Monthly Archives: Dec 2021

ရန်ကုန် ကမာရွတ်တွင် ယနေ့ည ၈ နာရီ သံပုံးတီးနေစဉ် စစ်ကားဖြင့် ရပ်ကွက်တွင်း ဝင်လာပြီး စစ်သားများက ပြည်သူပိုင် ကားအစီးရေ ၃ဝ ကျော် မှန်များရိုက်ခွဲပြီး ဖျက်ဆီး

ရန်ကုန် ကမာရွတ်မြို့နယ်၊၃ရပ်ကွက်၊ ရတနာလမ်း တွင် ယနေ့ ည ၈နာရီအချိန် ပြည်သူများက သံပုံးတီး ညသပိတ်ပြုလုပ်နေစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ရောက်ရှိလာကာ ပြည်သူပိုင် ကားအစီးရေ ၃ဝ ကျော်ထက်မနည်း စစ်တပ်က မှန်ရိုက်ခွဲပြီး ကားများကို ရိုက်နှက် ဖျက် ဆီးသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

” ကားအစီးရေ ၃၀ထက်မနည်းပျက်စီးသွားတယ်။ အိမ်စီးကားနဲ့ ဝင်ဖျက်စီးသွားတာ နေအိမ်တချို့မှန်တွေပါ ကွဲသွားတယ်။ လမ်းရဲ့တစ်ဝက်ကားတွေ ဖျက်ဆီးသွားတာ ဆဲဆိုပြီး မီးတွေပိတ် မီးတွေပိတ် အော်တယ်။ မပိတ်တဲ့အိမ် လေးဂွနဲ့ပစ်တယ်။ သေနတ်ပစ်သံပါ ကြားရတယ်။ လမ်းမှာအသံဗုန်းပါ ဖောက်သွားတယ်။

မီးမှိတ်ပြီး အခုချက်ချင်းအိပ်နဲ့ ဆဲဆိုတာလည်း မိုးမွှန်နေတာပဲ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် သေနတ် ပစ်ဖောက်ခြင်းများ အသံဗုံးဖောက်ခြင်းများပါ လုပ်ဆောင်ခဲ့ပြီး ပြည်သူပိုင် ကားများကို တီးဦး၊ အော်ဦး လေဟု ဆိုပြီး ရိုက်နှက် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ် ကင်းပုန်းကို PDF ဝင်တိုက်၊ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ် ရာရ ဟုဆို

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ငွေတောင်အုပ်စုမှ စစ်ကောင်စီ တပ်ရင်း (၄၂၇) ၏ ကင်းပုန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO-PDF) မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း DMO-PDF က ယ နေ့ ဒီဇင်ဘာလ ၇ ရက် တွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၅ ရက်နေ့ ည ၇ နာရီခန့်တွင် ငွေတောင်ဆည်အနီးရှိ အဆိုပါတပ်ရင်း ကင်း ပုန်းကို DMO-PDF မှ ၁၅ မိနစ်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။”အဲဒီတပ်က မြို့ထဲမှာဆိုတော့ အမြဲတမ်းလည်း ဝင်တိုက်လို့မရဘူး၊ တိုက်တိုင်းလည်း ရမ်းသမ်းပစ်တာတွေ အိမ်တွေမီးရှို့တာတွေလုပ်လို့၊ သူတို့နားမှာ ဒေသခံတွေရှိလို့ ခဏပဲပစ်ခဲ့ရတယ်၊ သေတာကိုတော့ ဒီနေ့မှ သေချာသိရလို့ ထုတ်ပြန်တာပါ” ဟု DMO-PDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ယင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှုများရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီ ကျဆုံးရေးအတွက် DMO-PDF အနေ ဖြင့် အစွမ်းကုန်တိုက်ထုတ် မည်ဖြစ်ပြီး လာမည့် တိုက်ပွဲအချို့ကို လုံခြုံရေးအရ အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ခြင်း ပြုလုပ်မည် မ ဟုတ် ကြောင်း အသိပေးထားသည်။ mizzima

တီးတိန်မြို့ PDF Zoland ခေါင်းဆောင် အနီး ကပ်ပစ်သတ်ခံရ 

သေနတ်ဖြင့် ပစ်သတ်ခံရသည့် PDF Zoland ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျင်ရှန်ဆုမ် ။ (ဓာတ်ပုံ-ပေးပို့) 

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် PDF Zoland ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျင်ရှန်ဆုမ် (Pa Cin Sian Sum) သည် မြို့ပေါ်ရှိ တိမ်းရှောင်နေသည့် နေအိမ်တစ်လုံးအတွင်း သေနတ်ဖြင့် အနီးကပ် နှစ်ချက်ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု  PDF Zoland အဖွဲ့တာဝန်ခံက ပြောသည်။ 

“ကျွန်တော်တို့ ကြားသိရတာကတော့ နှစ်ချက်ပစ်သွားတာပေါ့။ ရင်ဘတ်မှာ တစ်ချက်၊ ခေါင်းမှာ တစ်ချက်” ဟု PDF Zoland အဖွဲ့တာဝန်ခံက ဆိုသည်။ 

ဒီဇင်ဘာ ၅ နံနက်အစောတွင် သတ်ဖြတ်ခံခဲ့ရသည့် PDF Zoland အဖွဲ့၏ သင်တန်းနှင့် အင်အားစုဆောင်းရေးပိုင်းတွင် တာဝန်ယူထားသည့် အသက် ၃၈ နှစ်အရွယ် ဦးကျင်ရှန်ဆုမ်မှာ လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဇနီးနှင့် သား ၃ ဦးကျန်ရစ်ခဲ့ကာ ၎င်း၏ စျာပနကို ယမန်နေ့ (ဒီဇင်ဘာ ၆) က ပြုလုပ်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။ 

အဆိုပါပစ်ခတ်သတ်ဖြတ်မှုမှာ အိန္ဒိယ-မြန်မာနယ်စပ်အခြေစိုက် ဇိုမီးတော်လှန်ရေးတပ်မတော် (Zomi Revolutionary Army – ZRA) လက် ချက်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။ 

နိုဝင်ဘာလကုန်အတွင်း ZRA က ၎င်းတို့အဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေသည့်ကိစ္စနှင့် ပတ်သက်ပြီး လာရောက်တွေ့ဆုံဖြေရှင်းရန် ဒီဇင်ဘာ ၄ တွင် ဦးကျင်ရှန်ဆုမ်ကို ကြားခံလူမှတစ်ဆင့် ဆက်သွယ်လာခဲ့ကြောင်း PDF Zoland တာဝန်ခံက ပြောသည်။ 

ထိုပျောက်ဆုံးမှုမှာ PDF Zoland နှင့် မသက်ဆိုင်ကြောင်း၊ ကျန်းမာရေးအခြေအနေကြောင့် လာရောက်တွေ့ဆုံနိုင်ခြင်းမရှိကြောင်း အကြောင်း ပြန်ခဲ့သည်ဟု PDF Zoland တာဝန်ခံက Myanmar Now ကို ဆက်ပြောသည်။ 

“အဲဒီမတိုင်ခင်တစ်ရက်မှာ ZRA က သူ့ကို ခေါ်တွေ့တယ်။ လာရှင်းတော့မယ်ဆိုပြီး စကားလည်း ပြောထားတယ်။ သူကိုယ်တိုင်ကလည်း ကျွန် တော်တို့ကို ဒီလိုပြဿနာရှာနေပြီ၊ ကျွန်တော်တို့တစ်ဖွဲ့လုံးကို တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ငြိုးနေတယ်၊ ပြဿနာရှာမဲ့ အနေအထားပုံစံရှိနေတယ် ဆိုပြီးတော့ သူကိုယ်တိုင်က အဲ့ဒီနေ့ နေ့လယ်က message (စာတို) ပို့ထားတယ်ဆိုတော့ ဒါကတော့ လယ်ကွင်းပြင်မှာ ဆင်သွားသလို ထင်ရှားပါတယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါပစ်ခတ်သတ်ဖြတ်မှုမှာ ZRA အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောဆိုချက်နှင့် ပတ်သက်ပြီး ထိုအဖွဲ့ထံ Myanmar Now က အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။ 

ဇိုမီးတော်လှန်ရေးတပ်မတော် ZRA အဖွဲ့သည် ၁၉၉၃ တွင် စတင်ဖွဲ့စည်းပြီး ၂၀၀၅ တွင် အိန္ဒိယနိုင်ငံ၏ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲကာ မဏိပူရ်တွင် အခြေစိုက်သည်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော်လည်း စစ်အာဏာရှင်ကို ပြန်ခုခံတိုက်ခိုက်ရန် အ သစ်ဖွဲ့စည်းတည်ထောင်သည့် ဒေသခံကာကွယ်ရေးအဖွဲ့များကို ZRA က အကြိမ်ကြိမ် သွားရောက်ခိုက်ခဲ့သည်။

မေလ ၂၂ က တီးတိန်မြို့တွင် PDF (Teddim) အဖွဲ့ ဖွဲ့စည်းရန် စုစည်းနေသည့် လူငယ်အချို့၏ စခန်းကို  ZRA အဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေနတ် ၅ လက်၊ ဖုန်း၊ ကင်မရာအပါအဝင် သိန်း ၃၀ နီးပါး ဖျက်ဆီးပစ်ခဲ့ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

ဇွန် ၁၆ တွင်လည်း ZFU Zoland စခန်းတစ်ခုကို ZRA ဝင်ရောက်တိုက်ခိုက်ပြီး တူမီးသေနတ် ၅ လက်၊ ရိက္ခာ ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများအပါအဝင် ကျပ်သိန်း ၆၀ နီးပါး ဖျက်ဆီးခဲ့သည်။ 

ထို့နောက် ဇွန် ၁၇ တွင် ZRA (အရှေ့ပိုင်းတိုင်း) အဖွဲ့က ၎င်းတို့လှုပ်ရှားနယ်မြေအတွင်း မည်သည့်လက်နက်ကိုင်တပ်ကိုမှ ထူထောင်ခွင့်ပေးမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

အလားတူ တီးတိန်မြို့နယ်တွင် ဒေသခံကာကွယ်ရေးအဖွဲ့ဖွဲ့ရန် လူစုနေသည့် ဟွာလ်ငို (​​Hualnog) အဖွဲ့၏ စခန်းငယ်တစ်ခုကိုလည်း စက် တင်ဘာ ၂၁ ၌ ZRA က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒေသကာကွယ်ရေးအတွက် လှုပ်ရှားနေသည့် အဖွဲ့များကို နိုင်ငံရေးအမြတ်ထုတ်ရန် ရည်ရွယ်ပြီး ဗိုလ်ကျတိုက် ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ပါက ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က သတိပေးထား သည်။ 

ထိုသို့ စစ်ကောင်စီကို တော်လှန်ရန် ဖွဲ့စည်းထားသည့် ဒေသတွင်းကာကွယ်ရေးအဖွဲ့များကို ဝင်ရောက်တိုက်ခိုက်နေသည့်  ZRA ကို တော်လှန်တိုက်ခိုက်သွားမည်ဟု PDF Zoland က ဆိုသည်။ 

“တော်လှန်ရေးက နှစ်ထပ်ကွမ်းဖြစ်သွားတာပေါ့။ ဒီ စကစအားပေးတဲ့အဖွဲ့တွေကိုလည်း တော်လှန်ရမှာပဲလေ။ အမှန်တရားအတွက်၊ ဓမ္မအ တွက်၊ ပြည်သူတွေလိုချင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုအတွက် ကျွန်တော်တို့ တိုက်တဲ့ကြားမှာ သူတို့က အဟန့်အတားဖြစ်တာပေါ့” ဟု PDF Zoland အဖွဲ့တာဝန်ခံက ပြောသည်။ 

ခေါင်းဆောင်တစ်ဦးလုပ်ကြံခံရသော်လည်း ၎င်းတို့အဖွဲ့ ဆက်လက်ရပ်တည် လှုပ်ရှားသွားနိုင်သည်ဟု ဆိုသည်။ 

“ကျွန်တော်တို့က စုဖွဲ့မှုနဲ့ သွားတာပေါ့။ လက်ရှိမှာတော့ စိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့ ထိခိုက်မှုအကြီးကြီးတော့ ဖြစ်စရာ သိပ်မရှိပါဘူး။ …အထူးသဖြင့် ပြည်သူရဲ့ အားပေးမှုနဲ့ ကျွန်တော်တို့အထဲမှာ စုဖွဲ့မှုနဲ့ သွားတဲ့အခါကျတော့ ဘာမှထွေထွေထူးထူး ထိခိုက်စရာမရှိပါဘူး” ဟု ၎င်းတာဝန်ခံက ပြောသည်။  myanmar now

မန္တလေးစည်ပင်ရုံး အစောင့်စစ်သားများ ဗုံးဖြင့်တိုက်ခိုက်ခံရ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင် ရှိနေသည့် စစ်သားများကို ယနေ့ (ဒီဇင်ဘာ ၇) နံနက် ၆ နာရီတွင် လက်လုပ်ဗုံးဖြင့် ပစ် ခတ်တိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် မန္တလေးဖီးနစ်ပြောက်ကျားအဖွဲ့ (Mandalay Phoenix Force) က ပြောသည်။

၆၂ လမ်း၊ သိပ္ပံလမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းအဆောက်အအုံကို မီးရှို့ခဲ့ပြီး တစ်နာရီအကြာတွင် ၂၆ နှင့်၂၇ လမ်း ကြားရှိ မြို့တော်စည်ပင်ရုံးကို လက်လုပ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“မနက်အစော စစ်သားတွေ အိပ်နေတုန်း ပစ်ခတ်တိုက်ခိုက်တာပါ။ ဝန်ထမ်းတွေလည်း မလာသေးဘူး။ ဒီကောင်တွေရဲ့ ထိခိုက်မှုအခြေအနေကို မသိရဘူး။ ကျွန်တော်တို့ တိုက်ခိုက်ချိန်မှာ (စည်ပင်) ကားတစ်စီး ထိသွားတာပဲ မြင်ခဲ့ရတယ်” ဟု ထိုအဖွဲ့ဝင်က Myanmar Now ကို ပြော သည်။

ယာဉ်ထိန်းရဲကင်းတွင် လူမရှိသော်လည်း စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့က ထိုနေရာကို အသုံးပြုပြီး ပြည်သူများကို ဖမ်းဆီးခြင်း မပြုနိုင်ရန် တိုက် ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗုံးပစ်တိုက်ခိုက်ခံရကြောင်း၊ ကားတစ်စီး ထိခိုက်ထားသည်သာ တွေ့ရပြီး စစ်သားများ ထိခိုက်ခြင်း ရှိမရှိ မသိရသေးကြောင်း စည်ပင်ဝန်ထမ်းသတင်းရပ်ကွက်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“ဖြစ်တာက ၇ နာရီလောက် ဖြစ်တာဆိုတော့ အရမ်းစောနေတော့ မသိလိုက်ဘူး။ ကားတစ်စီး ထိထားတာတော့ တွေ့တယ်။ စစ်သားတွေ ထိမထိတော့ ရုံးထဲ သိပ်ပြောတာဆိုတာ မကြားရသေးဘူး”ဟု စည်ပင်ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

မန္တလေးမြို့နှင့် အနီးဝန်းကျင်တွင် အခြေပြုထားကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် မြို့ပေါ်တွင် ရှိသည့် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

မြို့တော်စည်ပင်နှင့် စည်ပင် မော်တော်ယာဉ်ဌာနရုံးပတ်လည်တွင် လုံခြုံရေးအတားအဆီးများချထားသည့်ပြင် ရုံးဝင်းအတွင်း စစ်သားနှင့် ရဲအစောင့်များ ရှိနေသော်လည်း မကြာခဏတိုက်ခိုက်ခံနေရသည်။

မန္တလေးစည်ပင်ရုံးအတွင်း စစ်သား ၂၀ ခန့် အစောင့်ချထားပြီး ဂိတ်ပေါက်တစ်ခုစီလျှင် စစ်သား ၃၊ ၄ ဦးခန့် လုံခြုံရေးယူ စောင့်ကြည့်လေ့ရှိသည်ကို တွေ့ရသည်။ 

အောက်တိုဘာ ၁၈ ကလည်း မန္တလေးမြို့တော်စည်ပင်ရုံးနှင့် မြို့နယ်အခွန်ရုံး ၄ ခု ဗုံးခွဲတိုက်ခိုက်ခံရပြီး စည်ပင်ရုံ တွင် တိုင်းအဆင့် ဌာနပေါင်းစုံအစည်းအဝေးလုပ်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။ 

အလားတူ ​​​​ယနေ့ နေ့လယ် ၁၁ နာရီတွင် အမရပူရမြို့နယ်၊ ဈေးလမ်းဆုံ မီးပွိုင့်ရှိ ယာဉ်ထိန်းရုံး ဗုံးကွဲခဲ့ပြီး အနီးမှ ဆိုင်ကယ်ဖြင့် ဖြတ်သွားသည့် အမျိုးသမီးတစ်ဦး ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း၊ လူမှုကယ်ဆယ်ရေးအသင်းကား ၂ စီး ရောက်ရှိလာပြီး သယ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သော Generation Z Power (GZP)  အဖွဲ့က ဗုံးကွဲမှုမှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။  myanmar now

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့သည့် တောင်သူ ၁ ဉီး၏ ရုပ်အ လောင်း ထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် သံဖိုကျေးရွာနေ လားရိုမော အား စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ထားသည့် ရုပ်အလောင်းကို တွေ့ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF (Kalay – Kabaw – Gangaw) က ယနေ့ ဒီဇင်ဘာလ ၇ ရက်တွင် ထုတ်ပြန်သည်။ပြီးခဲ့သည့် ဒီဇင် ဘာလ ၄ ရက်နေ့က အသက် (၂၄) နှစ်အရွယ် လားရိုမောအား မြစ်သာမြစ် အရှေ့ဖက်ကမ်းရှိ ၎င်း၏ ပဲနီခင်းတွင် ပေါင်းထိုးနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ အိုးမြေထူးရွာသို့ ခေါ်ဆောင်၍ မီးရှို့သတ်ဖြတ်ခဲ့‌ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ကလေးမြို့နယ် ချောင်းခွရွာသား အသက် (၅၅) နှစ်အရွယ် ငွန်နေထန်း ကို တောင်ဖာဒေသရှိ ၎င်းအ လုပ်လုပ်ကိုင်နေသော ပဲစိုက်ခင်းမှ အိုးမြေထူးရွာသို့ ခေါ်ဆောင်ပြီး မီးရှို့သတ်ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) မှ ထုတ်ပြန်ထား သည်။

ယခု မီးရှို့သတ်ဖြတ်ခံခဲ့ရပြီး ကျန်ရစ်သည့် လားရိုမော၏ ရုပ်အလောင်းအား CDF (KKG) မှ သွားရောက် သယ်ဆောင်ကာ ခရစ်ယာန်ထုံးတမ်း အစဉ်အလာနှင့်အညီ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှ ကျေးရွာသား ၁၁ ဦးကို ယနေ့ နံနက်တွင် စစ်ကောင်စီတပ်က လက်ပြန် ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောဆိုထားသည်။ mizzima

ကန်ပက်လက်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို CDF က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊ ဒီပဲယင်းတွင် PDF က ပိတ်ဆို့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅၀ သေဆုံးပြီး စစ်ရဟတ်ယာဉ် အသုံးပြု ပစ်ခတ်

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို CDF က ယနေ့ တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ် သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း CDF က ပြောသည်။

ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ရက် နေ့ နံနက်၇ နာရီ၃၀ မိနစ်မှစ၍ ၈ နာရီ ၃၀ အထိ ကန်ပက်လက်မြို့မရဲစခန်းတွင်တပ်စွဲထားသော အ ကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့တွင်းစစ်ကြောင်းထိုးလာသဖြင့် CDF Kanpetlet နှင့်တိုက်ပွဲ ၁နာရီကြာဖြစ်ပွားခဲ့ကြောင်း‌၊တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDF က ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းတွင် အောင်စည်မြေကျေးရွာအနီးတွင် ဒီဇင်ဘာလ ၇ ရက်နေ့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ရှိ စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၃ ဘက် ၃ တန်ပိတ်ဆို့ တိုက်ခိုက်ရာ စစ်သား ၅၀ ကျော်သေဆုံးကြောင်း ဒီပဲယင်း PDF သတင်းရင်းမြစ်က ပြောသည်။

“စစ်တပ်က အင်အား ၁၀၀ နဲ့ ထိုးစစ်ဆင်လာတာကို ကျနော်တို့က ၃ ဘက်ပိတ်ဆို့တိုက်တာပါ။ သူတို့ဘက်က ၅၀ နဲ့ ၆၀ ကြား သေတယ်။ အဲဒါ စစ်ရဟတ်ယာဉ်တွေနဲ့ လာပစ်လို့ ကျနော်တို့ ပြန်ဆုတ်ပေးလိုက်တယ်။ ကျနော်တို့ဘက်က ၂ ဦးကျဆုံးပါတယ်” ဟု ဒီပဲယင်းသတင်းရင်းမြစ်က ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်များ ဒီပဲယင်းတွင် အင်အားဖြည့်တင်းနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit

Kirin ဂျပန်အဖျော်ယမကာကုမ္ပဏီ တရားမျှတမှုရရှိရေး စင်ကာပူရှိ သမာဓိခုံရုံး၌ တိုင်ကြား

မြန်မာဘရူဝါရီလီမိတက်ကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက သိမ်းယူဖို့ကြိုးစားနေတာနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိဖို့ စင်ကာပူနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ခုံသမာဓိရုံးမှာ ဦးတိုက်လျှောက်ထားလိုက်တယ်လို့ ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin Holdingsက ဒီဇင်ဘာ ၆ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက မြန်မာဘရူဝါရီလီမိတက်အား စာရင်းရှင်းလင်းဖျက်သိမ်းသွားဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က တရားရုံးမှာ ဦးတိုက် လျှောက်ထားခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်တရားရုံးကနေ ဖျက်သိမ်းဖို့ ကြားနာမှာ ဖြစ်တာကြောင့် ကန့်ကွက်လိုသူတွေ လာရောက်ကန့်ကွက်နိုင်ကြောင်း နေ့စဉ်သတင်းစာတွေမှာ ကြော်ငြာထားပါတယ်။

ဒါကြောင့် Kirin Holdings ကုမ္ပဏီက ဒီဇင်ဘာ ၂ ရက်နေ့မှာ စင်ကာပူနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာခုံသမာဓိရုံး ထံလျှောက်ထားခဲ့ပြီး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ တရားစွဲဆိုမှုကို ဆိုင်းငံ့ထားဖို့ တရားရုံးက အမိန့်ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဒါကြောင့် အဆိုပါညွှန်ကြားချက်နဲ့အညီ Krin Holdings ကုမ္ပဏီက ဦးပိုင်ကုမ္ပဏီလီမိတက်အား တားမြစ်ချက်ကို လိုက်နာဖို့ တောင်းဆိုသွားမှာဖြစ်သလို တပြိုင်နက်တည်းမှာ ဦးပိုင်ကုမ္ပဏီလီမိတက်က တင်သွင်းထားတဲ့ မြန်မာဘရူဝါရီ လီမိတက်ကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအဆိုကို ပယ်ချဖို့ ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်တရားရုံးအား တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

မြန်မာဘရူဝါရီလီမိတက်ဟာ ပြည်တွင်းအဖျော်ယမကာစျေးကွက်မှာ အမည်ရနေတဲ့ လုပ်ငန်းတခုဖြစ်ပြီး ဒီလုပ်ငန်းကနေ မြန်မာဘီယာ၊ Myanmar Premium ဘီယာ၊ Kirin Ichiban ဘီယာ၊ Myanmar Lager ဘီယာ၊ Andaman Gold ဘီယာ၊ Black Shield Stout ဘီယာ စတဲ့ အမှတ်တံဆိပ်တွေ ထုတ်လုပ်ရောင်းချနေတာပါ။

မြန်မာဘရူဝါရီလုပ်ငန်းကို ဦးပိုင်ကုမ္ပဏီက ထိန်းချုပ်ဖို့ကြိုးပမ်းနေတာကို တားဆီးဖို့နဲ့ ပိုင်ဆိုင်ငွေတွေကို အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်တပ်လက်သို့ မလွှဲပြောင်းကြောင်း သေချာစေဖို့ Kirin ကုမ္ပဏီအနေနဲ့ နိုင်ငံတကာခုံသမာဓိ တရားစီရင်ရေး အပါအဝင် ရရှိနိုင်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်ရမယ်လို့ Jusitce for Myanmar အဖွဲ့ကလည်း မကြာသေးခင်က သတိပေးထောက်ပြခဲ့ပါတယ်။

မြန်မာဘရူဝါရီရဲ့ ပိုင်ဆိုင်မှုတွေနဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုတွေရဲ့ ပိုင်ဆိုင်မှုအားလုံးဟာ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကိုယ်စားပြုတဲ့ မြန်မာပြည်သူတွေနဲ့သာ သက်ဆိုင်ရမယ်လို့ Justice for Myanmar က နှိုးဆော်ထားပါတယ်။

ါကြောင့် ဂျပန်အခြေစိုက် အဖျော်ယမကာလုပ်ငန်းဖြစ်တဲ့ Kirin ဟာ မြန်မာဘရူဝါရီရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်အားလုံးကို NUG ရဲ့သဘောတူညီမှုရဖို့ လိုတဲ့ အကြောင်းနဲ့ Kirin ကုမ္ပဏီအနေနဲ့လည်း မြန်မာပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှုရှိရမှာ ဖြစ်သလို လူ့အခွင့်အရေး လိုက်နာမှုရှိစေရေးကို အကောင်အထည်ဖော်ရမှာဖြစ်ပြီး မြန်မာစစ်တပ်ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သတ်ဆက်နွှယ်မှု အားလုံးကို တာ ဝန်သိစွာ ချက်ချင်း ဖြတ်တောက်ဖို့လည်း Justice for Myanmar က တိုက်တွန်းထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမ လေးလပတ်အတွင်း မြန်မာဘရူဝါရီလီမိတက်ရဲ့ ရောင်းအား ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့် ဝင်ငွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် ပထမ လေးလပတ်နဲ့ နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေ ၆၆ ဘီလီယံလောက် လျော့ကျခဲ့တယ်လို့ ဂျပန်အဖျော်ယမ ကာကုမ္ပဏီ Kirin က ၂၀၂၁ ဘဏ္ဍာနှစ်အတွက်ထုတ်ပြန်တဲ့ တတိယ သုံးလပတ်အစီရင်ခံစာအရ သိရပါတယ်။

မြန်မာဘရူဝါရီလီမိတက် (Myanmar Brewery Limited) ကို ၁၉၉၅ ခုနှစ် မတ်လမှာ အကျိုးတူဖက်စပ်လုပ်ငန်းအနေနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး စတင်တည်ထောင်ချိန်က အမေရိကန်ဒေါ်လာ ၆၀ သန်း ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ရှယ် ယာပိုင်ရှင်မှုကတော့ ဂျပန်အဖျော်ယမကာကုမ္ပဏီဖြစ်တဲ့ Kirin က ၅၁ ရာခိုင်နှုန်းနဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

Kirin Holdings ကုမ္ပဏီအနေနဲ့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် အလွန်စိုးရိမ်ကြောင်း ဆန့်ကျင်ကြောင်းလည်း သဘောထားကို ဖေ ဖော်ဝါရီ ၅ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ DVB

ဆားလင်းကြီးတွင် စစ်​တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်း​တော​ကျေးရွာက စစ်​ရှောင်ပြည်သူတွေကို ဒီဇင်ဘာ ၇ ရက်​နေ့က စစ်​ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး​ မီးရှို့ထားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၃၀ ​ကျော်ခန့်ရှိတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ ​​စစ်မှုထမ်း​ဟောင်းအများစု​နေထိုင်တဲ့ ​အောင်​ဇေယျကွက်သစ်(​ဒေသခေါ် ရွှေ​တောင်ဦးကုန်း​ပေါ်)ဘက်​နေ မုံရွာ-ပုသိမ်ကားလမ်းအတိုင်း လာစဥ်မှာ စစ်​ကောင်စီတပ်ဖွဲ့​တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လမ်း​ဘေးဝဲယာက ပြည်သူ​တွေ ထွက်​ပြေးတိမ်း​ရှောင်​ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ထွက်​ပြေးတိမ်း​ရှောင်​နေတဲ့ ဒုန်း​တော​ကျေးရွာက ပြည်သူများကို စစ်​ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့ကြပြီး မီးရှို့သွားတယ်လို့ ​ဒေသခံ​တွေက ​ပြော ပါတယ်။ မီးရှို့သတ်ဖြတ်ခံရတဲ့ပြည်သူ​ပေါင်း ၁၁ ဦးထက်မနည်းရှိပြီး ​ကျေးရွာအပြင်ဘက် ကိုင်း​တောထဲပုန်း​ရှောင်​နေစဥ် သတ်ဖြတ်မီးရှို့ခံရတာလို့ ဆိုပါတယ်။

မုံရွာ-ပုသိမ် လမ်းအတိုင်းလာ​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ကို ​လမ်းခုလပ်တစ်​နေရာမှာ ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့တာကြောင့် စစ်​ကောင်စီဘက်က အထိနာသွားခဲ့ပြီး အခုလို ​တွေ့သမျှလူတွေကို သတ်ဖြတ်သွားတာဖြစ်နိုင်တယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်​လောက်မှာ မုံရွာ-ပုသိမ် လမ်းအတိုင်း ချီတက်လာတဲ့ စစ်​ကောင်စီတပ်ဖွဲ့​တွေကို ​လမ်းခုလပ်တစ်​နေရာမှာ ​​ဒေသခံ PDF အဖွဲ့က မိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခဲ့ကာ စစ်​ကောင်စီတပ်သား ထိခိုက်ကျဆုံးမှု​ရှိ​ပေမယ့် အ​ရေအတွက်အတိအကျ​တော့ မသိရဘူးလို့ PDF အဖွဲ့ဝင်တစ်ဦးက အတည်ပြု ​ပြောပါတယ်။

လက်ရှိအချိန်ထိ မုံရွာ-ပုသိမ် ကားလမ်း​ဘေးဝဲယာမှာရှိတဲ့ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ဒေသခံပြည်သူ​တွေဟာ ​နေအိမ်​တွေမှာ မနေရဲကြဘဲ ထွက်​ပြေးတိမ်း​ရှောင်​နေကြရဆဲဖြစ်ပါတယ်။ DVB

« Older Entries