Monthly Archives: Dec 2021

ကန်ပက်လက်တွင် စစ်သား နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လန်မြို့ စာသင်ကျောင်းတစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်‌နေ့ (ဒီဇင်ဘာ ၃) မွန်းလွဲ ၁ နာရီခန့်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရသွားသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF – ကန်ပက်လက်) က ဆိုသည်။

စစ်သား ၁ဝဝ ခန့် တပ်စွဲထားသည့် မြို့ပေါ်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းဝန်းကျင် တိုက်ပွဲမှာ  ၁ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ၎င်းတို့တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း CDF – ကန်ပက်လက် ဒုတိယ တပ်မမှုးက ပြောသည်။

“နှစ်ယောက်က အဲဒီမှာပဲ ချက်ချင်းသေသွားတယ်ပေါ့၊ တစ်ယောက်ကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်၊ သူလည်း သေဖို့များတယ်၊ ချက်ချင်းမသေတာပဲရှိတယ်” ဟု ဒုတိယတပ်မမှုးက ပြောသည်။

အထက်တန်းကျောင်းဝန်းကျင် တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော်လည်း မြို့နယ်အတွင်း နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (နတလ) ဒီဇင်ဘာ ၂၊ နံနက် ၄ နာရီခန့်တွင် မီးရှို့ခံရသဖြင့် အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးသွားသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

CDF – ကန်ပက်လက်ဘက်ကမူ နတလကျောင်းမီးလောင်မှုမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းသည်။

ကန်ပက်လက်တွင် တပ်မ ၉၉ လက်အောက်ခံတပ်များက အထက ၁ တွင်သာမက ရဲစခန်းနှင့် ရန်အောင်စေတီတို့တွင်လည်း တပ်စွဲထားကြောင်း၊ အင်အား ၂ဝဝ ဝန်းကျင်ရှိနိုင်ကြောင်း CDF – ကန်ပက်လက်က ခန့်မှန်းသည်။

နိုဝင်ဘာ ၂၈ တွင် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၊ ၆ ဦး အပြင်းအထန်ဒဏ်ရာရသွားသည်ဟု CDF – ကန်ပက်လက်က ပြောထားသည်။

ချင်းပြည်နယ်အပါအဝင် နိုင်ငံအနှံ့တွင် မြို့ရွာများကို မီးရှို့၊ ပြည်သူတို့၏ ငွေကြေး၊ ဥစ္စာများကို လုယူဖျက်ဆီးနေသဖြင့် စစ်ကောင်စီကို ဆက် လက် ဟန့်တားတိုက်ခိုက်ရမည်ဟု  CDF – ကန်ပက်လက် ဒုတိယတပ်မမှုးက ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ ထန်တလန်မြို့ ၁ဝ ကြိမ်နီးပါး မီးရှို့ခံရပြီးနောက် နေအိမ် ၄ဝဝ ကျော် ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်များမှာ စစ်ကောင်စီလက်ချက်ဟု CDF က ပြောထားပြီးဖြစ်သည်။

စစ်ကောင်စီဘက်က ငြင်းလေ့ရှိသော်လည်း ဒေသခံများ မြို့လုံးကျွတ် ထွက်ပြေးနေရစဉ် ၎င်းတို့တပ်ဖွဲ့များသာရှိနေချိန်တွင် ထိုသို့ လူနေအိမ်အများအပြား မည်သည့်အတွက်ကြောင့် အကြိမ်ပေါင်းများစွာ မီးလောင်ခဲ့သည်ကို ရှင်းပြခြင်းမရှိပေ။

ထန်တလန်မြို့ရှိ နေအိမ် ၁၆၆ လုံး မီးလောင်ကျွမ်းခဲ့ရသည့် စက်တင်ဘာ ၁၈ ဖြစ်စဉ်တွင် မီးလောင်နေသည့် မြင်ကွင်းနောက်ခံဖြင့် ရိုက်ကူးထားသည့် စစ်သားတစ်ဦး၏ ဓာတ်ပုံ Facebook ၌ ထွက်ပေါ်ဖူးသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်နေရာ ချင်းပြည်နယ်သည်လည်း အပါအဝင်ဖြစ်သည်။

ကန်ပက်လက်မြို့သည် စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်နေသည့် မကွေးတိုင်း ဆောမြို့နယ်နှင့်လည်း နယ်နိမိတ်ထိစပ်နေသဖြင့် ဒေသခံကာ ကွယ်ရေးအဖွဲ့များ ပေါင်းကာ တိုက်ပွဲများ ဖော်ဆောင်လေ့ရှိပြီး စစ်တပ်ကလည်း ထိုဒေသအတွင်းသို့ အင်အားအလုံးအရင်းပို့လွှတ်ကာ စစ်ဆင်နေသည်။ myanmar now

နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောကြား

စစ်ကောင်စီလက်ထက် နိုင်ငံတကာရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်မှုတွေ ကျဆင်းလာတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး ၁၀ လအကြာ ဒီဇင် ၃ ရက်မနေ့က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောလိုက်ပါတယ်။ဖေဖော်ဝါရီ ၁ ရက် အရေးပေါ် အခြေအနေကြေညာပြီး အာဏာသိမ်းချိန်ကစလို့ နိုင်ငံတွင်း မတည်ငြိမ် မှုတွေဖြစ်ရာကနေ နိုင်ငံတကာရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ အရင်ထက် လျော့ကျသွားတယ်လို့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောခဲ့တာပါ။

စစ်ကောင်စီလက်ထက်မှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု သုံးခု၊ စင်္ကာပူက နှစ်ခု နဲ့ နော်ဝေ၊ ပြင်သစ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဩစတေးလျ၊ ဗြိတိန် စတဲ့နိုင်ငံတွေကက ကုမ္ပဏီ တစ်ခုစီဟာလည်း မြန်မာနိုင်ငံက ထွက်ခွာဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု ဆိုင်းငံ့တာတွေ ရှိနေတယ်လို့ ဒီဇင် ဘာ ၃ ရက်နေ့ Sandhi Governance Institute ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်မှာ GDP – ၁၈ % အထိ ကျ ဆင်းမယ်လို့ ဆိုထားသလို နိုင်ငံတကာ ငွေ ကြေး ရန်ပုံငွေအဖွဲ့ကလည်း ၀ ဒဿမ ၁ % အထိ ကျ ဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ဒါပေမဲ့ စစ်ကောင်စီကတော့ ကြားကာလ ၆ လအ တွင်း ၃ ဒဿမ ၈ % ရာခိုင်နှုန်းရှိမယ်လို့ ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ ပြောခဲ့ဖူးပါတယ်။

ကုန်ဈေးနှုန်းတွေဟာလည်း အကြောင်းအမျိုးမျိုးကြောင့် မြင့်တက်နေပြီး ဒါကို ထိန်းချုပ်ဖို့ လုပ်နေတယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့တဲ့ ပို့ကုန်တွေဟာလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ၂၀၁၉ -၂၀၂၀ ထက် လျော့ကျသွားတယ်လို့ ဆိုပြန်ပါတယ်။နောက်ပြီး ပြည်ပသွင်းကုန်ကို အစားထိုးနိုင်ဖို့၊ စက်သုံးဆီ ချွေတာဖို့ကိုလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ RFA

သာစည်တွင် လွှတ်တော်အမတ်နေအိမ်နှင့် လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက ချိတ်ပိတ်

မန္တလေးတိုင်း၊ သာစည်မြို့နယ်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တယောက်ရဲ့  နေအိမ်နဲ့ လက်ဖက်ရည်ဆိုင် တဆိုင်တို့ကို ဒီဇင်ဘာ ၃ ရက်မှာ    စစ်ကောင်စီက ချိတ်ပိတ်သွားတယ်လို့   မြို့ခံတစ်ဦးက ပြောပါတယ်။

သာစည်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နေနွယ်ဝင်း(ခ)မပအို့မ နေအိမ်နဲ့ မေဖလားဝါး(MayFlower) လက်ဖက်ရည်ဆိုင်တို့ကို စစ်ကောင်စီအဖွဲ့တွေ ရောက်လာပြီး ချိတ်ပိတ်သွားတာဖြစ်ပါတယ်။

“အန်အယ်လ်ဒီပါတီဝင်တစ်ဦးပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အမှတ် (၂) မဲဆန္ဒနယ်က အနိုင်ရ ကိုယ်စားလှယ်တစ်ဦးပေါ့။ လူကတော့ ရှောင်နေတာ။ အိမ်နဲ့ ဆိုင်ကိုတော့ ချိတ်ပိတ်သွားတယ်” လို့ မြို့ခံက ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နေနွယ်ဝင်းရဲ့ နေအိမ်နဲ့ ဆိုင်ကို စစ်ကောင်စီက ဘာကြောင့် ချိတ်ပိတ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

မြန်မာနိုင်ငံတဝန်းမှာ အန်အယ်လ်ဒီပါတီရုံးတွေ၊  လွှတ်တော် အမတ်တွေရဲ့ နေအိမ်တွေသာမက အန်အယ်လ်ဒီ ထောက်ခံတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကိုပါ စစ်ကောင်စီက ချိပ်ပိတ်နေတာ ဖြစ်ပါတယ်။ DVB

ညောင်တုန်းမြို့က စစ်ကောင်စီခန့် အုပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံး

ဧရာဝတီတိုင်း ညောင်တုန်းမြို့တွင် စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်သမားကပစ်ခတ်၍သေဆုံးမှု ယနေ့ညကဖြစ်ပွားသည်။အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းသူသည် နေအိမ်မှသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့အသွား တာကြီးပိုင်းတော ရကျောင်းတိုက်အနီးအရောက် ည ၆နာရီ ၃၀မိနစ် အချိန်တွင် သေနတ်သမားကပစ်သွားခဲ့ခြင်းဖြစ်သည်။

“သုံးချက်အပစ်ခံရပြီး ပထမ ညောင်တုန်းဆေးရုံကိုပို့တယ်။ ညောင်တုန်းဆေးရုံကနေ မအူပင်ကိုလွှဲတာ လမ်းမှာတင် သေသွားတယ်လို့ သိရတယ်။ အဲ့လူကို သတိပေးနေတာကြာပြီ။ သူ့ကြောင့် အဖမ်းခံရတဲ့ လူငယ်တွေအများကြီးရှိတယ်။ သူ့အိမ်မှာ ရဲနဲ့စစ်သားတွေက အမြဲအရက်သောက်သောက်နေတာ ။

ဒလန်ပါ”ဟု ညောင်တုန်းဒေသခံတစ်ဦးက ပြောသည်။စစ်ကောင်စီတပ်များက ညောင်တုန်းမြို့အပြင် အနီးမှဖြတ်သန်းသွားလာရာဖြစ်သည့် ဆားမလောက်ဂိတ်၊ ပန်တိုင်ဂိတ်များကိုပါ ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေပြီး ဖြတ်သန်းသွားလာနေသည့် ပြည်သူများကိုပါ တားမြစ်စစ် ဆေးနေခဲ့သည်။ mizzima

ဆားလင်းကြီးတွင် မိုင်းခွဲခံရသဖြင့် စစ်အရာရှိတစ်ဦးနှင့် ဆားလင်းကြီးမြို့နယ်ရဲစခန်းမှူး သေဆုံး၊ ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် စစ်အရာရှိတစ်ဦးနှင့် ဆားလင်းကြီးမြို့နယ်ရဲစခန်းမှူးလိုက်ပါသော ကား မိုင်းခွဲခံရသဖြင့် စစ်အရာရှိနှင့်ရဲစခန်းမှူး သေဆုံးသွားကြောင်း Monywa UG Group က ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်း စစ် ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ဆားလင်းကြီးလမ်းမကြီးပေါ်တွင် စစ်အရာရှိနှင့်ဆားလင်းကြီးမမြို့နယ်ရဲစခန်းမှူး လိုက်ပါသော အိမ်စီးကား မိုင်းခွဲခံရခြင်းဖြစ်ကြောင်း၊ ထိုအိမ်စီးကားသည် ဆားလင်းကြီးလမ်းမကြီးပေါ် Monywa UG Groupနှင့်မဟာမိတ်အဖွဲ့က ထောင်ထားသော မိုင်းပစ်ကွင်းထဲရောက်လာသဖြင့် မိုင်းဆွဲတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း Monywa UG Group တာ ဝန်ရှိသူတစ်ဦးက RNAကို ပြောသည်။

“ကျနော်ကြိုစောင့်နေတာပါ။ ကျနော်တို့ ပစ်မှတ်ထဲကို ဝင်လာတဲ့အတွက်ကြောင့် အခုလို မိုင်းဆွဲလိုက်တာပါ၊စစ်တပ်က အဆင်မြင့်အရာရှိတစ်ဦးရယ် နောက်ပြီး ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူးရယ် နှစ်ဦးသေဆုံးပြီး ကျန်တဲ့တပ်သားတစ်ဦးပြင်းထန် ဒဏ်ရာရရတယ်လို့ သိရတယ်” ဟု Monywa UG Group မှ တာဝန်ရှိသူက ဆိုသည်။ စစ်တပ်က မိုင်းဆွဲတိုက်ခိုက်မှုကိုမကျေနပ်၍ လမ်းဘေးမုန့်ဟင်းခါးရောင်းသည့် ဈေး ဆိုင်တစ်ခုကို မီးရှို့ဖျက်ဆီးကာ လမ်းကိုဖြတ်သွားသည့် ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ khit thit

ကနီမြို့နယ်၌ CDM ဝန်ထမ်းများကို ဒေသခံပြည်သူများက ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း CDM ဝန်ထမ်းတွေအတွက် ဒေသခံပြည်သူတွေက ‌ဒီဇင်ဘာ ၄ ရက်မနက်ပိုင်းမှာ  စားနပ်ရိက္ခာပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ ဒေသခံတွေဆီက  သိရပါတယ်။

ဌာနပေါင်းစုံ CDM ဝန်ထမ်း ၁၅၀ ကျော်အတွက် ဆန် ၄ ပြည်၊ ပဲ ၊  ကိုယ်တိုက်ဆပ်ပြာ ၃ ခဲ၊ ဟင်းချိုမှုန် ၂၅ ကျပ်သား စတာတွေ ထောက်ပံ့ခဲ့တာလို့  ကနီမြို့နယ်ကျေးရွာတစ်ရွာက CDM ထောက်ပံ့ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“ပြည်သူကိုချစ်တဲ့ ပြည်သူဝန်ထမ်းကို ပြည်သူကထောက်ပံ့ပေးတာပါ။ ပြောချင်တာက CDM ဝန်ထမ်းအကုန်မဟုတ်ပေမဲ့ ကျနော်တို့ ဒေသခံပြည်သူတွေ နိုင်သလောက်ပေါ့ လုပ်ပေးရတာပါ။ ဒီအကြိမ်နဲ့ဆို ၃ ကြိမ်မြောက်ပဲဗျ။”  

ကနီတမြို့နယ်လုံးအတိုင်းအတာနဲ့ ကူညီမှုတွေ ဆက်လုပ်သွားချင်တဲ့အတွက် ကူညီလှူဒါန်းပေးကြဖို့လည်း CDMထောက်ပံ့ရေးအဖွဲ့က တိုက် တွန်း ပါတယ်။

ကနီမြို့နယ်မှာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်း Non-CDM ကနေ အာဏာဖီဆန်  CDM လုပ်လာတဲ့ ဝန်ထမ်းအများအပြားရှိနေပေမဲ့  စစ်ကောင် စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ DVB

KCKU တိုက်ခိုက်၍ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ၅ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာသုံးရွာမှ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူ ငါးဦးကို ယမန်နေ့ ဒီဇင်ဘာလ ၃ရက်က တိုက်ခိုက်ခဲ့ရာ ၎င်းတို့ သေဆုံးသွားကြောင်း တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး (King Cobra-Khin U- KCKU) အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။ပျူစောထီးများသည် ခင်ဦးမြို့နယ်အတွင်းရှိ ငါးတင်းကြီးကျေးရွာ ၊ကျောက်ချောကျေးရွာ နှင့် ထနောင်းကိုင်းကြီးကျေးရွာတို့မှ ဖြစ်ကြောင်း KCKU အဖွဲ့က လူမူကွန်ရက်က တစ်ဆင့် ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ခင်ဦးမြို့နယ်ရှိ ကျေးရွာများမှ ပျူစောထီးဆိုသူ ၇၄ ဦးသည် မေလ ၃ ရက်မှ ဒီဇင်ဘာလ ၃ ရက်အထိ ခုနစ်လတာအတွင်း တိုက်ခိုက်ခဲ့ရပြီး သေဆုံးခဲ့ကြောင်း KCKU အဖွဲ့ဝင်တစ်ဦးက ပြောသည်။“ကျေးရွာတစ်ခုမှာ သုံးယောက် လေးယောက်ပါပဲ။ မြို့ပေါ်မှာလည်း သုံးယောက်ပါ။ အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်များတယ်။ အဲထဲမှာ အမျိုးသမီးသုံးဦးပါတယ်။ အုပ်ချုပ်ရေးမှူး နှစ်ဦးပါတယ်။ ရာအိမ်မှူးတစ်ဦးပါတယ်။ ကျန်တာက သတင်းပေး ပျူစောထီးတွေပါ ။ အခုက ပျူစောထီးက လက်နက်၊ဝတ်စုံနဲ့တကွ ဖြစ်နေကြတယ်” ဟု KCKU အဖွဲ့ဝင်တစ်ဦးက ဆို သည်။

KCKUသည် ပုဂ္ဂိုလ်စွဲနှင့် လူမျိုးစွဲမရှိဘဲ စစ်ကောင်စီကို တော်လှန်နေချိန်တွင် နယ်မြေအတွင်း အန္တရာယ်ရှိလာနိုင်သည့် ဆူးငြောင့်များကို ရှင်း လင်းခြင်းသာဖြစ်ကြောင်း ၎င်းကပြောသည်။ “စစ်ကောင်စီတပ်က ကျေးရွာကိုလာတယ်ဆိုတာက ကျေးရွာက သတင်းပေးက ခေါ်လို့လာတာ။ နယ်မြေစိုးမိုးမှု ရပ်ရွာစီမံခန့်ခွဲမှုတွေ မတိုင်ခင်မှာ ဒီလိုသုတ်သင်ရှင်းလင်းမှုတွေ လုပ်မှာပါ။

နောက်တစ်ချိန် တရားဥပဒေအရ စီစဉ်ဆောင်ရွက်သွားမှာပါ ”ဟု KCKUအဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။ခင်ဦးမြို့နယ်အတွင်းရှိ ပျဉ် ထောင်ရွာ ၊ရွာသစ်ကုန်း ၊ မဒေါင်းလှ နှင့် မကျည်းတုံ ကျေးရွာတို့တွင် စစ်ကောင်စီက တပ်စွဲထားရှိပြီး ၎င်းကျေးရွာများမှ ဒေသခံ ပျူစောထီးများကို သင်တန်းပေးခြင်း၊ ခင်ဦးမြို့နယ်အတွင်း ပျူစောထီးများကို စုစည်းခြင်းနှင့် လက်နက်များထောက်ပံ့ပေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ mizzima

မိုးကုတ်ကျောက်မျက်တွင်းကို စစ်တပ်က ဝင်ရောက်ပစ်ခတ်သဖြင့် တွင်းသမား ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းက ကျောက်မျက်တွင်းမှာ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် ကျောက်မျက်တွင်းမှာ အစောင့်ကျနေတဲ့   တွင်းသမား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနက် အစောကြီး အလုပ်ဆိုထွက်သွားတာ၊ ညနေ ၃ နာရီလောက်ကျ နှစ်ယောက်လုံး ပစ်သတ်ခံရပြီး သေတယ်ကြားရတာ။ ကလေးတွေက ဘာအပြစ်မှမရှိဘူး”လို့ သေဆုံးသူနဲ့ နီးစပ်သူက ပြောပါတယ်။။ 

ဘာကြောင့် ပစ်သတ်ခဲ့တယ်ဆိုတာ မသိရသေးဘဲ စစ်ကောင်စီတပ်က တွင်းသမား နှစ်ယောက်ကို ပစ်သတ်ပြီးနောက် ကျောက်မျက်တွင်းက ပြည်သူပိုင်ပစ္စည်းတွေကိုပါ သိမ်းသွားတယ်လို့ ဒေသခံတွေက  ပြောပါတယ်။ DVB

« Older Entries