စိတ်ဒဏ်ရာကို အန်တုနေရသည့် နိုင်ကျဉ်းဟောင်းများ

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီတစ်ရက်နေ့ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် သူတို့ကို ဆန့်ကျင်ကြသူများကို ဖမ်းဆီးခဲ့ကြသည်။ ထို့နောက် စစ်‌ကြောရေးစခန်းများတွင် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးကြ၊ ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်သွင်း အကျဉ်းချကြသည်။ 

စစ်အစိုးရအဆက်ဆက် အာဏာတည်မြဲရေးအတွက် လုပ်ဆောင်လေ့ရှိသော ကြမ်းကြုတ်ရက်စက်သော အပြုအမူများမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုကာလတွင်လည်း ပြောင်းလဲသွားခြင်း အလျှင်းမရှိခဲ့ပေ။   

သေကွဲရှင်ကွဲ ကွဲခဲ့ရသော မိသားစုပေါင်းများစွာရှိနေခဲ့ ရှိနေဆဲဖြစ်သည်။ ဖမ်းဆီးခံရစဉ် လပိုင်းအတွင်း ပြင်ပတွင် မိသားစုဝင်တစ်ဦးဦး သေဆုံးသည့်ဖြစ်ရပ်မျိုးရှိသလို ထိုသို့သေဆုံးကြောင်းကို ပြန်လည်လွတ်မြောက်လာချိန်မှ သိရသူများလည်းရှိသည်။ 

ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကဖြင့် အင်းစိန်ထောင်တွင်း သုံးလကျော်ကြာ ထိန်းသိမ်းခံရသူ အမျိုးသမီးတစ်ဦးက အိမ်ထောင်ဖက်ကွယ်လွန်သွားခြင်းကို သူအိမ်ပြန်ရောက်မှ သိခဲ့ရသည်။

“ဆုံးသွားတဲ့သူကို သတိရလို့ဖြစ်ဖြစ် ကျွန်မခံစားခဲ့ရတာတွေကို ငိုချင်ရင်တောင်မှ ညဉ့်သန်းခေါင် ကလေးတွေ အိပ်သွားမှ မီးဖိုချောင်မှာ ကျိတ်ငိုရတာမျိုး။ ကလေးတွေရှေ့မှာ မငိုရဲဘူး” ဟု အဆိုပါ အသက်လေးဆယ်ကျော် အမျိုးသမီးက ပြောပြသည်။ 

အင်းစိန်ထောင်တွင်း ခုနှစ်လကျော်ကြာ နေထိုင်ခဲ့ရသူ အသက် ၇၀ ခန့်အရွယ် ဒေါ်ခင်သည်လည်း သားတစ်ဦးနှင့် မြေးတစ်ဦး ဆုံးရှုံးခဲ့ရသည်ကို ပြန်လည်လွတ်မြောက်လာချိန်မှ သိရှိခဲ့ရပြန်သည်။ 

“ပြန်ထွက်လာရင် တွေ့ဖို့ မျှော်လင့်ထားတာ။ သားက ကျွန်မကို စောင့်နေရင်း ဆုံးသွားတာ။ မြေးလေးကလည်း ဆုံးသွားတယ်” ဟု ဒေါ်ခင်က ဆိုသည်။

“ကျွန်မကို မိသားစုက အသိမပေးခဲ့ဘူး။ အခု အရမ်းစိတ်ထိခိုက်နေတယ်။ ဒါပေမဲ့ ကျွန်မတို့ တော်လှန်ရေးအောင်နိုင်ဖို့ ဆက်ပြီး တိုက်ပွဲဝင်ရမှာပဲ” 

ပြန်လည်လွတ်မြောက်လာသော မအိကလည်း ထောင်ထဲတွင် အပြစ်မရှိသူအများအပြား ကျန်နေသဖြင့် ပျော်ရွှင်ကြည်နူးနိုင်ခြင်းမရှိဟု ပြောသည်။ 

“ကျွန်မတို့သည် လူတွေလွတ်လာသော်လည်းပဲ စိတ်အားဖြင့်ကတော့ အကျဉ်းထောင်ထဲမှာ ကျန်နေတုန်းပဲပေါ့လေ။ မလွတ်မြောက်သေးတဲ့လူတွေ ရှိနေသေးတဲ့အတွက် ဒီလူတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကျွန်မဆန္ဒရှိတယ်” ဟု မအိက ပြောသည်။

ဖမ်းဆီးခံပြည်သူများသည် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက် ဖိနှိပ်မှုခံခဲ့ရသည့်ပြင် သူတို့မိသားစုဝင်များပါ အလားတူခံစားနေခဲ့ရသည်။

အောက်တိုဘာလအတွင်းက ပြန်လည်လွတ်မြောက်လာသော ဒေါ်နှင်းဆီ(အမည်လွှဲ) ကလည်း အလားတူခံစားနေရသည်။

“အဓိကကတော့ စိုးရိမ်ထိတ်လန့်မှုပေါ့။ နောက်တစ်ခါများ ငါ့အိမ်ကို လာမွှေပြီးတော့များ ထပ်ဖမ်းဦးမလားပေါ့ ” ဟု ဒေါ်နှင်းဆီက ပြောသည်။

နွေဦးတော်လှန်ရေးတွင် မတရားဖမ်းဆီးခံခဲ့ရသော ခေတ်သစ်နိုင်ငံရေးအကျဉ်းသားများကဲ့သို့ပင် ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တော်လှန်ခဲ့သူများကလည်း သူတို့ခံစားရသည်များကို ပြန်ပြောပြကြသည်။

ထောင်၏ အညစ်အကြေးစွန့်ပစ်မှုစနစ် လွန်စွာညံ့ဖျင်းသည်ဟု ယခင်စစ်အစိုးရများခေတ်က အထိန်းသိမ်းခံရဖူးသူ ရန်ကုန်သားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ နေခဲ့ရတဲ့ခေတ်က တိရိစ္ဆာန်လိုနေခဲ့ရတယ်။ လူမဟုတ်ဘူး။ ဂန်ဖလားပက်လက် ပေးထားပြီးတော့ လူနှစ်ယောက်သုံးယောက် တိုက်ထဲထည့်ထားရင်၊ တစ်ယောက်ဝမ်းသွားရင် ကျန်တဲ့သူတွေက သံတိုင်ကြား နှာခေါင်းထုတ်ပြီး လေရှူနေရတယ်၊ နံလို့” ဟု အဆိုပါ နိုင်ကျဉ်းဟောင်း အမျိုးသားက ပြောပြသည်။

“သန့်စင်စရာမရှိတော့ ကိုယ်အိပ်တဲ့ ဝါးကြမ်းဖျာကို ချိုးရတယ်၊ တုတ်ခနောင်းလုပ်ပြီး သန့်စင်ရတယ်။ ရေအိုးမှာ အဖုံးမရှိဘူး။ သောက်မယ်လို့ အိုးနားကပ်လိုက်ရင် ခြင်က အကောင်ထောင်နဲ့ချီ ပျံတက်သွားတာ” 

သူ့ကဲ့သို့ပင် ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ဖမ်းဆီးခံရခြင်းအပါအဝင် သုံးကြိမ်တိုင်တိုင် အဖမ်းခံခဲ့ရသူ ဒေါ်လွင်သည်လည်း အကျဉ်းကျနေစဉ် ပြင်ပတွင် လူမမည် သားငယ်ကျန်ရစ်ခဲ့ပြီး ထောင်ကလွတ်သည့်နေ့သည်လည်း ဖခင်၏ ရက်လည်နေ့ဖြစ်ခဲ့သည်။   

“ကျွန်မက ပြည်ထောင်ကနေ လွတ်လာတဲ့အချိန်မှာ သားလေးက အဝေးပြေးကားဂိတ်က လာကြိုတဲ့အချိန်မှာ မေမေ ပိုက်ဆံအများကြီးပါခဲ့လားတဲ့။ ဒီလိုမေးတဲ့အချိန်မှာ ကျွန်မမျက်ရည်ကျတယ်။ သားကိုတော့ မရှင်းပြရသေးဘူး၊  ထောင်ကျတယ်ဆိုရင် သူစိတ်ဒဏ်ရာရမှာစိုးလို့။ ကျွန်မ ပြည်ထောင်က လွတ်လာတဲ့နေ့က အဖေရက်လည်တဲ့နေ့” ဟု ဒေါ်လွင်က အင်းစိန်ထောင်အတွင်း အထိန်းသိမ်းခံနေရစဉ် မကြာသေးခင်က အတူနေထိုင်ရသူတို့ကို ပြောပြသည်။

ဆယ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့သည်ဟု ဆိုသော်လည်း သူ့မျက်ရည်စများက ပြန်လည်သတိရလာသော စိတ်ဒဏ်ရာများကို သက်သေထူနေပါသည်။

ဒေါ်လွင်သည် ၂၀၂၁ နွေဦးတော်လှန်ရေးအပါအဝင် ၁၉၉၉ နှင့် ၂၀၀၈ခုနှစ်များတွင် အာဏာရှင်ကို ဆန့်ကျင်ခဲ့ခြင်းကြောင့် အဖမ်းခံခဲ့ရသည်။ နာကြည်းစရာများကို မေ့ထားလေ့ရှိသော်လည်း အကြောင်းအကျိုးတိုက်ဆိုင်လာသော ယခုကာလများတွင် စိတ်ဒဏ်ရာများက ပြန်လည်နိုးထလာခဲ့လေသည်။ သူ့ကဲ့သို့ပင် စိတ်ဒဏ်ရာတင်မက ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားခဲ့ရသူတို့သည် မေ့ပျောက်ရန် ခက်ခဲမည်ဖြစ်ပြီး သေသည်အထိ ယူဆောင်သွားရတော့မည့် မတောင်းခံဘဲရခဲ့လေသော အာဏာရှင်အဆက်ဆက်ကပေးသော အမွေဆိုးများပင်ဖြစ်ပါသည်။ 

ထို့ထက်ပင် ဆိုးဝါးလှသည့် စိတ်ဒဏ်ရာများသည် ၂၀၂၁ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်ခဲ့သည်။ စစ်အုပ်စုက မထင်ရင် မထင်သလို ဖမ်းဆီးကာ နာရီပိုင်းအတွင်း လူအများအပြားကို သတ်ပစ်နေခဲ့သည်။ ယင်းကဲ့သို့ ဆိုးဝါးလှသည့် အမှတ်ရမှုများသည် နိုင်ကျဉ်းများ ရာသက်ပန်ယူဆောင်သွားရတော့မည့် အိပ်မက်ဆိုးများပင်ဖြစ်လေသည်။   

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းအများအပြားကို စိတ်ဒဏ်ရာကုသနိုင်ရေးအတွက် စီစဉ်ပေးခဲ့သည်။

နှစ်သိမ့်အားပေး ဆွေးနွေးခြင်းအတွက် အချိန်ပေးဆောင်ရွက်ရသည်ဟု AAPP မှ တာဝန်ရှိသူတစ်ဦးက ပြန်ပြောင်းပြောပြခဲ့သည်။ 

“တစ်ယောက်က ဆိုလို့ရှိရင် သူ့အိမ်မှာ သံပန်းတံခါးတပ်လို့မရဘူး။ သံပန်းတံခါးတပ်တာကို သူ လုံးဝမကြိုက်ဘူး။ သံပန်းပြတင်းပေါက်တွေဘာတွေမှာ သံပန်းတံခါးတပ်တာကို သူက လုံးဝဖြုတ်တယ်။ သူ့အနေနဲ့က အကျဉ်းထောင်ထဲမှာ နှစ်ပေါင်းများစွာနေလာခဲ့တဲ့အပေါ်မှာ ဒီလိုမျိုးသံတိုင်တွေ သံပန်းတံခါးတွေဟာ သူ့အတွက် အသက်ရှူရကျဉ်းကျပ်တာမျိုးတွေ၊ နေရထိုင်ရကျဉ်းကျပ်တာမျိုးတွေ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်တာမျိုးတွေ။ အဲဒါကြောင့်လည်း ရုပ်ပိုင်းဆိုင်ရာမှာလည်း စိတ်ထဲမှာ မွန်းကျပ်ပြီးတော့ ဒေါသထွက်တာမျိုးတွေ ဖြစ်လာတာမျိုးတွေရှိပါတယ်” ဟု သူက ပြောပြခဲ့သည်။ 

နိုင်ကျဉ်းများသည် စစ်အာဏာရှင်ခေတ်အဆက်ဆက် ထောင်ထဲတွင် ကာလကြာရှည် နေထိုင်ခဲ့ရသဖြင့် ရုပ်ပိုင်းဆိုင်ရာပြဿနာများဖြစ်သော ကျန်းမာရေးထိခိုက်မှု၊​ နာတာရှည်ရောဂါရမှု၊ မသန်စွမ်းမှုတို့နှင့် ရင်ဆိုင်ရသလို အသက်ဆုံးရှုံးခဲ့ရသူလည်း အများအပြားရှိသည်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်သော အပြင်ပိုင်းကိုယ်ခန္ဓာထိခိုက်မှုများကို ဆေးဝါးကုသမှုဖြင့် ကုသပါက ပျောက်ကင်းနိုင် သက်သာနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်မှုကိုမူ ကျွမ်းကျင်သူ စိတ်ပညာရှင်များနှင့် အချိန်ပေးကာ ကုသရမည်ဖြစ်သည်။ သို့သော်လည်း စိတ်ထိခိုက်မှုများကို တွေးမိလေတိုင်း၊ ဘဝတူများနှင့် တွေ့ဆုံလေတိုင်း ထိုစိတ်ဒဏ်ရာ အနာဟောင်းက ပြန်လည်နိုးကြွလာမည်မှာ ရှောင်လွှဲ၍ မရပါပေ။  

အသိစိတ်က မေ့ဖျောက်ထားသော်လည်း မသိစိတ်တွင် ဆေးမင်ရည် စုတ်ထိုးထားဘိသကဲ့သို့ နာကြည်းစရာ ထိတ်လန့်စရာ အဖြစ်ဆိုးများ ကျန်ရှိနေဦးမည်ဖြစ်သည်။ ၂၀၂၁ မတ်လ ၃ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတစ်ခုတွင် ဖမ်းဆီးခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ – ကဖြင့် အင်းစိန်ထောင်အတွင်း ခုနှစ်လကြာ အမှုရင်ဆိုင်ခဲ့ရသော မသက်သက်ရတနာသိန်းသည် ထောင်အပြင်ဘက် ရောက်လာပြီဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသည်။ 

“စစ်သားဝတ်စုံတွေနဲ့ လူတွေကို မြင်တယ်။ ရဲစခန်းတွေရှေ့မှာတို့ ထွေအုပ်ရုံးတွေရှေ့မှာတို့ဆိုလည်း သူတို့တားထားတယ်ပေါ့။ သူတို့ကိုမြင်တာနဲ့ ရင်ထဲမှာလှိုက်ပြီးတော့ ကြောက်စိတ်က စိုးမိုးနေတယ်။ လန့်လိုက်တာဆိုပြီးတော့ သူတို့ကိုမြင်တာနဲ့ စစ်ဝတ်စုံကိုမြင်တာနဲ့ ထိတ်လန့်နေတဲ့ဟာကြီးက ဒီနေ့ အပြင်ကိုထွက်တော့မှ ခံစားလိုက်ရတော့မှ ဪ … ငါတော်တော်ကြောက်လန့်နေပါလား၊ သူတို့ကို ဘာမှမဟုတ်ဘဲနဲ့ မသိစိတ်က အရှေ့မှာ မြင်တွေ့ခဲ့ရတာတွေကြောင့် ဖြစ်မယ်လို့ တွေးမိတယ်” ဟု သူက ပြောသည်။ 

ဆန္ဒပြမှုကြောင့် အဖမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်နိုင်မည်ဟု ယုံကြည်ထားပြီး အိမ်ပြန်ရမည့် ရက်များကို စောင့်မျှော်နေခဲ့သော်လည်း မျှော်လင့်ချက်ကောက်ရိုးတစ်မျှင် ပျောက်ဆုံးခဲ့ရသော ရက်များအကြောင်းကို သူက ဆက်ပြောပြသည်။ 

“လွှတ်မယ်ဆိုတဲ့နေ့တွေကျရင် အထုပ်တွေပြင်ထားတယ်၊ ဒါပေမဲ့ တကယ်တန်းကျ မပါဘူး။ မပါတဲ့အခါကျတော့ ကိုယ့်ဘေးနားကလူတွေလွတ်သွားပြီးတော့ ကိုယ်တွေပဲကျန်ခဲ့တော့ ရင်ထဲမှာ ဟာတာတာကြီးဖြစ်ပြီးတော့ အခု လွတ်မယ်လို့အသံကြားရင် ညီမတို့ ရင်မခုန်ရဲတော့ဘူး။ ပြီးတော့ ကြောက်နေတယ်။ မနက်ဖြန်လာခေါ်မှာလား၊ ညီမတို့ပြန်ရမှာပါနော်လို့ ထောင်ထဲမှာ တစ်ယောက်တည်း ပြောနေမိတယ် ” 

ညှဉ်းပန်းနှိပ်စက်မှုကြောင့် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာ ဖြစ်ခဲ့ရကြောင်း AAPP အသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

“ကျွန်တော်တို့တွေကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ရတယ်။ စစ်ကြောရေးစခန်းကနေစပြီးတော့ အကျဉ်းထောင်က လွတ်တဲ့အချိန်အထိ နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတယ်ပေါ့၊ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရသလို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတယ်” ဟု အဆိုပါအသင်းတာဝန်ရှိသူတစ်ဦးက ပြောပြခြင်းဖြစ်သည်။ 

အောက်တိုဘာလအတွင်း ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုရင်ဆိုင်ခဲ့ရသော အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးသည် အင်းစိန်ထောင်ထဲ ရှိနေစဉ် ၄၅ ရက်ကြာ တိုက်ပိတ်ခံခဲ့ရသည်။

“ညနေချိန်တွေ ရောက်လာတိုင်း ရောက်လာတိုင်း၊ မိုးတွေရွာတိုင်း မီးတွေပြတ်တိုင်း ကျွန်မက အထီးကျန်ဆန်လာတယ်။ အဲဒါတွေ အကုန်လုံးကို ဖျောက်ပြီး ကျွန်မ စာအုပ်တွေဖတ်တယ်။ လူတစ်ယောက် ထမင်းဆာနေသလို ဆာလောင်သလို စာအုပ်တွေကို ဖတ်တယ်” ဟုဒေါ်မျိုးမျိုးအေးက ပြောပြပါသည်။

Myanmar Now သတင်းဌာနက ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဆယ့်ငါးယောက်ခန့်ကို မေးမြန်းရာ တချို့က စိတ်ဒဏ်ရာမခံစားရကြောင်း ပြောပြကြသည်။ သူတို့ မေ့ပျောက်ထားသော်လည်း မသိစိတ်က အမြဲသတိပေး ခြောက်လှန့်နေသည်ဟု ဆိုကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ညမထွက်ရအမိန့်ကြေညာထားသော မြို့နယ်ခြောက်မြို့နယ်ဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များမှ ဖမ်းဆီးရမိသူများကို စစ်ခုံရုံးက အစစ်အဆေးအမေးအမြန်းမရှိဘဲ အမိန့်တန်းချမှတ်ခဲ့သည်။ ထိုကဲ့သို့ ဖြစ်စဉ်များသည်လည်း နိုင်ငံရေးအကျဉ်းသားများ မျှော်လင့်ချက်မဲ့ ခံစားခဲ့ရသော စိတ်ဒဏ်ရာများပင်ဖြစ်ပါသည်။

ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင်များက ဖမ်းဆီးထားသော ပြည်သူများကို နှောင်ကြိုးမဲ့လွှတ်ပေးခဲ့ခြင်းမျိုး မဟုတ်ဘဲ နောက်တစ်ကြိမ် ပြန်လည်ဖမ်းဆီးခံရပါက ပြစ်ဒဏ်နှစ်ဆခံရမည်ဟူသော ခြွင်းချက်နှင့် လွှတ်ပေးခြင်းဖြစ်သည်။ 

အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာသူများတွင် ပြန်လည်ဖမ်းဆီးခံရသူများရှိသည်။ AAPP ၏ လက်လှမ်းမီသမျှ လေ့လာချက်အရ နိုင်ကျဉ်း ပြန်လည်ဖမ်းဆီးခံရသူ ၁၁၀ ဦးအထိ ရှိနေသည်။

ထိုကဲ့သို့ လုပ်ရပ်များသည် ရုပ်ပိုင်းတင်မကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်းနှိပ်စက်မှုဖြစ်ကြောင်း အဆိုပါအသင်းက သတင်းထုတ်ပြန်ထားသည်။ 

“ဒီနွေဦးတော်လှန်ရေးမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ကျွန်တော်တို့ခေတ်ထက် စာလို့ရှိရင် ပိုပြီးတော့ဆိုးဝါးတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံခဲ့ရတယ်လို့ သိရတယ်။ ကျွန်တော်တို့တုန်းက ကျွန်တော်ပုန်ကန်ရင် ကျွန်တော်တစ်ယောက်ပဲခံရတယ်၊ လုပ်တယ်။ မိသားစုကို နှောင့်ယှက်တာ မလုပ်ဘူး၊ ဒါပေမဲ့ ပညာရေး ကျန်းမာရေး စီးပွားရေး ဒါတွေကို နှောင့်ယှက်တယ်။ အခုဟာက အဲဒီလိုမဟုတ်ဘဲ မိသားစုကို စိတ်ပိုင်းရော ရုပ်ပိုင်းရော နှောင့်ယှက်တာတွေ ညှဉ်းပန်းနှိပ်စက်တာတွေကို လုပ်လာတယ်” ဟု AAPP အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ ဘုံရန်သူမှာ စစ်ဗိုလ်ချုပ်ကြီးများပင်ဖြစ်ကြောင်း အများက နားလည်လာကြပြီဟု မကြာသေးခင်က အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသော ကမာရွတ်မီဒီယာတည်ထောင်သူ ကိုနေသန်မောင်က သုံးသပ်သည်။ 

“၁၉၆၂၊ ၁၉၈၈၊ ၂၀၂၁ ဆိုတဲ့ စစ်တပ်က ဥပဒေချိုးဖောက်ပြီး နိုင်ငံတော်ကို ပုန်ကန်အာဏာသိမ်းတဲ့ ဖြစ်ရပ်တွေအားလုံးကို ချိန်ထိုးကြည့်ရင် အခုအချိန်မှာ နွေဦးတော်လှန်ရေးရဲ့ ပထမဆုံးအောင်ပွဲကတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ ဘုံရန်သူဟာ မြန်မာစစ်တပ်ပဲဆိုတာ လူတိုင်းလက်ခံသွားတဲ့ကိစ္စပါ။ ဒီဘုံရန်သူဟာ လက်ယာစွန်း ဖက်ဆစ်ဝါဒီဖြစ်တယ်ဆိုတာလည်း ပြည်သူအားလုံး လက်ခံတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးက လူမျိုးပေါင်းစုံက ရရာလက်နက်စွဲကိုင်ပြီး တော်လှန်နေတာဖြစ်တယ်” ဟု ကိုနေသန်မောင်က ပြောသည်။

တော်လှန်ရေး မအောင်မြင်သေးချိန်တွင် ဘုံရန်သူ၏ ဒဏ်ကို ပုံစံမျိုးစုံဖြင့် အလူးအလဲခံနေကြရသည်။

ရန်ကုန်မှ ရွှေပြည်သာစစ်ကြောရေးစခန်းနှင့် အင်းစိန်ထောင်တွင်း စုစုပေါင်း နှစ်လကျော်ကြာ နေထိုင်ခဲ့ရသူ မလဲ့က ပြန်လည်လွတ်မြောက်လာသည်မှာ ၃ လရှိပြီ ဖြစ်သော်လည်း စိတ်လုံခြုံမှု မရသေးပေ။ စစ်ကောင်စီတပ်က သူ့အိမ်တံခါးကို ဖျက်ဆီးပြီး ဝင်ရောက်ဖမ်းဆီးမှု၊ စစ်ကြောရေးတွင် သံတခါးပိတ်သံ စသည့် အခြေအနေဆိုးများကို မေ့ပစ်ရမလွယ်ကူသေးပေ။ 

“စိတ်ဒဏ်ရာရနေတယ်ပဲ ပြောရမလား။ အဲ့ဒီနေ့က တံခါးဖျက်ပြီးဝင်လာတော့ အခု တံခါးဖွင့်သံကြားရင် အိပ်မပျော်တာမျိုး။ စစ်ကြောရေးမှာ သံတံခါးရှိတယ်၊ အဲ့တံခါးကို ဒုန်းဆိုပြီး ဆောင့်ဆောင့်ပြီးပိတ်တယ်။ အဲ့လိုအသံမျိုးတူတဲ့အသံမျိုး ကြားလို့ရှိရင် ပြန်ပြန်ကြားနေတဲ့ဟာမျိုး၊ အဲ့လိုမျိုးတော့ရှိတယ်။ အောက်ထပ်က တစ်ညလုံး တံခါးဂျက် ပိတ်လိုက်ဖွင့်လိုက်လုပ်တယ်၊ အဲ့လိုအသံမျိုးကြားလို့ရှိရင် ကြောက်တဲ့စိတ်က ပြန်ပြန်ဖြစ်တယ်” ဟု မလဲ့က ဆိုသည်။ 

မတရားဖမ်းဆီးတာကို ခံရပြီး အင်းစိန်ထောင်တွင် ၅ လကျော်ကြာ ချုပ်နှောင်ခံခဲ့ရသည့်ပြင် ကိုဗစ်ကပ်ရောဂါကိုပါ ခံစားခဲ့ရသော စာရေးဆရာမ တူးတူးသာက ထောင်တွင်းကြုံခဲ့ရသော စိတ်ပိုင်းဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ပြီး  – 

“စိတ်ဒဏ်ရာကတော့ လေးဖက်လေးတန်ပိတ်ထားတဲ့ အခန်းထဲမှာ နေနေရတယ်။ ကိုယ့်ဘေးမှာ တစ်ယောက်ပြီးတစ်ယောက်ဖျားတယ်။ ကိုယ်ကိုယ်တိုင်လည်း လဲသွားတယ်။ လဲသွားတော့ စိတ်အခြေအနေကတော့ ဘယ်လိုမှမကောင်းနိုင်ဘူး။ နောက်တစ်ခုက အဲဒီအချိန်မှာ ကိုယ့်သားတွေ ကိုယ့်မောင်တွေကလည်း ဖမ်းခံထားရတာဆိုတော့ သူတို့တွေကိုလည်း စိတ်ပူတယ်။ နောက်တစ်ခုက အပြင်မှာ လူကြီးတွေ တအားသေနေတယ်ဆိုတဲ့ သတင်းကြားတော့ အိမ်မှာ အမေကျန်ခဲ့တယ်လေ၊ အမေက ၇၇ နှစ် တော်တော်ကို စိတ်ပူရတာပေါ့နော်၊ ကိုယ်ကိုယ်တိုင်ထက် သူတို့ကို စိတ်ပူရတာပေါ့။ ဘာသတင်းမှလည်း ဘာအဆက်အသွယ်မှမရတော့ အဲ့လိုကာလမှာ စိတ်ဖိစီးမှု အရမ်းဖြစ်တယ်” ဟု စာရေးဆရာမက ပြောပြသည်။

၂၀၀၆ -၀၇ ခုနှစ် စစ်အစိုးရလက်ထက် ကာလများအတွင်း ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်စဉ် ပြည်သူများအပါအဝင် သံဃာတော်များပါ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ထိုကဲ့သို့ ဆန္ဒပြမှုများကို စစ်အစိုးရက  အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ ထိုစဉ်က ဖမ်းဆီးခံရသူ ဒေါ်မိငယ်သည်လည်း အင်းစိန်ထောင်နှင့် သာယာဝတီထောင်တွင် လေးနှစ်ကြာ နေထိုင်ခဲ့ရသည်။ 

ယခုနှစ်တွင်လည်း ဒေါ်မိငယ်သည် ထိုထောင်နှစ်ခုသို့ ရောက်ခဲ့ရပြန်သည်။

“အခုတစ်ခေါက် ဖမ်းတာကကျတော့ သူတို့က လူမဆန်စွာကိုလုပ်တာ။ လူ့အဖွဲ့အစည်း ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မလုပ်တဲ့ အလုပ်မျိုးတွေကိုတောင် သူတို့လုပ်တယ်၊၂၀၂၁ က မြန်မာ့သမိုင်းတစ်လျှောက်မှာ မတွေ့ဖူးတာတွေ တွေ့ရတယ်။ ဒီတစ်ကြိမ်က အရက်စက်ဆုံးပဲ” 

စစ်တပ်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာသော အခြေအနေဆိုးများကြောင့် နိုင်ကျဉ်းများသာမက ထောင်ထဲသို့ မရောက်ရသူများပါ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ မလုံခြုံကြပေ။ 

အများပြည်သူ စိတ်ဒဏ်ရာ ပျောက်ကင်းနိုင်ရန် တော်လှန်ရေးအောင်ပွဲလိုအပ်ကြောင်း တ.က.သ ကျောင်းသားဟောင်းများအင်အားစုမှ ကိုဇေယျာလွင်က ပြောသည်။ 

“ဒီအာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဒီတော်လှန်ရေးနဲ့ပဲ ပြန်လည်ကုစားရမယ်လို့ ယူဆတယ်။ တော်လှန်ရေးကို အောင်နိုင်အောင် ကြိုးစားရမယ်။ ဒီအောင်နိုင်ခြင်းက စိုးရိမ်မှုလွန်ကဲနေတဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ နောက်ကျောမလုံတဲ့ နေ့စဉ်ကြုံနေရတဲ့ လူနေမှုဘဝတွေ အဲဒါတွေကို ချေဖျက်နိုင်လိမ့်မယ်” ဟု ကိုဇေယျာလွင်က ပြောလိုက်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s