ရန်ကုန် တောင်ဥက္ကလာနှင့်မရမ်းကုန်းရဲစခန်း သေနတ်၊ ဗုံးများဖြင့်ပစ်ခတ်ခံရကာ ရဲ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ၊ မန္တလေးတွင် စစ် သားများ ဗုံးပစ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအ ပါအဝင် ၄ ဦး သေဆုံးဟုဆို

ရန်ကုန်တိုင်းတောင်ဥက္ကလာမြို့မရဲစခန်းကို ယနေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်ပြီး ရဲတစ်ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိကြောင်း တောင်ဥက္ကလာဒေသခံများထံမှ သိရှိရသည်။ “ကားနဲ့လာပြီး ဗုံးနဲ့ပစ်တယ်။ သေနတ်နဲ့လည်းပစ်သွားတယ်လို့ ပြန် ကြားရတယ်။ သေတာကတော့ ရဲ ၁ ဦး ပွဲချင်းပြီးသေတယ်။ ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်” ဟု တောင်ဥက္ကလာပပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အလားတူ မရမ်းကုန်းမြို့နယ် ရဲစခန်းတွင်လည်း ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ “စွယ်တော်နားက မရမ်းကုန်းရဲစခန်း အပစ်ခံရတယ်ကြားတယ်။ ပထမ ဘုရင့်နောင်ရဲစခန်းလိုလို ကြားတာ။ ဒါပေမယ့် ဘုရင့်နောင်ရဲစခန်းက အပိတ်ကြီးဗျ။ နောက်မှ ပြန်သိရတာက စွယ်တော်နားက စခန်းကို ပစ်သွားတယ်လို့ပြောတယ်။ အသေအပျောက်တွေဘာတွေ သေချာမသိသေးဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အလားတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိ ရပ်ကွက်ရုံးရှေ့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ကင်းတဲကို Mandalay Phoenix Force နှင့် Mandalay People Rescue ပူးပေါင်းအဖွဲ့မှ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း MPF အဖွဲ့ထံမှ သိရှိရသည်။
၈၂ လမ်း၊ ၁၆ လမ်းနှင့် ၁၇ လမ်းကြားရှိ စစ်ကောင်စီကင်းတဲကို တိုက်ခိုက်မှုတွင် ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ တပ်သား ၁ ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး သေဆုံးခဲ့ပြီး အနီးဝန်းကျင်ရှိ ပြည်သူ ၂ ဦးပါ ဗုံးစ ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။”၃ ယောက်ကတော့ နေရာတွင် ပွဲချင်းပြီးသေတယ်၊ ၁ ယောက်ကတော့ ဆေးရုံပို့ပြီး ဆေးရုံမှာ သေတယ်။ ကံမကောင်းစွာနဲ့ ကလေး ၁ ယောက်၊ အသက်ကြီးပိုင်း ၁ ယောက် လည်း ဗုံးစစင်သွားတယ်၊ မစိုးရိမ်ရပါဘူး။ ကျနော်တို့ အနူးအညွတ်တောင်းပန်ပါတယ်။” ဟု M.P.F အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ khit thit