မောင်အာကာကျော် စစ်ကားနဲ့ အတိုက်ခံရချိန် မပြေးတော့ဘဲ ပြုစုကုသပေးရင်း အဖမ်းခံခဲ့ကြတဲ့ မမြကြူကြူသင်းနှင့် မယဉ်မေအောင်




ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ ဒီနေ့ နံနက် ၈ နာရီကျော်အချိန် စစ်ကားနဲ့ ဆန္ဒပြ သူတွေကို ဝင်တိုက် သတ်ဖြတ်ချိန်မှာ မပြေးတော့ဘဲ ကားတိုက်သူ တစ်ဦးကို ဘေးနားဝန်းရံအားပေးရင်း အဖမ်းခံသွားတဲ့ လူငယ်တစ်စု ရှိနေပါတယ်။ သူတို့ကတော့ မောင်အာ ကာကျော်၊ မမြကြူကြူသင်းနှင့် မယဉ်မေအောင်တို့ပဲဖြစ်ပါတယ်။
“ကျနော်သိတာက ကျနော့်သူငယ်ချင်းတွေက ဖုန်းသွားဝယ်မယ်ဆိုပြီး ချိန်းထားကြတာ။ ဆန္ဒပြပွဲကိုသွားပြီးမှ သွားဝယ်မှာလားတော့ ကျနော်မပြောတတ်ဘူး။ အာကာကျော်က အပြာရောင် မိုးကာလေးနဲ့ စစ်ကားနဲ့တိုက်ခံရပြီး လွင့်ထွက်သွားတယ်။ အာကာကျော်ကို ပြုစုပေးနေတာ မြကြူကြူသင်းနဲ့ ယဉ်မေအောင် ၃ ဦးစလုံးက သူငယ်ချင်းအရင်းကြီးတွေပါ။
အခုလည်း အာကာကျော် သေသလို သတင်းတွေလည်း ကြားနေရတယ်။ အဲဒီ ဓာတ်ပုံနဲ့ ဗီဒီယိုမှာပါတာ ကျနော့် သူငယ်ချင်းအရင်းတွေပါ။ လောလောဆယ် သူတို့ဘယ်မှာလဲ မသိဘူး” လို့ မိတ်ဆွေဖြစ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောဆိုလာပါတယ်။ မောင်အာကာကျော်နဲ့ မယဉ်မေအောင်တို့က မောင်နှမတော်စပ်တယ်လို့ ဆိုပါတယ်။
သူငယ်ချင်းဖြစ်သူ မမြကြူကြူသင်းနဲ့ မောင်အာကာကျော်တို့က Food Panda ပို့တဲ့ အလုပ်လုပ်တဲ့ Delivery သမားလေးတွေဖြစ်ပြီး ဒီနေ့ နားရက်မှာ ဆုံပြီးချိန်းကြတာလို့ ဆိုပါတယ်။ ဓာတ်ပုံနဲ့ဗီဒီယိုမှာ ပါတဲ့ပုံရိပ်တွေအရ မောင်အာကာကျော် စစ်ကားနဲ့ အတိုက်ခံလိုက်ရတာ သေ သေချာချာ မြင်လိုက်ရတာမို့ မိသားစုနဲ့ သူငယ်ချင်းတွေ အား လုံး အတော် စိတ်ပူနေကြတယ်လို့ သူက ဆိုပါတယ်။
သူငယ်ချင်း ၃ ဦး လုံးက ဆယ်ကျော်သက်တွေဖြစ်ပြီး လှိုင်မြို့နယ်နဲ့ အင်းစိန်မြို့နယ်တွေမှာ နေထိုင်ကြတာဖြစ်ပါတယ်။ လတ်တလော အသေ အပျောက်သတင်းတွေကြောင့် ကိုယ့်မိတ်ဆွေ အသိတွေ ပါသွားလားဆိုတာကိုတောင် စုံစမ်းရခက်နေတယ်လို့ အဲဒီမိတ်ဆွေက ဖွင့်ဟလာပါတယ်။ ဗီဒီယိုနဲ့ဓာတ်ပုံ ပုံရိပ်တွေမှာတော့ ပြေးလို့ရပေမယ့် မပြေးတဲ့ လူငယ်တချို့က ရပ်ထားတဲ့ကားကိုမှီပြီး လဲနေတဲ့ လူငယ်တစ်ဦးကို ပြုစုအားပေးနေတဲ့မြင်ကွင်းက ထိခိုက်ခံစားရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။ khit thit