မင်္ဂလာဒုံ အမှတ် (၃) လမ်းမကြီးတစ်လျှောက်ရှိ လူနေအိမ်နှင့် ဆိုင်ခန်းများကို အင်အားသုံးဖြိုဖျက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးအား လမ်းနယ်ချဲ့ရန် လမ်းနယ်နိမိတ် ပေ ၃၀၀ အတွင်း မလွတ်သည့် လူနေအိမ်နှင့် ဆိုင်ခန်းများကို ယနေ့ ဒီဇင်ဘာလ ၂ ရက် နံနက်ပိုင်းမှ စတင်ကာ အင်အားသုံး ဖြိုဖျက်နေကြောင်း အနီးဝန်းကျင်တွင် ရှိနေသူထံမှ သိရသည်။
“လမ်းမကြီး တောက်လျှောက်မှာရှိတဲ့ အိမ်နဲ့ ဆိုင် အကုန် ဘူဒိုဇာနဲ့ အကုန်လိုက်ဖျက်နေတာပါ။ စစ်ကား၊ အချုပ်ကား၊ စည်ပင်ကား အကုန်ပါပါတယ်။ ဖျက်ဆီးမှုကို သဘောမတူညီရင် တစ်ခါထဲ အချုပ်ကားနဲ့ဖမ်းမယ်လို့ သိရပါတယ်”ဟု ခရီးသွားပြည်သူတစ်ဦးက ၎င်း မြင်သိခဲ့ရသည်များနှင့် ပတ်သက်ပြီး မဇ္ဈိမ ကို ပြောသည်။
လက်ရှိအချိန်အထိ အမှတ် (၃) တိုးဂိတ်မှ အောင်မင်္ဂလာမီးပွိုင့်အထိ လမ်းတိုးချဲ့မည့် နယ်နိမိတ်ထဲရှိသမျှကို ဖြိုဖျက်နေခြင်းဖြစ်သည်။ “အရင်တစ်ခါလည်း အဲ့လိုပဲ လမ်းချဲ့သေးတယ်။ အဲ့တုန်းကတော့ ဖျက်ခံရတာနည်းတယ်။ အရင်က လေးလမ်းသွား၊ အဲ့ဒါကို တစ်ခြမ်းပဲချဲ့တာ။ လက်ရှိလမ်းခင်းနေတာ အောင်မင်္ဂလာ အနားက ၃ လမ်းဆုံမှတ်တိုင်ကနေ အလယ်ပေါက်မှတ်တိုင်အထိ ခင်းနေတာ။ အဲ့ဒီကနေ တပ်ရင်း ၉ မှတ်တိုင်နဲ့ ရေစက်မှတ်တိုင်ကြားထိ လမ်းခင်းမယ်လို့ကြားတယ်။ အခုကတော့ လမ်းမကြီးရဲ့ဘေး ပေ၃၀၀ထိ ရှိသမျှဟာ ဖျက်မယ်ဆိုတာတော့ များလွန်းတယ်ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
သုညမိုင်မှ အမှတ်(၃) လမ်းဆုံအထိ လမ်းအလယ်မှ တစ်ဖက်လျှင် ပေ ၁၅၀ စီ တိုင်းထွာပြီး တိုးချဲ့မည်ဟုဆိုကာ လမ်းဘေးဆိုင်ခန်းများကို နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထား ဖျက်သိမ်းရန် မင်္ဂလာဒုံ လမ်းဦးစီးဌာနက သတိပေးထုတ်ပြန်ထားသေးသည်။mizzima