ရန်ကုန်လူထုသပိတ်မှ ပြည်သူများကို စစ်တပ်က စစ်ကားဖြင့် တိုက်သတ်၊ သေနတ်ဖြင့် ပစ်သတ်မှုကို ဓာတ်ပုံ ၊ ဗီဒီယိုရိုက်ကူးသူများ ရှာ ဖွေဖမ်းဆီးနေ



ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ယနေ့ နံနက်ပိုင်း ၈ နာရီအချိန် ရန်ကုန်လူထုသပိတ်ကို စစ်ကောင်စီတပ်များက စစ်ကားဖြင့်တိုက်သတ်ခြင်း၊ သေနတ်ဖြင့်ပစ်သတ်ခြင်းတို့ကို တိုက်များပေါ်မှ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးသူများကို လမ်းပိတ်ဆို့၍ စစ်ဆေးရှာဖွေဖမ်းဆီးနေကြောင်း ပန်းပင်ကြီးလမ်းတွင် နေသူများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
“ပန်ပင်းကြီးကို ကမ်းနားလမ်းထိပ်၊နဲ့ ကြည့်မြင်တိုင်လမ်းထိပ်ဘက်ကို ပိတ်ပြီး တိုက်တွေကို ရှာနေတယ်။ ဗီဒီယိုနဲ့ ဓာတ်ပုံရိုက်သူတွေကို ဖမ်းဖို့ထင်တယ်။ ဖမ်းသွားပြီလည်း ကြားတယ်။ ရှာနေတယ်လည်း ကြားတယ်။ သူတို့တွေ ပန်းပင်ကြီးလမ်းမှာ ခြေရှုပ်နေတယ်။ အခုက ပုံတွေ၊ ဓာတ်ပုံတွေ ဗီဒီယိုတွေ ပြန့်သွားတော့ သူတို့ အရမ်းအထိနာသွားပုံရတယ်။
သူတို့ လူမဆန်တာကို ကျနော်တို့ပြည်သူတွေတင်မက ကမ္ဘာကပါ သိပြီဆိုတော့ ရှက်ရမ်းရမ်းနေပြီ။ ဆုံးတဲ့ကလေးတွေလည်း နေ့ချင်းသဂြိုလ်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတယ်” ဟု ကြည့်မြင့်တိုင်ဒေသခံတစ်ဦးက ပြောဆိုသည်။ ယနေ့နံနက်ပိုင်း ရန်ကုန်လူထုသပိတ်ကို ကားဖြင့်တိုက်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ် ဖြိုခွင်းသည့်အတွက် လူငယ် ၄ ဦးကျဆုံးခဲ့ရသည်။ khit thit