ရန်ကုန်တွင် အာဏာသိမ်းမှုဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့က အင်အားသုံးသတ်ဖြတ်ဟု HRW ပြော

ရန်ကုန်မြို့မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေက ရည်ရွယ်ချက်ရှိရှိ ဝိုင်းရံထားပြီး အင်အားသုံး သတ်ဖြတ်နေတယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ဒီနှစ် မတ်လ ၁၄ ရက်က မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ ရန်ကုန်မှာ ဆန္ဒပြသူ ၆၅ ဦးထက်မနည်း သတ်ဖြတ်ခံရမှုဟာ စီစဉ်ပြီး ကြိုတင်ပြင်ဆင်ထားတာဖြစ်ကြောင်း Human Rights Watch က နိုဝင်ဘာ ၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်တပ်ချေမှုန်းရေး ရိုင်ဖယ်တွေကိုင်ဆောင်ထားတဲ့ စစ်သားတွေနဲ့ ရဲတွေက ပိတ်မိနေတဲ့ ဆန္ဒပြသူတွေနဲ့ ဒဏ်ရာရသူတွေအား ကူညီဖို့ ကြိုးပမ်းသူတွေကို ပစ်ခတ်ခဲ့ပြီး အနည်းဆုံး ဆန္ဒပြသူ ၆၅ ဦး သေဆုံးခဲ့တယ်လို့ နယူးယောက်အခြေစိုက်အဖွဲ့အစည်းက ပြောပါတယ်။
ဒီလိုပြောရတာဟာ မျက်မြင်သက်သေ ခြောက်ဦးနဲ့ တွေ့ဆုံ မေးမြန်းမှုတွေနဲ့ လူမှု ကွန်ရက်မီဒီယာမှာ တင်ထားတဲ့ အကြမ်းဖက်မှုတွေရဲ့ ဓာတ်ပုံ ၁၃ ပုံနဲ့ ဗွီဒီယို ၁၃ ပုံကို ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံထားတာလို့ HRW က ဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက တင်ထားတဲ့ ဗွီဒီယိုတွေမှာ သက်သေတွေနဲ့ ဒစ်ဂျစ်တယ်မှုခင်း ဆေးပညာတွေကနေတဆင့် သူတို့အစီအစဉ်ဆွဲပြီး ပူးပေါင်းလုပ်ဆောင်ထားတာကို သက်သေပြ နိုင်တယ်လို့ HRW မြန်မာ သုတေသီ မန်နီမောင်က ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု တွေဖြစ်ကြောင်း မန်နီမောင်က အေပီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
တရားမျှတမှုရှိစေဖို့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ HRW အဖွဲ့က တောင်းဆိုလိုက်ပြီး ခုထိ ဘယ်လုံခြုံရေး တပ်ဖွဲ့ဝင်ကိုမှ အရေးယူခြင်း မရှိသေးကြောင်း၊ အမိန့်ပေးညွှန်ကြားတဲ့အဖွဲ့မှာ တာဝန်ခံဖို့ရှိပြီး အမိန့်ပေးပြီး ဖြိုခွဲတာကို အကောင်အထည်ဖော်တဲ့ ဘယ်သူမဆို တာဝန်ရှိကြောင်း၊ သူ့အမြင်အရတော့ ရန်ကုန်တိုင်းဒေသကြီး တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ရဲမှူးဖြစ်မယ်လို့ ဆိုပါတယ်။
ဒီလို ကိန်းဂဏန်းတွေကို သတိပြုမိအောင် လုပ်ဖို့လိုပြီး နောက်ပိုင်းမှာတော့ စုံစမ်းပြီး စာရင်းသွင်းနိုင်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို တုံ့ပြန်ဖို့အတွက် စစ်တပ်နဲ့ စစ်ကောင်စီအုပ်စု အသိုင်းအဝိုင်းကို နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးချတာ၊ အားကောင်းတဲ့ဒဏ်ခတ်တာနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တာတွေ လုပ်ဆောင်ပေးဖို့ HRW အဖွဲ့က တိုက်တွန်းထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းယူခဲ့လို့ ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြတာပါ။ စစ်တပ်က အာဏာသိမ်း ပြီးပြီးချင်း လတွေအတွင်းမှာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အပါအဝင် တနိုင်ငံလုံး အတိုင်း အတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အကြမ်းဖက်မှုတွေအပြီးမှာ စစ်တပ်က ဖွဲ့ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ လှိုင်သာယာ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာလိုက်ပြီး ဆန္ဒပြသူတွေကိုလည်း အထည်ချုပ်စက်ရုံ တွေကို မီးရှို့ပြီး မီးသတ်သမားတွေကို ပိတ်ဆို့ခဲ့တဲ့ အဓိကရုဏ်းသမားတွေလို့ ပုံဖော်ခဲ့ကြပါတယ်။ DVB