Monthly Archives: Dec 2021

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် CDF နှင့် စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်ကောင် စီ ဘက်မှ ၇ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် CDF နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် (၉) နာရီအချိန်ခန့်က ဆောမြို့နယ်နှင့်ကန်ပက်လက်မြို့နယ်စပ်၊ ပေါင်ချောင်းဖက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စကစတပ်နှင့် CDF-KANPETLETတို့ ပါကွန်းကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲမှာ (၃) နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ ၆ ဦး ဒဏ်ရာရရှိ၍ ‌ (၇) ဦး သေဆုံးကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး၊လက်နက်ငယ် သာလွန်ပစ်အားကြောင့် CDF-KANPETLETက ခွာပစ်စနစ်ဖြင့် တိုက်ပွဲဆင်ခဲ့ပြီး အထိ အခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် စစ်အင်အားတိုးမြှင့်နေသော စစ်တပ်သည် ကန်ပက်လက်မြို့မြန်မာ့စီးပွားဘဏ်နှင့် မြို့နယ်ပ ညာရေးမှူးရုံးတို့တွင် တပ်စွဲထားကြောင်း သိရှိရသည်။ khit thit

အရာတော်နှင့်မင်းကင်းတွင် မြစ်ကူးတံတားနှင့်နေအိမ်အချို့ ဖျက်ဆီးခံရ၊ ပြည်သူထောင်ချီ ထွက်ပြေး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ မူးမြစ်ကူးတံတားနဲ့နေအိမ်နှစ်လုံးကို ပျူစောထီးတွေက ဖျက်ဆီးခဲ့ပြီး မင်းကင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပြည်သူထောင်ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ် အရှေ့တောင်ဘက် မူးမြစ်ဘေးမှာရှိတဲ့ ဆင်တလည်ကျေးရွာကို ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီခန့် ရွာအုပ် ချုပ်ရေးမှူး ဝင်းနိုင်နဲ့အတူ ပျူစောထီးတွေ ရောက်လာပြီး ရွာထဲက နေအိမ်တွေကို မွှေနှောက် ဖျက်ဆီးကြတာလို့ ဆိုပါတယ်။

ရွာခံတဦးက “ကျနော်တို့ရွာက အုပ်ကြီးကိုယ်တိုင် လမ်းပြတာပါဗျ။ လမ်း‌မှာ တွေ့တဲ့လူတွေရဲ့ ဖုန်းတွေလည်းသိမ်းပြီး အုပ်ကြီးဆီမှာ ပြန်လာယူဖို့ ပြောသွားတယ်။ PSI စလောင်းတွေကိုလည်း ဖြုတ်ပြီးရင် လာအပ်ဖို့ လိုက်သတိပေးသွားတယ်၊ သံပန်းသံတံခါးလုပ်တဲ့ နေအိမ်နဲ့‌ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေရဲ့အိမ်တွေကို ဝင်ရှာဖွေမွှေနှောက်ဖျက်ဆီးသွားကြတာ” လို့ ပြောပါတယ်။ 

ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ဆင်တလည်ကျေးရွာနဲ့ မူးမြစ်အရှေ့ဘက်ကမ်းကျေးရွာက ပြည်သူတွေ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားတဲ့ မူးမြစ်ကူးတံတားကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အမိန့်ဆိုပြီး ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။

မူးမြစ်ကူးတံတားကို ဖျက်ဆီးကြတဲ့အပြင် ရွာရှိ စက်လှေသမားတွေကိုလည်း တစ်ဖက်ကမ်း သွားမယ့်သူတွေကို လိုက်မပို့ဖို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ လက်နက်ကိုင်ပျူစောထီးတွေက ခြိမ်းခြောက်သွားတယ်လို့ သိရပါတယ်။

ဒေသတွင်း ပြည်သူလူထုကို ခြိမ်းခြောက်အန္တရာယ်ပေးပြီး အဖျက်အမှောက်ပြုလုပ်နေတဲ့ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာက ပျူစောထီးတွေကို ဒီဇင်ဘာ ၆ ရက်နေ့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် ပျူ ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် ချင်းတွင်မြစ် တောင်ဖြူဆိပ်ကမ်းကနေ ဒီနေ့မနက် ၇ နာရီကျော် ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်က မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းဒေသခံတစ်ဦးက “တောင်ဖြူဆိပ်ကမ်းမှာ ကပ်ထားတဲ့ စစ်ကောင်စီမော်တွေက ဒီမနက်ခင်းက မုံရွာဘက်စုန်လာတဲ့ မော်တွေစီကနေ လက်နတ်ကြီး၊ လက်နတ်ငယ်တွေနဲ့  မရပ်မနားကို ပစ်ခတ်တာဗျ။ လောလောဆယ် ဘာတွေထိလို့ ဘာတွေပျက်စီးမယ်မှန်း မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျောက်စိမ်းတင် မော်တော် ၅ စီးဟာ သင်တောအောက်ဘက်၊ ခက်လုံကျေးရွာဘက် ရောက်ရှိနေတာကြောင့် ကလေးဝမြို့နဲ့အနီးဝန်းကျင်မှာ ကုန်ရေယာဥ်ပေါင်း ရာနှင့်ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။ DVB

မြန်မာ့အရေး ဆွေးနွေးရန် အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားသို့ သွားမည်

မြန်မာနိုင်ငံ အကျပ်အတည်း အပါအဝင် ဒေသတွင်း အခြေအနေများကို ဆွေးနွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရတ်ရှိုးလက်သည် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံသို့ ဒီဇင်ဘာ ၈ ရက်မှ ၁၃ ရက်နေ့အထိ သွားရောက်မည်ဖြစ်ကြောင်း အမေရိကန် နိုင် ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

၎င်း၏ခရီးစဉ် တလျှောက် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ တရားမဲ့ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး၊ လူသားချင်း စာနာထောက်ထားရေး အကူအညီများ လမ်းဖွင့်ပေးရန်နှင့် အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည်တက်လှမ်းရန်အတွက် မြန်မာစစ်တပ်အား ဖိအားပေးရန်၊ အမေရိကန်- အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အရေးကြီးသည် ဆိုသော အချက်ကို အလေး ထား ဆောင်ရွက်သွားမည် ဖြစ်သည်။

အတိုင်ပင်ခံ ရှိုးလက်၏ အဆိုပါခရီးစဉ်သည် ဒေသတွင်း တည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် တောင်တရုတ်ပင်လယ် အရေးအတွက်ဖြစ် ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင် ခရီးစဉ်၌ ရှိုးလက်သည် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် အခြေအနေများကို ဆွေးနွေးရန်ရှိသည့်အပြင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ကမ္ဘောဒီးယား ပြည်သူများအတွက် အမေရိကန်၏ ထောက်ကူပြုမှုများကိုလည်း အားဖြည့်ရန်ရှိနေသည်။အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင်မူ အမေရိကန်-အင်ဒိုနီးရှား မဟာဗျူဟာ ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စကို အလေးထား ဆွေးနွေးမည် ဖြစ်သည်။ mizzima

ယင်းမာပင်တွင် စစ်​ကောင်စီတပ် နှစ်ကြိမ်မိုင်းဆွဲခံရ၊ ဗိုလ်အဆင့်အပါအဝင် ၂၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဒီဇင်ဘာ ၉ ရက်​နေ့က ​စစ်​ကောင်စီတပ်တွေ ​​နှစ်နေရာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဗိုလ်အဆင့်ရှိသူအပါအဝင် ၂၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီ​နေ့မနက် ၉ နာရီခွဲ​လောက်က အင်ကြင်း​တောင်လမ်းခွဲယူကလစ်​ခြံအနီးမှာ မိုင်း ၁၁ လုံးဆွဲ တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်အဆင့်ရှိသူအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ PDF ​ခေါင်း​ဆောင်တစ်ဦးက ​ပြောပါတယ်။ 

​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊​ မြွေဟောက်​ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင် ဒီမိုကရက်တစ် ​အောက်ချင်းတွင်းတပ်ဖွဲ့၊ ဗျတ္တညီ​နောင်များအဖွဲ့၊ BED ငညို ​ပြောက်ကျားအဖွဲ့၊ ကိုယ်ထူကိုယ်ထ ဗိုလ်စက္ကအဖွဲ့နှင့် GDF အဖွဲ့တို့ ပူး​ပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီ​နောက် အခြား​နေရာတစ်ခုမှာလည်း စစ်​ကောင်စီတပ်ဖွဲ့ ထပ်မံမိုင်းဆွဲတိုက်ခံရတာကြောင့် တပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်​​ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေက ဆားလင်းကြီးမြို့နယ် ဒုန်း​တော​ကျေးရွာက ပြည်သူ ၁၅ ဦးအား ရက်စက်စွာ သတ်ဖြတ်သွားတဲ့ တပ်ဖွဲ့အပါအဝင် အင်အား ၁၀၀ ဝန်းကျင်လောက် ရှိတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီဇင်ဘာ ၈ ရက်​နေ့ကလည်း စစ်​​ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ DVB

ရန်ကုန်တိုင်း PDF က တွံ့တေး၊ တောင်ဥက္ကလာ၊ မရမ်းကုန်း၊ တိုက်ကြီး၊ မင်္ဂလာဒုံတို့တွင် စစ်သားများ၊ ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးများကို ပစ်ခတ်တိုက်ခိုက်၊ ရဲနှင့်ပျူစောထီးများသေဆုံးပြီး စစ်အရာရှိတချို့ ဒဏ်ရာရ

ရန်ကုန်တိုင်း PDF က တွံ့တေး၊ တောင်ဥက္ကလာ၊ မရမ်းကုန်း၊ တိုက်ကြီး၊ မင်္ဂလာဒုံတို့တွင် စစ်သားများ၊ ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးများကို ပစ် ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း ယနေ့ တရားဝင် ကြေညာချက် ထုတ်ပြန်သည်။ တွံတေးမြို့နယ် ဂတ်ကုန်းကျေးရွာတွင် အ ကြမ်းဖက် စစ်ကောင်စီဘက်မှ စစ်သား ၂၅ ဦးခန့် ပါဝင်သည့် ကင်းလှည့်နေသော စစ်ကားအတွင်းသို့ ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်း တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ ရာ အရာရှိအဆင့် ၁ ဦး နှင့် ရန်သူစစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်ရှိ ရန်သူအကြမ်းဖက်စစ်တပ်၏ ခါးပိုက်ဆောင်တပ် ဖြစ်သော ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးအား ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့် တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီဆေးမှူးဟောင်း၊ ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးအား ဒီဇင်ဘာ ၉ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ပု လဲမြို့သစ်၊ ပေါင်းကူးဉာဏရပ်ကွက်ရုံးအား ဒီဇင်ဘာ ၉ ရက်နေ့ ၁၂ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်စေတီအနီးရှိ ရဲစခန်းတစ်ခုအား ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခဲ့ကြောင်း၊ တောင်ဥက္ကလာမြို့နယ် ရဲစခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီအချိန်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ ရဲ တပ်သား ၁ ဦး သေ၊ ၁ ဦး ပေါင်ပြတ်ပြီး အချို့ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန် PDF က ပြောသည်။

အလားတူ မြောက်ဥက္ကလာမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များတွင်လည်း အကြမ်းဖက် စစ် ကောင်စီတပ်များ တပ်စွဲထားရာ နေရာများကို ယနေ့ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ပြည်သူ့ တော် လှန်ရေးအင်အားစုများ၏ ဆောင် ရွက်ချက်များကိုလည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အလေးအနက် ဂုဏ်ပြုအပ်ကြောင်းရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။ khit thit

တွံတေးမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင်ဆိုသူ အမျိုးသား သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံး

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဆိုသူ အမျိုးသား ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။သေဆုံးသွားသူမှာ တွံတေးမြို့နယ် ပျူစောထီးခေါင်းဆောင်ဟု နာမည်ထွက်နေသူ ဦးလှဝေ ဆိုသူဖြစ်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး) က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ပျူစောထီး ခေါင်းဆောင်ပါ၊ ပြီးတော့ သတင်းပေးဒလန် အကြီးစားပါ၊ ဒီနေ့မနက်ပိုင်းမှာ အုန်းပင်စုရပ်ကွက်က စန္ဒာဝင်း လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်က ဆိုင်ကယ်နဲ့သွားပြီး သေနတ်နဲ့ ဝင်ပစ်တယ်။ အဲ့လိုပစ်နေတဲ့အချိန် သူ့မယားငယ်က ကျွန်တော်တို့လူကို ဆိုင်ကယ်ပေါ်က ဆွဲချလို့ သူ့ကိုပါပစ်လိုက်ရတယ် သေနတ်တော့ ထိသွားတယ်” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှဝေ၏ ရင်ဘတ်တွင် သေနတ်ဒဏ်ရာများရရှိပြီး နေရာတွင်ပင် သေဆုံးခဲ့ကာ ၎င်းနှင့်ပတ် သက်သည်ဆိုသူ အမျိုးသမီးမှာလည်း သေနတ်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။“အပစ်ခံရတဲ့သူက ရပ်ကွက်ထဲ လူမိုက်လိုလိုကောင်ပါ၊ သူ့ကြောင့် ဒုက္ခရောက်တဲ့သူတွေ အများကြီးရှိခဲ့တယ်။ စစ်ကောင်စီက လမ်းပိတ်ဆို့တားဆီး စစ်ဆေးမှုတွေ လုပ်တဲ့အခါတိုင်း တစ်ခါတလေ သူကိုယ်တိုင်ပါဝင်ပြီး ပြည်သူတွေကို စစ်ဆေးတာတွေ လုပ်နေသူပါ” ဟု တွံတေးဒေသခံတစ်ဦးက ပြောသည်။

တွံတေးမြို့နယ်အတွင်း အကြမ်း ဖက် စစ်ကောင်စီ သတင်းပေး ဒလန်များနှင့် အများပြည်သူ ထိခိုက်စေရန် ကြံရွယ်လုပ်ဆောင်နေသူများကို ပြည်သူများ၏ သတင်းပေးချက်အရ စစ်ဆေးပြီး မှန်ကန်ကြောင်း တွေ့ရှိပါက အရေးယူ သုတ်သင်ရှင်းလင်းလျက်ရှိရာ လက်ရှိအချိန်အထိ စစ်ကောင်စီ သတင်းပေးဒလန် ခြောက်ဦးကို ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)ထံမှ သိရသည်။ mizzima

အသံတိတ်သပိတ် အားလျော့အောင်ဖြန့်ချိသော သတင်းတုထွက်ပေါ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှိုးဆော်ထားသည့် မနက်ဖြန် (ဒီဇင်ဘာ ၁၀ ရက်) တွင် နိုင်ငံတဝှမ်း တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကိုပူးပေါင်းရန်နှိုးဆော်ထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ညွှန်ကြားထားခြင်းမရှိဟုဆိုသော အဆိုပြုစာတစ်ခု လူမှုကွန် ရက်တွင် ပေါ်ထွက်နေသည်။

သို့သော် အဆိုပါအဆိုပြုချက်မှာ သတင်းအမှားသာလျှင်ဖြစ်သည်။NLD ၏ထုတ်ပြန်ချက်ဟုဆိုသောစာတွင် ” Online ပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် ၁၀-၁၂-၂၀၂၁ ရက်နေ့အား အသံတိတ်သပိတ် (SilentStrikeDay)အဖြစ် သတ်မှတ်ခြင်းအား မိမိတို့အဖွဲ့ချုပ်အနေဖြင့် ညွှန်ကြားထားခြင်းမရှိပါ၊၁၀-၁၂-၂၀၂၁ သည် အစ္စလာမ်ဘာသာဝင်တို့​၏ ဝတ်ပြုဆုတောင်းသည့်နေ့ ( သောကြာနေ့ ) ဖြစ်သည်​။ အဆိုပါနေ့အား အသံတိတ်သပိတ်အဖြစ်သတ်မှတ်ခြင်းသည် အခြားဘာသာဝင်များအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် ပုံမှန်အတိုင်း သွားလာကြရန် တိုက်တွန်းပါသည်” ဟု ဖော်ပြထားသည်။

အဆိုပါ အဆိုပြုချက်ကို Telegram channel ရှိ သဇင်ဦး၊ တပ်ကြပ်ကြီး ဖိုးစီ၊ Kyaw Swar အကောင့်များတွင် တစ်ပြိုင်တည်းလိုလို ယနေ့နံနက်တွင် ရှေ့ဆင့်နောက်ဆင့်ဖြန့်ဝေလာခဲ့ကြသည်။ အဆိုပါအကောင့်များအားလုံးသည် အာဏာသိမ်းတပ်၏သတင်းများထုတ်ပြန်လေ့ရှိကြသည်။သို့သော် NLD ပါတီ၏ တရားဝင် ဖေ့ဘွတ်စ်စာမျက်နှာတွင် ၎င်းအဆိုပြုချက်ကို ဖော်ပြထားခြင်း မရှိသည်ကို မဇ္ဈိမက လေ့လာတွေ့ရှိရသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကျော်ထွေးက “ကျွန်တော်တို့ ဗဟိုပါတီဝင်အများစုဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်။ အဲ့တော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အနေနဲ့ဆိုပြီး ခေါင်းစဉ်တပ်ပြီး ထွက်လာတာက မှားပါတယ်၊ ကျွန်တော်တို့ ဗဟိုအဖွဲ့အနေနဲ့ ဒီစာထွက်လာတာကို မသိရှိပါဘူး၊ ”ဟု မဇ္ဈိမသို့ပြောပြသည်။ လုံခြုံရေးကြောင့်အမည်မဖော်လိုသူ NLD လူငယ်ပါတီဝင် တစ်ဦးကလည်း “ဘာမှညွှန်ကြားတာ မရှိပါဘူး၊ ကျွန်တော်တို့ ဗဟိုဘက်မှ ညွှန်ကြားထားတာလည်း မရှိဘူး၊ နောက်ပြီး ပါတီဝင်လူငယ် တော်တော်များများရော ပါ တီထဲမှာ ရှိတဲ့ လူကြီးတော်တော်များများရော ဒီသပိတ်မှာ ပါဝင်ဖို့ ပြင်ဆင်နေကြပါတယ်” ဟုပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့သည် (၇၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဖြစ်သည်။”ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ပြည်သူလူထုတွေက အပြင်လုံး၀မထွက်ဘဲနဲ့ တိတ်ဆိတ်ငြိမ်သက်နေခြင်းအားဖြင့် စစ်ကောင်စီကို တုန်လှုပ်ခြောက်ခြားအောင်လုပ်ဖို့ဖြစ်ပါတယ်”ဟု NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက DVB နှင့်အင်တာဗျူးတွင်ပြောကြားထားသည်။

“အသံတွေထဲမှာ တိတ်ဆိတ်တဲ့အသံက ကြောက်စရာအကောင်းဆုံးဖြစ်တယ်။ အထူးသဖြင့် ရာဇဝတ်မှုကျူးလွန်ထားပြီးတော့ ကိုယ့်အရိပ်တောင်ကိုယ်လန့်နေတဲ့သူအတွက် တိတ်ဆိတ်ငြိမ်သက်ခြင်းက အရမ်းကိုထူးခြားတဲ့အရာဖြစ်တယ်။” ဟု သူက ဆက်လက်ပြောသည်။

မန္တလေးသပိတ်အင်အားစုခေါင်းဆောင် ဒေါက်တာတေဇာဆန်းကလည်း လမ်းပေါ်မထွက် အိမ်ထဲတွင်နေထိုင်ခြင်းဖြင့်သပိတ်တွင်ပူးပေါင်းကြရန် တိုက်တွန်းထားသည်။၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်လည်း ဒုတိယအကြိမ် မဲအပြတ်အသတ်အနိုင်ရခဲ့ပြန်သော NLD အစိုးရထံက ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းသည်။ မတ်လကုန်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ဧပြီလအတွင်း ရွေးကောက်ခံများ၏ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ကြားကာလညီညွတ်ရေးအစိုးရအဖြစ် NUG ကိုဖွဲ့စည်းခဲ့သည်။

အစိုးရအဖွဲ့ တွင် ရွေးကောက်ခံကိုယ်စားလှယ်များအပြင် တိုင်းရင်းသားအစုအဖွဲ့ကိုယ်စားလှယ်များ၊ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများမှထင်ရှားသူများလည်းပါဝင်သည်။ စစ်ကောင်စီက NUG ကို တရားမဝင်ကြောင်းကြေညာထားသည်။

အာဏာသိမ်း ၁၀ လအတွင်း စစ်ကောင်စီတပ်များကြောင့် သေဆုံးရသူ ၁၃၀၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၇၀၀၀ ကျော်ရှိနေပြီး သေဒဏ်ပေးခံထားရသူ ၇၅ ဦးရှိသည်ဟု မှတ်တမ်းပြုစုနေခဲ့သည့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရသိရသည်။ mizzima

နမ့်ခမ်းမြို့မဈေးတွင် TNLA အမည်ခံပြီး အ ခွန်လိုက်ကောက်နေသဖြင့် ဈေးသည်များ အ ခက်အခဲကြုံ

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ မြို့မဈေးကြီးထဲက ဈေးဆိုင်နဲ့ အိမ်ဆိုင်တွေမှာ ကိုဗစ်-၁၉ ကာလ ဈေးရောင်းပါးချိန်  TNLA တအာင်းလက် နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး လူတချို့က အခွန်ငွေတွေ လိုက်ကောက်နေတဲ့အတွက် အခက်အခဲဖြစ်နေရတယ်လို့  ဈေးသည်တွေက ပြောပါတယ်။ 

နမ့်ခမ်းဈေးထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတွေဝင်ရောက်လာပြီး သူတို့ ကိုယ်သူတို့ TNLA တအာင်းတပ်ဖွဲ့ဝင်လို့ဆိုကာ အခွန်ငွေတွေလာကောက်ခံနေတယ်လို့ အမည်မဖော်လိုတဲ့ ဈေးသည်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ကျမတို့ ဆိုင်ဖွင့်တာဈေးဦးတောင် မပေါက်သေးဘူး။ အခွန်လာကောက်တယ်၊ ၂ သိန်း တောင်းတယ်။ နမ့်ခမ်းမှာ ကိုဗစ်ဖြစ်လို့ လော့ဒေါင်းလုပ်ပြီး ဈေးပိတ်ထားတာ၊ ပြန်ဖွင့်တာ လပိုင်း ဘဲရှိသေးတယ်၊ ဒါတောင် တနေကုန်မရောင်းရဘူး ၊ ၁၂ နာရီထိပဲ ပေးရောင်းတယ်၊  ဈေးမရောင်း ရလို့ အကြွေးတင်နေတာတဘက် အခွန်ကိုသိန်းနဲ့ချီကောက်တော့ တအားစိတ်ညစ်ရတာပေါ့ ၊ မပေး ရင်လည်းလူလာဖမ်းမှာကြောက်ရသေးတယ်၊ ချက်ချင်းမပေးနိုင်ရင် သူတို့ချိန်းထားတဲ့ နေရာမှာ သွားပေးရတယ်။ ဖုန်းနံပါတ် လိပ်စာကတ်ပေးသွားတယ် ”

ဒီကိစ္စနဲ့ပတ်သက်ပြီး  TNLA ထံ အခွန်ပေးဆောင်ရမယ့် ဖုံးနံပါတ်နဲ့ TNLA ပြောရေး ဆိုခွင့်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ ဖုံးကိုင်ဖြေကြားပေးမယ့်သူ မရှိပါဘူး။

ဆိုင်ခန်းပေါင်း ၁၀၀ နီးပါးရှိတဲ့  နမ့်ခမ်း နှစ်ထပ်ဈေးကြီးထဲမှာ အခုလိုအခွန်လိုက်ကောက်တာမှာ ဆိုင်အကြီးအသေးနဲ့ ရောင်းကုန်ပစ္စည်းအ မျိုးအစားပေါ်မူ တည်ပြီး အနည်းဆုံး ကျပ်  ၁ သိန်းမှ အများဆုံး ကျပ် ၁၅ သိန်းလောက် ကောက်ခံတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက တနှစ်မှ တခါသာ အခွန်ကောက်ခံပြီး ဒီနှစ်ထဲမှာတော့ မကြာခဏ အခွန်လာကောက်နေကာ  ဖြတ်ပိုင်းလည်းရတဲ့အခါရှိသလို  မရတဲ့အခါလည်းရှိတယ်လို့  ဈေးသည်တွေက ဆိုပါတယ်။ 

တခြားဈေးသည် ၁ ဦးကလည်း အရင်ကတည်းက လက်နက်ကိုင်အဖွဲ့တွေကို ဆက်ကြေး ပေးခဲ့ရကြောင်း၊ နမ့်ခမ်းမှာ KIA ကချင်တပ်၊  TNLA ပလောင်တပ်၊ SSPP ရှမ်းတပ် နဲ့ RCSS  ရှမ်းတပ်တွေလှုပ်ရှားပြီး အဖွဲ့တိုင်းလို ဆက်ကြေးကောက်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။

“အမှန်တော့ ကချင်တပ်ဆိုရင် ကချင်လူမျိုး၊ ရှမ်းတပ်ဆို ရှမ်းလူမျိုး၊ ပလောင်တပ်ဆို ပလောင်လူမျိုးတွေမှာဘဲ ကိုယ်စီကောက်ခံသင့်ပါတယ်။  သူတို့ချင်းလည်း အဲဒီလိုကောက်ဖို့ ညှိထားတယ်လို့သတင်းကြားပေမယ့် ဒီနှစ်ထဲမှာ TNLA တဖွဲ့တည်းသာ လာကောက်ပြီး လူမျိုးဘာသာမရွေးကောက်ခံတယ်။”

အခုချိန်မှာ တရုတ်နယ်စပ်လည်ပိတ်၊ အရောင်းအဝယ်မကောင်းလို့ စီးပွားရေးကျပ်တည်းနေချိန် လက်နက်ကိုင်အဖွဲ့ပေါင်းစုံက မတန်တဆအခွန်လာကောက်နေလို့ ပလောင်တိုင်းရင်းသား ဈေးသည်တွေလည်း  ညည်းတွားနေတယ်လို့ ပြောပါတယ်။ 

အလားတူ မူဆယ်ခရိုင် စီးပွါးရေးလုပ်ငန်းရှင်တွေ၊ ဈေးဆိုင်ခန်းတွေနဲ့ ရွှေဆိုင်တွေမှာလည်း TNLA ကို ရံပုံငွေ မပျက်မကွက်ပေးသွင်းဖို့ သတိပေးအကြောင်းကြားစာတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ DVB

« Older Entries