Monthly Archives: Dec 2021

မန္တလေး PDF ၃၃ ဦးဖမ်းမိကြောင်း စစ်ကောင် စီ ထုတ်ပြန်ချက် အချက်အလက်လွဲမှားဟုဆို

စစ်ကောင်စီက ထုတ်ပြန်သည့် မန္တလေး PDF ၃၃ ဦး ဖမ်းမိသည့်စာရင်းတွင် အဖမ်းမခံရသူများလည်း ပါဝင်နေကြောင်း မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

“သူတို့သတ်မှတ်ရက်အတွင်း ဖမ်းဆီးစာရင်း ၃၃ ဦးဆိုတာ မဟုတ်ပါဘူး၊ တကယ်က ၁၀ ယောက်ကျော်ပဲ ပါသွားတာပါ၊ ကျန်တာက အရင်နှစ်လကျော်လောက်က မိတာရယ် မမိသေးတဲ့သူတွေကို ရောထည့်ထားတာပါ” ဟု မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ ပြော ရေးဆိုခွင့်ရှိသူက မဇ္ဈိမသို့ပြောသည်။

မန္တလေးမြို့က PDF ၃၃ ဦးအား ဖောက်ခွဲရေး လက်နက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပြီး အကြမ်းဖက် ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သော တရားခံများစာရင်းဟု ဖော်ပြခဲ့သည်။“အရင်ဖမ်းထားတာတွေနဲ့ရောပြီး ၃၃ ယောက် လက်နက်တွေနဲ့အတူ ဖမ်းမိတယ်လို့ ကြေညာသွားတယ် ဆိုတာက စစ်ကောင်စီရဲ့ မရိုးသားတဲ့လုပ်ရပ်ပဲ၊ အရင်တုန်းက ဖမ်းထားတာတွေကို သတင်းမထုတ်ပြန်သေးဘဲ အခုမှ အစုလိုက်အပြုံလိုက် ဖမ်းမိတဲ့ပုံစံမျိုး လီဆယ်တာပါ၊ သူတို့ထုတ်ပြန်တဲ့ စာရင်းထဲမှာ အဖမ်းမခံရသေးတဲ့ တော်လှန်ရေးသမားတွေပါနေတာ ကျွန်တော်တို့ အချင်းချင်းပဲသိတယ်” ဟုလည်း ၎င်းကဆိုသည်။

စစ်ကောင်စီက ထုတ်ပြန်သည့် သတင်းတွင် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်း၏ ဓာတ်ပုံအားလည်း ဖော်ပြထားကာ ဦးဆောင်သူအဖြစ် လုပ်ကြံဖန်တီးထားခြင်းသည် မရိုးသားသည့် လုပ်ရပ်သာဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သုံးသပ်သည်။ယင်းကိစ္စနှင့် ပတ်သက်၍ ဦးကျော်စိုးလင်းက ၎င်း၏တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာတွင် “ပြည်သူတွေတိုက်နေတာ ပြည်သူ့တော်လှန် ရေးပါ၊ အဖမ်းခံရသူအားလုံး ကျွန်တော်နဲ့ အချိတ်အဆက်လုံးဝမရှိပါ” ဟု ဖြေရှင်းထားသည်။ mizzima

နတ်တလင်းမြို့နယ် အန်အယ်လ်ဒီ အလုပ်အမှုအဆောင် ၁ ဦး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်အကျဥ်းထောင်ထဲမှာ ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီး ချုပ်နှောင်ခံနေရတဲ့  နတ်တလင်းမြို့နယ် အန်အယ်လ်ဒီပါတီ အလုပ်အမူဆောင် အမျိုးသား တယောက်ကို စစ်ကောင်စီက  ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။ 

ဖမ်းဆီးထောင်ချခံရသူဟာ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အန်အယ်လ်ဒီပါတီ အလုပ်အမူဆောင်  ဦးအောင်ဆန်းလင်းဖြစ်ပြီး သူ့ကို ရုံးချိန်း ၂ ချိန်းသာစစ်ဆေးခဲ့ကာ  ရှေ့နေမပါဘဲ ဒီဇင်ဘာ ၂ ရက်နေ့မှာ မိန့်ချမှတ်ခဲ့တာလို့ သူနဲ့နီးစပ်တဲ့ နတ်တလင်းမြို့ခံ တဦးက ပြောပါတယ်။

အသက်က ၄၉ နှစ်အရွယ် ဦးအောင်ဆန်းလင်းကို နိုဝင်ဘာ ၉ ရက်မှာ  စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းစီးစဥ်က ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် မျက်စိ ထိခိုက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

သူနဲ့အတူ ဖမ်းဆီးခံရတဲ့  တခြားအမျိုးသားတယောက်ကိုတော့ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီလို့  သိရပါတယ်။ DVB

စိတ်ဒဏ်ရာကို အန်တုနေရသည့် နိုင်ကျဉ်းဟောင်းများ

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီတစ်ရက်နေ့ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် သူတို့ကို ဆန့်ကျင်ကြသူများကို ဖမ်းဆီးခဲ့ကြသည်။ ထို့နောက် စစ်‌ကြောရေးစခန်းများတွင် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးကြ၊ ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်သွင်း အကျဉ်းချကြသည်။ 

စစ်အစိုးရအဆက်ဆက် အာဏာတည်မြဲရေးအတွက် လုပ်ဆောင်လေ့ရှိသော ကြမ်းကြုတ်ရက်စက်သော အပြုအမူများမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကာလတွင်လည်း ပြောင်းလဲသွားခြင်း အလျှင်းမရှိခဲ့ပေ။   

သေကွဲရှင်ကွဲ ကွဲခဲ့ရသော မိသားစုပေါင်းများစွာရှိနေခဲ့ ရှိနေဆဲဖြစ်သည်။ ဖမ်းဆီးခံရစဉ် လပိုင်းအတွင်း ပြင်ပတွင် မိသားစုဝင်တစ်ဦးဦး သေဆုံးသည့်ဖြစ်ရပ်မျိုးရှိသလို ထိုသို့သေဆုံးကြောင်းကို ပြန်လည်လွတ်မြောက်လာချိန်မှ သိရသူများလည်းရှိသည်။ 

ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကဖြင့် အင်းစိန်ထောင်တွင်း သုံးလကျော်ကြာ ထိန်းသိမ်းခံရသူ အမျိုးသမီးတစ်ဦးက အိမ်ထောင်ဖက်ကွယ်လွန်သွားခြင်းကို သူအိမ်ပြန်ရောက်မှ သိခဲ့ရသည်။

“ဆုံးသွားတဲ့သူကို သတိရလို့ဖြစ်ဖြစ် ကျွန်မခံစားခဲ့ရတာတွေကို ငိုချင်ရင်တောင်မှ ညဉ့်သန်းခေါင် ကလေးတွေ အိပ်သွားမှ မီးဖိုချောင်မှာ ကျိတ်ငိုရတာမျိုး။ ကလေးတွေရှေ့မှာ မငိုရဲဘူး” ဟု အဆိုပါ အသက်လေးဆယ်ကျော် အမျိုးသမီးက ပြောပြသည်။ 

အင်းစိန်ထောင်တွင်း ခုနှစ်လကျော်ကြာ နေထိုင်ခဲ့ရသူ အသက် ၇၀ ခန့်အရွယ် ဒေါ်ခင်သည်လည်း သားတစ်ဦးနှင့် မြေးတစ်ဦး ဆုံးရှုံးခဲ့ရသည်ကို ပြန်လည်လွတ်မြောက်လာချိန်မှ သိရှိခဲ့ရပြန်သည်။ 

“ပြန်ထွက်လာရင် တွေ့ဖို့ မျှော်လင့်ထားတာ။ သားက ကျွန်မကို စောင့်နေရင်း ဆုံးသွားတာ။ မြေးလေးကလည်း ဆုံးသွားတယ်” ဟု ဒေါ်ခင်က ဆိုသည်။

“ကျွန်မကို မိသားစုက အသိမပေးခဲ့ဘူး။ အခု အရမ်းစိတ်ထိခိုက်နေတယ်။ ဒါပေမဲ့ ကျွန်မတို့ တော်လှန်ရေးအောင်နိုင်ဖို့ ဆက်ပြီး တိုက်ပွဲဝင်ရမှာပဲ” 

ပြန်လည်လွတ်မြောက်လာသော မအိကလည်း ထောင်ထဲတွင် အပြစ်မရှိသူအများအပြား ကျန်နေသဖြင့် ပျော်ရွှင်ကြည်နူးနိုင်ခြင်းမရှိဟု ပြောသည်။ 

“ကျွန်မတို့သည် လူတွေလွတ်လာသော်လည်းပဲ စိတ်အားဖြင့်ကတော့ အကျဉ်းထောင်ထဲမှာ ကျန်နေတုန်းပဲပေါ့လေ။ မလွတ်မြောက်သေးတဲ့လူတွေ ရှိနေသေးတဲ့အတွက် ဒီလူတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကျွန်မဆန္ဒရှိတယ်” ဟု မအိက ပြောသည်။

ဖမ်းဆီးခံပြည်သူများသည် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက် ဖိနှိပ်မှုခံခဲ့ရသည့်ပြင် သူတို့မိသားစုဝင်များပါ အလားတူခံစားနေခဲ့ရသည်။

အောက်တိုဘာလအတွင်းက ပြန်လည်လွတ်မြောက်လာသော ဒေါ်နှင်းဆီ(အမည်လွှဲ) ကလည်း အလားတူခံစားနေရသည်။

“အဓိကကတော့ စိုးရိမ်ထိတ်လန့်မှုပေါ့။ နောက်တစ်ခါများ ငါ့အိမ်ကို လာမွှေပြီးတော့များ ထပ်ဖမ်းဦးမလားပေါ့ ” ဟု ဒေါ်နှင်းဆီက ပြောသည်။

နွေဦးတော်လှန်ရေးတွင် မတရားဖမ်းဆီးခံခဲ့ရသော ခေတ်သစ်နိုင်ငံရေးအကျဉ်းသားများကဲ့သို့ပင် ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တော်လှန်ခဲ့သူများကလည်း သူတို့ခံစားရသည်များကို ပြန်ပြောပြကြသည်။

ထောင်၏ အညစ်အကြေးစွန့်ပစ်မှုစနစ် လွန်စွာညံ့ဖျင်းသည်ဟု ယခင်စစ်အစိုးရများခေတ်က အထိန်းသိမ်းခံရဖူးသူ ရန်ကုန်သားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ နေခဲ့ရတဲ့ခေတ်က တိရိစ္ဆာန်လိုနေခဲ့ရတယ်။ လူမဟုတ်ဘူး။ ဂန်ဖလားပက်လက် ပေးထားပြီးတော့ လူနှစ်ယောက်သုံးယောက် တိုက်ထဲထည့်ထားရင်၊ တစ်ယောက်ဝမ်းသွားရင် ကျန်တဲ့သူတွေက သံတိုင်ကြား နှာခေါင်းထုတ်ပြီး လေရှူနေရတယ်၊ နံလို့” ဟု အဆိုပါ နိုင်ကျဉ်းဟောင်း အမျိုးသားက ပြောပြသည်။

“သန့်စင်စရာမရှိတော့ ကိုယ်အိပ်တဲ့ ဝါးကြမ်းဖျာကို ချိုးရတယ်၊ တုတ်ခနောင်းလုပ်ပြီး သန့်စင်ရတယ်။ ရေအိုးမှာ အဖုံးမရှိဘူး။ သောက်မယ်လို့ အိုးနားကပ်လိုက်ရင် ခြင်က အကောင်ထောင်နဲ့ချီ ပျံတက်သွားတာ” 

သူ့ကဲ့သို့ပင် ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ဖမ်းဆီးခံရခြင်းအပါအဝင် သုံးကြိမ်တိုင်တိုင် အဖမ်းခံခဲ့ရသူ ဒေါ်လွင်သည်လည်း အကျဉ်းကျနေစဉ် ပြင်ပတွင် လူမမည် သားငယ်ကျန်ရစ်ခဲ့ပြီး ထောင်ကလွတ်သည့်နေ့သည်လည်း ဖခင်၏ ရက်လည်နေ့ဖြစ်ခဲ့သည်။   

“ကျွန်မက ပြည်ထောင်ကနေ လွတ်လာတဲ့အချိန်မှာ သားလေးက အဝေးပြေးကားဂိတ်က လာကြိုတဲ့အချိန်မှာ မေမေ ပိုက်ဆံအများကြီးပါခဲ့လားတဲ့။ ဒီလိုမေးတဲ့အချိန်မှာ ကျွန်မမျက်ရည်ကျတယ်။ သားကိုတော့ မရှင်းပြရသေးဘူး၊  ထောင်ကျတယ်ဆိုရင် သူစိတ်ဒဏ်ရာရမှာစိုးလို့။ ကျွန်မ ပြည်ထောင်က လွတ်လာတဲ့နေ့က အဖေရက်လည်တဲ့နေ့” ဟု ဒေါ်လွင်က အင်းစိန်ထောင်အတွင်း အထိန်းသိမ်းခံနေရစဉ် မကြာသေးခင်က အတူနေထိုင်ရသူတို့ကို ပြောပြသည်။

ဆယ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့သည်ဟု ဆိုသော်လည်း သူ့မျက်ရည်စများက ပြန်လည်သတိရလာသော စိတ်ဒဏ်ရာများကို သက်သေထူနေပါသည်။

ဒေါ်လွင်သည် ၂၀၂၁ နွေဦးတော်လှန်ရေးအပါအဝင် ၁၉၉၉ နှင့် ၂၀၀၈ခုနှစ်များတွင် အာဏာရှင်ကို ဆန့်ကျင်ခဲ့ခြင်းကြောင့် အဖမ်းခံခဲ့ရသည်။ နာကြည်းစရာများကို မေ့ထားလေ့ရှိသော်လည်း အကြောင်းအကျိုးတိုက်ဆိုင်လာသော ယခုကာလများတွင် စိတ်ဒဏ်ရာများက ပြန်လည်နိုးထလာခဲ့လေသည်။ သူ့ကဲ့သို့ပင် စိတ်ဒဏ်ရာတင်မက ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ရသူတို့သည် မေ့ပျောက်ရန် ခက်ခဲမည်ဖြစ်ပြီး သေသည်အထိ ယူဆောင်သွားရတော့မည့် မတောင်းခံဘဲရခဲ့လေသော အာဏာရှင်အဆက်ဆက်ကပေးသော အမွေဆိုးများပင်ဖြစ်ပါသည်။ 

ထို့ထက်ပင် ဆိုးဝါးလှသည့် စိတ်ဒဏ်ရာများသည် ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့သည်။ စစ်အုပ်စုက မထင်ရင် မထင်သလို ဖမ်းဆီးကာ နာရီပိုင်းအတွင်း လူအများအပြားကို သတ်ပစ်နေခဲ့သည်။ ယင်းကဲ့သို့ ဆိုးဝါးလှသည့် အမှတ်ရမှုများသည် နိုင်ကျဉ်းများ ရာသက်ပန်ယူဆောင်သွားရတော့မည့် အိပ်မက်ဆိုးများပင်ဖြစ်လေသည်။   

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းအများအပြားကို စိတ်ဒဏ်ရာကုသနိုင်ရေးအတွက် စီစဉ်ပေးခဲ့သည်။

နှစ်သိမ့်အားပေး ဆွေးနွေးခြင်းအတွက် အချိန်ပေးဆောင်ရွက်ရသည်ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက ပြန်ပြောင်းပြောပြခဲ့သည်။ 

“တစ်ယောက်က ဆိုလို့ရှိရင် သူ့အိမ်မှာ သံပန်းတံခါးတပ်လို့မရဘူး။ သံပန်းတံခါးတပ်တာကို သူ လုံးဝမကြိုက်ဘူး။ သံပန်းပြတင်းပေါက်တွေဘာတွေမှာ သံပန်းတံခါးတပ်တာကို သူက လုံးဝဖြုတ်တယ်။ သူ့အနေနဲ့က အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာနေလာခဲ့တဲ့အပေါ်မှာ ဒီလိုမျိုးသံတိုင်တွေ သံပန်းတံခါးတွေဟာ သူ့အတွက် အသက်ရှူရကျဉ်းကျပ်တာမျိုးတွေ၊ နေရထိုင်ရကျဉ်းကျပ်တာမျိုးတွေ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်တာမျိုးတွေ။ အဲဒါကြောင့်လည်း ရုပ်ပိုင်းဆိုင်ရာမှာလည်း စိတ်ထဲမှာ မွန်းကျပ်ပြီးတော့ ဒေါသထွက်တာမျိုးတွေ ဖြစ်လာတာမျိုးတွေရှိပါတယ်” ဟု သူက ပြောပြခဲ့သည်။ 

နိုင်ကျဉ်းများသည် စစ်အာဏာရှင်ခေတ်အဆက်ဆက် ထောင်ထဲတွင် ကာလကြာရှည် နေထိုင်ခဲ့ရသဖြင့် ရုပ်ပိုင်းဆိုင်ရာပြဿနာများဖြစ်သော ကျန်းမာရေးထိခိုက်မှု၊​ နာတာရှည်ရောဂါရမှု၊ မသန်စွမ်းမှုတို့နှင့် ရင်ဆိုင်ရသလို အသက်ဆုံးရှုံးခဲ့ရသူလည်း အများအပြားရှိသည်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်သော အပြင်ပိုင်းကိုယ်ခန္ဓာထိခိုက်မှုများကို ဆေးဝါးကုသမှုဖြင့် ကုသပါက ပျောက်ကင်းနိုင် သက်သာနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်မှုကိုမူ ကျွမ်းကျင်သူ စိတ်ပညာရှင်များနှင့် အချိန်ပေးကာ ကုသရမည်ဖြစ်သည်။ သို့သော်လည်း စိတ်ထိခိုက်မှုများကို တွေးမိလေတိုင်း၊ ဘဝတူများနှင့် တွေ့ဆုံလေတိုင်း ထိုစိတ်ဒဏ်ရာ အနာဟောင်းက ပြန်လည်နိုးကြွလာမည်မှာ ရှောင်လွှဲ၍ မရပါပေ။  

အသိစိတ်က မေ့ဖျောက်ထားသော်လည်း မသိစိတ်တွင် ဆေးမင်ရည် စုတ်ထိုးထားဘိသကဲ့သို့ နာကြည်းစရာ ထိတ်လန့်စရာ အဖြစ်ဆိုးများ ကျန်ရှိနေဦးမည်ဖြစ်သည်။ ၂၀၂၁ မတ်လ ၃ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတစ်ခုတွင် ဖမ်းဆီးခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ – ကဖြင့် အင်းစိန်ထောင်အတွင်း ခုနှစ်လကြာ အမှုရင်ဆိုင်ခဲ့ရသော မသက်သက်ရတနာသိန်းသည် ထောင်အပြင်ဘက် ရောက်လာပြီဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသည်။ 

“စစ်သားဝတ်စုံတွေနဲ့ လူတွေကို မြင်တယ်။ ရဲစခန်းတွေရှေ့မှာတို့ ထွေအုပ်ရုံးတွေရှေ့မှာတို့ဆိုလည်း သူတို့တားထားတယ်ပေါ့။ သူတို့ကိုမြင်တာနဲ့ ရင်ထဲမှာလှိုက်ပြီးတော့ ကြောက်စိတ်က စိုးမိုးနေတယ်။ လန့်လိုက်တာဆိုပြီးတော့ သူတို့ကိုမြင်တာနဲ့ စစ်ဝတ်စုံကိုမြင်တာနဲ့ ထိတ်လန့်နေတဲ့ဟာကြီးက ဒီနေ့ အပြင်ကိုထွက်တော့မှ ခံစားလိုက်ရတော့မှ ဪ … ငါတော်တော်ကြောက်လန့်နေပါလား၊ သူတို့ကို ဘာမှမဟုတ်ဘဲနဲ့ မသိစိတ်က အရှေ့မှာ မြင်တွေ့ခဲ့ရတာတွေကြောင့် ဖြစ်မယ်လို့ တွေးမိတယ်” ဟု သူက ပြောသည်။ 

ဆန္ဒပြမှုကြောင့် အဖမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်နိုင်မည်ဟု ယုံကြည်ထားပြီး အိမ်ပြန်ရမည့် ရက်များကို စောင့်မျှော်နေခဲ့သော်လည်း မျှော်လင့်ချက်ကောက်ရိုးတစ်မျှင် ပျောက်ဆုံးခဲ့ရသော ရက်များအကြောင်းကို သူက ဆက်ပြောပြသည်။ 

“လွှတ်မယ်ဆိုတဲ့နေ့တွေကျရင် အထုပ်တွေပြင်ထားတယ်၊ ဒါပေမဲ့ တကယ်တန်းကျ မပါဘူး။ မပါတဲ့အခါကျတော့ ကိုယ့်ဘေးနားကလူတွေလွတ်သွားပြီးတော့ ကိုယ်တွေပဲကျန်ခဲ့တော့ ရင်ထဲမှာ ဟာတာတာကြီးဖြစ်ပြီးတော့ အခု လွတ်မယ်လို့အသံကြားရင် ညီမတို့ ရင်မခုန်ရဲတော့ဘူး။ ပြီးတော့ ကြောက်နေတယ်။ မနက်ဖြန်လာခေါ်မှာလား၊ ညီမတို့ပြန်ရမှာပါနော်လို့ ထောင်ထဲမှာ တစ်ယောက်တည်း ပြောနေမိတယ် ” 

ညှဉ်းပန်းနှိပ်စက်မှုကြောင့် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာ ဖြစ်ခဲ့ရကြောင်း AAPP အသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

“ကျွန်တော်တို့တွေကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရတယ်။ စစ်ကြောရေးစခန်းကနေစပြီးတော့ အကျဉ်းထောင်က လွတ်တဲ့အချိန်အထိ နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတယ်ပေါ့၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရသလို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတယ်” ဟု အဆိုပါအသင်းတာဝန်ရှိသူတစ်ဦးက ပြောပြခြင်းဖြစ်သည်။ 

အောက်တိုဘာလအတွင်း ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုရင်ဆိုင်ခဲ့ရသော အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးသည် အင်းစိန်ထောင်ထဲ ရှိနေစဉ် ၄၅ ရက်ကြာ တိုက်ပိတ်ခံခဲ့ရသည်။

“ညနေချိန်တွေ ရောက်လာတိုင်း ရောက်လာတိုင်း၊ မိုးတွေရွာတိုင်း မီးတွေပြတ်တိုင်း ကျွန်မက အထီးကျန်ဆန်လာတယ်။ အဲဒါတွေ အကုန်လုံးကို ဖျောက်ပြီး ကျွန်မ စာအုပ်တွေဖတ်တယ်။ လူတစ်ယောက် ထမင်းဆာနေသလို ဆာလောင်သလို စာအုပ်တွေကို ဖတ်တယ်” ဟုဒေါ်မျိုးမျိုးအေးက ပြောပြပါသည်။

Myanmar Now သတင်းဌာနက ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဆယ့်ငါးယောက်ခန့်ကို မေးမြန်းရာ တချို့က စိတ်ဒဏ်ရာမခံစားရကြောင်း ပြောပြကြသည်။ သူတို့ မေ့ပျောက်ထားသော်လည်း မသိစိတ်က အမြဲသတိပေး ခြောက်လှန့်နေသည်ဟု ဆိုကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ညမထွက်ရအမိန့်ကြေညာထားသော မြို့နယ်ခြောက်မြို့နယ်ဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များမှ ဖမ်းဆီးရမိသူများကို စစ်ခုံရုံးက အစစ်အဆေးအမေးအမြန်းမရှိဘဲ အမိန့်တန်းချမှတ်ခဲ့သည်။ ထိုကဲ့သို့ ဖြစ်စဉ်များသည်လည်း နိုင်ငံရေးအကျဉ်းသားများ မျှော်လင့်ချက်မဲ့ ခံစားခဲ့ရသော စိတ်ဒဏ်ရာများပင်ဖြစ်ပါသည်။

ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင်များက ဖမ်းဆီးထားသော ပြည်သူများကို နှောင်ကြိုးမဲ့လွှတ်ပေးခဲ့ခြင်းမျိုး မဟုတ်ဘဲ နောက်တစ်ကြိမ် ပြန်လည်ဖမ်းဆီးခံရပါက ပြစ်ဒဏ်နှစ်ဆခံရမည်ဟူသော ခြွင်းချက်နှင့် လွှတ်ပေးခြင်းဖြစ်သည်။ 

အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာသူများတွင် ပြန်လည်ဖမ်းဆီးခံရသူများရှိသည်။ AAPP ၏ လက်လှမ်းမီသမျှ လေ့လာချက်အရ နိုင်ကျဉ်း ပြန်လည်ဖမ်းဆီးခံရသူ ၁၁၀ ဦးအထိ ရှိနေသည်။

ထိုကဲ့သို့ လုပ်ရပ်များသည် ရုပ်ပိုင်းတင်မကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုဖြစ်ကြောင်း အဆိုပါအသင်းက သတင်းထုတ်ပြန်ထားသည်။ 

“ဒီနွေဦးတော်လှန်ရေးမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ကျွန်တော်တို့ခေတ်ထက် စာလို့ရှိရင် ပိုပြီးတော့ဆိုးဝါးတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံခဲ့ရတယ်လို့ သိရတယ်။ ကျွန်တော်တို့တုန်းက ကျွန်တော်ပုန်ကန်ရင် ကျွန်တော်တစ်ယောက်ပဲခံရတယ်၊ လုပ်တယ်။ မိသားစုကို နှောင့်ယှက်တာ မလုပ်ဘူး၊ ဒါပေမဲ့ ပညာရေး ကျန်းမာရေး စီးပွားရေး ဒါတွေကို နှောင့်ယှက်တယ်။ အခုဟာက အဲဒီလိုမဟုတ်ဘဲ မိသားစုကို စိတ်ပိုင်းရော ရုပ်ပိုင်းရော နှောင့်ယှက်တာတွေ ညှဉ်းပန်းနှိပ်စက်တာတွေကို လုပ်လာတယ်” ဟု AAPP အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ ဘုံရန်သူမှာ စစ်ဗိုလ်ချုပ်ကြီးများပင်ဖြစ်ကြောင်း အများက နားလည်လာကြပြီဟု မကြာသေးခင်က အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသော ကမာရွတ်မီဒီယာတည်ထောင်သူ ကိုနေသန်မောင်က သုံးသပ်သည်။ 

“၁၉၆၂၊ ၁၉၈၈၊ ၂၀၂၁ ဆိုတဲ့ စစ်တပ်က ဥပဒေချိုးဖောက်ပြီး နိုင်ငံတော်ကို ပုန်ကန်အာဏာသိမ်းတဲ့ ဖြစ်ရပ်တွေအားလုံးကို ချိန်ထိုးကြည့်ရင် အခုအချိန်မှာ နွေဦးတော်လှန်ရေးရဲ့ ပထမဆုံးအောင်ပွဲကတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ ဘုံရန်သူဟာ မြန်မာစစ်တပ်ပဲဆိုတာ လူတိုင်းလက်ခံသွားတဲ့ကိစ္စပါ။ ဒီဘုံရန်သူဟာ လက်ယာစွန်း ဖက်ဆစ်ဝါဒီဖြစ်တယ်ဆိုတာလည်း ပြည်သူအားလုံး လက်ခံတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးက လူမျိုးပေါင်းစုံက ရရာလက်နက်စွဲကိုင်ပြီး တော်လှန်နေတာဖြစ်တယ်” ဟု ကိုနေသန်မောင်က ပြောသည်။

တော်လှန်ရေး မအောင်မြင်သေးချိန်တွင် ဘုံရန်သူ၏ ဒဏ်ကို ပုံစံမျိုးစုံဖြင့် အလူးအလဲခံနေကြရသည်။

ရန်ကုန်မှ ရွှေပြည်သာစစ်ကြောရေးစခန်းနှင့် အင်းစိန်ထောင်တွင်း စုစုပေါင်း နှစ်လကျော်ကြာ နေထိုင်ခဲ့ရသူ မလဲ့က ပြန်လည်လွတ်မြောက်လာသည်မှာ ၃ လရှိပြီ ဖြစ်သော်လည်း စိတ်လုံခြုံမှု မရသေးပေ။ စစ်ကောင်စီတပ်က သူ့အိမ်တံခါးကို ဖျက်ဆီးပြီး ဝင်ရောက်ဖမ်းဆီးမှု၊ စစ်ကြောရေးတွင် သံတခါးပိတ်သံ စသည့် အခြေအနေဆိုးများကို မေ့ပစ်ရမလွယ်ကူသေးပေ။ 

“စိတ်ဒဏ်ရာရနေတယ်ပဲ ပြောရမလား။ အဲ့ဒီနေ့က တံခါးဖျက်ပြီးဝင်လာတော့ အခု တံခါးဖွင့်သံကြားရင် အိပ်မပျော်တာမျိုး။ စစ်ကြောရေးမှာ သံတံခါးရှိတယ်၊ အဲ့တံခါးကို ဒုန်းဆိုပြီး ဆောင့်ဆောင့်ပြီးပိတ်တယ်။ အဲ့လိုအသံမျိုးတူတဲ့အသံမျိုး ကြားလို့ရှိရင် ပြန်ပြန်ကြားနေတဲ့ဟာမျိုး၊ အဲ့လိုမျိုးတော့ရှိတယ်။ အောက်ထပ်က တစ်ညလုံး တံခါးဂျက် ပိတ်လိုက်ဖွင့်လိုက်လုပ်တယ်၊ အဲ့လိုအသံမျိုးကြားလို့ရှိရင် ကြောက်တဲ့စိတ်က ပြန်ပြန်ဖြစ်တယ်” ဟု မလဲ့က ဆိုသည်။ 

မတရားဖမ်းဆီးတာကို ခံရပြီး အင်းစိန်ထောင်တွင် ၅ လကျော်ကြာ ချုပ်နှောင်ခံခဲ့ရသည့်ပြင် ကိုဗစ်ကပ်ရောဂါကိုပါ ခံစားခဲ့ရသော စာရေးဆရာမ တူးတူးသာက ထောင်တွင်းကြုံခဲ့ရသော စိတ်ပိုင်းဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ပြီး  – 

“စိတ်ဒဏ်ရာကတော့ လေးဖက်လေးတန်ပိတ်ထားတဲ့ အခန်းထဲမှာ နေနေရတယ်။ ကိုယ့်ဘေးမှာ တစ်ယောက်ပြီးတစ်ယောက်ဖျားတယ်။ ကိုယ်ကိုယ်တိုင်လည်း လဲသွားတယ်။ လဲသွားတော့ စိတ်အခြေအနေကတော့ ဘယ်လိုမှမကောင်းနိုင်ဘူး။ နောက်တစ်ခုက အဲဒီအချိန်မှာ ကိုယ့်သားတွေ ကိုယ့်မောင်တွေကလည်း ဖမ်းခံထားရတာဆိုတော့ သူတို့တွေကိုလည်း စိတ်ပူတယ်။ နောက်တစ်ခုက အပြင်မှာ လူကြီးတွေ တအားသေနေတယ်ဆိုတဲ့ သတင်းကြားတော့ အိမ်မှာ အမေကျန်ခဲ့တယ်လေ၊ အမေက ၇၇ နှစ် တော်တော်ကို စိတ်ပူရတာပေါ့နော်၊ ကိုယ်ကိုယ်တိုင်ထက် သူတို့ကို စိတ်ပူရတာပေါ့။ ဘာသတင်းမှလည်း ဘာအဆက်အသွယ်မှမရတော့ အဲ့လိုကာလမှာ စိတ်ဖိစီးမှု အရမ်းဖြစ်တယ်” ဟု စာရေးဆရာမက ပြောပြသည်။

၂၀၀၆ -၀၇ ခုနှစ် စစ်အစိုးရလက်ထက် ကာလများအတွင်း ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်စဉ် ပြည်သူများအပါအဝင် သံဃာတော်များပါ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ထိုကဲ့သို့ ဆန္ဒပြမှုများကို စစ်အစိုးရက  အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထိုစဉ်က ဖမ်းဆီးခံရသူ ဒေါ်မိငယ်သည်လည်း အင်းစိန်ထောင်နှင့် သာယာဝတီထောင်တွင် လေးနှစ်ကြာ နေထိုင်ခဲ့ရသည်။ 

ယခုနှစ်တွင်လည်း ဒေါ်မိငယ်သည် ထိုထောင်နှစ်ခုသို့ ရောက်ခဲ့ရပြန်သည်။

“အခုတစ်ခေါက် ဖမ်းတာကကျတော့ သူတို့က လူမဆန်စွာကိုလုပ်တာ။ လူ့အဖွဲ့အစည်း ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မလုပ်တဲ့ အလုပ်မျိုးတွေကိုတောင် သူတို့လုပ်တယ်၊၂၀၂၁ က မြန်မာ့သမိုင်းတစ်လျှောက်မှာ မတွေ့ဖူးတာတွေ တွေ့ရတယ်။ ဒီတစ်ကြိမ်က အရက်စက်ဆုံးပဲ” 

စစ်တပ်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာသော အခြေအနေဆိုးများကြောင့် နိုင်ကျဉ်းများသာမက ထောင်ထဲသို့ မရောက်ရသူများပါ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ မလုံခြုံကြပေ။ 

အများပြည်သူ စိတ်ဒဏ်ရာ ပျောက်ကင်းနိုင်ရန် တော်လှန်ရေးအောင်ပွဲလိုအပ်ကြောင်း တ.က.သ ကျောင်းသားဟောင်းများအင်အားစုမှ ကိုဇေယျာလွင်က ပြောသည်။ 

“ဒီအာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဒီတော်လှန်ရေးနဲ့ပဲ ပြန်လည်ကုစားရမယ်လို့ ယူဆတယ်။ တော်လှန်ရေးကို အောင်နိုင်အောင် ကြိုးစားရမယ်။ ဒီအောင်နိုင်ခြင်းက စိုးရိမ်မှုလွန်ကဲနေတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ နောက်ကျောမလုံတဲ့ နေ့စဉ်ကြုံနေရတဲ့ လူနေမှုဘဝတွေ အဲဒါတွေကို ချေဖျက်နိုင်လိမ့်မယ်” ဟု ကိုဇေယျာလွင်က ပြောလိုက်သည်။ myanmar now

ချောင်းဦးမြို့ဝင်ရှိ စစ်ကောင်စီ၏ တိုးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပခုက္ကူလမ်းခွဲ၊ ချောင်းဦးမြို့ဝင်ရှိ စစ်ကောင်စီ၏ တိုးဂိတ်(Toll Gate) အား ဒီဇင်ဘာလ ၂ ရက် ည ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။ပြည်သူ့ကာကွယ်ရေး တပ်များက ညအချိန် မဖြတ် သန်းရန် ထုတ်ပြန်ထားသည့် လမ်းအား စစ်ကောင်စီတပ်ဖွဲ့က ပြည်သူကားတစ်စီးကို မှားယွင်းပစ်ခတ်မှုဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ဖြတ် သန်းသွားလာစေခဲ့သည့်အတွက် ယင်းကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း 27 Revolution Forces အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ထိုလမ်းအား ဖြတ်သန်းလာသည့် ခရီးသွားပြည်သူ၏ကားအား ပြည်သူ့ကာကွယ်ရေးတပ်ဘက်က မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုကား ရပ်တန့်သည့် အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်သားများက မေးမြန်းစုံစမ်းရာ စစ်ကောင်စီတပ်ဖွဲ့က ဂိတ်ကို ဖြတ်ခွင့်ပြုခဲ့သည့်အ တွက် ဖြတ်သန်းခဲ့ခြင်းဖြစ်ကြောင်း သိခဲ့ရသည်ဟု ၎င်းကဆိုသည်။

” ရေစကြို-ပခုက္ကူလမ်းကို ကျွန်တော်တို့က ပိတ်ထားတယ်။ ည ၁၀ နာရီကျော်ရင် မသွားရဘူးဆိုပြီးတော့၊ အဲ့ဒါကို ကားတစ်စီးကဖြတ်လာတယ် ။ အဲ့ဒါနဲ့ ကျွန်တော်တို့လည်း မိုင်းမှားဆွဲမိသွားတယ်။ ခွေး(စစ်ကောင်စီတပ်သား)ကားထင်ပြီး။ ကံကောင်းလို့မထိသွားတာ၊ ကားက ရပ်သွားတော့ သွားစစ်တယ်။ ခွေး (စစ်ကောင်စီတပ်သား)တွေကိုမေးတော့ သွားလို့ရတယ်ပြောလို့ဆိုပြီးတော့တဲ့ သူတို့ကသွားရတယ်ပြောလို့ ဖြတ်လာမိတာပါပြောတယ်။ အဲ့ဒါနဲ့ သူတို့ကတမင်လုပ်လို့ ကျွန်တော်တို့က သွားပစ်လိုက်တာ၊ ထိခိုက်မှုကိုတော့မသိရသေးဘူး” ဟု 27 Revolution Forces အဖွဲ့ကပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်များဘက်မှ အန္တရယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။အဆိုပါလုပ်ဆောင်မှုကို 27Revolution Forces ( မြင်းခြံ)၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ (MSPDF)၊ ချောင်းဦးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ChuPDF)တို့ မဟာမိတ်ပူးပေါင်းပြောက် ကျားတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။နိုဝင်ဘာလ ၂၈ရက်မှ စတင်၍ မန္တလေး-မြင်းမူ-မုံရွာလမ်းပိုင်း၊ မန္တလေး-အရာတော်-မုံရွာလမ်းပိုင်း၊ မန္တလေး-ရွှေဘို-မုံရွာလမ်းပိုင်း၊ ပခုက္ကူ-ချောင်းဦး-မုံရွာလမ်းပိုင်းတို့ကို ည ၇နာရီ ၁၅ မိနစ်အချိန်မှ စ၍အသုံးမပြုရန် ဒေသခံကာကွယ်ရေးတပ်များက သတိပေးချက်ထုတ်ပြန်ထားသည် mizzima

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ အတွင်းရေးမှူးနှင့် ယာဉ်မောင်းတို့ တရားလိုပြသက်သေအ ဖြစ် ထွက်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေထဲက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက  ရွှေ၊ ဒေါ်လာနဲ့ ဗုဒ္ဓရုပ်ပွားတော်  ယူခဲ့တယ်လို့ စွပ်စွဲထားတဲ့အမှုကို ဒီဇင်ဘာ ၃ ရက်က နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီဘက်က တရားလိုပြသက်သေအဖြစ် တင်သွင်းထားတဲ့ ဦးဖြိုးမင်းသိန်းရဲ့ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်ကြည်၊ ယာဉ်မောင်း ဦးဖြိုးကိုကိုဝင်းနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ ကူညီပေးနေတဲ့  ဒေါ်ဝေဝေသန်းတို့ တရားရုံးမှာ ထွက်ဆိုချက်တွေ ပေးခဲ့ကြပါတယ်။

ဒေါ်ဝေဝေသန်းကို စစ်ကောင်စီက ဗုဒ္ဓရုပ်ပွားတော်နဲ့ပတ်သက်ပြီး လိုပြသက်သေအဖြစ် တင်သွင်းခဲ့တာဖြစ်ပေမဲ့ ဒေါ်ဝေဝေသန်းကတော့  ရုပ်ပွားတော်နဲ့ပတ်သက်ပြီး ဘာမှမပြောဆိုခဲ့ဘူးလို့  သိရပါတယ်။

ဒီအမှုအတွက် ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်က နိုဝင်ဘာ ၁၂ ရက်နေ့က တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ပါတယ်။

ဒေါ်ခင်မိမိကြွယ်က သူ့ခင်ပွန်း ဦးဖြိုးမင်းသိန်းရဲ့တောင်းဆိုချက်အရ ဒေါ်လာနဲ့ရွှေချောင်းတွေကို ပြင်ဆင်ပေးခဲ့ရတယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ အောက်တိုဘာ ၁ ရက်နေ့ထွက်ဆိုချက်ကို အတည်ပြုပေးဖို့ ကြိုးစားခဲ့တာပါ။

ဒေါ်လာနဲ့ရွှေချောင်းတွေ အဆင်သင့်ဖြစ်တဲ့အချိန်နဲ့ သွားပေးတဲ့အချိန်တွေကိုတော့ ရက်စွဲအတိအကျနဲ့  ဒေါ်ခင်မိမိကြွယ်က ထွက်ဆိုခဲ့တာမရှိခဲ့ပါဘူး။

မန္တလေးတိုင်း တရာလွှတ်တော်မှာ စွဲဆိုထားတဲ့ အဂတိအမှု ၄ မှုကို ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပြီး အဲ့ဒီနေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက ထပ်မံစွဲဆိုထားတဲ့ အဂတိအမှုသစ်ရဲ့ တရားလိုကို စတင်စစ်ဆေးသွားဖို့ ရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးတွဲ အစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(ခ)အမှုနဲ့ အတိုင်ပင်ခံနဲ့သမ္မတတို့ကို စစ်ကောင်စီက သီးခြားစီစွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မအမှု ၂ ခု၊ စုစုပေါင်းအမှု ၃ ခုကို  နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ်စီရင်ချက်ချဖို့ ချိန်းဆိုခဲ့ပေမယ့် တရားရုံးက ဒီဇင်ဘာ ၆ ရက်မှ အမိန့်ချမယ်ဆိုပြီး ရက်ရွှေ့ဆိုင်းထားပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စွဲဆိုထားတဲ့ တခြား သဘာဝဘေးပုဒ်မအမှု ၂ ခုကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီး သတ်စီရင်ချက်ချဖို့ နိုဝင်ဘာ ၂၂ ရက်နေ့ရုံးချိန်းမှာ တရားရုံးက ဆုံးဖြတ်ထားပါတယ်။ 

ဒါကြောင့် ဒီဇင်ဘာ ၆ ရက်မှာ  အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အမှု ၃ ခု၊ သမ္မတဦးဝင်းမြင့်က အမှု ၂ ခုအတွက် စီရင်ချက်ချခံရမှာဖြစ်ပါတယ်။

ရွှေနဲ့ ဒေါ်လာတွေ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်တွေ အားလုံးဟာ အဓိပ္ပာယ်မဲ့တယ် (All Absurd) လို့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၄ ရက်နေ့ရုံးချိန်းမှာ  တုံ့ပြန်ပြောဆိုထားပါတယ်။ DVB

စစ်ကောင်စီအပေါ် နည်းလမ်းမျိုးစုံသုံးပြီး တိုးမြှင့်ဖိအားပေးမည်ဟု အမေရိကန်သံတမန် ပြော

မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်က မြန်မာပြည်သူများအပေါ် အကြမ်းဖက်သည့် လုပ်ရပ်များနှင့်ဖမ်းဆီးထိန်းသိမ်းမှု လုပ်ရပ်များကို ရပ်တန့်စေရေးအတွက် စစ်ကောင်စီအပေါ် ဖိအားပေးရာတွင် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြင့်လုပ်ဆောင်ခြင်း အပါအဝင် ရွေးချယ်နိုင်သည့် နည်းလမ်းမှန်သမျှကို အသုံးပြုသွားမည် ဖြစ်ကြောင်း အမေရိကန် အဆင့်မြင့်သံတမန်တစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

“ရွေးချယ်နိုင်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုသွားမှာ ဖြစ်ပါတယ်၊ လက်မခံနိုင်တဲ့ အာဏာသိမ်းမှု၊ မြန်မာပြည်သူတွေအပေါ် လုပ်ဆောင်ထားခဲ့တဲ့ အကြမ်းဖက်မှု တို့နဲ့ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ တုံ့ပြန် လုပ်ဆောင်နိုင်တာမှန်သမျှ လုပ်ဖို့နဲ့ အပြောင်းအလဲဖြစ်စေအောင် လုပ်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်၊ ဒါက အမေရိကန်အတွက်တင်မကဘဲ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တာဝန်ဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး မစ္စတာ ဒန်နီယယ် ကရစ်တန်ဘရင့်ခ်က ပြောသည်။

မစ္စတာ ကရစ်တန်ဘရင့်ခ်က အရှေ့တောင်အာရှသို့ ၎င်း၏လေးရက်တာခရီးစဉ်အတွင်း စင်္ကာပူသို့ ရောက်ရှိနေစဉ် မီဒီယာနှင့် အွန်လိုင်းတွေ့ ဆုံ ပွဲတစ်ခုတွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

၎င်းသည် ကွာလာလမ်ပူနှင့် ဂျကာတာသို့ သွားရောက်ထားခဲ့ပြီး ဖြစ်ပြီး ဘန်ကောက်သို့လည်း ဆက်လက်သွားရောက်မည်ဖြစ်သည်။

“ကျွန်တော် လာရောက်တွေ့ဆုံတဲ့ ဒီပါတနာတွေနဲ့ အရှေ့တောင်အာရှဒေသအပေါ် အမေရိကန်ရဲ့ ကတိကဝတ်ပေး နှစ်မြှုပ်ထားမှုရဲ့ စွမ်းအားကို အခိုင်အမာ ပြသဖို့ ကျွန်တော် ဒီကို ရောက်နေတာဖြစ်ပါတယ်၊ ပြီးတော့ အင်ဒို-ပစိဖိတ်မှာ အာဆီယံရဲ့ ဗဟိုကျမှုနဲ့ အာဆီယံရဲ့ အလားအလာအပေါ် ကျွန်တော်တို့ဘက်က အခိုင်အမာ ထောက်ခံကြောင်းကို ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ဒီခရီးစဉ် လာရောက်တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

“မြန်မာအာဏာသိမ်းစစ်အုပ်စု ဖိနှိပ်မှုတွေ လုပ်ဆောင်နိုင်အောင် ခွင့်ပြုပေးထားခဲ့တဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ဖို့၊ စစ်အုပ်စုအပေါ် ဖိအားတွေ တိုးမြှင့်ပေးဖို့အတွက် ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ နောက်ထပ်လုပ်ဆောင်ချက်တွေကို ဆက်လက် ချင့်တွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။ mizzima

စစ်ကောင်စီ စစ်ရေးလှုပ်ရှားလာသည့် ဖားကန့်နှင့် မိုးညှင်းတွင် တိုက်ပွဲဖြစ်

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှု များလာသည့်အတွက် ယမန်နေ့ (ဒီဇင်ဘာ ၁) တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် နှင့် မိုးညှင်းမြို့နယ်တို့၌ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA)  ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဟိုတစ်နေ့ (နိုဝင်ဘာ ၂၅) ကလည်း လေကြောင်းနဲ့လည်း တိုက်ခိုက်တယ်၊ အခု မြေပြင်ကလည်း ကျွန်တော်တို့ရှိတဲ့ ဆီကို သူတို့တက်လာလို့ ခုခံတိုက်ပွဲတွေဖြစ်တာရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ယမန်နေ့ နံနက် ၈ နာရီမှစ၍ KIA တပ်မဟာ ၉ လက်အောက်ခံ၊ တပ်ရင်း ၂၆ နယ်မြေဖြစ်သည့် မိုးညှင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာ အနောက်ဘက်တွင် စစ်တပ်က စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြန်ကြားရေးသတင်းဌာနဖြစ်သည့် Kachinnet Burmese စာမျက်နှာကလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ၄၂ မှ အင်အား ၅၀ ခန့်သည် အဖွဲ့နှစ်ဖွဲ့ခွဲ၍ စစ်ကြောင်းထိုးရာ ညနေ ၆ နာရီအထိ တိုက်ပွဲကြာမြင့်ခဲ့သည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။ 

တိုက်ပွဲများနှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ယမန်နေ့ တစ်ရက်တည်းမှာပင် ဖားကန့်မြို့နယ်မှ ၁၇ မိုင်ခန့်အကွာ ဖားကန့် – မိုးညှင်းလမ်းပေါ်ရှိ ဝေလုံရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားရာသို့ ဖားကန့်မြို့ပေါ် အမြောက်တပ်က မွန်းလွဲ ၃ နာရီခန့်မှစ၍ ည ၈ နာရီခန့်အထိ စုစုပေါင်း အချက်ရေ ၃၀ ခန့် ပစ်ခတ်ခဲ့သည်ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

“ဖားကန့်ကနေ အမြောက်နဲ့ ပစ်တာကတော့ အိမ်တောင် တုန်တုန်သွားတယ်” ဟု ၎င်းက ပြောသည်။

ယနေ့နံနက်ကလည်း အဆိုပါ အမြောက်တပ်က လက်နက်ကြီး ၅ ချက်ခန့် ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ ဖားကန့်မြို့ ပေါ်တွင်မူ ပုံမှန်အတိုင်း လှုပ် ရှားသွားလာနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် ဝေလုံရွာအနီး တပ်စွဲထားသည့် စစ်တပ်မှာ ဖားကန့်နှင့် မိုးညှင်းလမ်းတွင် ကားတစ်စီး ကျပ် ၅၀၀၀ ခန့်၊ ခရီးသည်တစ်ဦးကို ကျပ် ၃၀၀၀ အထိ တောင်းခံလေ့ရှိကြောင်း အဆိုပါဖားကန့်ဒေသခံက ဆက်ပြောသည်။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဖားကန့်မြို့နယ်မှ မိုးညှင်းမြို့နယ်သို့ ထွက်ခွာသွားသည့် ခရီးသွားကားတချို့ ဖားကန့်မြို့နယ်သို့ ပြန်လှည့်လာကြရသည်ဟု ၎င်းက ဆိုသည်။

စစ်တပ်က ခရီးသည်တို့ထံမှ ပိုက်ဆံတောင်းသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံမှ တုံ့ပြန်ချက် မရသေးပေ။

ထို့ပြင် ယမန်နေ့က မိုးညှင်းမြို့နယ်နှင့် နန်းမားမြို့နယ်ကြား ကွင်းကြီးကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ 

ထို့ကြောင့် ယမန်နေ့က မိုးညှင်းမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲနှစ်ခုအတွင်း စစ်ကောင်စီအင်အား ၃၀ ကျော် သေဆုံးနိုင်ကြောင်း ဒေသခံအချို့က ပြောသော်လည်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်မပြုသလို Myanmar Now ကလည်း သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီကလည်း KIA လှုပ်ရှားနယ်မြေ စစ်သတင်းကို ထုတ်ပြန်လေ့ မရှိပေ။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်အနီးတွင်ရှိသည့် ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ ကောလင်း၊ ဝန်းသို စသည့် မြို့နယ်များတွင် ဒေသခံ PDF များနှင့် KIA တို့က ကချင်ပြည်နယ်အတွင်း အင်အားဖြည့်တင်းလာသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်။

KIA တပ်ရင်း ၂၆ နယ်မြေအတွင်း ဖြစ်ပွားသည့် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များမှာ စစ်ကိုင်းတိုင်းအတွင်း KIA တပ်များ ထိုးဖောက်ဝင်ရောက်လာမည်ကို စိုးရိမ်သည့်အတွက် စစ်ကောင်စီက ခြိမ်းခြောက်တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့်ရက်အနည်းငယ်က သုံးသပ်ထားသည်။

စစ်တပ်က နိုင်ငံ‌တော်အာဏာကို ဖေဖော်ဝါရီ ၁ ရက်‌တွင် လက်နက်ပြသိမ်းယူပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်ခတ်၊ သတ်ဖြတ်ခဲ့သည့် အတွက် နိုင်ငံအနှံ့အပြား လက်နက်ကိုင်တော်လှန်ရေးများ ဖြစ်ပေါ်ခဲ့သလို KIA နှင့် ကရင် အမျိုးသားအစည်းအရုံး(KNU) နယ်မြေများတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာသည်။

အာဏာသိမ်းပြီးချိန်မှစ၍ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ရာနှင့်ချီကာ ဖြစ်ပွားခဲ့ပြီး မေလအစောပိုင်းက မိုး‌မောက်မြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့သည်။ myanmar now

ရန်ကုန်တွင် အာဏာသိမ်းမှုဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့က အင်အားသုံးသတ်ဖြတ်ဟု HRW ပြော

ရန်ကုန်မြို့မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေက ရည်ရွယ်ချက်ရှိရှိ ဝိုင်းရံထားပြီး အင်အားသုံး သတ်ဖြတ်နေတယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။ 

ဒီနှစ် မတ်လ ၁၄ ရက်က မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ ရန်ကုန်မှာ ဆန္ဒပြသူ ၆၅ ဦးထက်မနည်း သတ်ဖြတ်ခံရမှုဟာ စီစဉ်ပြီး ကြိုတင်ပြင်ဆင်ထားတာဖြစ်ကြောင်း Human Rights Watch က နိုဝင်ဘာ ၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

စစ်တပ်ချေမှုန်းရေး ရိုင်ဖယ်တွေကိုင်ဆောင်ထားတဲ့ စစ်သားတွေနဲ့ ရဲတွေက ပိတ်မိနေတဲ့ ဆန္ဒပြသူတွေနဲ့ ဒဏ်ရာရသူတွေအား ကူညီဖို့ ကြိုးပမ်းသူတွေကို ပစ်ခတ်ခဲ့ပြီး အနည်းဆုံး ဆန္ဒပြသူ ၆၅ ဦး သေဆုံးခဲ့တယ်လို့ နယူးယောက်အခြေစိုက်အဖွဲ့အစည်းက ပြောပါတယ်။ 

ဒီလိုပြောရတာဟာ မျက်မြင်သက်သေ ခြောက်ဦးနဲ့ တွေ့ဆုံ မေးမြန်းမှုတွေနဲ့ လူမှု ကွန်ရက်မီဒီယာမှာ တင်ထားတဲ့ အကြမ်းဖက်မှုတွေရဲ့ ဓာတ်ပုံ ၁၃ ပုံနဲ့ ဗွီဒီယို ၁၃ ပုံကို ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံထားတာလို့ HRW က ဆိုပါတယ်။ 

လုံခြုံရေးတပ်ဖွဲ့တွေက တင်ထားတဲ့ ဗွီဒီယိုတွေမှာ သက်သေတွေနဲ့ ဒစ်ဂျစ်တယ်မှုခင်း ဆေးပညာတွေကနေတဆင့် သူတို့အစီအစဉ်ဆွဲပြီး ပူးပေါင်းလုပ်ဆောင်ထားတာကို သက်သေပြ နိုင်တယ်လို့ HRW မြန်မာ သုတေသီ မန်နီမောင်က ပြောပါတယ်။ 

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု တွေဖြစ်ကြောင်း မန်နီမောင်က အေပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

တရားမျှတမှုရှိစေဖို့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ HRW အဖွဲ့က တောင်းဆိုလိုက်ပြီး ခုထိ ဘယ်လုံခြုံရေး တပ်ဖွဲ့ဝင်ကိုမှ အရေးယူခြင်း မရှိသေးကြောင်း၊ အမိန့်ပေးညွှန်ကြားတဲ့အဖွဲ့မှာ တာဝန်ခံဖို့ရှိပြီး အမိန့်ပေးပြီး ဖြိုခွဲတာကို အကောင်အထည်ဖော်တဲ့ ဘယ်သူမဆို တာဝန်ရှိကြောင်း၊ သူ့အမြင်အရတော့ ရန်ကုန်တိုင်းဒေသကြီး တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ရဲမှူးဖြစ်မယ်လို့ ဆိုပါတယ်။

 ဒီလို ကိန်းဂဏန်းတွေကို သတိပြုမိအောင် လုပ်ဖို့လိုပြီး နောက်ပိုင်းမှာတော့ စုံစမ်းပြီး စာရင်းသွင်းနိုင်တယ်လို့ သူက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို တုံ့ပြန်ဖို့အတွက် စစ်တပ်နဲ့ စစ်ကောင်စီအုပ်စု အသိုင်းအဝိုင်းကို နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးချတာ၊ အားကောင်းတဲ့ဒဏ်ခတ်တာနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တာတွေ လုပ်ဆောင်ပေးဖို့  HRW အဖွဲ့က တိုက်တွန်းထားပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို  စစ်တပ်က အာဏာသိမ်းယူခဲ့လို့ ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြတာပါ။ စစ်တပ်က အာဏာသိမ်း ပြီးပြီးချင်း လတွေအတွင်းမှာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အပါအဝင် တနိုင်ငံလုံး အတိုင်း အတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

အကြမ်းဖက်မှုတွေအပြီးမှာ စစ်တပ်က ဖွဲ့ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ လှိုင်သာယာ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာလိုက်ပြီး ဆန္ဒပြသူတွေကိုလည်း အထည်ချုပ်စက်ရုံ တွေကို မီးရှို့ပြီး မီးသတ်သမားတွေကို ပိတ်ဆို့ခဲ့တဲ့ အဓိကရုဏ်းသမားတွေလို့ ပုံဖော်ခဲ့ကြပါတယ်။ DVB

နိုဝင်ဘာလ တိုက်ပွဲများ၌ စစ်ကောင်စီတပ် သား ၁၀၀ ကျော် သေဆုံးဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ မူတြော်ခရိုင် (ဖာပွန်) ဒေသ၌ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးကြောင်း KNU က ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်သည်။ တိုက်ပွဲပေါင်း ၁၅၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၃ ဦး သေဆုံးကာ ၈၈ ဦး ထိခိုက် ဒဏ်ရာ ရရှိသည်ဟု KNUက ဆိုထားသည်။

သေဆုံးသွားသူများတွင် စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦး ပါရှိပြီး ဒဏ်ရာ ရရှိသူတွင်လည်း တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးတစ်ဦး ပါဝင်သည် ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထို့အပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ မြင်းလား ခြောက်ကောင် သေ ဆုံးပြီး နောက်ထပ် ခြောက်ကောင် ဒဏ်ရာရရှိခဲ့ကာ စစ်ကားခုနစ်စီးလည်း မီးလောင် ပျက်စီးခဲ့ကြောင်း KNU က ဆိုသည်။ အဆိုပါ နိုဝင် ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုက်ပွဲများတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများ၏ လယ်ယာကိုင်းကွက် များသို့ လက်နက်များဖြင့် ပစ်ခတ်ခဲ့ပြီး ကျေး ရွာများအတွင်း လက်နက်ကြီး အလုံးပေါင်း ၅၃ လုံး ပစ်ခတ် ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ KNU မူတြော်ခရိုင် ၊တပ်မဟာ (၅) နယ်မြေထဲတွင် ပြီးခဲ့သည့် အောက်တိုဘာလကလည်း ရင်ဆိုင်တိုက်ပွဲပေါင်း (၂၀၄) ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၉၃ ဦး သေဆုံးပြီး ၉၆ ဦး ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း KNU ၏ လချုပ်စာရင်းတွင် ဖော်ပြထားသည်။ mizzima

မြန်မာနိုင်ငံက မြေရှားသတ္တုများ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့နေ

နိုဝင်ဘာလနှောင်းပိုင်း တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကို မြေရှားသတ္တုတွေ ပြန် လည်တင်ပို့နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Global Times သတင်းမှာ ရေးပါတယ်။   

နယ်စပ်ဂိတ်ပေါက်တွေမှာ လအတန်ကြာ ထိန်းသိမ်းထားခဲ့တဲ့ မြန်မာနိုင်ငံမှ မြေရှားသတ္တုများ အကောက်ခွန် ရှင်းလင်းတာကို နိုဝင်ဘာလကုန်မှာ ပြန်လည်စတင်ခဲ့ပြီး ကွမ်ကျိုးထဲကို နေ့စဉ် ရှားပါးသတ္တုတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတွေ ရှိကြောင်းနဲ့ နယ်စပ်ဂိတ်တွေမှာ မြေရှားသတ္တု တန်ချိန် ၃၀၀၀ နေ ၄၀၀၀ လောက်  စုပုံထားတယ်လို့ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်ရှီးပြည်နယ် ကွမ်ကျိုးအခြေစိုက် အစိုးရပိုင် မြေရှားသတ္တုကုမ္ပဏီမှ မန်နေဂျာယန် က Global Times ကို နိုဝင်ဘာ ၂ ရက်နေ့မှာ ပြောပါတယ်။ 

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှစ်ခုဟာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် ၆ လကျော် ပိတ်ခဲ့ရပြီးနောက် နိုဝင်ဘာလနှောင်းပိုင်းမှာတော့ ကုန်သွယ်မှုအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ 

dysprosium နဲ့ terbium တို့လို လေးပင်တဲ့ တရုတ်နိုင်ငံရဲ့ မြေရှားသတ္တု ထက်ဝက်လောက်ဟာ မြန်မာနိုင်ငံကနေ လာတာလို့ လွတ်လပ်တဲ့ မြေရှားသတ္တုလုပ်ငန်း လေ့လာသူ Wu Chenhui က ပြောပါတယ်။ 

မြန်မာနိုင်ငံက မြေရှားသတ္တုသိုက်တွေလို တရုတ်နိုင်ငံ ကွမ်ကျိုးမှာလည်း အလားတူ ရှိတယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံက နှစ်ပေါင်းများစွာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး နည်းပညာတွေ အများကြီး ဆုပ်ကိုင်ထားတာကြောင့် သူ့ရဲ့ မြေရှားသတ္တုလုပ်ငန်းကို အကြီးစား စွန့်ပစ်ခြင်းကနေ ပြန်လည်သန့်စင်တဲ့ လုပ်ငန်းအထိ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့အချိန်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

မြေရှားသတ္တုတွေကို ဘက်ထရီနဲ့လျှပ်စစ်မော်တာတို့လို ထုတ်ကုန်တွေမှာ စွမ်းဆောင်ရည်ကို ပိုပြီးမြှင့်တင်နိုင်ဖို့ တွင်တွင်ကျယ်ကျယ် သုံးကြပါတယ်။ 

တရုတ်နိုင်ငံရဲ့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအပေါ် အာရုံစိုက်မှုကြောင့် ရေရှည်မှာ ဈေးနှုန်းမြင့်တက်နိုင်ဖွယ်ရှိပေမယ့် လတ်တလောအ ကျိုးဆက်အနေနဲ့ တရုတ်နိုင်ငံမှာ မြေရှားသတ္တုဈေးနှုန်းတွေ သက်သာလာဖွယ်ရှိတယ်လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကို မြေရှားသတ္တုတင်ပို့မှု ပြန်လည်စတင်လာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ မြေရှားသတ္တုသန့်စင်ခြင်းနဲ့ ပို့ကုန်တွေလည်း တိုးလာမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ကမ္ဘာ့မြေရှားသတ္တု ထောက်ပံ့မှု ဖွဲ့စည်းပုံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိတာကြောင့် ဈေးကွက်ရဲ့ သက်ရောက်မှုက အကန့်အသတ်ရှိလိမ့်မယ်လို့လည်း ဝူချန်းဝေက ပြောပါတယ်။ DVB

« Older Entries