မြေနီကုန်းတွင် စစ်တပ်က ပစ်သော သေနတ်သံများ ဆက်တိုက်ထွက်ပေါ်ပြီး ပြည်သူများ ရုတ်ရုတ် သဲသဲဖြစ်၊ အမျိုးသား ၂ ဦး စစ်တပ်က ပါးရိုက်ပြီး ဒူးထောက် ခိုင်းထားဟု ဒေသခံ တချို့ပြော
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီတွင် ယနေ့ ည ၈ နာရီ ခွဲဝန်းကျင် သေနတ်သံများ ကြားရပြီး မြေနီကုန်းနှင့် စမ်းချောင်းဘက်ခြမ်းတွင် ပြည်သူများ အိမ်နှင့်တိုက်များအပေါ် အလျင်အမြန် ပြေးတက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“သေနတ်သံ ၆ ချက် ၇ ချက်ကြားတယ်။ ဘာကို ပစ်မှန်းမသိဘူး။ လမ်းတွေလည်း ပိတ်ထားတယ်။ တော်လှန်ရေး ပန်းခြံဘက်နားမှာ။ တချို့ပြောတာတော့ အမျိုးသား နှစ်ဦးကို စစ်သားတွေက ပါးရိုက်ပြီး လက်မြှောက် ဒူးထောက် ထိုင်ခိုင်းထားတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စမ်းချောင်းဒေသခံတစ်ဦးကလည်း သေနတ်သံများကြားသဖြင့် စမ်းချောင်းအတွင်းရှိ အိမ်ဆိုင်နှင့်စျေးဆိုင်များအားလုံး ပိတ်သိမ်းသွားကြောင်း ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
“မြေနီကုန်း ဓမ္မာရုံနား စစ်ခွေးတွေ ရောက်နေတယ်ကြားတယ်ဗျာ။ ဘာတွေဖြစ်မှန်းမသိဘူး။ သေနတ်သံတွေလည်းကြားရတော့ အကုန်လုံး အိမ်တံခါးပိတ်ပြီး ကြည့်နေရတာပဲ။ စစ်ခွေးတွေက ဒီနေ့ စမ်းချောင်းမြေနီကုန်း အကုန်သံပုံးပြန်တီးတာကြောင့်လားမသိဘူး” ဟုဒေသခံတစ်ဦးကပြောသည်။ khit thit