Monthly Archives: Dec 2021

ကုလသမဂ္ဂ အရည်အချင်းစစ်ကော်မတီ၏ ဆုံးဖြတ်ချက်ကို CRPH ကြိုဆို

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အရည်အချင်းစစ် ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က ဒီဇင်ဘာလ ၂ ရက် မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူနေရာအတွက် ဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ စိစစ်ရွေးချယ်ရေး ကော်မတီ (Credentials Committee) က ဆိုင်းငံ့လိုက်တာဖြစ်ပြီး လက်ရှိ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ယူခွင့်ရမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၉ ဦး ပါဝင်တဲ့ ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေး ကော်မတီမှာ ကိုယ်စားပြုခွင့် လျှောက်ထားမှုတွေထဲက ဆွေးနွေးရာမှာ အာဖဂန်နစ္စတန်နဲ့ မြန်မာတို့နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချပဲဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် အာဖဂန်နစ္စတန်မှာ တကျော့ပြန် အာဏာရခဲ့တဲ့ တာလီဘန်တွေရော၊ မြန်မာ အာဏာသိမ်းစစ်ကောင်စီပါ   ကုလသမဂ္ဂမှာ  နိုင်ငံကို ကိုယ်စားပြုခွင့်မရ ဖြစ်သွားခဲ့တာပါ။ 

အခုလိုမြန်မာစစ်ကောင်စီက အမည်စာရင်းတင်သွင်းထားတဲ့ကိုယ်စားလှယ်ကို ကုလသမဂ္ဂ မှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်မပြုကြောင်း ဆုံး ဖြတ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်းနဲ့ ကော်မတီဥက္ကဋ္ဌ ဆီဒင်နိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ သံအမတ်ကြီးနဲ့ ကော်မတီ အဖွဲ့ဝင်တွေအား လုံးကို မြန်မာပြည်သူတွေ ကိုယ်စား များစွာကျေးဇူးတင်ရှိတယ်လို့ CRPH ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်များရပ်တန့်ရေး အပါအဝင် စစ် အာဏာရှင်အပြီးတိုင်း ကျဆုံးရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့အတွက် ကမ္ဘာနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စစ်ကောင်စီအပေါ် ထိရောက်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ သံတမန် ရေးပိတ်ဆို့မှုတွေဟာ အရေးပါတဲ့ ကူညီဆောင်ရွက်မှုတွေဖြစ်တယ်လို့ဆိုပါတယ်။ 

ဒါကြောင့် မြန်မာပြည်သူတွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ ဆန္ဒသဘောထားတွေအရ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ၇၆ ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံမှာ အတည်နိုင်ရေး ဆက်လက်ကူညီပေးဖို့  အဖွဲ့ဝင်နိုင်ငံတွေကို  CRPH က တိုက်တွန်းတောင်းဆိုပါတယ်။

အခုလို ခက်ခဲတဲ့ အချိန်မှာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ပြည်သူလူထုကိုယ်စားပြုနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလ သမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိနိုင်ရေး ရပ်တည်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ DVB

မင်္ဂလာဒုံ အမှတ် (၃) လမ်းမကြီးတစ်လျှောက်ရှိ လူနေအိမ်နှင့် ဆိုင်ခန်းများကို အင်အားသုံးဖြိုဖျက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးအား လမ်းနယ်ချဲ့ရန် လမ်းနယ်နိမိတ် ပေ ၃၀၀ အတွင်း မလွတ်သည့် လူနေအိမ်နှင့် ဆိုင်ခန်းများကို ယနေ့ ဒီဇင်ဘာလ ၂ ရက် နံနက်ပိုင်းမှ စတင်ကာ အင်အားသုံး ဖြိုဖျက်နေကြောင်း အနီးဝန်းကျင်တွင် ရှိနေသူထံမှ သိရသည်။

“လမ်းမကြီး တောက်လျှောက်မှာရှိတဲ့ အိမ်နဲ့ ဆိုင် အကုန် ဘူဒိုဇာနဲ့ အကုန်လိုက်ဖျက်နေတာပါ။ စစ်ကား၊ အချုပ်ကား၊ စည်ပင်ကား အကုန်ပါပါတယ်။ ဖျက်ဆီးမှုကို သဘောမတူညီရင် တစ်ခါထဲ အချုပ်ကားနဲ့ဖမ်းမယ်လို့ သိရပါတယ်”ဟု ခရီးသွားပြည်သူတစ်ဦးက ၎င်း မြင်သိခဲ့ရသည်များနှင့် ပတ်သက်ပြီး မဇ္ဈိမ ကို ပြောသည်။

လက်ရှိအချိန်အထိ အမှတ် (၃) တိုးဂိတ်မှ အောင်မင်္ဂလာမီးပွိုင့်အထိ လမ်းတိုးချဲ့မည့် နယ်နိမိတ်ထဲရှိသမျှကို ဖြိုဖျက်နေခြင်းဖြစ်သည်။ “အရင်တစ်ခါလည်း အဲ့လိုပဲ လမ်းချဲ့သေးတယ်။ အဲ့တုန်းကတော့ ဖျက်ခံရတာနည်းတယ်။ အရင်က လေးလမ်းသွား၊ အဲ့ဒါကို တစ်ခြမ်းပဲချဲ့တာ။ လက်ရှိလမ်းခင်းနေတာ အောင်မင်္ဂလာ အနားက ၃ လမ်းဆုံမှတ်တိုင်ကနေ အလယ်ပေါက်မှတ်တိုင်အထိ ခင်းနေတာ။ အဲ့ဒီကနေ တပ်ရင်း ၉ မှတ်တိုင်နဲ့ ရေစက်မှတ်တိုင်ကြားထိ လမ်းခင်းမယ်လို့ကြားတယ်။ အခုကတော့ လမ်းမကြီးရဲ့ဘေး ပေ၃၀၀ထိ ရှိသမျှဟာ ဖျက်မယ်ဆိုတာတော့ များလွန်းတယ်ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

သုညမိုင်မှ အမှတ်(၃) လမ်းဆုံအထိ လမ်းအလယ်မှ တစ်ဖက်လျှင် ပေ ၁၅၀ စီ တိုင်းထွာပြီး တိုးချဲ့မည်ဟုဆိုကာ လမ်းဘေးဆိုင်ခန်းများကို နိုဝင်ဘာလ ၃၀ ရက် နောက်ဆုံးထား ဖျက်သိမ်းရန် မင်္ဂလာဒုံ လမ်းဦးစီးဌာနက သတိပေးထုတ်ပြန်ထားသေးသည်။mizzima

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခ သည်များ နေရပ် မပြန်နိုင်သေး

ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ၂၀၂၀ နိုဝင်ဘာ ၁၁ ရက်နေ့က စတင်ပြီး အပစ်အခတ် ရပ်စဲခဲ့ကြတာ တစ်နှစ်ကျော်အထိ ကြာမြင့်လာပေမယ့် စစ်ဘေးရှောင်တွေ ဒီကနေ့အထိ အိမ်မပြန်နိုင်သေးဘဲ ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲနေတာ တစ်နှစ်ကျော်လာပေမယ့် စစ်ကောင်စီ နဲ့ အေအေဘက်ကပါ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘာမှ လာရောက် အကြောင်းကြားတာ မရှိသေးပါဘူးလို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါကြောင့် နှစ်ဖက်စလုံးက တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ စစ်ရှောင်တွေ မိမိတို့မူလနေရပ် ပြန်နိုင်ရေး ဆောင်ရွက်ပေးတာမျိုး ဖြစ်စေချင်တယ်လို့ ဘူးသီးတောင်မြို့နယ် လမ်းမကျောင်း စစ်ဘေးရှောင်စခန်းဒုတာဝန်ခံ ဦးကျော်ဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကျေးရွာအနီးအနားမှာ တိုက်ပွဲတချို့ ပြန်ဖြစ်ခဲ့တာတွေရှိတဲ့အတွက် စစ်ကောင်စီဘက်က တပ်စွဲထားတာတွေရှိပြီး ရွာမှာရှိတဲ့ နေအိမ်တွေကလည်း မီးရှို့ခံထားရကာ သုံးနှစ်လောက် လူနေထိုင်ခြင်း မရှိသေးတဲ့အတွက် အားလုံးနီးပါး ပျက်စီးသွားကြပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ အေအေတို့အကြား မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေမှာ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလကစပြီး ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့အထိ ၂ နှစ်ကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြပါတယ်။

အဲ့ဒီ တိုက်ပွဲတွေကြောင့် အပြစ်မဲ့အရပ်သား ရခိုင်ပြည်သူ ၃ဝဝ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၇ဝဝ ကျော်အထိ ရှိခဲ့ပါတယ်။

အေအေနဲ့ ပတ်သက်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးခံခဲ့ကြရပြီး အကြမ်းဖက်မှု ပုဒ်မတွေနဲ့ တရားစွဲခံခဲ့ ၂ဝဝ ကျော်အထိ ရှိခဲ့သလို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်စုစုပေါင်း ၂ သိန်းလောက်အထိ ရှိခဲ့တာပါ။

လမ်းမကျောင်း စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဦးအောင်ကျော်ထွန်းက “ကျနော်တို့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ ဗျူဟာနဲ့ ထွေအုပ်က စာရင်းတွေ တောင်းခဲ့ပါတယ်။ ကျနော်တို့က  နေရပ်ပြန်ဖို့ အချက် ၅ ချက်ကို တောင်းဆိုခဲ့ပါတယ်။ နေထိုင်ရန်အိမ်တွေ ဆောက်ပေးရမယ်။ စားနပ်ရိက္ခာထောက်ပံ့ရမယ်။ စစ်လက်နက် အကြွင်းအကျန်တွေ ရှင်းလင်းပေးရမယ်။ နှစ်ဖက်စလုံးက ကျနော်တို့ရဲ့ အသက်အိုးအိမ်တွေကို တာဝန်ယူပေးရမယ်။ နောက်တစ်ခုက ကျေးရွာအတွင်းနဲ့ ကျေးရွာတွေအနီးက စစ်စခန်းတွေကို ရုပ်သိမ်းပေးရမယ်ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအထိ ပြန်လည်အကြောင်းကြားတာ မရှိဘူး”လို့ ဆိုပါတယ်။

အဲဒီစစ်ဘေးရှောင်တွေထဲမှာ ရပ်ရွာအနီးတိုက်ပွဲတွေ ဖြစ်လို့  နေအိမ်တွေ မီးလောင်ပျက်စီးသွားခံခဲ့ရသူတွေ ပါဝင်သလို ရပ်ရွာထဲသို့ လက် နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်ပေါက်ကွဲလို့  မိသားစုတွေ သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသူတွေလည်း ပါဝင်ကြပါတယ်။

ကျေးရွာအနီး၊ တောတောင်တွေမှာ မိုင်းပေါက်ကွဲမှုတွေကြောင့် သေဆုံး၊ ဒဏ်ရာသူတွေလည်း အများအပြား ရှိခဲ့ပါသေးတယ်။ ရခိုင်မှာ တစ်နှစ်ကျော်အထိ တိုက်ပွဲတွေ မဖြစ်ဘဲ တည်ငြိမ်နေချိန်မှာ စစ်ဘေးရှောင် အများအပြားဟာ မိမိရပ်ရွာတွေကို ပြန်ချင်ကြပေမယ့်  မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ပစ္စည်းတွေကို အစိုးရက ရှင်းလင်း မပေးသေးသလို့ ကျေးရွာတွေအနီး စခန်းချနေရာမှုတွေ ရှိနေကြတာကြောင့် နေရပ်မပြန်နိုင်သေးပဲ ဖြစ်နေကြတာပါ။

ကောက်ယူရရှိထားတဲ့ စာရင်းအရ ‌စစ်ရှောင်စခန်းတွေဟာ စစ်တွေမြို့နယ်အတွင်း စခန်း ၉ ခု၊ ပုဏ္ဏားကျွန်း မြို့နယ်အတွင်း စခန်း ၇ ခု၊ ရသေ့တောင်မြို့နယ်အတွင်း စခန်း ၂၈ ခု၊ ပေါက်တောမြို့ နယ်အတွင်း စခန်း ၄ ခု၊ မြောက်ဦးမြို့ နယ်အတွင်း စခန်း ၂၆ ခု၊ မင်းပြားမြို့နယ်အတွင်း စခန်း ၁၆ ခု၊ ကျောက်တော်မြို့နယ်အတွင်း စခန်း ၄ ခု၊ မြေပုံမြို့နယ်အတွင်း စခန်း ၆ ခု၊ ဘူးသီးတောင်မြို့နယ်အတွင်း စခန်း ၂၀ ခု၊ အမ်းမြို့ နယ်အတွင်း စခန်း ၅ ခုတို့ ရှိတယ်လို့ သိရပါတယ်။ DVB

မြေမြုပ်မိုင်းနဲ့ ပတ်သက်လို့ KNU နဲ့ BGF ကို ပြောင်းပြန်ရေးပြီး သတင်းမှား ဖြန့်ဝေ

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA က ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကို နယ်ခြားစောင့်တပ် BGF က ရှာဖွေ ဖော်ထုတ် ရှင်းလင်းခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုကို အိုက်တူးဆိုသူ Facebook အကောင့်ပိုင်ရှင်က မြေမြုပ်မိုင်း နှစ် လုံးတူး ဖော်ရရှိခဲ့တဲ့ ဓာတ်ပုံကို အ သုံးပြုကာ နိုဝင်ဘာလ ၂၅ ရက်နေ့က ရေးတင်ခဲ့ပါတယ်။အိုက်တူးဆိုသူ၏ မူရင်းအရေးအသားအတိုင်းမှာ “ကေအဲန်ယူ အုပ်ချုပ်မှုနယ်မြေဖြစ်တဲ့ ဒူးသထူခရိုင် တပ်မဟာ ၁ ဒေသ မဲသနကျေးရွာအုပ်စု ကျော်ကေ့ခီးရွာ ဇရပ်အနီးမှာ KNLA က မြေမြုပ်မိုင်း နှစ် လုံးကို ထောင်ထားခဲ့တာ ကြောင့် BGF တပ်ဖွဲ့တွေက ရှာဖွေဖော် ထုတ်ပြီး ရှင်းလင်းခဲ့တာပါ” လို့ ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အိုက်တူးဆိုသူ အသုံးပြုထားတဲ့ ဓာတ်ပုံထဲမှာပါတဲ့ မိုင်းတွေဟာ KNLA က ထောင်ထား တဲ့ မြေမြုပ်မိုင်းတွေ မဟုတ်ပဲ စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့တွေ ထောင်ထားတဲ့ မြေမြုပ်မိုင်း နှစ် လုံးကို KNLA တပ်ရင်း (၁) က တူးဖော်ရရှိခဲ့တယ်ဆိုတဲ့ KNU ရဲ့ သတင်းထုတ်ပြန်ချက်ကို စာသား ပြောင်းကာ ပြန် လည်ရေးသားထားလို့ပဲဖြစ်ပါတယ်။

BGF တပ်ရင်း (၉၉၉) တပ်နယ် စောလားသစ်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ကျော်ကေ့ခီး ကျေးရွာ ဇရပ်အနီးမှာ မြေ မြုပ်မိုင်းထောင်ထားခဲ့ပြီး အဲဒီမိုင်းတွေကို KNLA တပ်ဖွဲ့ဝင်တွေက ရှာဖွေဖော်ထုက် တူးဖော်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က KNU က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/3G7wkcJ ဝင်ကြည့် လို့ရပါတယ်။

အိုက်တူးဆိုသူရဲ့ ရေးသားမှုကို ကြည့်မယ်ဆိုရင် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ တကယ့် အဖြစ်အပျက်ကို အမှန်အတိုင်း ရေးသားထားတာ မဟုတ်ပဲ KNU ရဲ့ ထုတ်ပြန်ချက်ကို ဝါဒဖြန့်ပုံစံမျိုးနဲ့ ပြန်လည် ပြင်ဆင်ရေးသားထားတာ တွေ့ရတဲ့အတွက် သတင်းအမှားတစ်ခု ဖြစ်တယ်ဆိုတာ အ တည်ပြုနိုင်ခဲ့ပါတယ်။အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြပြီး သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံရဲ့ မှန် ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာ ကို လည်း တွေ့ရပါတယ်။

ဒီလိုမျိုး ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက် သုံးစွဲသူ စာဖတ်ပရိတ်သတ်တွေအနေနဲ့ အခုလိုမျိုး ကာလမှာ သတင်းတွေကိုဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် ကိုယ့်ဖြန့်ဝေမယ့် သတင်းဟာ သတင်းဌာနတွေမှာ ရှိ/မရှိ တင်/ မတင် သေချာစီစစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ သင့်ပါတယ်။ mizzima

ကျိုက်ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး၊ PDF ဘက်က CDM ရဲတပ်သား ၁ ဦး ကျဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု (ဒေသအခေါ် ရွှေခဲရိုးကျေးရွာ)အနီးမှာ ဒီဇင်ဘာ ၂ ရက် ဒီမနက် ၈ နာရီခွဲမှ  ၁၀ နာရီခွဲအထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်   KNLA တပ်မဟာ(၁)၊  ဒေသခံ PDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF နဲ့ KNU တာာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးပြီး၊ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က CDM ရဲတပ်သား ၁ ဦး ကျဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာတွေထဲကို  လက်နက်ကြီးတွေနဲ့ ပစသ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁ ရက်ကလည်း  KNLA တပ်မဟာ(၁)၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီရဲ့ ခလ ရ(၂) တပ်ကို သွားရောက် တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ ရှိခဲ့ပါတယ်။ DVB

လားရှိုးမြို့နယ်တွင် MNDAA နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ် ဒေသခံများထွက်ပြေး

ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လားရှိုး-နမ္မတူသွားကားလမ်းမကြီးဘေးက အီနိုင်းလုံကျေးရွာမှာ ကိုးကန့်တပ်ဖွဲ့(MNDAA)နဲ့ စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထွက်‌ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁ ရက် ည ၄ နာရီကျော်လောက်က အီနိုင်းလုံကျေးရွာ၊ ရွာလယ်တံတားမှာ တပ်စွဲထားတဲ့ စစ်ကောာင်စီရဲ့တပ်ဖွဲ့ အင်အား ၁၅ ဦးလောက်ကို  MNDAA တပ်ဖွဲ့ဝင်အင်အား ၂၀ လောက်က နေရာ ၃  နေရာခွဲပြီး လာရောက်တိုက်ခိုက်ခဲ့တာပါ။

အဆိုပါ တိုက်ပွဲအတွင်း လက်နယ်ငယ်ပစ်ခတ်မှုတွေအပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာတွေရှိသလို မပေါက်ကွဲတာတွေလည်း ရှိတယ်လို့ တိုက်ပွဲအနီးနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီး နေထိုင်တဲ့ဒေသခံ ကျေးရွာသားတစ်ဦးက “တိုက်ပွဲဖြစ်တာက ရွာလယ်တံတားမှာ ဖြစ်တာ။ ကိုးကန့်အဖွဲ့က ရွာသားတွေရဲ့ နေအိမ်ဘက်ကနေပြီး နေရာ ၃ နေရာလောက်ခွဲပြီး စကစ အဖွဲ့ကို လာပစ်တာ။ နှစ်ဖွဲ့ပစ်တာ လက်နက်ကြီးတွေပါ ပါတယ်။ ရွာထဲကိုပါ လက်နက်ကြီးတွေကျတယ်”လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ဒေသခံတွေနဲ့ရွေ့ပြောင်းလုပ်သားတွေဟာ လားရှိုးမြို့နဲ့ နီးစပ်ရာဆွေမျိုးတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအသေးစိတ်မသိရပေမယ့် တိုက်ပွဲဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြားမှာ လူမှုကူညီရေးအသင်းယာဥ်တစ်စီးဟာ လူနာတင်ထွက်ခွာသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

၂၀၁၈ အောက်တိုဘာလလောက်က ကျေးရွာအပြင်မှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ DVB

မြန်မာ့အရေး လက်တွဲလုပ်ဆောင်ရန် ဂျပန်နှင့် ကမ္ဘောဒီးယား သဘောတူ

စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ လက်ရှိ အကျပ်အတည်း အခြေအနေနှင့် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားမှုများနှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား နီးနီးကပ်ကပ် အတူတကွ လုပ်ဆောင်သွားရေးအတွက် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ ဒီဇင်ဘာ ၁ ရက်တွင် သဘောတူခဲ့ကြသည်။

အကြမ်းဖျင်း ၃၅ မိနစ်ကြာမြင့်ခဲ့သည့် ဗီဒီယိုကွန်းဖရင့်တစ်ခုတွင် ဂျပန်ဝန်ကြီးချုပ်က နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် ဖလှယ်မှုကို အားကောင်းစေရေး လုပ်ဆောင်ရန် ဆန္ဒရှိကြောင်းနှင့် ၂၀၂၂ ခုနှစ်သည် ကမ္ဘောဒီးယားရှိ ကုလ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ် ဆောင်မှုများအတွင်း ဂျပန်၏ ပါဝင်ပတ်သက်မှု၏ အနှစ် ၃၀ မြောက် နှစ်ပတ်လည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။

အလားတူ ကမ္ဘောဒီးယား၏ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်မှုအတွက် ကာကွယ်ဆေးများနှင့် အခြားအကူအညီများ ဂျပန်ဘက်က ထောက်ပံ့ပေးအပ်မှုအတွက် တန်ဖိုးထားကျေးဇူးတင်ကြောင်း ဟွန်ဆန်က ပြောခဲ့သည်။

လာမည့်နှစ်တွင် ကမ္ဘောဒီးယားသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည်ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးသည် ဒေသတွင်း ငြိမ်းချမ်းရေးကို ထိန်းသိမ်းရေးနှင့် လွတ်လပ် ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဆိုသည့် အမြင်အောက်တွင် ချမ်းသာကြွယ်ဝမှုများ ရရှိနိုင်ရေးအတွက် ဆက် လက်ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်။ mizzima

အပစ်ရပ် ၁၀ နှစ်ပြည့် အထိမ်းအမှတ် ဖမ်းမိမူးယစ်ဆေးဝါးများ RCSS မီးရှို့ဖျက်ဆီး

အပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်  ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို  ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်   (RCSS/SSA) က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ 

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မြန်မာအစိုးရအကြား ပြည်နယ်အဆင့် နှစ်ဘက်အပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့တာ ၁၀ နှစ်ပြည့်တဲ့ ဒီကနေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ လွိုင်တိုင်းလျဲန်းဗဟိုဌာနချုပ် အမှတ် (၁) စစ်ဒေသနဲ့ တပ်မဟာ ၇၀၇ နယ်မြေမှာ မူးယစ်ဆေးတွေ မီးရှို့ဖျက်ဆီးခဲ့တာပါ။ 

မီးရှို့ဖျက်ဆီးခဲ့တဲ့အထဲမှာ  စိတ်ကြွဆေးပြား ၁ သန်းကျော်၊ ဘိန်းညိုမှုန့် ကီလိုဂရမ် ၃၀၀ ကျော် ၊ အက်ဆစ် လီတာ ၄ သောင်းကျော် နဲ့ ဆိုဒါမှုန့် ၃၆၀၀၀ ကီလိုဂရမ် ပါဝင်တယ်လို့ RCSS က ထုတ်ပြန်ထားပါတယ်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူခမ်းစံက “မူးယစ်ဆေးဝါးကတော့ ကျနော်တို့ RCSS ပေါ်လစီထဲမှာလည်းပါတယ်လေ၊ အထိမ်းအမှတ်လုပ်ပြီး မီးရှို့တာပေါ့၊ ဖမ်းမိတာကတော့ တနေရာတည်းမဟုတ်ပါဘူး။ လဲချားနဲ့ မိုင်းနောင်ကြား ကားလမ်းမှာ ၁ စီးမိတယ်၊ ကျောက်မဲဘက်မှာလည်း ၁၂ ဘီးကားနဲ့ ၂ စီး ၃ စီး မိတယ်ခင်ဗျ၊ ၁ နှစ်အတွင်းဖမ်းမိတာတွေအများကြီးပါ။ အကုန်တော့မဖျက်ဆီးရသေးဘူး။ တချို့က တပ်မဟာတွေမှာရှိတယ်။”လို့ ပြောပါတယ်။ 

RCSS အနေနဲ့  အသွင်သစ်နိုင်ငံရေးဆွေးနွေးပွဲကနေတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် တနိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ရဲ့ အနှစ်သာရကို ကိုင်စွဲပြီး အဖွဲ့အစည်းတွေ အားလုံးနဲ့ လက်တွဲပူးပေါင်းကြိုးပမ်း ဆောင် ရွက် သွားမယ်လို့လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  DVB

« Older Entries Recent Entries »