မိတ္ထီလာနှင့် ငပုတောမြို့မှ ပြည်သူအများအ ပြားကို စစ်တပ်က ဖမ်းဆီး၊ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးများ ပါအဖမ်းခံရပြီး စစ်ကြောရေးတွင် အသက်အန္တရာယ်စိုးရိမ်ရ

မြန်မာနိုင်ငံတစ်ဝန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူများကို ဥပဒေမဲ့ အကြောင်းမဲ့ ဖမ်းဆီးနေပြီး မိတ္တီလာနှင့်ငပုတောမြို့တို့တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်နှင့်အမျိုးသမီးများပါ ဖမ်းဆီးခံနေရကာ ဖမ်းဆီးခံရသူများကို စစ်ကြောရေးတွင် ရိုက်နှက်နှိပ်စက်မှုများ ရှိနေကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။
မိတ္ထီလာတွင် စစ်တပ်က ရိုက်နှက်ဖမ်းဆီးခဲ့သော ပြည်သူတစ်ဦး စစ်ကြောရေးတွင် အသက်အန္တရာယ်စိုးရိမ်နေရ =============================================================================
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ သီရိမင်္ဂလာ ရပ်ကွက်တွင် နေထိုင်သည့် ကိုမင်းဦး(ခ)ဂျက်လီကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့် နေအိမ်မှ အထွက်တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး စစ်ကြောရေးတွင် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောကြားသည်။ “သူ့အိမ်အထွက် လမ်းထိပ်မှာ ဒလန်တစ်ယောက်က အမှတ် ၂ က ရဲခွေးတွေကို ဒီကောင် NLD ထောက်ပံ့သူဆိုပြီး ပြောလို့ ဖမ်းသွားတာ” ဟု ကိုမင်းဦး(ခ)ဂျက်လီ၏ သူငယ်ချင်းတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောဆိုသည်။ ဖမ်းဆီးခံ ကိုမင်းဦး(ခ)ဂျက်လီကို ၉၉ တပ် စစ်ကြောရေးတွင် ဖမ်းဆီးထားသည်ဟု သိရှိရပြီး အသက်အန္တရာယ်ကို စိုးရိမ်မိကြောင်း သူငယ်ချင်း ဖြစ်သူက ပြောကြားသည်။
ငပုတောတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင်ပြည်သူ ၇ ဦး ဖမ်းဆီးခံရ
================================================================
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့သစ်ရောင်းကျေးရွာအုပ်စု၊ တောင်သရက်ကုန်းကျေးရွာအနီးရှိ ဖိုးရွှေတောင်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၇ ဦး ဒီဇင်ဘာ ၂ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောဆိုသည်။ ဖမ်းဆီခံထားရသူများမှာ ကလေးငယ်တစ်ဦးအပါအဝင် ဆရာတော် (ခေါ်) ဦးဆန်းလွင်၊ ဦးမိုးကျော်၊ ဦးအာနီ၊ ဦးသာလိ၊ ဒေါ်မိခိုင် အအပါအဝင် ပြည်သူ ၇ ဦးဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဖမ်းဆီးထားသူများကို ငရုတ်ကောင်းရဲစခန်းတွင် ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးသူများကို ရိုက်နှက်မှုများရှိကြောင်း၊ ၎င်းတို့ ဖမ်းဆီးခံရချိန်တွင် လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်မိုင်းများ သိမ်းဆည်းခဲ့သည်ဟု စစ်တပ်နှင့်ရဲက ပြောဆိုလာကြောင်း သိရှိရသည်။ khit thit