Monthly Archives: Dec 2021

ကြည့်မြင်တိုင်ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်သတ်မှုတွင် ပတ်သက်ခဲ့သော ဒလန်ဟုကျော်စောသူ သေနတ်ဖြင့်ပစ်သတ်ခံရ

ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီတပ်က ကားနှင့်ဝင်တိုက်၍ လူငယ်ငါးဦးသေဆုံးခဲ့ရမှုဖြစ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် အဆိုပါသပိတ်ဖြိုခွင်းရာတွင် စစ်ကောင်စီတပ်ကိုသတင်းပေးခဲ့သူဟု စွပ်စွဲခံရသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

မွန်းလွဲ ၁၂ နာရီကျော်က ဆင်မင်းရပ်ကွက်၊ ဆင်မင်းအိမ်ရာတွင်နေထိုင်သူ ကိုမင်းမင်းသည် ဓမ္မာရုံဘေးတွင်ဝိုင်းဖွဲ့ထိုင်နေစဉ် သေနတ်သမားက လာပစ်သွားခြင်းဖြစ်သည်ဟုသိရသည်။ ကိုမင်းမင်းသည် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် ဦးခေါင်းပွင့်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး​သေဆုံးခဲ့​ကြောင်း မျက်မြင်သက်​သေများကပြောသည်။

” အိမ်ရာထဲမှာ ဓမ္မာရုံရှိတယ်၊ အဲ့ဓမ္မာရုံဘေးမှာဝိုင်းဖွဲ့ပြီးထိုင်နေချိန်မှာ နှစ်ချက်ဝင်ပစ်တာ ထိသွားပါတယ်။ ရှေ့လတွေထဲက သူ့ဆိုင်ရှေ့မှာသပိတ်လုပ်ရင် ကလေးတွေကိုမစုခိုင်းဘူး၊ ​မောင်းထုတ်တယ်။ ဒီ​နေ့လည်း ကြည့်မြင်တိုင်ကိစ္စမှာ ဒလန်နှစ်​ယောက်ပါတယ်လို့သိရတယ်၊သူအပါအဝင်​ပေါ့။ မြင်တဲ့သူ​တွေရှိတယ်။” ဟု ​ဒေသခံအမျိုးသမီးတစ်ဦးက မဇ္စျိမ ကို ​ပြောသည်။

ထိုသို့ပစ်ခတ်မှုများဖြစ်ပွားပြီး​နောက် အလုံ၊ ဆင်မင်းအိမ်ယာထဲသို့ စစ်သားများ​ရောက်ရှိလာကာ စစ်​ဆေးမှုများပြုလုပ်ခဲ့ပြီး​ ပြန်လည်ထွက်ခွာသွား​ကြောင်း သိရသည်။ယနေ့နံနက်က ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော လူငယ်တစ်စုကို စစ်ကောင်စီတပ်က နောက်မှကားဖြင့်ဝင်တိုက်ပြီး သေနတ်ဖြင့်ပစ်ရာ ဆန္ဒပြလူငယ် ငါးဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့ကာ ၁၅ ဦး အဖမ်းခံခဲ့ရသည်ဟု ဆန္ဒပြသူ များက ပြောသည်။

စစ်ကားဖြင့်ဝင်တိုက်ခြင်းနှင့် သွေးထွက်သံယိုဖြင့်လမ်းပေါ်တွင်လဲနေသော ဓာတ်ပုံများ လူမူကွန်ရက်တွင်ကျယ်ကျယ်ပြန့်ပြန့်ပြန့်နှံ့ခဲ့သည်။ သို့သော် ရန်ကုန်တွင် ပြောက်ကျားသပိတ်ဆန္ဒပြမှုများဆက်လက်ဖြစ်ပေါ်ခဲ့သည်။ အာဏာသိမ်းပြီးချိန်ကစ၍ စစ်ကောင်စီတပ်သည် လူပေါင်း ၁,၃၀၀ ကျော်ကို သတ်ဖြတ်ပြီးဖြစ်သည်။ mizzima

အရာတော်မြို့နယ် စာသင်ကျောင်းနှင့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က ဖျက်ဆီး

အရာတော်မြို့နယ် ဝါးတန်းအုပ်စု၊ ကံဇွယ်ကျေးရွာက စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ကို စစ်ကောင်စီတပ်က ဒီဇက်ဘာ ၄ ရက်နေ့မှာ ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သား ၅၀ လောက် ဝါးတန်းအုပ်စု ကံဇွယ်ကျေးရွာကို ဝင်ရောက်မွှေနှောက်ရှာဖွေတာတွေ ပြုလုပ်သွားတာလို့ ရွာသားတစ်ဦးက‌ ပြောပါတယ်။

“ကျောင်းထဲက အခန်းတံခါးတွေ ဖျက်စီးရိုက်ခွဲသွားတယ်။ ကျောင်းထဲမှာလည်း အရက်၊ဘီယာတွေသောက်တယ်။ ရုံးခန်းထဲက စာရွတ်စာတမ်းတွေ အကုန်ဖျက်ဆီးတာတွေ လုပ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကံဇွယ်ကျေးရွာ မူလတန်းကျောင်းထဲ တပ်စွဲ ညအိပ်စခန်းချသွားပြီး ကျေးရွာအတွင်းက ကြက်၊ ဆိတ် စတာတွေ သတ်ဖြတ်စားသောက်ပြီး ‌ကျေးရွာအတွင်းက ဈေးဆိုင်တွေက ပစ္စည်းတွေယူဆောင်ခဲ့ကြပြီး အရက်ဘီယာတွေ သောက်သုံးကြတာလို့ ဒေသခံတွေက ပြောပါတယ်။ DVB

နွားထိုးကြီး လောင်းကစားဝိုင်းကို ပြည်သူ့ကာ ကွယ်ရေးမဟာမိတ်ညီနောင်သုံးဖွဲ့ ပစ်ခတ်သ တိပေး

မန္တလေးတိုင်း နွာထိုးကြီးမြို့နယ် ဘုရားကြီးရွာမှာ စစ်ကောင်စီအား ငွေပေးပြီး လောင်းကစားဝိုင်း ပြုလုပ်နေသူတွေကို ဒီဇင်ဘာ ၄ ရက်က သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်သတိပေးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လောင်းကစားဝိုင်း အကြီးအကျယ်လုပ်နေတာ အမိန့်ရပုံစံပဲ၊ ဘယ်သူမှ ဂရုမစိုက်ဘူး။ ရွာထဲက အိမ်တွေမှာ ခိုးတာ၊ လုတာတွေ ကြောက်နေရတယ်။ လောင်းကစားတွေကြောင့် ကလေးတွေလည်း စာရိတ္ထတွေပျက်မှာ စိုးရိမ်နေရတယ” လို့ ပြောပါတယ်။

လောင်းကစားမပြုလုပ်ဖို့ Natogyi People Defence Force | 27 Revolution Forces | Natogyi Regional PDF ပြည်သူ့ကာကွယ်ရေးမဟာမိတ်ညီနောင် ၃ဖွဲ့ က ခြောက်လှန့်ပစ်ခတ်သတိပေးခဲ့တာဖြစ်ပြီး ငွေသား နှစ်သိန်းရှစ်သောင်းကျပ်နဲ့ ဘီယာဘူး၊  အရက်ဘူး၊ အချိုရည်ဘူ‌ေးတွ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မည်သည့်နေရာမဆို လောင်ကစားဝိုင်း ပြုလုပ်နေပါက ဝင်ရောက်ပစ်ခတ်ဖမ်းဆီးမယ်လို့ ပြင်းထန်စွာသတိပေးကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။ DVB

အမေရိကန်နိုင်ငံတွင် ကျင်းပသော နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတော် ကန်ဒေါ်လာ ၁၀,၀၀၀ ကျော်ရရှိ

အမေရိကန်နိုင်ငံ၊ North Carolina ပြည်နယ်၊ Charlotte မြို့ ၌ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည့် နွေဦးတော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲတော်တွင် ကန်ဒေါ်လာ ၁၀,၀၀၀ ကျော်ရရှိခဲ့ကြောင်း ပွဲဦးဆောင်ကျင်းပခဲ့သည့် ZFU/PDF Supporter-NC အဖွဲ့ထံက သိရသည်။

ရန်ပုံငွေပွဲတွင် မြန်မာအစားအစာမျိုးစုံ၊ တိုင်းရင်းသားရိုးရာ အဝတ်အထည်မျိုးစုံနှင့် တော်လှန်ရေးအမှတ်တရပစ္စည်းများကို ရောင်းချပြီး ရရှိလာသော ရန်ပုံငွေများကို ချင်းပြည်နယ်၊ တီးတိန်မြို့ နှင့် တွန်းဇန်မြို့နယ်တစ်ဝိုက်က တော်လှန်ရေးအတွက် ကိုယ်ကျိုးစွန့်ပြီး ရှေ့တန်းကပါဝင်နေကြသော ZFU/PDF-Zoland ကို ထောက်ပံ့ကူညီသွားမည်ဟု ပွဲစီစဉ်သူ ဦးထန်စွမ်း (U Thang Suan) ကပြောသည်။

ထိုရန်ပုံငွေပွဲသို့ အမေရိကန်နိုင်ငံရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံနှင့် အမေရိကန်နိုင်ငံသားများ အပါအဝင် လူဦးရေ ၁,၀၀၀ ကျော်ခန့်က စည်ကားသိုက်မြိုက်စွာ လာရောက်အားပေးပါဝင်ခဲ့ကြသည်ဟု သိရသည်။ mizzima

စစ်ကောင်စီထုတ်ကုန်များကို ဘုတလင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံစုပေါင်းပြီး ဒီဇင်ဘာ ၅ ရက်နေ့မှာ ဘုတလင်မြို့နယ်နဲ့ စိုင်ပြင်မြို့နယ်စပ်နှစ်ခုကြားမှာ  စစ်ဆေးဖမ်းဆီးတာ‌တွေ ပြုလုပ်ပြီး စစ်ကောင်စီရဲ့ထုတ်ကုန်တွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ္စည်းတွေဟာ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ အက်ဒမမ်းဂိုး စတဲ့ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။

ဘုတလင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးက “ဒီမနက်ခင်းကတည်းက  မြို့နယ်လုံခြုံရေးအတွက် ကျနော်တို့မြို့နယ်အတွင်းကနေ မုံရွာ-ရေဦးလမ်းမပေါ်မှာသွားတဲ့ ကားတွေကို စစ်ဆေးတာတွေလုပ်ခဲ့တယ်။ အရင်ရက်တွေကတည်းက စစ်ကောင်စီရဲ့ ထုတ်ကုန်တွေ အားမပေးဖို့၊ ရောင်းချသယ်ဆောင်တာတွေမလုပ်ဖို့ အကြိမ်ကြိမ်အသိပေးစာတွေ ထုတ်ခဲ့တယ်။ ဒီနေ့စစ်ဆေးရာမှာ အခုလိုတွေ့လို့ ဖျက်ဆီးတာတွေ လုပ်ဆောင်တာ” လို့  ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း  မြသိန်တန်ဘုရာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နတ်ကြီးနဲ့ပစ်ခတ်လို့ သာယာကုန်း‌ကျေးရွာ ဘုန်းတော်ကြီးကျောင်းထဲမှာ စစ်ဘေးရှောင်နေတဲ့ အပြစ်မဲ့ပြည်သူ ၇ ဦး လက်နက်ကြီး ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ DVB

အိုဆာကာ သမဝါယမအသင်းက မြန်မာပြည်သူများအတွက် ယန်း ၆ သန်းကျော် လှူဒါန်း

ဂျပန်နိုင်ငံ အိုဆာကာ သမဝါယမအသင်းသည် ဂျပန်ရောက် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည့် Myanmar Nationalities support Organization (Japan) အဖွဲ့သို့ မြန်မာပြည်သူများအတွက် အကူညီများ ပေးအပ်နိုင်ရန် အလှူငွေ ယန်း ၆ သန်းကျာ် (ကျပ်သိန်း ၉၀၀ ကျော်) ကို ဒီဇင်ဘာလ ၄ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းလှူဒါန်းငွေ ကျပ်သိန်း ၉၀၀ ကျော် လက်ခံရရှိခဲ့သည့် MNSO-JP အဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရကို ပြန်လည်လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။ “MNSO ကိုလှူတာပါ။ ဂျပန်အစိုးရ လက်အောက်က သမဝါယမအဖွဲ့ဆိုတော့ ကာကွယ်ရေးဘက်တော့ သွားလို့အ ဆင်မပြေလို့ MNSO ကတဆင့် မြန်မာပြည်သူတွေကို ပြန်လှူဒါန်းပေးသွားမှာပါ” ဟု MNSO-JP အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ လှူဒါန်းပွဲ အခမ်းအနားတွင် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာဝင်းမြတ်အေးက အွန်လိုင်းမှာတစ်ဆင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။ mizzima

မြစ်ငယ်တွင် လူမှုကွန်ရက်၌ PDF  ကြေညာ ချက်မျှဝေသူ အမျိုးသမီးငယ် အဖမ်းခံရ 

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ ကြေညာချက်ကို Facebook လူမှုကွန်ရက်တွင် ပြန်လည်မျှဝေသူ အမျိုးသမီးငယ်တစ်ဦး ယမန်နေ့ (ဒီဇင်ဘာ ၄) က အဖမ်းခံရသည်ဟု ဒေသခံတစ်ဦးနှင့် PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 

စစ်ကောင်စီက ဖမ်းဆီးခဲ့သူမှာ မြစ်ငယ်မြို့အနီး ရေကျည်‌ပေါက်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မငြိမ်းအိစံသိန်းဆိုသူဖြစ်ပြီး ယမန်နေ့ညပိုင်းက မြစ်ငယ် PDF ၏ ကြေညာချက်ကို ပြန်လည်ဖြန့်ဝေပြီး နာရီပိုင်းအကြာတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“ကလေးမလေးက PDF ရဲ့ ကြေညာချက်ကို လိုက် (Like) နဲ့ ရှဲ (Share) လုပ်လိုက်တာ။ လုပ်ပြီးတော့ ဖမ်းခံရတာပဲ၊ မိသားစုကတော့ ငိုယိုနေတာပေါ့ဗျာ။ ဖမ်းပြီးတော့ မြစ်ငယ်စခန်းကို ခေါ်သွားတယ်လို့ သိရတယ်” ဟု ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူ ထိုအမျိုးသားက ဆိုသည်။

အဖမ်းခံရသူ အမျိုးသမီးငယ်မှာ ယမန်နေ့က မြစ်ငယ်မြို့ မီးရထားစက်ရုံအုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအကြောင်း မြစ် ငယ် PDF ၏ ကြေညာချက်ကို လူမှုကွန်ရက်တွင် ပြန်လည်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စစ်သားနှင့် ရဲ ၁၅ ယောက်ခန့် အစောင့်ချထားသည့် မီးရထားစက်ရုံအုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြစ်ငယ် PDF က ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

ထိုသို့ကြေညာပြီးနောက် စစ်သားတစ်ဦးက လူမှုကွန်ရက်တွင် လာရောက်ဆဲဆိုခြိမ်းခြောက်ခဲ့ကြောင်း မြစ်ငယ် PDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“စစ်သားတစ်ကောင်က ကျွန်တော်တို့ Page အောက်မှာ လာဆဲနေပြီး စိန်ခေါ်နေတာ။ Messenger ကနေ ဗီဒီယိုကောတွေ ခေါ်တယ်။ ဆဲတယ်။ အရင်ရက်ပိုင်းတုန်းက အဖွဲ့ထဲက ဖမ်းခံထားရတဲ့ ကလေးနှစ်ယောက်ကို နှိပ်စက်ပြတယ်” ဟု အဆိုပါ PDF အဖွဲ့ဝင်က ပြောသည်။ 

အဆိုပါစစ်သားသည် လူမှုကွန်ယက်တွင် “စနိုက်ပါကျော်ငြိမ်းပြန်လာပြီ၊ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ခံတဲ့အကောင့်များ၊ PDF ကို ထောက်ခံသောသူများ ယနေ့မှစပြီး တစ်ယောက်ခြင်းဆီရဲ့အသက်ကို နုတ်ယူမည် လွတ်အောင်ပြေး၊ လွတ်‌အောင်ပုန်းပါ” ဟု ခြိမ်းခြောက်ရေးသားထားသည်ဟု သိရသည်။ 

ထိုသို့ ခြိမ်းခြောက်ရေးသားပြီး မရှေးနှောင်းမှာပင် ရေကျည်ပေါက်ကျေးရွာမှ အမျိုးသမီးငယ် အဖမ်းခံရခြင်းဖြစ်သည်ဟုလည်း မြစ်ငယ် PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ myanmar now

မြန်မာဘောလုံးအသင်းရဲ့ ဆူဇူကီး ခယောင်းလမ်း ဒီနေ့စပြီ

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဒီကနေ့ညနေ ၇ နာရီ ၁၅ မိနစ်မှာ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲ အုပ်စုပွဲစဉ်အနေနဲ့ အိမ်ရှင် စင်ကာပူအသင်းနဲ့ စတင်ယှဉ်ပြိုင်ရပါတော့မှာပါ။

သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်အနေနဲ့ ပရိသတ်အများစုရဲ့ သပိတ်မှောက်ခြင်းခံနေရတဲ့ မြန်မာဘောလုံးအသင်းမှာ တခြားပြဿနာတွေလည်း ရှိနေပါတယ်။ မနေ့ကအထိ ကစားသမား ၄ ဦး ဒဏ်ရာရရှိနေပြီး ကိုဗစ်-၁၉ ပိုးရှိ၊ မရှိ နောက်ဆုံးအဆင့် စစ်ဆေးရမယ့် ကစား သမား ၁ဝ ဦး လည်း ရှိနေတယ်လို့ နိုဝင်ဘာ ၄ ရက်နေ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာနည်းပြ အန်တိုနီဟေးက ဝန်ခံထားပါတယ်။

“ပွဲကစားနိုင်မယ့် အနည်းဆုံးအခြေအနေတစ်ခုရှိဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ လုပ်နိုင်ပါ့မလား မသေချာပါဘူး။ အခြေအနေတွေက အ ကောင်းဆုံးမှာမရှိဘူး။ ဒါပေမဲ့ အကောင်းဆုံးတော့ ကြိုးစားနေတယ်။ လာမယ့် ၂၄ နာရီအတွင်း ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါ။”

မြန်မာဘောလုံးအသင်းဟာ လွန်ခဲ့တဲ့ မေလလောက်ကတည်းက စတင်စုစည်းလေ့ကျင့်ပြီး တူရကီမှာ ခြေစမ်းပွဲတချို့ ကစားခဲ့ပေမယ့် အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲအတွက်တော့ လိုအပ်ချက်တွေ ရှိနေပါတယ်။ 

ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်တွင်းလိဂ်ပွဲစဉ်တွေလည်း မကစားခဲ့ရတဲ့ မြန်မာ ကစားသမားတွေကြောင့် ရွေးချယ်ရာမှာလည်း အခက်အခဲရှိခဲ့တယ်လို့ နည်းပြအန်တိုနီဟေး က ပြောပါတယ်။

“ပြည်တွင်းလိဂ်မရှိတဲ့ အခြေအနေမှာ လူငယ်ကစားသမားတွေ ရှာဖွေရတာကလည်း အလွန်ခက် ပါတယ်။ ကျနော်တို့ရဲ့ ပြုပြင်တည်ဆောက်မှုတွေကို မေလမှာ စတင်ခဲ့ပေမယ့် ယှဉ်ပြိုင်နိုင်တဲ့ အနေအထား မရှိခဲ့ပါဘူး။ ဒါပေမဲ့ သင်ခန်းစာတွေယူခဲ့ပြီးဖြစ်လို့ ပြီးခဲ့တဲ့ ၆ ပတ်တာကာလ အတွင်းမှာ လုံလောက်တဲ့ ကြံ့ခိုင်မှုရဖို့ ကြိုးစားခဲ့ပါတယ်” လို့ နည်းပြ အန်တွန်နီဟေးက The Straits Times  သတင်းစာမှာ ပြောထားပါတယ်။

မြန်မာအသင်းဟာ တူရကီမှာ အပျော်တမ်းကလပ် ၂ သင်းကို အနိုင်ရခဲ့ပေမယ့် အာဖရိကကလပ် ဘူရွန်ဒီကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အင်ဒိုနီးရှားကိုလည်း ၄ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မြန်မာအသင်းလူစာရင်းမှာ အမာခံကစားသမားတွေဖြစ်ကြတဲ့ ဂိုးသမား ကျော်ဇင်ထက်၊ နောက်ခံလူ ဇော်မင်းထွန်း၊ နန္ဒကျော်၊ တိုက်စစ်မှူး ကျော်ကိုကိုနဲ့ အောင်သူတို့ မပါဝင်တာကြောင့် ခါတိုင်းနှစ်တွေထက် ပိုပြီးအားနည်းချက်ရှိနေပါတယ်။ 

ဒီကြားထဲမှာ စင်ကာပူရောက်ပရိသတ်တွေကလည်း အာဏာသိမ်းစစ်တပ်အောက်မှာ မြန်မာအသင်းကို အားမပေးဘူးလို့ ကြေညာချက်ထုတ်ပြန်ထားလို့ အားပေးတဲ့ပရိသတ်လည်း ကင်းမဲ့နေမှာပါ။ 

နည်းပြ အန်တွန်နီဟေးကတော့ စင်ကာပူက ရေးပန်းစားတဲ့အသင်း ဆိုပေမယ့် ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

မြန်မာအသင်းဟာ အာဆီယံဆူဇူကီးသမိုင်းမှာ ၂၀၀၄ နဲ့ ၂၀၁၆ ပြိုင်ပွဲ ၂ ကြိမ်မှာပဲ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ဖူးပါတယ်။ ဒီနှစ်အုပ်စုမှာတော့ နာမည်ကြီး ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အရှေ့တီမောအသင်းတွေ ပါဝင်တဲ့အုပ်စု A မှာ ပါဝင်နေတာပါ။ 

ဒီကနေ့ ည ၇ နာရီ ၁၅ မိနစ်မှာ စင်ကာပူနဲ့ ကစားပြီးနောက် ဒီဇင်ဘာ ၈ ရက်မှာတော့ အရှေ့တီမော၊ ဒီဇင်ဘာ ၁၁ ရက်နေ့ ထိုင်း၊ ဒီဇင်ဘာ ၁၈ ရက်နေ့ ဖိလစ်ပိုင်အသင်းတွေနဲ့ ဆက်ကစားရမှာ ဖြစ်ပါတယ်။

မြန်မာဘောလုံးအသင်းကို ပြည်သူအများစုက သပိတ်မှောက်ထားပေမယ့် အရင်နှစ်တွေကလို ဆက်ပြီးအားပေးမယ့် ပရိသတ်တချို့လည်း ရှိနေပါသေးတယ်။ ဝါရင့်ကစားသမားတချို့လည်း မပါဝင်တဲ့ မြန်မာအသင်းဟာ ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေ ဆက်ရှိလာတာကြောင့် ခါတိုင်း နှစ်ထက်ပိုပြီး အားနည်းနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာဘောလုံးအသင်းရဲ့ ဆူဇူကီး ခယောင်းလမ်းက ဒီကနေ့ညနေမှာ စတင်တော့မှာ ဖြစ်ကြောင်းပါ။ DVB

« Older Entries Recent Entries »