ဘောလခဲမြို့နယ်၊ မဲ့စလောင်းတောင်အနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် KA၊ KNDF ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ၊ မဲ့စလောင်းတောင်ခြေအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကြား ဒီဇင်ဘာလ ၇ ရက် ယမန်နေ့ ညနေ ၄ နာရီခွဲ၌ နာ ရီဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရကြောင်း KNDF က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်တွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့ကြား ဒီးမော့ဆိုမြို့နယ်၊ ထူလွီးဘီလာကျေးရွာအနီးရှိ ခြေတော်ရာတောင်၊ သဲတောင်နှင့် ခရော့စ်တောင်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ညနေပိုင်းအထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ညပိုင်းတွင်လည်း ဒီးမော့ဆိုမြို့နယ် ရဲစခန်းနှင့် ငွေတောင်အခြေစိုက် ခမရ ၄၂၇ တပ်ရင်းတို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်က အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ညလုံးပေါက်ပစ်ခတ်ခဲ့ကြောင်း KNDF ထံမှ သိရှိရသည်။ khit thit