Monthly Archives: Dec 2021

တရုတ်ဘက်ပို့မည့် ကြက်သွန်နီ တန်ချိန် ၂၇၀၀ ကျော် ပျက်စီးဆုံးရှုံးနေ

တရုတ်-မြန်မာနယ်စပ် မူဆယ် ဂိုဒေါင်တွေမှာ တရုတ်ဘက်တင်ပို့မယ့် ကြက်သွန်နီ တန်ချိန် ၂၇၀၀ ကျော် ပိတ်မိကာ ပျက်စီးဆုံးရှုံးနေတယ်လို့ မြန်မာကုန်သည်တွေဆီက သိရပါတယ်။

ကုန်သည် ၁ ဦးက “ကား ၁ စီးကို ၁၇ တန် ၁တန်ကို ဝယ်ဈေး ၁၈၀,၀၀၀ ရှိတယ်။ ကား ၁ စီးကို ၁၇ တန်ပါတယ်။ အဲလိုမျိုး ကားအစီး ၁၆၀ ကျော် ပျက်စီးသွားတာ။ ဂိုဒေါင်တွေမှာ ချပြီးတော့ အချိန်မီ မပို့နိုင်လို့ အပင်တွေပေါက်ပြီးတော့ ပျက်စီးသွားတာ” လို့ ပြောပါတယ်။

ကြက်သွန်နီတွေက တရုတ်ပြည်ကို ဝင်ခွင့်မရတာကြောင့် ကြက်သွန်နီတွေက ကုန်လှောင်ရုံတွေထဲမှာ တော်တော်လေးကို ပုပ်ပြီးတော့ ပျက်စီးကုန်တာလို့ ဆိုပါတယ်။

“ကြက်သွန်နီတွေက မြန်မာပြည်ကနေ တရုတ်ပြည်ကို ပို့ဖို့အတွက်။ တရုတ်ပြည်ကတော့ ဒီ ကြက်သွန်နီကို သူတို့ စားတာမဟုတ်ပါဘူး။ မြန်မာ့ကြက်သွန်နီက Organic ဖြစ်တဲ့ အတွက်ကြောင့် တရုတ်က သူ့နိုင်ငံကနေ ဖြတ်ပြီးတော့ ဗီယက်နမ်ကို ပြန်ပို့တယ်။  လော်ကိုင်း ဆိုတဲ့မြို့ကို ပို့တယ်။ အဲဒီလော်ကိုင်းကနေပြီးတော့ ဟိုချီမင်းကို ၄ နာရီလောက်ပဲ ကားမောင်းရတယ်။ အဲဒီကို ပြန်ပို့တာ။” 

ဆုံးရှုံးမှုများနေတာကြောင့် ပိတ်မိနေတဲ့ ကြက်သွန်နီတွေထဲက ကောင်းသေးတဲ့ ၅ စီးခန့် ရွေးပြီး ချင်းရွှေဟော်ကနေ တရုတ်ဘက်ပို့ဖို့ ကြိုးစားခဲ့ပေမယ့် ဝင်ခွင့်မရဘဲ ကားခသာ ဆုံးရှုးခဲ့ရတယ်လို့ ကုန်သည် နောက်တဦးက  ပြောပါတယ်။

“ချင်းရွှေဟော်ကနေ တရုတ် ပြည်ထဲကို ဝင်ခွင့် မပေးပါဘူးဆိုပြီးတော့ ဖောင်ဆိပ်ကနေ ပြောလိုက်တော့ အဲဒီ ကြက်သွန်နီလည်း ပြန်လှည့်လာရတယ်။ ကားခ သက်သက်မဲ့ ကုန်သွားတယ်။ အဲဒီ ကြက်သွန်နီ‌တွေပြန်လှည့်လာရတယ်။ အဲဒီ ကြက်သွန်တွေရော ဂိုဒေါင်ထဲမှာ ရှိတဲ့ ကြက်သွန်တွေရော ခဏခဏ အလှူ ပေးနေရတယ်။ ကုန်သည်တွေ ဆုံးရှုံးတာပေါ့။” 

ဂိုဒေါင်မှာချပြီး ၁ အိတ်ချင်းရောင်းတာနဲ့၊ လှူတာလည်း ပြုလုပ်ရေတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ မြန်မာ – တရုတ် နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကျင်းစန်းကျော့နဲ့ ချင်းရွှေဟော်ဂိတ်ကို တရားဝင်စတင် ဖွင့်လှစ်ပြီးဖြစ်ပေမယ့် မြန်မာဘက်က ကုန်တွေကို အမျိုးအစား အကန့်အသတ်နဲ့သာ လက်ခံကြောင်း ကုန်သွယ်ရေးအသိုင်းအဝိုင်းက သိရပါတယ်။ 

တရုတ်ဘက်က ကိုဗစ်-၁၉ အကြောင်းပြချက်နဲ့ ကျင်းစန်းကျော့ဂိတ်ကို ဇူလိုင် ၈ ရက်နေ့ကစ ပိတ်ခဲ့ပြီး ချင်း‌ရွှေဟော်ဂိတ်ကို အောက်တိုဘာ ၆ ရက်နေ့ကစ ပိတ်ခဲ့ကာ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။ DVB

မင်္ဂလာစျေးမီးပွိုင် ရဲကင်း မီးရှိုခံရ၊ လှိုင်သာယာတွင် ကားမရပ်ပေး၍ စစ်တပ်က ပစ်ခတ်ရာမှ ပြည်သူတစ်ဦး သေဆုံး

ရန်ကုန်တိုင်း မင်္ဂတောင်ညွန့်မြို့နယ်၊ မင်္ဂလာစျေးမီးပွိုင့်ရှိ ယာဉ်ထိန်းရဲကင်းကို ယနေ့ ညနေ ၆ နာရီ ၅ မိနစ်တွင် မီးရှို့မှုတစ်ရပ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ “မင်္ဂလာစျေး မီးပွိုင့် က ရဲကင်းကို မီးရှို့သွားတယ်လို့ ကနဦး သိရပါတယ်။ မင်္ဂလာစျေး မီးပွိုင့် မီးလောင်ပြီးနောက်ပိုင်း အနီးအနားမှာရှိတဲ့ ယောကျာ်းလေးများကို ထိုင်ခိုင်းထားပါတယ်။

Faw ကား ၁ စီးလည်းရောက်လာပြီး စက်ရုံလမ်းမမှ မီးသတ်ကားလည်းရောက်လာပါတယ်။ Ambulance ကား ၁ စီးပါထပ်ရောက်လာပါတယ်။ ၆ နာရီ ၂၀ မှာတော့ မီးငြိမ်းသွားပါတယ်” ဟု ရန်ကုန်ကင်းထောက်အဖွဲ့တစ်ခုက ပြောသည်။

ထို့ပြင် ယနေ့ ညနေပိုင်း လှိုင်သာယာ၊ ရိုးလေးကျေးရွာတွင် ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မရပ်ပေးသဖြင့် ပစ်ခတ်ရာ ယာဉ်ပေါ်ပါ ပြည်သူတစ်ဦးသေဆုံးကြောင်း၊ သေ ဆုံးသူသည် သာမန်ပြည်သူတစ်ဦးသာ ဖြစ်ပြီး PDF မ ဟုတ်ကြောင်း လှိုင်သာယာ ကင်းထောက်အဖွဲ့ထံမှ သိရှိရသည်။

” လိုက်ထရပ်ကားက ရိုး​​လေးရွာအနောက်ဘက် အေးရွာလေးဘက်ကနေ မောင်းလာတာ။ ကားပေါ်မှာ တုတ် ဓားတွေပါတော့ ရိုးလေးမှာ တပ်စွဲထားတဲ့ စစ်ခွေး၊ ရဲခွေးတွေက မသင်္ကာလို့ ကားတားပြီးစစ်တယ်။ အဲ့ဒါရပ်မပေးဘဲ မောင်းပြေးလို့ စစ်ခွေး၊ ရဲခွေးတွေက နောက်ကနေဆိုင်ကယ် သုံးလေးစီးနဲ့ လိုက်ပစ်ခတ်တာ။ လက်ရှိကြားရသလောက် ကားပေါ်ကဒဏ်ရာရသူနှစ်ဦးမှာ တစ်ဦးသေတယ်လို့သိရတယ်”ဟု လှိုင်သာ ယာ ကင်းထောက်တစ်ဦးက ပြောသည်။ khit thit

ပါမောက္ခ ရှောင်တာနယ်အမှု တရားလိုကို အ ပြန်အလှန်စစ်မေးချက်ပြီးစီး

သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်အမှုကို ဒီဇင်ဘာလ ၂ ရက် ဒီနေ့  နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ရှောင်တာနယ်ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပါ စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားတာဖြစ်ပြီး ဒီနေ့ ရုံးချိန်းမှာ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)နဲ့ပတ်သက်ပြီး အပြန်အလှန်စစ်မေးခဲ့တာလို့ သိရပါတယ်။

တရားရုံးနဲ့နီးစပ်သူတစ်ဦးက “တရားလို တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူး အောင်မျိုးလွင်ကို စွပ်စွဲခံရသူ ငါးဦးလုံးအတွက် အပြန်အလှန် စစ်မေးချက်များပြီးစီးတယ်လို့သိရတယ်။ အပြန်အလှန်စစ်မေးချက်အသေးစိတ်ကိုတော့ မသိရဘူး ”လို့ ပြောပါတယ်။

နောက်ရုံးချိန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ ချိန်းဆိုလိုက်ပြီး တရားလိုပြသက်သေတွေကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

ရှောင်တာနယ်အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရပါတယ်။ DVB

မိတ္ထီလာနှင့် ငပုတောမြို့မှ ပြည်သူအများအ ပြားကို စစ်တပ်က ဖမ်းဆီး၊ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးများ ပါအဖမ်းခံရပြီး စစ်ကြောရေးတွင် အသက်အန္တရာယ်စိုးရိမ်ရ

မြန်မာနိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူများကို ဥပဒေမဲ့ အကြောင်းမဲ့ ဖမ်းဆီးနေပြီး မိတ္တီလာနှင့်ငပုတောမြို့တို့တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်နှင့်အမျိုးသမီးများပါ ဖမ်းဆီးခံနေရကာ ဖမ်းဆီးခံရသူများကို စစ်ကြောရေးတွင် ရိုက်နှက်နှိပ်စက်မှုများ ရှိနေကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

မိတ္ထီလာတွင် စစ်တပ်က ရိုက်နှက်ဖမ်းဆီးခဲ့သော ပြည်သူတစ်ဦး စစ်ကြောရေးတွင် အသက်အန္တရာယ်စိုးရိမ်နေရ =============================================================================

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ သီရိမင်္ဂလာ ရပ်ကွက်တွင် နေထိုင်သည့် ကိုမင်းဦး(ခ)ဂျက်လီကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့် နေအိမ်မှ အထွက်တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး စစ်ကြောရေးတွင် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။ “သူ့အိမ်အထွက် လမ်းထိပ်မှာ ဒလန်တစ်ယောက်က အမှတ် ၂ က ရဲခွေးတွေကို ဒီကောင် NLD ထောက်ပံ့သူဆိုပြီး ပြောလို့ ဖမ်းသွားတာ” ဟု ကိုမင်းဦး(ခ)ဂျက်လီ၏ သူငယ်ချင်းတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောဆိုသည်။ ဖမ်းဆီးခံ ကိုမင်းဦး(ခ)ဂျက်လီကို ၉၉ တပ် စစ်ကြောရေးတွင် ဖမ်းဆီးထားသည်ဟု သိရှိရပြီး အသက်အန္တရာယ်ကို စိုးရိမ်မိကြောင်း သူငယ်ချင်း ဖြစ်သူက ပြောကြားသည်။

ငပုတောတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ ၇ ဦး ဖမ်းဆီးခံရ

================================================================

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့သစ်ရောင်းကျေးရွာအုပ်စု၊ တောင်သရက်ကုန်းကျေးရွာအနီးရှိ ဖိုးရွှေတောင်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ ဦး ဒီဇင်ဘာ ၂ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောဆိုသည်။ ဖမ်းဆီခံထားရသူများမှာ ကလေးငယ်တစ်ဦးအပါအဝင် ဆရာတော် (ခေါ်) ဦးဆန်းလွင်၊ ဦးမိုးကျော်၊ ဦးအာနီ၊ ဦးသာလိ၊ ဒေါ်မိခိုင် အအပါအဝင် ပြည်သူ ၇ ဦးဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဖမ်းဆီးထားသူများကို ငရုတ်ကောင်းရဲစခန်းတွင် ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးသူများကို ရိုက်နှက်မှုများရှိကြောင်း၊ ၎င်းတို့ ဖမ်းဆီးခံရချိန်တွင် လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်မိုင်းများ သိမ်းဆည်းခဲ့သည်ဟု စစ်တပ်နှင့်ရဲက ပြောဆိုလာကြောင်း သိရှိရသည်။ khit thit

တရုတ်နယ်စပ်ပြန်ဖွင့်သော်လည်း လုပ်ငန်းစဉ်အဆင့်များလွန်းသဖြင့် ဖရဲသီးကုန်သည်များ အခက်ကြုံ

မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးကို   ကွန်တိန်နာ ရှန်တိန်စနစ်နဲ့ ပြန်လည်စမ်းသပ်ဖွင့်လှစ်လိုက်ပေမဲ့ ကိုဗစ်ကာလဖြစ်လို့ လုပ်ဆောင်ရမယ့်များပြားလှတဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဥ် အဆင့်ဆင့်နဲ့ ကုန်ကျစရိတ်တွေကြောင့် ဖရဲတင်ပို့မှု ခက်ခဲကြန့်ကြာနေတယ်လို့  မူဆယ်အခြေစိုက် သစ်သီး ကုန်သည်တွေထံက သိရပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးထားတဲ့ ဖရဲသီးတွေကိုသာ သူ့နိုင်ငံအတွင်း တင်ပို့ခွင့်ပြုထားတာဖြစ်ပြီး၊ ဖရဲသီးတင်ပို့ရာမှာ ရှန်တိန် အဆင့်ဆင့်အပြင် ပိုးသတ်ဆေးဖျန်းပြီး မြန်မာ ဘက်ခြမ်းမှာ ၄၈ နာရီ၊ တရုတ်နိုင်ငံဘက်ခြမ်းမှာ  ၂၄ နာရီ ထားရှိပြီးမှ  ဖရဲရောင်းကွင်းကို ၀င်ရောက်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ကြာရှည်အထားခံပြီး အရည်အသွေးကောင်းတဲ့ အသီးတွေကိုသာ ရွေးချယ်တင်ပို့ကြဖို့ မူဆယ်အခြေစိုက်သစ်သီးပွဲရုံ လုပ်ငန်းရှင်တွေက အကြံပြုထားပါတယ်။ 

“အဆင့်ဆင့်သွားနေရတဲ့ အနေအထားမှာကြန့်ကြာမူတွေအများကြီး ဖြစ်နေတယ်။  မြန်မာပြည် ကနေ တရုတ်ပြည်အထိကို  ၁၀ ရက် နဲ့ ၁၅ ရက်အကြားကြာနိုင်တယ်။ အဓိကကတော့ သတင်းအချက်အလက် သေချာမေးမြန်းပြီးမှ တင်စေချင်တယ်။ နောက်တရုတ်ခါလီကား မလုံ လောက်တဲ့ပြသာနာ၊ ၄၈ နာရီထားရမယ့် နေရာအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို သတိထားရမယ်။ အခြေအနေတွေက မငြိမ်သေးတော့ ရက်ဘယ်လောက်ကြာမယ်ဆိုတာ အတိအကျမသိနိုင်ဘူး” လို့  ကုန်သည်လုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။ 

အခုနှစ်က သွင်းအားစုစျေးနှုန်းတွေ မြင့်တက်နေတာကြောင့် တောင်သူတွေ စိုက်ပျိုးစရိတ်ပို ကုန်ကျမှုရှိပြီး တရုတ်နိုင်ငံက ပြောင်းလဲလိုက်တဲ့ ကုန်သွယ်ရေးစနစ်သစ်ကြောင့်လည်း  တင်ပို့စရိတ်ကို ပိုကုန်ကျစေခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနဲ့ ပက်သက်ပြီး မူ၀ါဒအသစ်တွေချမှတ်ဖို့လည်း ထပ်မံလုပ်ဆောင်နေတယ်လို့ ကုန် သည်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းကနေ သိရပါတယ်။

“ရောင်း၀ယ်မူမှာ အခြေအနေတွေက မငြိမ်သေးဘူး။ တရုတ်ဘက်က အကောက်ခွန်နဲ့ ပတ်သက်ပြီးတိုးကောက်မယ့်  အနေအထားတွေ ကြားနေရတယ်။ ဒီလိုဆိုရင်တင်ပို့စရိတ် ဒီထက်ပိုများ လာနိုင်တယ်” လို့ ဖရဲစိုက်တောင်သူတစ်ဦးက ဆိုပါတယ်။ 

တရုတ်− မြန်မာနယ်စပ် ဖရဲစျေးကွက် ပြန်လည် လမ်းပွင့်လာပြီ ဆိုပေမဲ့ တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်တဲ့ ပုံစံအရ မူဆယ်သစ်သီးစျေးကွက်ဟာ နဂိုပုံမှန် အနေအထားကို ပြန်ရောက်နိုင်ဖို့ မလွယ်ကူနိုင်ဘူးလို့ မူဆယ်အခြေစိုက် သစ်သီးကုန်သည်တွေက သုံးသပ်ထားကြပြီး ဆုံးရူံးမှုများ နိုင်တာကြောင့် သတိထားပြီး လျှော့ချ စိုက်ပျိုးကြဖို့ ဖရဲစိုက်တောင်သူ တွေကို အကြံပြုထားပါတယ်။  

“ဖရဲ၊သခွားကဏ္ဍမှာ ဆုံးရူံးမူတွေ များနိုင်တယ်။ သတိထားပြီးတော့ လျှော့ချပြီး စိုက်ပျိုးထုတ် လုပ်သင့်တယ်။ စိုက်အားများရင်တော့ စျေးကွက်မျှော်လင့်ချက်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့တော့ ဆုံးရူံးမှုများနိုင်တဲ့ အနေအထားပဲ” လို့ ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုနှစ်မှာ အဓိက၀ယ်လက်ဖြစ်တဲ့ တရုတ်စျေးကွက် မရေရာတာကြောင့် မြန်မာနိုင်ငံက ဖရဲစိုက်တောင်သူတွေဟာ ဖရဲအစား တစ်ခြားသီးနှံကို ပြောင်းလဲစိုက်ပျိုးခဲ့ကြသလို တချို့ကတော့ တရုတ်စျေးကွက်အဖွင့်ကို မျှော်ပြီး တစ်နိုင်တပိုင် စွန့်စားစိုက်ပျိုးခဲ့ကြပါတယ်။ DVB

မင်္ဂလာစျေးမီးပွိုင့်ရှိ မော်တော်ပီကယ်ရုံးမီးလောင်

ရန်ကုန်မြို့ မင်္ဂလာစျေးအနီးရှိမော်တော်ပီကယ်ရုံးတွင် ဒီဇင်ဘာလ ၂ ရက် ညနေ၆နာရီ၁၃မိနစ်အချိန်တွင် မီးလောင်မှုတစ်ခုဖြစ်ခဲ့သည်။အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် အကြောင်းကိုမူ မသိရသေးပေ။ ဖြစ်စဥ် ဖြစ်ပွားပြီးချိန်တွင် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး စစ်ဆေးနေ သည်။နိုဝင်ဘာလ ၃၀ရက်ကလည်း ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်ရှိ ယာဥ်ထိန်းရဲကင်းကို မီးရှို့ခံခဲ့ရသေးသည်။ mizzima

လွိုင်ကော်-ဒီးမော့ဆို-ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို ပိတ်ထားမည်ဟု KNDF ထုတ်ပြန်

ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဘောလခဲမြို့နယ်တွေကို ချိတ်ဆက်ထားတဲ့ လမ်းပိုင်း ဖြစ်တဲ့ လွိုင်ကော်-ဒီးမော့ဆို-ဒေါသမကြီး-ဘောလခဲလမ်းပိုင်းကို  နက်ဖြန် ဒီဇင်ဘာ ၃ ရက်နေ့က စပြီး ရက်အကန့်အသန့်မရှိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်ကနေ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်ဆီကို တပ်ချိန်းပြောင်းလဲမှုတွေ၊ တပ်အင်အားဖြည့်တင်းမှုတွေနဲ့ ရိက္ခာတွေ ပို့ဆောင်ရာမှာလည်း လွိုင်ကော်- ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို အသုံးပြုနေပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကျေးရွာတွေကို ကင်းထောက်တာ၊ စစ်ရေးလှုပ်ရားတာတွေကို အဆိုပါ လမ်းကြောင်းကို အသုံးပြုနေတဲ့အတွက်  အများပြည်သူလုံခြုံရေးအတွက် ဒီဇင်ဘာ ၃ ရက်နေ့ကပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လွိုင်ကော်-ဒီးမော့ဆို- ဒေါသမကြီး- ဘောလခဲလမ်းပိုင်းကို ခရီးသွားလာခြင်း မပြုဖို့ မေတ္တာရပ်ခံထားပါတယ်။  DVB

တောင်ကြီးမြို့ Ocean Center အနီးတွင် ပေါက်ကွဲမှုဖြစ်ပွား

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ Ocean Center အနီးရှိ စင်ဒရဲလားဖုန်းဆိုင်ရှေ့တွင် ယနေ့ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကပြောသည်။ “ထိတာကတော့ သားအမိနှစ်ယောက်ထင်တယ်၊ အဲ့နားက မျက်မှန်ဆိုင်မှာ မျက်မှန်လာလုပ်တာ၊ လူမှုရေးအသင်းက သူတို့ကိုလာခေါ်သွားတယ်” ဟုပြောသည်။

တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း မြို့တွင်းမြို့ပြင် စစ်ဆေးမှုများ တင်းကြပ်နေပြီး ယခုဖြစ်စဉ်ကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့ကြောင်း မသိရသေးပေ။ mizzima

« Older Entries