ကန်ပက်လက်တွင် စစ်သား နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လန်မြို့ စာသင်ကျောင်းတစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်‌နေ့ (ဒီဇင်ဘာ ၃) မွန်းလွဲ ၁ နာရီခန့်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား နှစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရသွားသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF – ကန်ပက်လက်) က ဆိုသည်။

စစ်သား ၁ဝဝ ခန့် တပ်စွဲထားသည့် မြို့ပေါ်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းဝန်းကျင် တိုက်ပွဲမှာ  ၁ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ၎င်းတို့တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း CDF – ကန်ပက်လက် ဒုတိယ တပ်မမှုးက ပြောသည်။

“နှစ်ယောက်က အဲဒီမှာပဲ ချက်ချင်းသေသွားတယ်ပေါ့၊ တစ်ယောက်ကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်၊ သူလည်း သေဖို့များတယ်၊ ချက်ချင်းမသေတာပဲရှိတယ်” ဟု ဒုတိယတပ်မမှုးက ပြောသည်။

အထက်တန်းကျောင်းဝန်းကျင် တိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော်လည်း မြို့နယ်အတွင်း နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (နတလ) ဒီဇင်ဘာ ၂၊ နံနက် ၄ နာရီခန့်တွင် မီးရှို့ခံရသဖြင့် အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးသွားသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

CDF – ကန်ပက်လက်ဘက်ကမူ နတလကျောင်းမီးလောင်မှုမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ငြင်းသည်။

ကန်ပက်လက်တွင် တပ်မ ၉၉ လက်အောက်ခံတပ်များက အထက ၁ တွင်သာမက ရဲစခန်းနှင့် ရန်အောင်စေတီတို့တွင်လည်း တပ်စွဲထားကြောင်း၊ အင်အား ၂ဝဝ ဝန်းကျင်ရှိနိုင်ကြောင်း CDF – ကန်ပက်လက်က ခန့်မှန်းသည်။

နိုဝင်ဘာ ၂၈ တွင် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၊ ၆ ဦး အပြင်းအထန်ဒဏ်ရာရသွားသည်ဟု CDF – ကန်ပက်လက်က ပြောထားသည်။

ချင်းပြည်နယ်အပါအဝင် နိုင်ငံအနှံ့တွင် မြို့ရွာများကို မီးရှို့၊ ပြည်သူတို့၏ ငွေကြေး၊ ဥစ္စာများကို လုယူဖျက်ဆီးနေသဖြင့် စစ်ကောင်စီကို ဆက် လက် ဟန့်တားတိုက်ခိုက်ရမည်ဟု  CDF – ကန်ပက်လက် ဒုတိယတပ်မမှုးက ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ ထန်တလန်မြို့ ၁ဝ ကြိမ်နီးပါး မီးရှို့ခံရပြီးနောက် နေအိမ် ၄ဝဝ ကျော် ဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်များမှာ စစ်ကောင်စီလက်ချက်ဟု CDF က ပြောထားပြီးဖြစ်သည်။

စစ်ကောင်စီဘက်က ငြင်းလေ့ရှိသော်လည်း ဒေသခံများ မြို့လုံးကျွတ် ထွက်ပြေးနေရစဉ် ၎င်းတို့တပ်ဖွဲ့များသာရှိနေချိန်တွင် ထိုသို့ လူနေအိမ်အများအပြား မည်သည့်အတွက်ကြောင့် အကြိမ်ပေါင်းများစွာ မီးလောင်ခဲ့သည်ကို ရှင်းပြခြင်းမရှိပေ။

ထန်တလန်မြို့ရှိ နေအိမ် ၁၆၆ လုံး မီးလောင်ကျွမ်းခဲ့ရသည့် စက်တင်ဘာ ၁၈ ဖြစ်စဉ်တွင် မီးလောင်နေသည့် မြင်ကွင်းနောက်ခံဖြင့် ရိုက်ကူးထားသည့် စစ်သားတစ်ဦး၏ ဓာတ်ပုံ Facebook ၌ ထွက်ပေါ်ဖူးသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်နေရာ ချင်းပြည်နယ်သည်လည်း အပါအဝင်ဖြစ်သည်။

ကန်ပက်လက်မြို့သည် စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်နေသည့် မကွေးတိုင်း ဆောမြို့နယ်နှင့်လည်း နယ်နိမိတ်ထိစပ်နေသဖြင့် ဒေသခံကာ ကွယ်ရေးအဖွဲ့များ ပေါင်းကာ တိုက်ပွဲများ ဖော်ဆောင်လေ့ရှိပြီး စစ်တပ်ကလည်း ထိုဒေသအတွင်းသို့ အင်အားအလုံးအရင်းပို့လွှတ်ကာ စစ်ဆင်နေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s