း ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ် ခတ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ 

ဖားကန့်မြို့နယ်ကို ဩဂုတ် ၂၀ ရက် ည ၈ နာရီကစပြီး အင်တာနက်ပိတ်ထားတာ ၃ လ ကျော် ရှိနေပြီလည်း ဖြစ်ပါတယ်။ DVB

သစ်မှောင်ခိုများထံမှ သစ်များဖမ်းဆီးသည့် PDF ထုတ်ပြန်သော ဓာတ်ပုံကိုသုံးကာ PDF ကို သစ်မှောင်ခိုပါပြောသော သတင်းမှားပျံ့နှံ့

စစ်ကိုင်းတိိုင်း​ဒေသကြီး ကနီမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်တစ်ခုက သစ်မှောင်ခိုများလက်ဝယ်မှသစ်များ ဖမ်းဆီးသည့်ဓာတ်ပုံတစ်ပုံကို အသုံးပြု၍ ပြည်သူ့ကာကွယ်ရေးတပ်များက သစ်မှောင်ခိုထုတ်ပါသည်ဟု သတင်းမှားအဖြစ်ဖြန့်ချိမှုဖြစ်ပေါ်နေသည်။အဆိုပါသ တင်းမှားကိုစတင်ဖြန့်ဝေပြီး နှစ်နာရီအကြာတွင် မူရင်းပို့စ်ကို ပြန်လည်မျှဝေသူ ၁၈၀ ကျော်ရှိသည်ကိုတွေ့ရသည်။ ” သစ်ခိုးထုတ်နေသော pdf များ” ဟူသောခေါင်းစဉ်ဖြင့် ” ကနီ pdf များအနေဖြင့် ငွေကြေးထောက်ပံ့မှု နည်းပါးခြင်းကြောင့် စားဝတ်​နေရေးအခက်အခဲကြုံကာ နိုင်ငံပိုင်သစ်များ ခိုးထုတ်နေ” ဟု Sergeant Ko Thet ဆိုသည့် ဖေ့ဘုတ်စ်ပေ့ချ်မှ ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင်စတင်ဖြန့်ဝေသောပို့စ်တွင် ရေးသားထားသည်။

စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိင်ငံအဝှမ်း အာဏာသိမ်းမှုဆန့်ကျင်သောဆ န္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။ အာဏာသိမ်းတပ်က အကြမ်းဖက်နှိမ်နင်းမှုများပြုလုပ်ခဲ့ပြီးနောက် ကနီဒေသတွင်လည်း အခြားသောဒေသအများပြားကဲ့သို့ပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များဖွဲ့စည်းကာ လက်နက်ကိုင်တော်လှန်နေခဲ့သည်။ဒေသခံကာကွယ်ရေးတပ်များမှ သစ်မှောင်ခိုကူးသည်ဆိုသည့် ​တူညီသောပြောဆိုမှုများကို လူနှစ်သောင်းကျော် Subscribe လုပ်ထားသည့် “Thazin Oo” ဆိုသည့် တယ်လီဂရမ်ချန်နယ်တစ်ခုတွင်ရေးသားထားသည့် screenshotကို အောက်ပါအတိုင်းတွေ့ရသည်။

သို့သော် ယခုအဆိုသည် မှားယွင်းနေသည်။ဂူဂဲလ်တွင် ဓာတ်ပုံရာဇဝင်ကိုရှာကြည့်သောအခါ ယခုဓာတ်ပုံကို Kani People’s Defense Force- KPDF1 ၏ ဖေ့စ်ဘွတ်လင့်ခ်တွင် ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီက မျှဝေထားသည်ကိုတွေ့ရသည်။။ကနီမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ KPDF-1 ​၏ ဖေ့ဘုတ်စ်ပေ့ချ်တွင် “သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီး​စေ​သော အရာနှင့် ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမှာက ကျွန်တော်တို့ PDFတွေရဲ့တာဝန်ပါ။

မြန်မာပြည်ရဲ့ သယံဇာတ ​တွေကလဲ ကျွန်​တော်တို့ရဲ့ အ​မွေအနှစ်​တွေပါ ​။ထို့အတွက်​ကြောင့် ​နောက်နောင် ယခုလိုသစ်ခိုးထုတ်ခြင်းမျိုး နောက် ထပ် မပြုလုပ်ရန် ပထမဆုံးနဲ့နောက်ဆုံး သတိပေးဖမ်းစီးခြင်းဖြစ်ပါသည်။ သစ်ကား4စီး၊သစ်တန် 30ကျော်၊ကာလတန်ဖိုး သိန်း200ဖိုးခန့် ဖမ်း ဆီးရမိခြင်းဖြစ်ပါသည်။

” (မူရင်းသတ်ပုံအတိုင်း) ဟု ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။အဆိုပါ သစ်ခိုးထုတ်သည့်ကားများကို ကလေးမြို့နယ်၊မဟာမြိုင်တောဘက်မှ ဖမ်းဆီးမိခဲ့သည်ဟုသိရသည်။အထင်မှားစေနိုင်သောပို့စ်၏ဓာတ်ပုံ(ဘယ်) ကို KPDF1၏ ပို့စ်နှင့် နှိုင်းယှဉ်ထားသော screenshot ကိုအောက်တွင်ဖော်ပြထားသည်။

ကနီဒေသတွင် အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ရေး ကာကွယ်ရေးတပ်အနည်းဆုံးခြောက်ခုရှိသည်။ သို့သော် အဖွဲ့အချင်းချင်းမဟာမိတ်ပြုကာ စစ်ကောင်စီတပ်ကိုတိုက်ပွဲဝင်မှုများရှိနေခဲ့သည်။

သစ်မှောင်ခိုလုပ်သူများ၏သစ်များဖမ်းဆီးခဲ့သော KPDF-1 ကို ယခုသတင်းပေးပို့ချိန်အထိ ဆက်သွယ်၍မရသောကြောင့် မဟာမိတ်အဖွဲ့တစ်ခုဖြစ်သော “People Defense Force Kani” မှပြန်ကြားရေးအရာရှိကိုဆက်သွယ်မေးမြန်းရာ “အလောင်းတော်ကဿပ ဘုရားဥယျာဉ်နယ် မြေ တစ်ဝက်ကျော် ကနီထဲမှာ ရှိပါတယ်။ဇူလှိုင်လထဲက စစ်ကောင်စီနဲ့ လက်ဝါးရိုက် သစ်ခိုးထုတ်ယူမှုတွေရှိခဲ့တယ်၊ စာထုတ်ပြီး ဒါတွေဆက်မလုပ်ဖို့ သတိပေးတာတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ ဒလန်တွေ ပျူစောထီးတွေ၊ သစ်ကုန်သည်တွေ၊ စစ်ကောင်စီနဲ့ လက်ဝါးရိုက်ပူးပေါင်းပြီး သစ်ခိုးထုတ်နေဆဲ ဖြစ်လို့ ဒါမျိူးတွေ ဆက်လုပ်နေမယ်ဆိုရင် အလောင်းတော် ကဿပ အာဆီယံအမွေအနှစ် အမျိူးသား ဥယျာဉ် ပျက်စီးသွားလိမ့်မယ်ပေါ့။

ဒါတွေဆက်မလုပ်ဖို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဟာ ကားတွေကို ပြန်လွတ်ပြီး သစ်တွေကိုတော့ ပြည်သူပိုင်အနေနဲ့ သိမ်းဆည်းထားခဲ့တယ်ပေါ့။ ဒါတွေ ဇူလိုင်လကတည်းက ရှိခဲ့တယ်၊ ခုနကပြောသလို တပ်ဘယ်ပေ့စ်ချ်ကပဲတင်တင် ကျွန်တော်တို့ မြို့နယ် PDF တပ်အားလုံးသည် ဘယ် PDF မှ သစ်ခိုးကူးတာ မရှိသလို ကျွန်တော်တို့ကြောင့် သစ်တော၊သစ်ပင် ပျက်စီးတယ်ဆိုတာ မရှိပါဖူး။” ဟု ပြန်လည်ဖြေကြားသည်။

အလောင်းတော်ကဿပအမျိုးသားဥယျဉ်သည် ကနီ၊ မင်းကင်းနှင့် ယင်းမာပင်မြို့နယ်များအတွင်း တည်ရှိသည်။ထို့ကြောင့်လက်ရှိ ကနီပြည်သူ့ကာကွယ်ရေးတပ်များမှ သစ်ခိုးထုတ်သည်ဆိုသည်မှာ သတင်းမှားအဖြစ် သတိပြုရန် ထုတ်ပြန်လိုက်ပါသည်။ mizzima

အိုမီခရွန်းဗိုင်းရပ်စ်သစ်ကြောင့် ကိုဗစ်စတုတ္ထလှိုင်းစိုးရိမ်၊ ပြည်တွင်းဆေးဝါးစျေးကွက် တည်ငြိမ်နေ

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တမျိုးဖြစ်တဲ့  အိုမီခရွန်းဗိုင်းရပ်က ပြည်ပနိုင်ငံတချို့မှာ စတင်ဖြစ်ပွားနေတာကြောင့်  မြန်မာနိုင်ငံမှာလည်း ဒီရောဂါပျံ့နှံ့လာပြီး  ကိုဗစ်စတုတ္ထလှိုင်း ဖြစ်ပေါ်လာမှာကို ဆေးပညာကျွမ်းကျင်သူတွေက  စိုးရိမ်ပူနေကြပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် ဒုတိယလှိုင်းနဲ့ တတိယလှိုင်းဖြစ်ပေါ်ခဲ့ချိန်မှာ ကိုဗစ်နဲ့စပ်လျဉ်းပြီး ဖျားနာအတွက် သောက်ရတဲ့ ဆေးဝါးတွေ အပါအဝင် ဖြည့်စွက်ဆေးဝါးတွေကို လူတွေက တိုးကြိတ်ဝယ်ယူခဲ့လို့ ဆေးဝါးစျေးနှုန်းတွေက အဆမတန်ကြီးမြင့်ခဲ့ရပါတယ်။ 

အခုတကြိမ်မှာတော့ ရန်ကုန် အိမ်သုံးဆေးဝါးစျေးကွက်မှာ ဆေးဝါးစျေးနှုန်းတွေက လက်ရှိမှာ အပြောင်းအလဲမရှိ စျေးနှုန်းတည်တည်ငြိမ်ငြိမ်ရှိနေတယ်လို့  ဆေးဝါးရောင်းချသူတွေက ပြောပါတယ်။

ဆေးပညာဆိုင်ရာဘွဲ့ရ ဆေးဆိုင်ပိုင်ရှင်တဦးက “အခုဆေးဆိုင်တွေမှာတော့ ငြိမ်ငြိမ်သက်သက်ပါပဲ။ Fourth wave ကိုတော့ လူတွေလည်း ကြောက်တော့ ကြောက်ကြတာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံကိုတော့ မရောက်သေးဘူးလေနော်။ ပြီးတော့ ရလဒ်ကလည်း မသိရသေးဘူးလေ။ ဆိုတော့ ကြောက်တော့ ကြောက်ကြတယ်ဆိုပေမယ့် သွားလာမပြတ်တော့ ရှိနေကြတုန်းပဲလေနော်။ ဆေးဝါးတွေနဲ့ပတ်သက်လို့က အရင် ကိုဗစ် Third wave တုန်းကလိုမျိုး အခုအချိန်မှာတော့ မဖြစ်သေးပါဘူး။ ပုံမှန်အခြေအနေပဲ ရှိပါသေးတယ်။ ဒါက လူတွေကြားထဲမှာ Alert မဖြစ်သေးတာလား၊ ဒါမှမဟုတ် လူတွေလက်ထဲမှာ ဆေးဝါးတွေ ရှိနေသေးလို့လားပေါ့။ ဘာလို့လဲဆိုတော့ Third wave တုန်းကဆိုရင် အောက်ဆီဂျင်အိုးတွေနဲ့ အသက်ရှူစက်တွေကို တော်တော်များက ကြိုဝယ်ကြတယ်လေ။ နောက်တချက်ကလည်း ကာကွယ်ဆေးက အခုအချိန်မှာ လူတော်များများက ထိုးထားကြတာလည်း ပါမယ်။ အဲဒီတော့ အခုအခြေအနေမှာ အရမ်းကြီးတော့ သိပ်ပြဿနာမရှိသေးဘူးပေါ့” လို့ဆိုပါတယ်။

ဆေးဝါးစျေးနှုန်းတွေ အဆမတန်ကြီးမြင့်ခဲ့ရတာက ပြည်သူတွေ ဆေးပညာဗဟုသုတ အားနည်းမှုနဲ့လည်း သက်ဆိုင်တဲ့ အကြောင်း အဆိုပါပုဂ္ဂိုလ်က ထောက်ပြပြောပါတယ်။

“ဘိုင်အိုဂျက်ဆစ်ဆိုရင် အရင်က တကတ်ကို  ကျပ် ၄၅၀ ရောင်းတဲ့ဟာကို ၄၀၀၀ အထိ ဖြစ်သွားတယ်။ အဲဒါက ဘယ်လိုဖြစ် သွားလဲဆိုရင် ပြည်သူတွေရဲ့ ဆေးပညာဗဟုသုတ အရပေါ့နော်။ ဘိုင်အိုဂျက်ဆစ်ဆိုရင် ဘိုင်အိုဂျက်ဆစ်ပဲ ဝယ်တယ်လေ။ တခါ စီဗစ် ဆိုရင် အမ်နာဘွန်စီ တမျိုးတည်းလိုက်ဝယ်ကြတယ်။ ဘီပီအိုင်က ထုတ်တဲ့ စီဗစ်ကလည်း စီဗစ်ပဲလေ။ အဲဒါကို သောက်ရင်လည်း ရတာပဲ။ ဒါပေမဲ့ အဲဒီလိုမျိုးမဟုတ်ဘဲ လူတွေ သူများက ဒါပြောတယ်ဆိုတာနဲ့ ပြောတဲ့အတိုင်း လိုက်ဝယ်ကြတာလည်း ပါတယ်။ ဒါကြောင့် စျေးတွေက တက်ကုန်တာ” လို့ ပြောပါတယ်။

အိမ်သုံးဆေးဝါးရောင်းချနေတဲ့ အခြားဆေးဆိုင်ပိုင်ရှင်တဦးကလည်း “ဒါက စီးပွားရေးသမားတွေအနေနဲ့ သူတို့ လုပ်နေကျ အလေ့အထလို့ ပြောရမှာပေါ့နော်။ ကိုဗစ်မပြောနဲ့။ ရိုးရိုးအခြေအနေမှာ ဆိုရင်တောင် ဥပမာ နွေရာသီမရောက်ခင်မှာ ဓာတ်ဆားတွေ ဘာတွေ ကြိုဝယ်ထားရတယ်။ အဲဒီအချိန်မျိုးကြိုဝယ်ထားရင် စျေးကလည်း တန်တယ်။ နွေရာသီ ရောက်မှဆိုရင် ဓာတ်ဆားတောင် ပြတ်လပ်သွားတာမျိုး ရှိခဲ့ဖူးတယ်။ ဆေးကုန်သည်တွေက ဆေးတွေ ရှိရဲ့သားနဲ့ သိုလှောင်ထားပြီး မရောင်းတာတွေ ရှိတယ်လေ။ အဲ့လိုလုပ်ထားတော့ ဆေးတွေက စျေးတက်ကုန်တာပေါ့။ တကယ်လို့သာ ဆေးကုမ္ပဏီတွေက သူတို့ရတဲ့ဟာကို ဖြန့်ဖြူးပေးနိုင်မယ်ဆိုရင် စျေးနှုန်းတွေက ပုံမှန်ရှိနေမှာပါ။ အရမ်းကြီး ဝယ်လိုအား မများဘူး ဆိုရင်ပေါ့။ ပြီးတော့ ဆေးဝါးတင်သွင်းနေတဲ့ ကုမ္ပဏီကြီးတွေကလည်း သူတို့ကိုယ်တိုင်က မျှမျှတတ လုပ်ပေးမယ်ဆိုရင်တော့ ပြဿနာက အဲ့လောက် ကြီးကြီးမားမားမရှိဘူးပေါ့။ အခုအခြေ မှာတော့ အားလုံး တည်တည်ငြိမ်ငြိမ်ပါပဲ။ စျေးတွေကလည်း ပုံမှန်ပါပဲ” လို့ပြောပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကတော့  အိုမီခရွန် မျိုးဗီဇပြောင်း ရောဂါပိုး မြန်မာနိုင်ငံအတွင်းသို့ မဝင်ရောက်လာစေရေးနဲ့  နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုလှိုင်း နောက်ထပ်တစ်ခုအဖြစ် ကြီးမားစွာဖြစ်ပေါ်မလာစေရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့  ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုတွေကို စနစ်တကျ စီမံချက်ရေးဆွဲပြီး  အချိန်နဲ့ တပြေးညီ လျင်မြန်စွာဆောင်ရွက်ရမယ်လို့ နိုဝင်ဘာ ၃၀ ရက် နေ့ နေပြည်တော်မှာကျင်းပတဲ့ အစည်းအဝေးမှာ ပြောပါတယ်။

အာဖရိကတိုက်တောင်ပိုင်းဒေသနိုင်ငံတွေနဲ့ အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူစက်က်ရာ နိုင်ငံ/ဒေသများမှ လာရောက်သူတွေကို  ခရီးသွားလာခွင့် ပိတ်ပင်ခြင်း (သို့မဟုတ်) အသွားအလာကန့်သတ်ချိန် တိုးမြှင့်တာနဲ့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RT-PCR နဲ့ အကြိမ်တိုးမြှင့် စစ်ဆေးခြင်းတို့  ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် နယ်စပ်ဒေသတွင် စနစ်တကျ ကွာရန်တင်းဝင်ရောက်စေဖို့၊ RT-PCR နဲ့ ဓာတ်ခွဲ စမ်း သပ်စစ်ဆေးတာတွေကိုလည်း စနစ်တကျ ဆောင်ရွက်ဖို့၊ ယာယီရပ်နားထားတဲ့ ကိုဗစ်-၁၉ ရောဂါကုသရေးဌာနတွေ၊ အသွားအလာ ကန့်သတ်ထားရှိတဲ့ ကွာရန်တင်းစင်တာတွေကို  အသင့်အနေအထား ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားဖို့လည်း ပြောသွားပါတယ်။ DVB

မင်းကင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေ ဆုံးသွားသည့် အရာရှိမှာ ဗိုလ်ကြီးခန့်ဇော်လတ်ဖြစ်ဟုဆို၊ ရဟတ်ယာဉ်ဖြင့် အလောင်းသယ်ပြီး မုံရွာတွင် ယနေ့ သဂြိုလ်ပြီးစီး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဖက်ခတ်ကျေးရွာအနီး နိုဝင်ဘာလ ၃၀ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးသွားသော အရာရှိမှာ ဗိုလ်ကြီးခန့်ဇော်လတ်ဖြစ်ပြီး ၎င်း၏ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ် ဆောင်ကာ ယနေ့ မုံရွာရှိ နမခ စစ်သင်္ချိုင်းတွင် သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် RNA ထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဖတ်ခတ်ကျေးရွာအနီး ယမန်နေ့နိုဝင်ဘာ ၃၀ ရက်နေ့မှာ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ချင်းတွင်းမြစ်ရိုးအောက်ဒေသ (ပကဖ)နှင့် အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားရာ ဗိုလ်ကြီး ခန့်ဇော်လတ်အပါအဝင် တပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း၊ ဗိုလ်ကြီးခန့်ဇော်လတ်၏ အလောင်းကို ရဟတ်ယာဉ်ဖြင့် ပြန်လည်သယ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဗိုလ်ကြီးခန့်ဇော်လတ်၏ နာရေးကိုတော့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ၃နာရီမှာ နမခစစ်သင်္ချိုင်းတွင် သဂြိုလ်သွားမည်ဖြစ်ပြီး ၎င်း၏နောက် ဆုံးခရီးကို အရာရှိကြီးတချို့ စစ်ရဟတ်ယာဉ်ဖြင့် လာရောက်နုတ်ဆက်ခဲ့ကြောင်း၊ သေဆုံးသွားသည့် ဗိုလ်ကြီးခန့်ဇော်လတ်သည် မုံရွာသားတစ်ဦးဖြစ်တယ်လိူ့ သိရှိရပြီး သူ့အမျိုးသမီးကတော့ မုံရွာတက္ကသိုလ်မှ ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိ အပါအဝင် ၈ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ ရဟတ်ယာဉ်ဖြင့် အရာရှိအလောင်းသယ်ဆောင်သွားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြစ်ရိုးအောက်ဒေ သ (ပကဖ)က သတင်းထုတ်ပြန်ခဲ့သည်။ khit thit

ဟိုင်းကြီးကျွန်းက လျှပ်စစ်ဝန်ထမ်းများကို MHDF သတိပေးစာ ထုတ်ပြန်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ လျှပ်စစ်ရုံး ဝန်ထမ်းများကို မီတာခ ကောက်ခံခြင်းများ ရပ်တန့်ရန် မြစ်ဝကျွန်းပေါ် ဒလန်ရှင်းလင်းရေးတပ်ဖွဲ့ (MHDF)က ယနေ့ ဒီဇင်ဘာလ ၁ရက်တွင် သတိပေးစာ ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီအလိုကျ လျှပ်စစ်မီတာခများ မဆောင်မနေရ ကောက်ခံခြင်း၊ မီတာခများ ပိုမိုကောက်ခံပြီး ပြည်သူများကို ဒဏ်ကြေးဆောင်ခိုင်းခြင်းသည် စစ်ကောင်စီကို ကျည်ဆန်ဖိုးရှာပေး နေခြင်းဖြစ်ပြီး စစ်ကောင်စီအလိုကျ ဒလန်အဖြစ်လုပ်ဆောင်နေခြင်းများကိုပါ ရပ်တန့်ရန် MHDFက သတိပေးခဲ့ခြင်းဖြစ်သည်။“ဒီမှာ မီတာမဆောင်တဲ့အိမ်တွေကို မီးလိုက်ဖြတ်တာတွေလုပ်ခဲ့တယ်။ အဓိက မီးနဲ့အလုပ်လုပ်နေရသူတွေကို ဖြတ်တာဆိုတော့ မဖြစ်မနေပြေးဆောင်လိုက်ကြရတယ်။

EPCကဝန်ထမ်းတွေက ဖိအားတွေပေးပြီးတော့ ဘယ်အိမ်ကိုတော့ ဖြတ်သင့်တယ်ဆိုတာမျိုးလုပ်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။ သတိပေးချက်ကို လိုက်နာခြင်းမရှိပါက MHDFအနေဖြင့် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ဧရာဝတီတိုင်းအတွင်း မီတာခမပေးဆောင်သည့် နေအိမ်များအား လျှပ်စစ်မီးလိုက်လံဖြတ်တောက်မှုကို ငပုတောမြို့နယ်တွင် ပထမဆုံး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ mizzima

« Older Entries Recent Entries »