ထီးလင်းမြို့ဝင်ဂိတ်ကို YDF-ထီးလင်းက စိန် ပြောင်းဖြင့်ပစ်ခတ်

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့တောင်ဘက်မြို့အဝင်ဂိတ်ကို ယမန်နေ့ညနေက စိန်ပြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာ ကွယ်ရေးတပ်တစ်ခုက ထုတ်ပြန်ကြေညာသည်။မြို့အဝင်ဂိတ်တွင် စစ်ကောင်စီတပ်လက်နက်ကိုင်များက ယာဉ်များတားဆီးစစ်ဆေးကာ ပါရှိသောကုန်အမျိုးအစားပေါ်မူတည်၍ ငွေကြေးတောင်းခံမှု တရားမဝင်လုပ်လေ့ရှိသောကြောင့် ဒီဇင်ဘာ ၃ ရက်နေ ညနေ ၃ နာရီခန့်အချိန်တွင် သတိပေးပစ်ခတ်ခြင်းဖြစ်သည်ဟု YDF-ထီးလင်း၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပစ်ခတ်မှုကြောင့် ဂိတ်တွင်လူထိခိုက်သေကြေမှုရှိနိုင်သည်ဟုလည်းပါရှိသော်လည်း စစ်ကောင်စီဘက်ကထုတ်ပြန်ခြင်းမရှိသေးပါ။” ကျွန် တော် တို့ကတော့ ကုန်ပစ္စည်းမတင်လည်းပေးနေရတာပဲ၊ခရီးသည်တွေပါလည်းပေးနေရတာပဲ ။မပေးရင်ဘာဖြစ်လဲဆိုတော့ ကားသမားတွေအတွက်ဘာမှမဖြစ်ဘူး။ခရီးသည်တွေဒုက္ခရောက်မယ်။
အိတ်တွေအားလုံးကိုအောက်ချခိုင်းမယ်။ဖွင့်ခိုင်းမယ်။တစ်ခုချင်းရှာမယ်။ခရီးသည်တွေကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မယ်၊အချိန်လင့်မယ်၊ဒီတော့ကားချိန်းမယ့်သူတွေအနေနဲ့ဒုက္ခရောက်ရတယ်”ဟု ခရီးသည်ယာဉ်လိုင်းကားဆရာတစ်ဦးကပြောသည်။ပစ်ခတ်ခံရသည့်ဂိတ်တွင် ရဲကင်းရှိပြီး စစ်ကောင်စီတပ်များနှင့်အတူရဲများလည်းရှိနေပြီး ငွေကြေးကောက်ခံခြင်းများကိုရဲများကသာလုပ်ဆောင်လေ့ရှိသည်ဟု သိရသည်။ mizzima