Monthly Archives: Dec 2021

မန္တလေးတွင် ဆန္ဒပြပွဲအလာ ကားဖြင့်တိုက်ဖြိုခွင်းသဖြင့် အမျိုးသမီးတစ်ဦး အဖမ်းခံရ 

စစ်အာဏာသိမ်းပြီး ၁၀ လကျော်ကြာသည်အထိ နေ့စဉ် ထွက်ပေါ်နေဆဲ ဆန္ဒပြမှုများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းလျက်ရှိရာ ယနေ့ (ဒီဇင်ဘာ ၈) နံနက်ပိုင်းက မန္တလေးမြို့တွင် ဆန္ဒပြရန် ထွက်လာသည့် လူငယ်များ ကားဖြင့်တိုက်ကာ ပစ်ခတ်ခံရစဉ် အမျိုးသမီးတစ်ဦး ဒဏ်ရာဖြင့် အဖမ်းခံခဲ့ရသည်။ 

ယနေ့ နံနက် ၅ နာရီခွဲခန့်တွင် ဆန္ဒပြသပိတ်စစ်ကြောင်းထွက်ရန် စုရပ်သို့ လာစဉ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို စစ်ကောင်စီ၏ အရပ်ဝတ်လက်နက်ကိုင်များက အိမ်စီးကားများဖြင့် လိုက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲဝန်းရံသူ အမျိုးသားတစ်ဦးက ပြောသည်။

အရပ်ဝတ်လက်နက်ကိုင်များက အိမ်စီးကားသုံးစီးဖြင့် လိုက်တိုက်သဖြင့် ဆိုင်ကယ်နှင့်တကွ လဲကျသွားချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အခြားအမျိုးသမီးတစ်ဦး အဖမ်းခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီ၏ အရပ်ဝတ်လက်နက်ကိုင်များက အိမ်စီးကားများဖြင့် လိုက်လံဖြိုခွင်းစဉ် ပြန်လည်လွတ်မြောက်ခဲ့သူနှစ်ဦးကို ကိုးကား၍ အထက်ပါ အမျိုးသားက Myanmar Now ကို ပြောပြခြင်းဖြစ်သည်။

“နှစ်ယောက်က ထပြေးကြတာပေါ့။ တစ်ယောက်ကျတော့ ဆိုင်ကယ်ပိနေပြီး မပြေးနိုင်တော့ဘဲ ကျန်ခဲ့တယ်။ ကားပေါ်ကကောင်တွေ ဆင်းပြီးတော့ ပြေးတဲ့နှစ်ယောက်ကို သေနတ်တွေနဲ့ လိုက်ပစ်တယ်။ အဲဒီထဲက (ဖမ်းမိသူ) မိန်းကလေးလည်း သေနတ်ထိသေးပေမဲ့ ရှပ်ထိလေးပဲ၊ ဘာမှတော့ မစိုးရိမ်ရဘူး” ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ အိမ်စီးကားဖြင့်တိုက်ကာ ပစ်ခတ်ဖြိုခွင်းခံရသဖြင့် ချမ်းမြသာစည်မြို့နယ်အတွင်း ပြုလုပ်ရန် ချိန်းဆိုထားသည့် ဆန္ဒပြပွဲကို ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။  

“(ဆန္ဒပြ) စစ်ကြောင်းက ဖျက်လိုက်ရတယ်။ ဖမ်းခံရတဲ့အစ်မကို ခေါ်ပြီးတော့ အတူနေသူတွေရဲ့ အိမ်တွေကို နာရီပိုင်းကြာတော့ လိုက်ရှာတာတွေလည်း လုပ်နေတော့ ရွေ့ရပြောင်းရကိစ္စတွေလည်း ဖြစ်သွားတာပေါ့။ တစ်ယောက်ယောက် အဖမ်းခံရပြီဆို ဒါကတော့ ဖြစ်နေကျပါပဲ” ဟု ဆန္ဒပြပွဲဝန်းရံသူ အခြားအမျိုးသားတစ်ဦးက ပြောသည်။ 

ဖမ်းဆီးခံရသူ အမျိုးသမီး၏ နေအိမ်ကို နံနက် ၈ နာရီဝန်းကျင်တွင် အင်အား ၃၀ ဝန်းကျင်ရှိ စစ်သားနှင့် ရဲများက ဝင်ရောက်ရှာဖွေခဲ့ပြီး နေ အိမ်အတွင်းမှ ပရိဘောဂပစ္စည်းများအပါအဝင် တွေ့သမျှကို ယူဆောင်သွားကြောင်း ရပ်ကွက်နေသူများကို ကိုးကား၍ အထက်ပါ အမျိုးသားနှစ်ဦးက ဆိုသည်။ 

အောက်တိုဘာလအတွင်းကလည်း မဟာအောင်မြေမြို့နယ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက်ဖြိုခွင်းရာ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရသည်။ 

ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် စစ်ကားဖြင့်တိုက်ကာ ဖြိုခွင်းခံခဲ့ရသည်။ ရုပ်သံမှတ်တမ်းများအရ ကားဖြင့်တိုက်ခံရစဉ် လူခြောက်ဦး လွင့်စဉ်လဲကျခဲ့သော်လည်း သေဆုံးရှိမရှိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ပန်းပင်ကြီးလမ်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးထားသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူ သုံးဦးရှိသည်ဟုသာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး ကားဖြင့်တိုက်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့ကြီးအချို့တွင် ဆန္ဒပြပွဲများနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို စစ်ကောင်စီက ကားဖြင့်တိုက်ဖမ်းသည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ myanmar now

ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ရန်ကျန်ရှိသည့် သဘာဝဘေးအမှု ၁ မှုအတွက် ဒေါက် တာဇော်မြင့်မောင် ကိုယ်တိုင်သက်သေထွက်ဆိုမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော သဘာဝဘေးအမှု နှစ်မှုအနက် တရားရင်ဆိုင်ရန် ကျန်ရှိနေသော သဘာဝဘေးအမှု တစ်မှုအတွက် လာမည့် ဒီဇင်ဘာလ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင် တရားခံပြ သက်သေအဖြစ် လာရောက်ထွက်ဆို သွားမည် ဖြစ်ကြောင်း ရှေ့နေအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီ နေပြည်တော် ရွှေကြာပင် ရပ်ကွက်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲသို့ သွားရောက်ကြည့်ရှု့ ခဲ့သည်ဟုဆိုကာ တရားစွဲဆိုခံထားရသောအမှုဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင် သက်သေအဖြစ် လာရောက်ထွက်ဆိုရန် ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးက ဒီဇင်ဘာလ ၆ ရက်တွင် ဆင့်ခေါ်စာ ထပ်မံထုတ်ထားသည်ဟုဆိုသည်။ ယင်း ဆင့်ခေါ်စာမှာ တရားရုံး၏ ဒုတိယအကြိမ် ဆင့်ခေါ်စာဖြစ်သည်။ ဒေါက်တာဇော်မြင့်မောင်အနေဖြင့် သက်သေထွက်ဆိုရန်အသင့်ရှိနေပြီး ကျန်းမာရေးကောင်းမွန်ကြောင်း မန္တလေးမြို့ရှိ သူ၏နောက်ထပ်အမှုများအတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေအဖွဲ့ကပြောသည်။

ယင်းအမှုအတွက် နို၀င်ဘာလ ၉ ရက်က မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အစည်းအဝေး(CMP)ပြုလုပ်ခဲ့ရာတွင် နို၀င်ဘာလ ၁၆ ရက်တွင် သက် သေ အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ နို၀င်ဘာလ ၂၃ ရက်တွင် ခံပြသက်သေအဖြစ် ဒေါက်တာဇော်မြင့်မောင်ကို လည်း ကောင်း၊ ဒီဇင်ဘာလ ၇ရက်တွင် နှစ်ဖက်လျှောက်လဲချက်များပေးပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်တွင် အပြီးသတ်စီရင်ချက်အမိန့်ချမှတ်မည်ဟု ကနဦး ဆုံးဖြတ်ထားသည်။

သို့သော် နို၀င်ဘာလ ၂၃ ရက်က ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ရောဂါဝေဒနာ အမျိုးမျိုး ခံစားနေရသည့်အတွက် ခရီးသွားလာခွင့်မပြုကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးအရာရှိ၏ ဆေးလက်မှတ်ကို တရားသူကြီးက စွပ်စွဲခံရသူဘက်အား ထုတ်ပြခဲ့သည်။

ထို့ကြောင့် ယင်းနေ့တွင် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုနိုင်ခြင်း မရှိပေ။ ထို့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ အမှုနှင့် ပို့ကုန်သွင်းကုန်ပုဒ်မ ၈ အမှုအတွက် ဒီဇင်ဘာလ ၆ ရက်တွင် နှစ်ဖက် လျှောက်လဲချက်များပေးခဲ့ကြပြီးဖြစ်ရာ ဒီဇင်ဘာလ ၂၀ ရက်တွင် အပြီးသတ်အမိန့် ချမှတ်သွားရန်ရှိနေသည်။ အသက် ၇၆ နှစ်အရွယ် နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုစုစုပေါင်း ၁၂ မှုရင်ဆိုင်နေရကာ နှစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ပြီးသည့်အတွက် ကျန်အမှု ၁၀ မှုအား ဆက်လက် ရင်ဆိုင်နေရခြင်းဖြစ်သည်။ mizzima

ဘောလခဲမြို့နယ်၊ မဲ့စလောင်းတောင်အနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KA၊ KNDF ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ၊ မဲ့စလောင်းတောင်ခြေအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကြား ဒီဇင်ဘာလ ၇ ရက် ယမန်နေ့ ညနေ ၄ နာရီခွဲ၌ နာ ရီဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်တွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့ကြား ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာကျေးရွာအနီးရှိ ခြေတော်ရာတောင်၊ သဲတောင်နှင့် ခရော့စ်တောင်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ညနေပိုင်းအထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ညပိုင်းတွင်လည်း ဒီးမော့ဆိုမြို့နယ် ရဲစခန်းနှင့် ငွေတောင်အခြေစိုက် ခမရ ၄၂၇ တပ်ရင်းတို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ညလုံးပေါက်ပစ်ခတ်ခဲ့ကြောင်း KNDF ထံမှ သိရှိရသည်။ khit thit

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် တိုး တက်မှုမရှိသဖြင့် စင်ကာပူ စိတ်ပျက်

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်လို့ စင်ကာပူနိုင်ငံက အလွန်စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး မြန်မာပြည်တွင်း အ ကျပ်အတည်းအဆုံးသတ်ရေးအတွက် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာမှာ ထင်သာမြင်သာရှိရှိ တိုးတက်မှုမရှိလို့ စိတ်ပျက်မိကြောင်း  စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၇ ရက် မှာ ပြောပါတယ်။

အကြမ်းဖက်မှု ရပ်တန့်ရေး၊ ပါဝင်ပတ်သက်သူအားလုံး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ထပ်မံတောင်းဆိုပြီး အာဆီယံ အထူးသံတမန်ရဲ့ ပံ့ပိုးကူညီမှုအပါအဝင် အချက်ငါးချက်ပါ သဘောတူညီချက်ကို မြန်မြန်ဆန်ဆန်နဲ့ အပြည့်အ၀ အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို လာရောက်မယ့် အာဆီယံအထူးသံတမန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့  မြန်မာစစ်အာဏာ ပိုင်တွေကို တိုက်တွန်းတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံခြားသား အကျဉ်းသားတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုပါကြောင်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ထူ ထောင်ရေးတို့ကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်းလည်း ဆိုပါတယ်။

ဒီမှတ်ချက်တွေဟာ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့မေးမြန်းမှုအပေါ် ဖြေဆိုခြင်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာကျင်း ပတဲ့  အရေးပေါ်အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက သဘောတူညီချက် ၅ ချက် သဘောတူခဲ့ကြပါတယ်။ 

သဘောတူညီချက်တွေထဲမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုတွေအဆင် ပြေချောမွေ့စေဖို့ အာဆီယံ အထူးသံတမန်တစ်ဦး ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး စတာတွေ ပါဝင်ပါတယ်။

အဆိုပါသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဆီယံဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အောက်တိုဘာလကကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်း မရှိသလို နိုဝင်ဘာလမှာလည်း အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်မပါဘဲ ကျင်းပခဲ့ပါတယ်။ DVB

စစ်တပ်အထိနာသည့် ဒီပဲယင်းတိုက်ပွဲ

“လုပ်ကြပါဦးဟ၊ ကယ်ကြပါဦးဟ၊ သေကုန်ပြီလားမသိဘူး” ထိုအော်ဟစ် အကူအညီတောင်းသံများက ပြီးခဲ့သည့် လများအတွင်းက “ သတ္တိရှိရင်ထွက်ခဲ့” ဟု ပြည်သူများအား ရဲရဲတောက် စိန်ခေါ်ခဲ့သူများနှင့် တစ်ဖွဲ့တည်း၊ တစ်သားတည်းပင်ဖြစ်သည့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင်များထံကပင်ဖြစ်သည်။ ကူညီရန် ဟစ်အော်သည့် ထိုအသံများက ဒီပဲယင်းနယ် အနောက်ခြမ်းရှိ စစ်ကောင်စီ တပ်စွဲထားသည့်နေရာအား ဒေသကာကွယ်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်စဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အချိန်က ဒီဇင်ဘာလ ၇ ရက် နံနက် ၇ နာရီဝန်းကျင် ၊ ဆောင်းရာသီမို့ နှင်းကွဲစပြုနေမည့်အပြင် နေရောင်နုနု ကြား သေနတ်သံများကိုကျော်၍ ထိုးခွင်းထွက်လာသည့် အသံပင်ဖြစ်သည်။ “သူတို့ အထိုင်ချထားတဲ့ နေရာကို ကျွန်တော်တို့ အဖွဲ့တွေက တိုက်တာပါ။ အဲ့ဒီ တောတစ်နေရာမှာ တိုက်ခိုက် ခံလိုက်ရတော့ သူတို့ အငိုက်မိသွားတဲ့သဘော။ ချုံတွေထဲ အတင်းပြေးပြီး ကူပါ ကယ်ပါ အော်နေတာ။ ကျွန်တော်တို့က အပိုင်တွယ်ရတာ။ သူတို့ ယှဉ်ပြီးမပစ်ရဲဘူး ”ဟု တိုက်ပွဲတွင် ပါဝင် တိုက်ခိုက်သူ ပြည်သူ့ကာကွယ်ရေး တပ်သားတစ်ဦးက ပြောသည်။

ထိုတိုက်ပွဲတွင် နှစ်နာရီခန့်ကြာ နှစ်ဖက် တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ အရာရှိ အပါအ ဝင် ဦးရေ ၅၀ ခန့်ကျဆုံးခဲ့သည်ဟု ၎င်းကဆိုသည်။ အကျအဆုံးများကာ အထိနာခဲ့သည့် စစ်ကောင်စီတပ်သားများက အသံဖြင့်သာ ဟစ်ကြွေး အကူအညီတောင်းသည်မဟုတ် လေကြောင်းဖြင့်ပါ အကူအညီပေးရန် တောင်းခံခဲ့သဖြင့် စစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35က လေ ကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့သည်။ “တိုက်ပွဲ ပြင်းထန်ပြီး သိပ်မကြာလိုက်ဘူး။ သူတို့ဘက်က လေယာဉ်တစ်စင်း လာတယ်။ စက်သေနတ်တွေနဲ့ရော ဗုံးသီးတွေပါ ကြဲချကြတယ်။ ရွာတွေထဲကို ချိန်ပြီးတော့ကို ပစ်ကြတာ။ တော်တော်ကြာအောင်ပစ်တယ်” ဟု လေကြောင်းပစ်ခတ်ပုံကို ဒေသ ကာကွယ်ရေး တပ်သားတစ်ဦးက ပြန်ပြောင်း ပြောပြသည်။

လေကြောင်း ပစ်ကူမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့သော်လည်း ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို မပြောလိုဟု ၎င်းကဆိုသည်။ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်တစ်စင်း တိုက်ပွဲငြိမ်သက်ချိန်တွင် ထပ်မံ ဆင်းသက်လာပြီး ကျဆုံးသွားသည့် အရာရှိအလောင်းကို သယ်ဆောင်သွားခဲ့သည်။ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင်း ဒီပဲယင်းမြို့နယ်က သင်္ဃန်းကြီး၊ အင်ကြင်းကုန်း၊ မလုံးတင် နှင့် တိုက်ပွဲအနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများက ထွက်ပြေးတိမ်းရှောင်ကြရသည်။

စစ်ကောင်စီတပ်က စစ်ရေးတင်းမာလျက်ရှိသည့် ဒီပဲယင်းနယ်ကို လေကြောင်းပစ်ခတ်မှု မကြာခဏ ပြုလုပ်လေ့ရှိပြီး နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ညောင်လှရွာအနီးဝန်းကျင်ကို တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။ စစ်ကိုင်းတိုင်းတွင် ကျေးရွာပေါင်း ၆‚၀၀၀ ခန့် ရှိပြီး ရွာတိုင်းနီးပါးက စစ်အာဏာသိမ်းမှုကို မလိုလားသည့်အပြင် စစ်ကောင်စီ၏ ရက်စက်၊ အနိုင်ကျင့်၊ လုယက် ၊ သတ် ဖြတ် မှုများကြောင့် ရရာလက်နက် စွဲကိုင်တော်လှန်လျက် ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရသည်။

ထို့ပြင် ပြည်သူ့ကာကွယ် ရေးတပ်သားများကိုလည်း ဒေသခံများက ချစ်ခင်၊ အားပေး၊ ထောက်ခံကြသည်ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များဖွဲ့ဝင်များ တိုက်ပွဲပြန်ကို ကြိုဆိုနေသည့် ပုံများနှင့် ဗီဒီယိုဖိုင်များတွင် အထင်းသားမြင်တွေ့နေရသည်။ “ဒီမှာက ရွာတိုင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေပဲ။ ကျွန်တော်တို့တွေ တိုက်ပွဲထွက်လို့ ရွာထဲကို ဝင်ကြပြီ ဆိုရင် ရွာသူ ရွာသားတွေက စားဦး၊စားဖျားတွေ ရှိတာတွေ အကုန် ချကျွေးတာဗျ။ တပ်သားတစ်ယောက်ကို ခြင်းတောင်းတစ်လုံး အပြည့် သယ်သွားလို့တောင် ရတယ်။ ကွာခြားတာက ဟိုစစ်ခွေး (စစ်ကောင်စီတပ်သား) တွေ လာပြီဆို တစ်ရွာလုံး ဘယ်သူမှ မရှိတော့ဘူး။ အကုန်ပြေးရတာ ” ဟု ပြည်သူ့ကာကွယ်ရေး တပ်သားက ပြောပြသည်။

တိုက်ပွဲ ပြင်းထန်နေချိန်တွင် သတင်းများ ဖြန့်ဝေခြင်းက ကာကွယ်ရေးတပ်သားများအတွက် စစ်ရေး လုပ်ဆောင်ချက်များကို နှောင့်နှေးစေကြောင်းနှင့် ထိုသို့ မပြုကြရန်လည်း ပြည်သူ့ ကာကွယ်ရေး တပ်သားများက ပြည်သူ့ထံသတင်း စကားပါးသည်။ စစ်ကောင်စီတပ်ကတော့ ၎င်းတို့အား အင်အားကောင်းစွာ၊ စိတ်ဓာတ်ခိုင်မာစွာဖြင့် တွန်းလှန်နေသူ များစွာရှိနေသည့် စစ်ကိုင်းတိုင်းကို ရေကြောင်း၊လေကြောင်းနှင့် ကုန်းကြောင်း အစုံသုံးကာ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။mizzima

ရေဦးမြို့နယ်က ရဲကင်းစခန်းနှစ်ခုနှင့် မိုင်တဲလ်တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦး-တန့်ဆည် လမ်းမကြီးဘေး ပန်းကုန်းကျေးရွာအနီးမှာရှိတဲ့ ရဲကင်းစခန်းတခု၊ ရေဦး-ကံထူးမ လမ်းမဘေးက ရဲကင်းစခန်းတခုနဲ့ ရေဦး-တန့်ဆည် လမ်းအနီးက မိုင်တဲလ်တာဝါတိုင်တစ်တိုင်တို့ကို ဒီဇင်ဘာလ ၇ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ YE-U URBAN GUERRILLA ထုတ်ပြန်ကြေညာထားပါတယ်။

“အဲဒီပန်းကုန်းရဲကင်းစခန်းမှာ ရဲအမြဲတော့မနေဘူး၊ ရံဖန်ရံခါ ရဲတွေလာပြီး နွားကားတွေ သစ်ကားတွေဆီက ပိုက်ဆံတောင်းတဲ့နေရာပေါ့ဗျာ။ နေ့လည် ၁၁ နာရီကျော်လောက်က ဖြစ်မယ် မီးရှို့ခံရပြီး ပြာကျသွားတယ်” လို့ ရေဦး-တန့်ဆည်လမ်းမကြီးဘေး ဒေသခံတစ်ဦးကပြောပါတယ်။

တမာတော ရဲကင်းစခန်းကို မနက် ၁၀ နာရီလောက် မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ပန်းကုန်း ရဲကင်းစခန်းကိုတော့ ၁၁ နာရီလောက်မှာ ဖျက်ဆီးမီးရှို့ခဲ့တာဖြစ်ပြီး အဆိုပါရဲကင်းစခန်းတွေဟာ အမြဲတမ်းရဲဝန်ထမ်းမရှိပေမယ့် ကားလမ်းမကြီးဘေးတွေမှာရှိနေတဲ့အတွက် မကြာခဏ စစ်တပ်က လာရောက်တပ်စွဲတာကြောင့် မီးရှို့ဖျက်ဆီးတာလို့ ရေဦးမြို့ပြပြောက်ကျားအဖွဲ့ (YUG ) က ပြောပါတယ်။

မိုင်တဲလ်တာဝါတိုင်တစ်တိုင်က ဆက်သွယ်ရေးပစ္စည်းတွေကိုတော့ မွန်းတည့် ၁၂ နာရီလောက်မှာ မီးရှို့ခဲ့တာတာလို့ ဆိုပါတယ်။

ရေဦးမြို့နယ်အတွင်းမှာ တမာတောနဲ့ပန်းကုန်း ရဲကင်းစခန်း ၂ ခု ပထမဆုံးမီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး ဆပ်သေ၊ ဇိန့်ဇွန်း၊ ပလူဇဝ၊ မြင်းပေါက် စတဲ့ကျေးရွာတွေအနီးက မိုင်တဲလ်တာဝါတိုင် စုစုပေါင်း ၆ ခု ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။ DVB

မြိုင်မြို့နယ်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းကို ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင် PDF တပ်ဖွဲ့က ပြောပါတယ်။

မြိုင်-ပခုက္ကူကားလမ်းမှာ ဒီကနေ့ ညနေ ၃ နာရီလောက်က မြိုင်ကနေ ပခုက္ကူဘက်ကို ပြန်တဲ့ စစ်ကောင်စီ ကား ၂ စီးကို မြိုင်PDF က ဆွဲမိုင်း ၁၁ လုံးဆွဲပြီးတိုက်ခိုက်ရာ ကားတစ်စီးလုံး ထိခိုက်ပျက်စီးသွားတယ်လို့ မြိုင် PDF ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ခွင့်ချိန်က Dvb ကိုပြောပါတယ်။

“မြိုင်-ပခုက္ကူ လမ်းပိုင်းက ကွင်းပြင်ကြီးဆိုတော့ မှတ်တမ်းရိုက်ဖို့ အခက်ခဲရှိတယ်။ စစ်ကောင်စီ ကား ၂ စီး အနက် တစ်စီးမိုင်းထိမှန်ပြီး လုံးလုံး ပျက်စီးသွားတယ်။ မိုင်းထိမှန်တဲ့ ကာပေါ်မှာတင် အင်အား ၄၀ လောက်ပါတယ်။ ကားတစ်စီးလုံး ထိခိုက်ပျက်စီးသွားတာကြောင့် သေဆုံး ဒဏ်ရာရသူတွေ အများအပြားရှိနိုင်တယ်။”

မြိုင် PDF တပ်ဖွဲ့ဝင်တွေအနေနဲ့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အထိခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ် ကိုင်းတောမရွာနဲ့ စက်မှု ၂ ကြားမှာလည်း မနေ့က ညနေပိုင်းမှာ စစ်ကောင်စီကားကို မြိုင် PDF ရဲ့ လက်ခွဲ မြေခွေးပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

မိဘပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေမှာ မနေထိုင်ကြဖို့နဲ့ ခရီးသွား ယာဥ်မောင်းတွေအနေနဲ့လည်း ကားမှန်တွေကို အောက်ချပြီးမှ မောင်းနှင်ကြဖို့ ထပ်မံ သတိပေးထားပါတယ်။

အဲဒီတိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။ DVB

ပေါက်မြို့နယ်မှ မင်းတပ်မြို့သို့ ထွက်လာသည့် စစ်ကောင်စီထောက်ပို့ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှ ချင်းပြည်နယ် မင်းတပ်မြို့သို့ ထွက်လာသည့် စစ်ကောင်စီတပ်၏ ထောက်ပို့ ယာဉ်ကို ဒေသခံပြောက်ကျားတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( PDF-ပေါက်)ထံမှ သိရသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ် ငမို့ကြီးကျေးရွာနှင့် ရွှေလှံကျေးရွာကြားရှိ ပခုက္ကူ – မင်းတပ် လမ်းမကြီးပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၈ရက် နံနက် ၇နာရီဝန်းကျင်က ထိုယာဉ်ကို တိုက်ခိုက်ခဲ့ကြောင်း PDF-ပေါက်က သတင်းထုတ်ပြန်ထားသည်။”ဆွဲမိုင်း နှစ်လုံးအသုံးပြု တိုက်ခိုက်ခဲ့ပြီး စက စ (စစ်ကောင်စီ) ကားတစ်စီး ထိခိုက်ခဲ့သည်”ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက် ည၁၀နာရီခန့်ကလည်း PDF-ပေါက်အဖွဲ့မှ ကိုယ်တိုင်လုပ် အဝေးပစ် စိန်ပြောင်းကို စမ်းသပ်သည့်အနေဖြင့် ရေပြာရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ mizzima

« Older Entries