Monthly Archives: Dec 2021

စစ်ကောင်စီက လိမ်ညာ၊ ဝါဒဖြန့်နေဟု MP DF တုံ့ပြန်

လက်နက်ကိုင်ဆန့်ကျင်သူ ၃၃ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိထားသည်ဟု စစ်ကောင်စီက ယမန်နေ့ (ဒီဇင်ဘာ ၁) ၌ သတင်းထုတ်ပြန်ခဲ့ခြင်းမှာ လိမ်ညာထုတ်ပြန်ခြင်းဖြစ်ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ၏ ခေါင်းဆောင် ဗိုလ်နက္ခတ်က ပြောသည်။

နိုဝင်ဘာ ၃ မှ ဒီဇင်ဘာ ၁ အတွင်း အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၂၈ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

ဖမ်းဆီးရမိသူများအနက် အသက် ၅၀ အရွယ် ဒေါ်ခင်အေးမော် အပါအဝင် MPDF မှ ၁၄ ဦး၊ နောင်ရိုးအဖွဲ့မှ ၃ ဦး၊ YDF မှ ၄ ဦးနှင့် အဖွဲ့အမည် မဖော်ပြထားသော အခြားလူငယ်များပါဝင်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည့် ဒေါ်ခင်အေးမော်မှာ  ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး နိုဝင်ဘာ ၂၅ တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဗိုလ်နက္ခတ်က ပြောသည်။

“အင်ဂျင်နီယာကျောင်းသားကို မမိလို့ဆိုပြီး ခေါ်သွားတဲ့ မိခင်။ သူက PDF နဲ့ လုံးဝဆက်စပ်မှု မရှိဘူး။ ဒီတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လုံးဝပတ်သက်ဆက်စပ်မှု မရှိတဲ့ အမျိုးသမီးတစ်ယောက်ကို သားကို မတွေ့လို့ဆိုပြီး အမေကို ဖမ်းသွားတာ” ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်ခင်အေးမော်နှင့်အတူ ဖမ်းဆီးခံရသည့် ၁၂ နှစ်အရွယ်သမီး ပြန်လည်လွတ်မြောက်လာသော်လည်း နေအိမ် ချိပ်ပိတ်ခံထားရဆဲဖြစ်သည်။ 

ထို့ပြင် MPDF မှ ကိုထွေး(ခ) မင်းသက်ထွေး၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၃၀ တွင် မတ္တရာမြို့နယ် တောင်ခေါင်းရွာ လိပ်ကျရေတံခွန်အနီးတွင် သေနတ်အလက် ၂၀၊ M 79 ဗုံးပစ်လောင်ချာတစ်ခု၊ ဗုံးသီး၊ လက်ပစ်ဗုံးနှင့် ကျည်ဆန်များ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီက လိမ် ညာထုတ်ပြန်ထားသည်ဟု ၎င်းက တုံ့ပြန်သည်။

“ပြီးတော့ (MPDF ကနေ) လက်နက်တွေ မိတယ်ဆိုတာလည်း မဟုတ်ဘူးဗျ။ လက်နက်က တစ်ခုမှ မမိဘူးဗျ” ဟု ၎င်းက ဆက်ပြောသည်။

လူငယ်အမျိုးသမီး လေးဦးအပါအဝင် ဖမ်းဆီးခံရသူအများစုမှာ ပစ်ခတ်မှုများတွင် တိုက်ရိုက်ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ လူမဆန်သည့် စစ် ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံရသည့်ဒဏ်ကြောင့် အမည်များကို မဖြစ်မနေဖော်ထုတ်ရာမှ ထိုသူတို့ ဖမ်းဆီးခံရခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီက လုံခြုံရေးကင်မရာ (CCTV) များမှတစ်ဆင့် ခြေရာခံ ဖမ်းမိသူများကို စစ်ကြောမေးမြန်းပြီး ဆက်စပ်သူများကို ထပ်မံဖမ်းဆီးတတ်ကြောင်း ၎င်းက ပြောသည်။

“တော်လှန်ရေးလုပ်တဲ့နေရာမှာ အများကလည်း သိပြီးသားပါ၊ တစ်ဦးတစ်ယောက်ချင်းစီ စီးပွားရေးလုပ်တာလည်း မဟုတ်ဘူး။ ကိုယ့်ဘဝတိုးတက်အောင် လုပ်နေတာလည်း မဟုတ်တဲ့အတွက် စစ်အာဏာရှင်ကို မကြိုက်တဲ့ အများပြည်သူအကုန်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှ အောင်မြင်မယ်” ဟု ဗိုလ်နက္ခတ်က ဆက်ပြောသည်။

စစ်ကောင်စီက YDF အဖွဲ့ဝင် ဖမ်းမိသည်ဟု စွပ်စွဲထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်ပြီး မကွေးတိုင်းအခြေစိုက် ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) ကလည်း ၎င်းတို့အဖွဲ့ဝင်များ ဖမ်းဆီးရမိခြင်း မရှိကြောင်း ယနေ့ ညနေတွင် Myanmar Now ကို ပြောသည်။  myanmar now

ဘင်္ဂလားဒေ့ရှ်မှ ကုန်ပို့ပြန်လာသူ စက်လှေသ မားများတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ကုန်ပို့ပြန်လာသူ စက်လှေသမားတွေကို ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးတာမရှိလို့ ကိုဗစ်ကူးစက်မှု တကျော့ပြန် များလာမှာကို ဒေသခံ ပြည်သူတွေ စိုးရိမ်နေ ကြပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့က စစ်တွေမြို့ကနေ တစ်ဖက်ဘင်္ဂလားနိုင်ငံကို ကုန်ပို့ပြန်လာတဲ့  စက်လှေသမား ၉  ယောက်မှာ  ကိုဗစ်-၁၉  ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

မောင်တောနယ်စပ်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ပို့ပြီး ပြန်လာကြတဲ့ စက်လှေသမားတွေကို ကွာရန်တင်း ထားပေမယ့် ကိုဗစ်စစ်ဆေးတာမရှိလို့  မြို့ခံတွေက စိုရိမ်နေကြပါတယ်။

မြို့ခံကိုသိန်းထွန်းဦးက “အရင်တုန်းက စက်လှေပြန်ဝင်လာတာနဲ့ ကျန်းမာရေးဌာနက စစ်လှေသမားတွေ ကိုဗစ်စစ်ကို စစ်ဆေးခဲ့ကြတာပဲ၊ အခုလည်း အဲဒီလိုစစ်ဆေးရမှာပေါ့။ သူတို့ကို ကွာရန်တင်း ထားပေမယ့် အလုပ်သမားတွေနဲ့ အမြဲထိတွေနေကြလေ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း စစ်တွေကနေ လေယာဉ်နဲ့ ခရီးသွားမယ့်သူ ၂ ယောက် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး တစ်ရက်တည်း စစ်တွေမှာ ကိုဗစ်ပိုးတွေ့သူ ၁၁ ယောက် ရှိခဲ့တယ်လို့ ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံကတော့ “စက်လှေသမားတွေနဲ့ အလုပ်သမားတွေကို ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးဖြစ်တယ်။ မြို့ထဲကိုဝင်မယ့်သူကိုမှ ကိုဗစ်ပိုးစစ်ဆေးသွားမှာဖြစ်တယ်။ ဒီနေ့အထိကတော့ စစ်ဆေးတာ မရှိသေးဘူး” လို့ပြောပါတယ်။

ရခိုင်က နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၁၅ ရက်နေ့ကစပြီး ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ပေမယ့် ၂၀၂၁ အောက်တိုဘာ ၁၃ ရက်နေ့မှာ ပြည်နယ်ကောင်စီအမိန့်နဲ့ ပြန်လည်ကုန်သွယ်ခွင်ပြုခဲ့တာပါ။

တဖက်နိုင်ငံကို ကုန်ပို့ပြီး ပြန်လာသူတွေထဲကနေ ကိုဗစ်ပိုးတွေ့ရှိတဲ့အတွက် ကိုဗစ်စည်းကမ်း ကြပ်မတ်သင့်ပြီး ပွဲလမ်းသဘင်တွေလည်း များပြားနေတာကြောင့် ကိုဗစ်ကူးစက်မှု ပိုများလာနိုင်တာကြောင့် စိုးရိမ်စရာကောင်းတယ်လို့ မောင်တောမြို့ ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းလှစိန်က  ပြောပါတယ်။

“အလွန်စိုးရိမ်စရာပါ။ တဖက်နိုင်ငံက ကုန်ပို့ပြီးပြန်လာတာနဲ့ ကိုဗစ်စည်းကမ်းနဲ့အညီ စစ်ဆေးမူ ပြုလုပ်သွားရမှာဖြစ်တယ်။ အခုက မောင်တောမှာ ပွဲလမ်းသဘင်ကျင်းပမှု များနေတယ်။ ဘောလုံးပွဲ၊ ဘုရားပွဲ၊ နောက်ပြီး Mask မတတ်တဲ့ လူတွေများတယ်။ အမှန်တကယ်သာ စစ်ဆေးရင် ပိုးကတွေ့ကို တွေ့ကြဦးမှာ။”

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပွားတဲ့ မေ ၁၂ ရက်မှ နိုဝင်ဘာ ၃၀ ရက် အထိ ကိုဗစ် အတည်ပြုလူနာ ၅၁၇၂ ဦး၊ သေဆုံးသူ ၄၉၈ ဦးနဲ့ ဆေးရုံမှာ ကုသဆဲလူနာ ၂၀ ရှိသေးတယ်လို့ ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ DVB

PWDFအဖွဲ့၏ Facebook စာမျက်နှာသို့ မဆက်သွယ်ကြရန် အသိပေးတောင်းဆို

ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော Pathein Westrern Defence Force(PWDF)အဖွဲ့၏ Facebook စာ မျက်နှာသို့ လက်ရှိအချိန်တွင် မဆက်သွယ်ကြရန် PWDF အဖွဲ့ဝင်တစ်ဦးကပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂ရက် ညပိုင်းအချိန်က ၎င်းတို့၏ Facebookစာမျက်နှာတွင် မူမမှန်သည့် အချက်များကို တွေ့ရှိလာရခြင်းကြောင့် ယခု ကဲ့သို့ အသိပေးရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ဧရာဝတီတိုင်းအတွင်းရှိ အခြားတော်လှန်ရေးအင်အားစုများကလည်း PWDF ၏ Facebook စာမျက်နှာအား တစ်စုံတစ်ယောက်က ခိုးယူသုံးစွဲ နေပါသဖြင့် လတ်တလောတွင် ဆက်သွယ်မှုမပြုလုပ်ကြရန် အွန်လိုင်းမှတစ်ဆင့် တောင်းဆိုထားကြသည်။ mizzima

မြိုင်မြို့ စစ်ဆေးရေးဂိတ် မိုင်းဆွဲတိုက်ခိုက်ခံသဖြင့် စစ်ကောင်စီတပ်သား အများအပြားဒဏ်ရာရ

မကွေးတိုင်းဒေသကြီး မြိုင်မြို့အထွက်က စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၃ ရက်နေ့မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိသွားတယ်လို့ မြိုင် PDF တပ်ဖွဲ့ကပြောပါတယ်။

ပုသိမ်-မုံရွာ လမ်းဆုံအနီးက စစ်ဆေးရေးဂိတ်မှာ ဒီကနေ့မနက် ၉ နာရီခွဲလောက် မြိုင် PDF တပ်ဖွဲ့က မိုင်း ၂ လုံးဆွဲ​တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားဒဏ်ရာရရှိသွားပြီး မြိုင်ဆေးရုံကို သယ်သွားတယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ခွင့်ချိန့်က ပြောပါတယ်။

အဲဒီဂိတ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ယောက်လောက်ဟာ ခရီသွားပြည်သူတွေရဲ့ ဖုန်းတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေကို စစ် ဆေး နေတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခင်ကလည်း ၃ ကြိမ်လောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ဆေးရုံကိုတော့ သယ်သွားကြတယ်ဗျ။ သေဆုံး ဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ အတိကျ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ မြိုင် PDF ဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်။” 

မနေ့က ညနေ ၄ နာရီလောက်လောက်ကလည်း မြိုင်မြို့နယ် ဗဟင်းရဲစခန်းကို မြိုင် PDF က အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲ ၂ ယောက် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကူလာတဲ့ ကား ၂ စီးကိုပါ လမ်းကနေစောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ရာ ကား တစ်စီးပျက်စီးကာ ဒဏ်ရာရသူတွေကိုတော့ ဖောကားတစ်စီးနဲ့ မြို့ထဲကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေထိုင်ကြဖို့နဲ့ ခရီးသွား ယာဥ်မောင်းတွေအနေနဲ့လည်း ကားမှန်တွေကို အောက်ချပြီးမှ မောင်းနှင်ကြဖို့ ထပ်မံ သတိပေးထားပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်လို့ ထိခိုက်သေဆုံးတာတွေကို အတိကျသိနိုင်ဖို့အတွက် DVB က မြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။ DVB

မြင်းခြံမှ ရွာသားတစ်ဦး ဖမ်းဆီးရိုက်နှက်ခံရပြီး နာရီပိုင်းအတွင်း သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ ကိုင်း(မြောက်) ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုရွာမှ ၂၅ နှစ်အရွယ် တောင်သူ ကိုသန်းထွန်းအောင်ကို ခေါ်ယူရိုက်နှက်ခဲ့ရာ နာရီပိုင်းအတွင်း သေဆုံးသွားသည်ဟု ဒေသခံ ၃ ဦးက ယနေ့ (ဒီဇင်ဘာ ၂) တွင် ပြောသည်။ 

နိုဝင်ဘာ ၂၉ ညနေ ၄ နာရီ၌ စစ်သားများက ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး ရွာအရှေ့ပိုင်းရှိ အရက်ဆိုင်ပိုင်ရှင်အပါအဝင် ဆိုင်နှင့် ဆိုင်ဝန်းကျင်တွင် ရှိနေသည့် အမျိုးသား ၁၁ ဦးကို လူစုလူဝေးလုပ်သည်ဟု ဆိုကာ ရိုက်နှက်၍ ၎င်းတို့တပ်စွဲထားသည့် မူလတန်းလွန်စာသင်ကျောင်းဘက် ဖမ်းခေါ်သွားသည်။ 

သေဆုံးသူ ကိုသန်းထွန်းအောင်မှာ အပြင်းအထန်ရိုက်နှက်ခံရမှုကြောင့် လမ်းမှာပင် သတိလစ်မေ့မျောသွားပြီး စစ်သားတို့က ရေလောင်းနှိုးကာ ထပ်မံရိုက်နှက်နှိပ်စက်ခဲ့သည်ဟု မျက်မြင်တွေ့ရသည့်သူများကို ကိုးကား၍ ထိုရွာဒေသခံတစ်ဦးက ပြောသည်။

“ရေနဲ့လောင်း၊ ဖနောင့်နဲ့ ဝိုင်းပေါက်ဆိုတော့ ကလေးက သေသွားတာ။ သူတို့မေးတာကို မပြောလို့၊ မဆိုလို့ ဆိုပြီး အမှန်က သူက မပြောကို မပြောနိုင်တော့တာပါ။ အဲဒါ မပြောလို့ဆိုပြီး ဝိုင်းနှိပ်စက်နင်းပြီးတော့ လုပ်တဲ့အချိန်မှာ အသက်က ထွက်သွားတာပေါ့ဗျာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ဆိုသည်။ 

ထိုသို့ဖမ်းဆီးသွားပြီး ၅ နာရီခန့်အကြာတွင် ရွာဈေးကုန်းထောင့်နှင့် ကျန်းမာရေးဆေးပေးခန်းအကြား ရုပ်အလောင်းကို စောင်အုပ်၍ ချထားကြောင်း၊ အအေးပတ်သေဆုံးသည်ဟု စစ်သားများက အကြောင်းပြကြောင်း၊ နောက်နေ့( နိုဝင်ဘာ ၃၀) မနက် ရွာသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော ဒေသခံ ၃ ဦး၏ အသီးသီးပြောဆိုချက်အရ သိရသည်။ 

“အလောင်းကို စောင်ခြုံပြီးတော့ ရွာထဲမှာ ထားသွားတာ။ သူတို့သတ်လို့ သေတယ်လို့ မပြောဘဲနဲ့ အအေးပတ်လို့ သေတယ်လို့ ပြောခိုင်းတာ” လုံခြုံရေးအရ အမည်မဖော်လိုသော၊ ရွာမှ တိမ်းရှောင်နေသော ဒေသခံနောက်တစ်ဦးက ပြောသည်။ 

“သင်္ဂြိုဟ်တော့လည်း သုသာန်ကိုသွားတဲ့လမ်းက နာရေးလမ်းက စာသင်ကျောင်းလမ်းက အသွားများတာပေါ့ဗျာ။ စာသင်ကျောင်းနားရောက်တော့ (စစ်သားတွေက) အဲဒီနားကနေ သင်္ဂြိုဟ်မခံဘူးဆိုလို့ တောလမ်းက သွားရတာပေါ့ဗျာ” 

စစ်သားအင်အား ၃၀ ခန့်က ရွာစာသင်ကျောင်း၌ တပ်စွဲနေထိုင်နေသည်မှာ တစ်လနီးပါးရှိပြီဖြစ်ပြီး ၎င်းတို့ရန်ကို ကြောက်ရွံ့သဖြင့် လူဦးရေ ၁,၅၀၀ ကျော်ရှိ ကိုင်းမြောက်ရွာမှ ဒေသခံထက်ဝက်ကျော်မှာ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။ 

သေဆုံးသူ ကိုသန်းထွန်းအောင်တွင် အသက် ၂၂ နှစ်အရွယ် ဇနီးနှင့် တစ်နှစ်ကျော်သား ကျန်ရစ်ခဲ့သည်။ 

အတူအဖမ်းခံရသူ ၁၀ ဦး အပြင်းအထန်ရိုက်နှက်ခံရပြီးနောက် မည်သို့မည်ပုံ ပြန်လွတ်လာသည်ကို ၎င်းတို့လုံခြုံရေးအတွက် အသေးစိတ်မပြောပြနိုင်ကြောင်း Myanmar Now က ဆက်သွယ်ခဲ့သော ဒေသခံများက ဆိုသည်။

သေဆုံးသူ၏ မိသားစုဝင်များနှင့် ရွာရှိ ဒေသခံများက စစ်တပ် ဆက်တပ်စွဲထားသည့်အတွက် သတင်းဌာနသို့ မဖြေကြားလိုကြခြင်းဖြစ်သည်ဟု ထိုသူများက ဆက်ပြောသည်။

စစ်သားများက ရွာအတွင်း လှည့်လှည်စဉ် ၎င်းတို့ရှေ့ ဖုန်းပြောနေသူများထံမှ ဖုန်းယူစစ်တတ်သလို Facebook လူမှုကွန်ရက်အသုံးပြုမှုများကိုလည်း စစ်ဆေးတတ်ကြကြောင်း ၎င်းဒေသခံများထံမှ သိရသည်။

ရွာသားများကို ဖမ်းဆီးရိုက်နှက်ကာ နိုင်ငံတော်သီချင်း ဆိုခိုင်းခြင်း၊ ဖမ်းခံရသူအချင်းချင်း လုံးထွေးသတ်ပုတ်စေခြင်း စသည့် နည်းလမ်းများဖြင့် အနိုင်ကျင့်နေသောကြောင့် အများစုမှာ ရွာတွင် မနေရဲဘဲ ထွက်ပြေးသွားကြခြင်း ဖြစ်ကြောင်း ထိုဒေသခံ ၃ ဦးက ဆိုသည်။ 

“ဖမ်းခံ၊ အရိုက်ခံရတဲ့သူတွေကတော့ မပြေးရဲဘူး။ ကျန်ခဲ့တဲ့သူတွေ (ဆွေမျိုးတွေကို) ရန်လုပ်မှာလို့ ခြိမ်းခြောက်ထားလို့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရွာသားများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက် ရရန် ကြိုးစားသော်လည်း စစ်ကောင်စီပြန်ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

အာဏာသိမ်းပြီး ၁၀ လကြာမြင့်ချိန်အထိ စစ်ကောင်စီက နိုင်ငံအနှံ့ ဖိနှိပ်မှုများ နေ့စဉ် ပြုလုပ်နေဆဲ ဖြစ်သည်။ 

ဆက်လက်ဖမ်းဆီးခံထားရသူ ၇၆၈၇ ဦး အနည်းဆုံးရှိနေပြီး နိုင်ငံအနှံ့တွင် စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် ၁,၃၀၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဒီဇင်ဘာ ၂  စာရင်းအရ သိရသည်။

ဖမ်းဆီးခံရပြီး စစ်ကြောရေး၌ နှိပ်စက်မှုများကြောင့် ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူများတွင် ဦးဇော်မြတ်လင်း၊ ဦးခင်မောင်လတ်၊ ကိုအေးကို၊ ကိုအောင်မြင့်လှိုင်၊ ကဗျာဆရာ ခက်သီ၊ ကိုမင်းမင်း၊ ကိုမျိုးဇော်ဇော်၊ ဇေယျာလင်း၊ မိုင်နွမ်ဇာထျန်၊ ကိုဇော်ထက် (ခေါ်) ဆလိုင်းဗန်ထာကျုံ၊ ကိုဇင်ကိုထွန်း၊ သက်နိုင်ဦး၊ မျိုးမြင့်သန်း၊ ခင်မောင်ကြည်၊ ကိုထက်ဇော်လင်း တို့၏ သေဆုံးမှုကို Myanmar Now က အတည်ပြု သတင်းဖော်ပြနိုင်ခဲ့သည်။ myanmar now

ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ သေ ဆုံးနှုန်းမြင့်မားနေ

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ  ၁၀ ယောက်မှာ ၁ ယောက်နှုန်းလောက်နဲ့ သေဆုံးနေပြီး တချိ့မြို့နယ်တွေမှာ ဒိထက်ပိုများနေတယ်လို့  တရားဝင် ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် ကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်တဲ့စာရင်းဇယားတွေအရ နို ဝင်ဘာ ၃၀ ရက်အထိ တပြည်နယ်လုံးမှာ ကိုဗစ်ပိုးတွေ့လူနာ ၅၁၆၁ ယောက်ရှိတာပါ။

သေဆုံးသူ စုစုပေါင်းကတော့ ၄၉၈ ယောက်ရှိနေပြီး အဲဒီနေ့အထိ ကုသခံနေရဆဲလူနာ အယောက် ၂၀ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိတဲ့အထဲ ဂွမြို့နယ်မှာ ပိုးတွေ့လူနာ ၁၁၃၇ ယောက်ရှိတာကြောင့် အများဆုံးဖြစ်ပါတယ်။ စစ်တွေမှာတော့ ပိုးတွေ့လူနာပေါင်း ၆၄၅ ယောက်ရှိပြီး ၇၃ ယောက် သေဆုံးခဲ့တာကြောင့် သေဆုံးသူက အများဆုံးဖြစ်ပါတယ်။ 

ကျောက်ဖြူမြို့နယ်မှာတော့ ပိုးတွေ့လူနာ ၅၈၄ ယောက်ရှိပြီး ၆၃ ယောက်သေဆုံး၊ တောင်ကုတ်မြို့မှာ ပိုးတွေ့လူနာ ၂၂၄ ယောက်ရှိပြီး ၆၅ ယောက်သေဆုံးခဲ့တာကြောင့်  အဆိုပါမြို့နယ်တွေမှာ ကိုဗစ်လူနာ ၁၀ ယောက်မှာ ၃ ယောက်နှုန်းသေဆုံးခဲ့တာပါ။ သံတွဲမြို့မှာတော့ ပိုးတွေ့လူနာ ၄၀၄ ယောက်ရှိပြီး ၅၁ ယောက်သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်မှာ ကိုဗစ်ပိုးတွေ့နှုန်းကျဆင်းလာနေတယ်ဆိုပြီး ပြည်နယ်တွင်းက တက္ကသိုလ်၊ နည်းပညာတက္က သိုလ်တွေနဲ့ ဒီဂရီကောလိပ်တို့ကို မကြာခင်ပြန်ဖွင့်ဖို့ ပြင်ဆင်နေပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနကတော့ တနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၅၁၂ ယောက် ထပ်တွေ့ရတယ်လို့ မနေ့ညက ထုတ်ပြန်ပြီး စုစုပေါင်း လူနာ ၅၂၃,၃၄၆ ယောက်ရှိလာပြီ ဖြစ်ပါတယ်။

မနေ့က ထုတ်ပြန်ချက်အရ ၉ ယောက် ထပ်သေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း အယောက် ၁၉,၁၂၀ ရှိပြီဖြစ်ပါတယ်။ DVB

ပုလောမြို့နယ်တွင် CDM ပညာရေး ဝန်ထမ်း အပါအဝင် ရွာသူ၊ ရွာသား ၃၀ နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၁ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့များက CDM ပညာဝန်ထမ်း တစ်ဦး အပါအဝင် ဒေသခံ ရွာသူ၊ ရွာသား ဦးရေ ၃၀ နီးပါးကို လာရောက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသ ခံများထံမှ သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂ ရက် ည ၁၂ နာရီ ဝန်းကျင်တွင် ယင်း ကျေးရွာသို့ ရောက်ရှိလာကာ ဒေသခံများကို ရှာဖွေ၊ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းခံရတာကတော့ CDM ပြုလုပ်ထားတဲ့ ပညာရေး ဝန်ထမ်း တစ်ဦး အပါအဝင် NLD ပါတီဝင် ၊ အမာခံ ထောက်ခံသူတွေပါတယ်လို့ သိရတယ်”ဟု ပုလောဒေသ ကာကွယ်ရေး တပ်ဖွဲ့ (Palaw Regional Defense Force – PRDF )မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဒေသခံများအား ပုလောမြို့ အမှတ် (၂၈၅)တပ်ရင်းက လာရောက် ဖမ်းဆီးခြင်း ဖြစ်ပြီး လက်ရှိ အချိန် အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးဟု ဒေသခံများထံမှ သိရသည်။

ထိုကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းက ပျူစောထီးများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ mizzima

သုတေသနအယ်ဒီတာ ကိုအောင်မျိုးထက်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်သည့်အပေါ် ISP Myanmar ကန့်ကွက်

သုတေသန အယ်ဒီတာ ကိုအောင်မျိုးထက်ကို  စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် မှတ်လိုက်တဲ့အပေါ် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar)က ကန့်ကွက်လိုက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar)ရဲ့ သုတေသန အယ်ဒီတာ ကိုအောင်မျိုးထက်ကို နိုဝင်ဘာ ၃၀ ရက်က ရွှေဘိုထောင်တွင်းမှာ ပြုလုပ်တဲ့ ကန့်ဘလူမြို့နယ်တရားရုံးကနေ  ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာပါ။

ဒါကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ ISP Myanmar က  ကြေညာချက်ထုတ်ပြန်ထားပြီး  ကိုအောင်မျိုးထက်ဟာ သူ့ရဲ့ ဇာတိ ကန့်ဘလူမြို့မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းသွားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စာနယ်ဇင်းသမားအဖြစ်လုပ်ကိုင်ဖူးသူ ကိုအောင်မျိုးထက်ကို ဖမ်းဆီးချိန်မှာ သတင်းထောက်လို့ ယူဆတာ၊ DVB နဲ့ Mizzima သတင်းဌာနတို့ကို သတင်းတွေပေးပို့နေတယ်လို့ ယူဆတာတွေကြောင့်  စစ်ကောင်စီက  ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သိရတယ်လို့လည်း ဆိုပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ခံနေရချိန်မှာ ကိုအောင်မျိုးထက်ကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကင်းမဲ့နေတာကို ထပ်ပြီးပြတဲ့ သာဓက တခုဖြစ်ပြီး ဒီအမိန့်ကို ပြန်ပြင်ဆင်ဖို့လည်း ISP Myanmar က တောင်းဆိုပါတယ်။

ကိုအောင်မျိုးထက်ဟာ  The Voice ၊ တနင်္သာရီဂျာနယ်တို့မှာ သတင်းသမားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး သူ့ကို  စစ်တပ်က ထောင်ဒဏ်ချမှတ်တာကို ကန့်ကွက်ကြောင်းနဲ့ သတင်းသမား အားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့  Myanmar Press Freedom In-Depth  (MPFI-D) အဖွဲ့ကလည်း သတင်းထုတ်ပြန်တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ မြန်မာနိုင်ငံမှာ သတင်းသမား ၁၁၆ ယောက် ဖမ်းဆီးခံရပြီး ၃၇ ယောက် ကို လက်ရှိအချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ကာ ဒီထဲက ၂ ယောက်ကိုတော့ ထောင်ဒဏ်ချမှတ်ထားပါတယ်။

ဖမ်းဆီးထားတဲ့ သတင်းသမားတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ စွဲဆိုထားတဲ့ အမှုတွေကိုလည်း ရုပ်သိမ်းပေးဖို့ ISP Myanmar က တောင်းဆိုပါတယ်။

ISP Myanmar ဟာ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရှင်သန်အား ကောင်းရေးအတွက် ၂၀၁၆ ခုနှစ်ကစလို့ လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ DVB

ရန်ကုန်၊လှိုင်မြို့နယ်၊ ပိတောက်ချောင်းရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီး ခင်မောင်ဝင်း ပစ်သတ်ခံရ၊ မြိုင်တွင် PDF ၏ ပစ်ခတ်မှုကြောင့် ဗဟင်းရဲစခန်းမှ ရဲ ၆ ဦးသေဆုံး

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပိတောက်ချောင်းရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ် ကြီး ခင်မောင်ဝင်းသည် ယနေ့ နံနက်ပိုင်း ၈ နာရီအချိန် စျေးဝယ်ထွက်လာစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

လှိုင်မြို့နယ် ပိတောက်ချောင်းရဲစခန်းမှ ရဲတပ်ကြပ်ကြီး ခင်မောင်ဝင်းသည် ယနေ့ နံနက် ၈ နာရီအချိန် လှိုင်မြို့နယ် ပိတောက်ချောင်း ၅ ရပ်ကွက်စျေး မြရတနာလမ်းပေါ်သို့ စျေးဝယ်လာစဉ် သေနတ်သ မား ၃ ဦးက သေနတ်ဖြင့် ၃ ချက်ပစ်ခတ်သွားသဖြင့် ဝဲနားထင် ၁ ချက်၊ နောက်စေ့ ၁ ချက်၊ နောက်ကျော ၁ ချက် ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ “အနီးအနားက CCTV မှတ်တမ်းယူသွားပြီကြားတယ်။

နောက်ပြီး မျက်မြင် သက်သေဖြစ်တဲ့ လူတချို့ကို မေးဖို့ဆိုပြီး စခန်းခေါ်သွားတယ်။ အဲဒီနားက လူတော့ အရမ်းရှုပ်တယ်။ လောလောဆယ်တော့ ပစ်သွားတဲ့ လူငယ်တွေကိုတော့ ဖမ်းမိတာ မကြားဘူး။ CCTV တွေရသွားတော့ လွတ်ရာကိုတော့ လူငယ်တွေ ရှောင်စေချင်တာပဲ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

အလားတူ မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းကို ယမန်နေ့ညနေပိုင်း PDF များက ဝင်ရောက်ပစ်ခတ်ရာ ရဲ ၆ ဦးသေဆုံးသွားကြောင်း၊ လက်ရှိတွင် ဗဟင်းရဲစခန်းမှူး သေဆုံးသူများတွင် ပါဝင်သည်ဟု သိရှိထားသော်လည်း အတည်ပြုချက်မရရှိသေးကြောင်း မြိုင်PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က လူနေအိမ်များကို ဖျက်ဆီးမီးရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာကို ဒီဇင်ဘာ ၃ ရက် ဒီနေ့မနက်အစောပိုင်းက စစ်ကောင်စီလက်နက်ကိုင် စစ်ကြောင်းဝင်ရောက် လာပြီး ကျေးရွာရှိ ပြည်သူလူထုတွေရဲ့ နေအိမ်တချို့ကို ဖျက်ဆီးခဲ့သလို တချို့ကိုမီးရှို့ခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းကျေးရွာမှာ အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက ကင်းကျေးရွာကို  ရောက်ရှိနေပြီး ကင်းကျေးရွာက လွင်ဦးဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ် သဖန်းကိုင်းအုပ်စု သဖန်းကိုင်းကျေးရွာမှာလည်း  စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား၁၀၀ လောက်ဟာ  ဒီဇင်ဘာ ၂ ရက် ညပိုင်းမှာ ရောက်ရှိလာပြီး သဖန်းကိုင်းစာသင်ကျောင်းမှာ  တပ်စွဲထားပါတယ်။

ဒီဇင်ဘာ ၃ ရက် ဒီမနက်အစောပိုင်းမှာတော့ စစ်ကောင်စီတပ်က ကင်းကျေးရွာ အရှေ့ပိုင်းရှိ ရွာခံ ဦးကျော်မိုးရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ကျေးရွာအတွင်းရှိ တခြားအိမ်တွေကိုလည်း ရိုက်ဖျက်နေတယ်လို့ သိရပါတယ်။

အခုမီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ဟာ စစ်ကောင်စီတပ်တွေရဲ့ နှိပ်စက်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တဲ့ ကျူရှင်ဆရာကိုသိန်းဇော်ရဲ့အစ်မ နေထိုင်တဲ့ အိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သဖန်းကိုင်းကျေးရွာက စစ်ကြောင်းကတော့ အခုအချိန်ထိ လှုပ်ရှားမှုမရှိသေးပဲ အခြေအနေစောင့်ကြည့်နေရတယ်”လို့ နယ်ခံတစ်ဦးက ပြောပါတယ်။

မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၉ ယောက်ရှိပြီး ၂ ယောက်က ကင်းကျေးရွာက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုလကလည်း သဖန်းကိုင်း ကျေးရွာက နေအိမ် ၁၀ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး လတ်တလောမှာတော့ ကင်းရွာနဲ့ သဖန်းကိုင်းကျေးရွာတွေက ရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီလောက်က  မတ္တရာမြို့ကနေ လစာထုတ်ပြီး ပြန်လာတဲ့ စစ်ကောင်စီခန့် တောင်ကန်အုပ်စုအုပ်ချုပ်ရေးမှူး ဦးသောင်းမြိုင်(ကင်းကျေးရွာနေ)ဟာ ကင်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ပစ်သတ်ခံခဲ့ရပါတယ်။ DVB

« Older Entries Recent Entries »