မြန်မာနိုင်ငံက မြေရှားသတ္တုများ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့နေ

နိုဝင်ဘာလနှောင်းပိုင်း တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကို မြေရှားသတ္တုတွေ ပြန် လည်တင်ပို့နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Global Times သတင်းမှာ ရေးပါတယ်။
နယ်စပ်ဂိတ်ပေါက်တွေမှာ လအတန်ကြာ ထိန်းသိမ်းထားခဲ့တဲ့ မြန်မာနိုင်ငံမှ မြေရှားသတ္တုများ အကောက်ခွန် ရှင်းလင်းတာကို နိုဝင်ဘာလကုန်မှာ ပြန်လည်စတင်ခဲ့ပြီး ကွမ်ကျိုးထဲကို နေ့စဉ် ရှားပါးသတ္တုတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတွေ ရှိကြောင်းနဲ့ နယ်စပ်ဂိတ်တွေမှာ မြေရှားသတ္တု တန်ချိန် ၃၀၀၀ နေ ၄၀၀၀ လောက် စုပုံထားတယ်လို့ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်ရှီးပြည်နယ် ကွမ်ကျိုးအခြေစိုက် အစိုးရပိုင် မြေရှားသတ္တုကုမ္ပဏီမှ မန်နေဂျာယန် က Global Times ကို နိုဝင်ဘာ ၂ ရက်နေ့မှာ ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှစ်ခုဟာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် ၆ လကျော် ပိတ်ခဲ့ရပြီးနောက် နိုဝင်ဘာလနှောင်းပိုင်းမှာတော့ ကုန်သွယ်မှုအတွက် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
dysprosium နဲ့ terbium တို့လို လေးပင်တဲ့ တရုတ်နိုင်ငံရဲ့ မြေရှားသတ္တု ထက်ဝက်လောက်ဟာ မြန်မာနိုင်ငံကနေ လာတာလို့ လွတ်လပ်တဲ့ မြေရှားသတ္တုလုပ်ငန်း လေ့လာသူ Wu Chenhui က ပြောပါတယ်။
မြန်မာနိုင်ငံက မြေရှားသတ္တုသိုက်တွေလို တရုတ်နိုင်ငံ ကွမ်ကျိုးမှာလည်း အလားတူ ရှိတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက နှစ်ပေါင်းများစွာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး နည်းပညာတွေ အများကြီး ဆုပ်ကိုင်ထားတာကြောင့် သူ့ရဲ့ မြေရှားသတ္တုလုပ်ငန်းကို အကြီးစား စွန့်ပစ်ခြင်းကနေ ပြန်လည်သန့်စင်တဲ့ လုပ်ငန်းအထိ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့အချိန်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
မြေရှားသတ္တုတွေကို ဘက်ထရီနဲ့လျှပ်စစ်မော်တာတို့လို ထုတ်ကုန်တွေမှာ စွမ်းဆောင်ရည်ကို ပိုပြီးမြှင့်တင်နိုင်ဖို့ တွင်တွင်ကျယ်ကျယ် သုံးကြပါတယ်။
တရုတ်နိုင်ငံရဲ့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအပေါ် အာရုံစိုက်မှုကြောင့် ရေရှည်မှာ ဈေးနှုန်းမြင့်တက်နိုင်ဖွယ်ရှိပေမယ့် လတ်တလောအ ကျိုးဆက်အနေနဲ့ တရုတ်နိုင်ငံမှာ မြေရှားသတ္တုဈေးနှုန်းတွေ သက်သာလာဖွယ်ရှိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကို မြေရှားသတ္တုတင်ပို့မှု ပြန်လည်စတင်လာတာနဲ့အမျှ တရုတ်နိုင်ငံရဲ့ မြေရှားသတ္တုသန့်စင်ခြင်းနဲ့ ပို့ကုန်တွေလည်း တိုးလာမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ကမ္ဘာ့မြေရှားသတ္တု ထောက်ပံ့မှု ဖွဲ့စည်းပုံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိတာကြောင့် ဈေးကွက်ရဲ့ သက်ရောက်မှုက အကန့်အသတ်ရှိလိမ့်မယ်လို့လည်း ဝူချန်းဝေက ပြောပါတယ်။ DVB