Monthly Archives: Dec 2021

သင်္ဃန်းကျွန်းတွင် ပိတ်ထားသည့် ငါးကင်ဆိုင်နှင့် ကွမ်းယာဆိုင်များ ဆယ်ပေါင်တူဖြင့် ထု ရိုက်ဖျက်ဆီးခံရ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင် လမ်းမပေါ်ရှိ ပိတ်ထားသည့် ငါးကင်ဆိုင်နှင့် ကွမ်းယာဆိုင်များကို ယနေ့ နေ့လယ် ၂ နာရီကျော်၌ စစ်သား၊ ရဲနှင့် စည်ပင် အလုပ်သမားများက ဆယ်ပေါင်တူဖြင့် ထုရိုက်ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ယနေ့ ဒီဇင် ဘာ ၁၀ ရက်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသသည့် Silent Strike နေ့ ဖြစ်သည့်အတွက် ဈေးဆိုင်များပိတ်ပြီး ပြည်သူများ လမ်းပေါ်သို့ မထွက်ဘဲနေကာ သပိတ်မှောက်ခြင်းများ ပြုလုပ်ခဲ့သည်ကို စစ်ကောင်စီက ထိုသို့ ပြုမူတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၊ ရဲနှင့် စည်ပင်အလုပ်သမား အများအပြားက ဘဝမြင့်မှတ်တိုင် လမ်းမတစ်ဖက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင် လေးဆိုင်ခန့်နှင့် ငါးကင်ဆိုင် တစ်ဆိုင်ကို ဖျက်ဆီးရန် စည်ပင် အလုပ်သမားများကို ခိုင်းစေခဲ့ပြီး ကွမ်းယာလှည်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းယူသွားသည်ဟု ဒေသခံများက ပြောသည်။

“ဖျက်ဆီး အသိမ်းခံလိုက်ရတဲ့သူရဲ့ ကွမ်းယာဆိုင်လေးက စတီးတွေနဲ့ သေချာလေး ဆောက်ထားတာ။ သူ့ဆိုင်လေး ဖျက်နေတုန်းက သူငိုပြီး သွားတောင်းပန်နေတာ တွေ့တယ်” ဟု ဆိုင်များ ဖျက်ဆီးနေသည်ကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။ယင်းသို့ ဖျက်ဆီးခံခဲ့ရသည့် ဆိုင်ပိုင်ရှင်အချို့မှာ ငိုယိုနေသည်ကို မဇ္ဈိမက တွေ့ရှိခဲ့ရပြီး ထိုနေရာတွင် သစ်သားအပိုင်းအစများ၊ ခုံကျိုး အပိုင်းအစများကိုလည်း တွေ့မြင်ခဲ့ရသည်။ mizzima

ကံမမြို့ ဒန်းကိုင်းစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့အထွက်ရှိ ဒန်းကိုင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ ဒီဇင်ဘာလ ၁ဝ ရက် နံနက်အစောပိုင်း ၂ နာရီခန့်တွင် ရှော့တိုက်ဒုံးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့(ကံမ-သရက် ပူးပေါင်းအဖွဲ့ ) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ကံမမြို့အထွက် တောင်ဘက် နှစ်မိုင်ခန့်အကွာ ကဒူးပြင်လမ်းခွဲအနီးရှိ ထိုစစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပူးပေါင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ “မနက် ၂ နာရီခန့်မှာ ကျွန်တော်တို့ဘက်က ရှော့တိုက် တစ်လုံးနဲ့ အရင် စပစ်ပါတယ်။ ခဏနေတော့ သူတို့ဂိတ်ဘက်ကနေ သေနတ်တွေနဲ့ ရမ်းပြီး ပစ်ခတ်ကြပါတယ်။

ဒီဘက်က နောက်ထပ်ရှော့တိုက်တစ်လုံး ထပ်ပစ်ပြီး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ မရှိနှင့် နောက်ဆက်တွဲအခြေအနေကိုမူ ယနေ့ နေ့လယ်ပိုင်းအချိန်အထိ မသိရသေးကြောင်း ထိုတာဝန်ရှိသူက ဆက်ပြောသည်။

“ဒီစစ်ဆေးရေးဂိတ်က စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)၊ ရခ(စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်) ပူးပေါင်းပုံမှန်ဂိတ်ပါ။ ညဆိုရင် အင်အား ၁၀ကျော်ကနေ ၂၀ခန့်အထိ ရှိတတ်ပါတယ်။ သွားရောက်တိုက်ခိုက်တာ မနက် ၂ နာရီဆိုတော့ တအားမှောင်နေလို့ ထိခိုက်မှုအခြေအနေတော့ မသိရဘူး” ဟု၎င်းက ပြောသည်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရခြင်းမှာ ပုံမှန်စစ်ရေးအရ တိုက်ခိုက် ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အဓမ္မစစ်သားစုဆောင်းခြင်း၊ ရွာအချို့ကို ရည်ရွယ်ချက်ရှိရှိ လျှပ်စစ်မီးဖြတ်တောက်ခြင်းများလုပ်နေသည့် အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ကံမ-သရက် ပူး ပေါင်း အဖွဲ့ တာဝန်ရှိသူက ဆိုသည်။ mizzima

စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများကြောင့် တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်၍ ပြည်သူများ စစ်ရေးသတိရှိရန် ULA/AA ကထုတ်ပြန်

ယခုရက်ပိုင်းအတွင်းတွင် စစ်ကောင်စီတပ်မှ နယ်မြေစိုးမိုးရေးအတွက်‌ ကျေးရွာများအတွင်းသွားလာကာ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေခြင်း၊ တပ်အပြောင်းအရွေ့များ ဆက်တိုက်လုပ်ဆောင်နေခြင်းကို ရက္ခိုင့်တပ်တော် အနေဖြင့် စောင့်ကြည့်လျက်ရှိကာ နှစ်ဖက် တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်သည့်အတွက် ပြည်သူများ စစ်ရေး သတိရှိရန် ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ULA မှ ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲကျင်းပရန်စီစဉ်နေမှုတွင် စစ်ကောင်စီမှ လမ်းပြုပြင်ရေး လုံခြုံရေးအကြောင်းပြကာ ဝင်ရောက်ခြယ်လှယ်မှုများဆက်လက်ရှိနေပါက ဘုရားပွဲသို့သွားရောက်ကြမည့် မိဘပြည်သူများ ဆင်ခြင်သုံးသပ်ကြရန်လည်း အကြံပြုထား သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များမှ ကျေးရွာတွင်းဝင်ရောက်မှု၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်စားသောက် ကုန်ပစ္စည်းများနှင့် နေ့စဉ်ဘဝအတွက် လိုအပ်ချက်ရှိသည်များကို သယ်ယူပို့ဆောင်ရေးလုပ်မှုများကို တားမြစ်ပိတ်ပင်ခြင်း၊ ရန်စသောအပြုမှုများကို လုပ်ဆောင်ခြင်းတို့ကြောင့် နှစ်ဖက်တင်းမာမှုကို မြင့်တက်စေပြီး တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်သည့် အနေအထားသို့ရောက်ရှိနေသည်ဟု ရေးသားဖော်ပြထားသည်။ khit thit

မုံရွာ-အရာတော် လမ်းတွင် စစ်ကောင်စီကား အမြောက်ဖြင့် ပစ်ခံရ

မုံရွာမြို့မှ အရာတော်မြို့သို့ မောင်းနှင်လာသော စစ်ကောင်စီကားကို အရာတော်မြို့ အနောက်ဘက် ၂၂ မိုင်ကွေ့ အနီး၌ ရှေ့ထွက်အမြောက် နှစ်လုံးဖြင့် ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် ညနေတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။

“ကားပေါ်မှာ အင်အား ၂၀ လောက် ပါတယ်လို့တော့ သိရတယ်။ ဘယ်လောက်ထိလဲ ဆိုတာ အတိအကျ မ‌သိပေမဲ့ အထိအခိုက်ကတော့ များနိုင်တယ်။ လမ်းဘေးကနေ အနီးကပ် ကပ်ဆင်ထားတာ ဆိုတော့ ” ဟု သပြေညို ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ အဆိုပါ ပစ် ခတ်မှုကို Ayadaw Falcon Force (AF2) က ဦးဆောင်၍ တမန်တော် ပြောက်ကျား တပ်ဖွဲ့ (Apostle) ၊ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Knight of The Red Land (KORL) တပ်ဖွဲ့၊ Ayadaw Bone Naing PDF (A.B.N PDF)၊ Guerillas Commendo-Myinmu၊ M.R.T.F တပ်ဖွဲ့ နှင့် Local Rangers တော်လှန်ရေးအဖွဲ့ ညီနောင် ရှစ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၈ ရက်ကလည်း အရာတော်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၃၆၉) အမြောက်တပ်ရင်း (အရပ်ခေါ် သစ်ကျင်းကြီးတပ်) ကို စိန်ပြောင်း သုံးလုံးဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သေးသည်ဟု ဒေသခံ ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။ mizzima

မူဆယ်မြို့ရှိ မြို့နယ်စည်ပင်သာယာရုံး ဗုံးခွဲခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ် စည်ပင်သာယာရုံး ဒီနေ့ နေ့လယ် ၁ နာရီလောက် ဗုံးခွဲ တိုက်ခိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့ရှိ မူဆယ်ဈေးက ဈေးဆိုင်တွေ ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ဈေးမရောင်းချပါက စည်ပင်ဈေးစည်းကမ်းဥပဒေအရ ၁ လ ယာယီပိတ်သိမ်းသွားမယ်လို့ လိုက်လံအသိပေးကြေညာပြီးနောက် အခုလို ဗုံးခွဲတိုက်ခိုက်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“မူဆယ် စည်ပင်ရုံး ဗုံးခွဲခံရတယ်။ ဝန်ထမ်း အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာတယ်လို့ သိရတယ်။ နေ့လည် ၁ နာရီလောက်မှာ။” 

ငြိမ်းသက်ခြင်းသပိတ် Silent Strike မှာ ပါဝင်ပြီး ပိတ်ထားတဲ့ မူဆယ်အမှတ် ၁ စည်ပင်ဈေးအတွင်းက  ဈေးဆိုင်ခန်း‌တွေကို စည်ပင်က ၁ လ ထပ်မံပိတ်သိမ်းသွားမှာ‌ဖြစ်‌ကြောင်း ဆိုင်ရှင်တွေကို ဖိအားပေးခြိမ်းခြောက်တာကြောင့် ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားပါတယ်။

“အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်မှုရှိနိုင်တယ်။ စစ်ဆေးရုံကိုသယ်သွားကြပြီ” လို့ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၁ ဦးက ပြောပါတယ်။

ဒီနေ့ Silent Strike သပိတ်မှာ ပါဝင်တဲ့ ဆိုင်ရှင်တွေကို စစ်ကောင်စီက ဆက်လက်ဖိအားပေး ခြိမ်းခြောက်နေပါက ထပ်မံအရေးယူဆောင် ရွက်သွားမယ်လို့လည်း ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။ DVB

ဝါးခယ်မမြို့တွင် ယနေ့ပိတ်သော ဈေးဆိုင်များကို စစ်ကောင်စီက မှတ်တမ်းလိုက်ယူ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ရှိ ဈေးများတွင် ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၌ ပိတ်ထားသော ဆိုင်များကို စစ်ကောင်စီနှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့များက မှတ်တမ်းများ ယူသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီဘက်မှ မဖွင့်သည့်ဆိုင်များကို လိုက်စစ်မည်ဟု ခြိမ်း ခြောက် ထားသဖြင့် ဝါးခယ်မမြို့က စျေးဆိုင်သုံးပုံတွင် တစ်ပုံခန့် ဖွင့်ထားသည်ဟု သိရသည်။ “မြို့နယ် အုပ်ချုပ်ရေးမှူးလည်း ပါတယ်။

စစ်တပ်က ဈေးတွေကို လိုက်စစ်ပါတယ်။ မနေ့ထဲက လိုက်စစ်မယ်ဆိုပြီး သတင်းလွှင့်ထားတော့ မပိတ်ရဲကြတဲ့ သူတွေလည်း ရှိပါတယ်။ ပိတ်ထားတဲ့ ဆိုင်တွေကို လက်ညှိုးထိုးပြီး စည်ပင်က တစ်ယောက်ကို မှတ်ခိုင်းတယ်။ သူတို့တွေက ပုံရိုက် သွားပြီးတော့ မှတ်နေတာတွေ့တယ်။ ဘာတွေ ပြဿနာ ရှာဦးမလို့လဲ မသိဘူး” ဟု ၎င်းက ပြောသည်။

မြို့တွင်း လူစည်ကားရေးအတွက် မြို့နယ်အားကစားခန်းမ၌ COVID-19 ရောဂါကာကွယ်ဆေး ထိုးပေးမည်ဟု ဆိုကာ ပြည်သူများကို ခေါ်ဆောင်မှုများလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။“ အမျိုးက အိမ်လာလို့သိတာ၊ သူတို့ကို COVID-19 ဆေး ထိုးပေးမယ်ဆိုပြီး စုပြီး ခေါ်ထားတယ်။ တမင်ကို လုပ်တာပါ။

မြို့ထဲ လူစည်နေတယ် ဆိုတာကို ပြချင်တာ။ တစ်ဝက် ကျော်ကျော်က ပိတ်ထားပါတယ်။ သူတို့ကို ကြောက်လို့ ဖွင့်ရတာနဲ့ သူတို့လူတွေ လောက်ပဲ ဖွင့်တာပါ။ မြို့ထဲမှာလည်း အသွားအလာ နည်းပါတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် မြန်မာ နိုင်ငံ မြို့ရွာ အသီးသီး၌ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ် ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကိုယ့်အိမ်တွင် ကိုယ်နေ၍ ဆန္ဒပြ ဆင်နွှဲနေသည်။ mizzima

ဒီပဲယင်း ၊ နဂါးတွင်းကျေးရွာတွင် စစ်တပ်က တပ်စွဲပြီးနောက် ပြည်သူ ၃ ဦးကို လက်နောက် ပြန် ကြိုးတုပ်၍ သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ နဂါးတွင်းကျေးရွာတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် ယနေ့ ပြန်လည် ထွက်ခွာသွားရာတွင် ပြည်သူ ၃ ဦး၏ သတ်ဖြတ်ခံထားရသော အလောင်းများကို တွေ့ရှိရကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောသည်။

စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ် နဂါးတွင်းရွာမှ တပ်စွဲထားသော စစ်တပ်များ ယနေ့ ထွက်သွားအပြီးရက်ရက်စက်စက်သတ်ဖြတ်ခံထားရသည့် ပြည်သူများ အလောင်းများကို တွေ့ရှိရကြောင်း သိရှိရသည်။

“ကျနော်တို့ရွာတွေမှာတော့ စစ်တပ်လာရင် ပြေးကြရတာပဲ။ တချို့ အိမ်ကို စိတ်မချလို့ နေခဲ့တာ။ ကျန်းမာရေးမကောင်းတဲ့သူတွေကတော့ မပြေးနိုင်ကြဘူး။ မပြေးရင်တော့ စစ်တပ်လက်ထဲ ရောက် အသတ်ခံရတာတွေ ရှိတော့ စစ်တပ်လာရင် ပြေးဖို့ အားလုံးကို ရွာလူကြီးတွေက မှာထားတာရှိပါတယ်” ဟု ဒီပဲယင်း၊ကျေးရွာသားတစ်ဦးက ပြောဆိုသည်။ khit thit

တောင်ဥက္ကလာမြို့နယ် နန္ဒဝန်ဈေးရှေ့ရှိ ဆိုင်များမှပစ္စည်းများကို စစ်ကောင်စီနှင့်စည်ပင် ဖျက်ဆီး ယူဆောင်

ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့နယ် နန္ဒဝန်ဈေးရှေ့ရှိ ဆိုင်များမှ ပစ္စည်းများကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နေ့လည် ၁ နာရီ မိနစ် ၃၀ ခန့်က စစ်‌ကောင်စီနှင့် စည်ပင်မှ ဖျက်ဆီးယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“ဆိုင်ရှေ့ကပစ္စည်းတွေ အမိုးအကာနဲ့ ဈေးတင်ရောင်းတဲ့ခုံတွေပါ လာဖျက်ပြီး သိမ်းတဲ့အင်အားက စစ်ကောင်စီတွေက ၈ ကောင် ၁၀ ကောင်လောက်နဲ့ စည်ပင်လဲ ၁၀ ယောက်လောက်ပါမယ်၊ အခုထိရှိနေတုန်းပဲ၊ တခြားနေရာတွေလည်း လာသိမ်းနိုင်ပါတယ်” ဟု တောင်ဥက္ကလာမြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ တောင်ဥက္ကလာမြို့နယ်ရှိ နန္ဒဝင်ဈေးရှေ့ ဆိုင်ခန်းများ အပါအဝင် နန္ဒဝင်ဈေး၊ မြင်သာဈေးနှင့် ၆ ရပ် ကွက် ပုဏ္ဏမီဈေးစသည့် ဈေးကြီး ဈေးငယ်များမှာ ယနေ့ တိတ်ဆိတ်ငြိမ်သက်ခြင်း (Silent Strike) တွင်ပါဝင်ကြ၍ ဆိုင်များပိတ်ထားကြောင်း သိရသည်။ mizzima

ငွေစက္ကူသစ်သတင်းမဟုတ်မှန်ဟု ဗဟိုဘဏ်ကငြင်းသော်လည်း အနာဂတ်တွင်ဖြစ်နိုင်ခြေရှိဟု သုံးသပ်

ငွေစက္ကူအသစ် ကျပ် ၂ သောင်းတန်နဲ့ ကျပ် ၅ သောင်းတန် ထုတ်မယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်စာမျက်နှာမှာထွက်နေတာနဲ့ ပတ်သက်ပြီး မဟုတ်မမှန်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က  ဒီဇင်ဘာ ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူတန်ဖိုးအမျိုးအစားအသစ် ထုတ်ဝေတာနဲ့ ထုတ်ဝေပြီးတဲ့ ငွေစက္ကူအမျိုးအစားကို ပုံစံအသစ်နဲ့ ပြောင်းလဲထုတ်ဝေတဲ့ ကိစ္စရပ်တွေ ဆောင်ရွက်ပါက ပြည်သူတွေဆီ ကြိုတင်ကြေညာ အသိပေးဆောင်ရွက်သွားမယ်လို့  ဆိုပါတယ်။

ဒါကြောင့် အခုသတင်းဖြစ်ပေါ်နေတဲ့  ကျပ် ၂ သောင်းတန်နဲ့ ကျပ် ၅ သောင်းတန် ငွေစက္ကူသစ်တွေ ထုတ်မယ်ဆိုတဲ့ သတင်းမှာ မဟုတ်မမှန်ကြောင်း ဖြေရှင်းခဲ့တာပါ။

ဒါပေမဲ့ ပြည်တွင်းငွေကြေးစျေးကွက်မှာ ကျပ်ငွေတန်ဖိုး အဆမတန်ဖောင်းပွလာတာနဲ့ ငွေသားလည်ပတ်မှုက ကျပ်တည်းနေတာကြောင့် အ နာဂတ်ကာလမှာ ငွေစက္ကူသစ်တွေ ရိုက်ထုတ်လာနိုင်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ငွေကြေးကဏ္ဍအပေါ် စောင့်ကြည့်လေ့လာသူတွေက ထောက်ပြပြောပါတယ်။

ငွေကြေးစျေးကွက်စောင့်ကြည့်လေ့လာသူတဦးက ကျနော့်အမြင်ကတော့ “ငွေတွေကို ရိုက်ထုတ်လိမ့်မယ်လို့ မြင်မိတယ်။ ဘာလို့လဲဆို လက် ရှိ ငွေသားလည်ပတ်မှုက ကျပ်တည်းနေတာနော်။ ဒါက တချက်ပေါ့။ ပြီးတော့ လူတွေကလည်း ငွေသားကိုပဲ တောက်လျှောက်တောင်းဆို နေကြတာ။ ပြီးတော့ အပြင်မှာလည်း ငွေသားက စျေးကွက်တခုလို ဖြစ်နေတာနော်။ ဘာလို့လဲဆို ဘဏ်တွေမှာ ငွေသားထုတ်ယူလို့ မရတဲ့အ တွက် ရာခိုင်နှုန်းတခုပေးပြီး ထုတ်နေရတာလေ။ အဲ့တော့ ဒီလို အခြေအနေမှာ သူတို့ ငွေသား ရိုက်ထုတ်လိမ့်မယ်လို့ မြင်မိပါတယ်။ ငွေသားရိုက်ထုတ်တဲ့အတွက် ဘာဖြစ်လဲဆိုရင် ငွေသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပေမယ့် ငွေကြေးဖောင်းပွမှုကိုတော့ သွားပြီး အကျိုးသက် ရောက်မှု ရှိစေမှာ ဖြစ်တယ်။ မြန်မာကျပ်ငွေ တန်ဖိုး ကျလာတဲ့အတွက် ဒေါ်လာတန်ဖိုး တက်လာမယ်။ ရွှေစျေးတွေ တက်မယ်။ အဲဒီ့အခါ ကုန်စျေးနှုန်းကလည်း လိုက်ပြီး တက်လာလိမ့်မယ်။ ဆိုတော့ တိုင်းပြည်က ဆင်းရဲနွမ်းပါးမှု အခြေအနေဆီ သွားနေပြီး ပြည်သူတွေအဖို့တော့ စားဝတ်နေရေးက ပိုပြီး ကျပ်တည်းလာပါလိမ့်မယ်” လို့ ဆိုပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က တွက်ချက်ထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းက ၂၀၁၉ မှာ ၈ ဒသမ ၆ ရာခိုင်နှုန်း  ၊ ၂၀၂၀ မှာ ၅ ဒသမ ၇ ရာခိုင်နှုန်း ၊ ၂၀၂၁ မှာ ၆ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး လာမည့် ၂၀၂၂ အတွက်တော့ ခန့်မှန်းလို့ မရဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် လက်ရှိအကျပ်အတည်းအခြေအနေအရ မြန်မာကျပ်ငွေ တန်ဖိုးဖောင်းပွမှုက  Hyperinflation အဆင့်အထိ ရောက်နိုင်မလားဆိုတဲ့ အပေါ် စီးပွားရေး သုတေသီတဦးက “hyperinflation ကဖြစ်နိုင်လား၊ မဖြစ်နိုင်လား ဆိုတာ ပြောဖို့တော့ ခက်ပါတယ်။ ဒါက အခြေအနေတွေ အများကြီးအပေါ် မူတည်ပါတယ်။ ပထဆုံးတခုက အခုလက်ရှိ ငွေကြေးအခြေအနေတင်မကဘူး နိုင်ငံရေးရဲ့အခြေအနေပေါ်လည်း မူတည်ပါတယ်။ နိုင်ငံရေးအခြေအနေက မတည်ငြိမ်မှုရှိသလို နောက်တခါ စစ်ဖြစ်သကဲ့ သို့ အခြေအနေမျိုးဖြစ်တယ်ဆိုရင် လူတွေမှာ တုန်လှုပ်ခြောက်ခြားမှုတွေ ဖြစ်မယ်။ ပြီးတော့ panic buying ဝယ်ယူတာမျိုး တွေဖြစ်မယ်။ ထုတ်ကုန်တွေ သွင်းကုန်တွေ အားနည်းမယ်။ ထုတ်ကုန်တွေက နည်းပြီး လူထုရဲ့ စားသုံးမှုက လျှော့လို့ မရဘူး။ ဒါပေမဲ့လည်း ဝယ်လိုအားက လျှော့လာလိမ့်မယ်။ စီးပွားရေးက ကျလာလိမ့်မယ်။ အဲ့ဒီ့အခါ လူတွေက စုဆောင်းကြလိမ့်မယ်။ ဘာတွေ စုဆောင်းကြမလဲဆိုရင် ဒေါ်လာနဲ့ရွှေ ကို စုမယ်ပေါ့။ ဒါပေမဲ့ ဒေါ်လာနဲ့ ရွှေ ကလည်း စျေးကွက်ထဲမှာ မရှိဘူး။ အဲ့လို မရှိတဲ့အခါ ဒေါ်လာစျေး၊ရွှေစျေးတွေက တက်မယ်။ အဲ့တော့ မြန်မာငွေတန်ဖိုးက ကျမယ်။ ဆိုတော့ ဒါက ဘယ်လောက်အ ထိ ဖြစ်သွားနိုင်မလဲဆိုတာ ပြောဖို့တော့ခက်ပါသေးတယ်” လို့သုံးသပ်ပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၂၁ ဧပြီလထုတ် (၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ဧပြီ မှ စက်တင်ဘာလအထိ) ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာပါဖော်ပြချက်အရ တိုင်းပြည်ငွေကြေးပမာဏ အခြေအနေက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်မှာ ကျပ်သန်းထောင်ပေါင်း ၆၂,၈၈၃ ရှိခဲ့ပြီး ၂၀၂၀ စက်တင်ဘာလကုန်မှာ ကျပ်သန်းထောင်ပေါင်း ၇၂,၃၁၉ ရှိပါတယ်။ 

ဒါကြောင့် တိုးတက်မှုက ဒီမတိုင်ခင်ကထက်  ၁၅ ရာခိုင်နှုန်း  တိုးတက်မှုရှိခဲ့ပြီး စုစုပေါင်း ငွေကြေးပမာဏ အချိုးကလည်း ၂၀၂၀ စက်တင်ဘာ လကုန်မှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့  ၆၄  ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

ပြည်တွင်းမှာ လှည့်လည်သုံးစွဲတဲ့ငွေပမာဏနဲ့ ဘဏ်အပ်ငွေစုစုပေါင်းပမာဏကလည်း ဒီမတိုင်ခင် ကလာလတူနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၈ ရာခိုင်နှုန်းနဲ့  ၁၄ ရာခိုင်နှုန်းအသီးသီး တိုးတက်ခဲ့တာကြောင့် အပ်နှံငွေစုစုပေါင်းကိုကြည့်ရင် ဘဏ်စာရင်းရှင်အပ်ငွေက ကျပ်သန်း ထောင်ပေါင်း ၆,၉၅၅ ရှိပြီး စုဆောင်းမှုအပ်ငွေကလည်း ကျပ်သန်းထောင်ပေါင်း ၄၉,၉၁၂ ရှိတာတွေ့ရပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ၂၀၂၁ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် စိစစ်တွက်ချက်ခဲ့ရာမှာ ပထမအကြိမ် ဧပြီလက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ မြန်မာ့စီးပွားရေးဟာ ၉ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ သုံးသပ်ခဲ့ပေမယ့် နောက် ဆုံးအကြိမ် အပြီးသတ်စိစစ်တွက်ချက်မှုမှာ ၁၈ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းပါတယ်။

ဒါကြောင့် မြန်မာ့သမိုင်းတလျှောက်မှာ တိုင်းပြည်ရဲ့ စီးပွားရေးကျဆင်းမှုက စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ကာလတုန်းက တိုင်းပြည်စီး ပွားရေးက ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အခုတကြိမ် အာဏာသိမ်းမှုမှာတော့ ၁၈ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းမှာဖြစ်တာ ကြောင့် အဆိုးဝါးဆုံး မှတ် တမ်းဖြစ်ပါတယ်။ DVB

ရွှေဘိုတွင် လူ ၈ ဦး သတ်ဖြတ်ခံရ ၊ပျူစောထီးလက်ချက်ဟု ဒေသခံများပြော

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာကျေးရွာတွင် လူ ၈ ဦး သတ်ဖြတ်ခံရပြီး ပျူစောထီး လက်ချက်ဟု ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ ရွှေဘိုမြို့နယ်၊ ကျားရွာကျေးရွာတွင် လူ ၈ ဦးကို အမည်မသိ လူတစ်စုက လာရောက် သတ်ဖြတ်သွားကြောင်း ဒေ သခံများထံမှ သိရှိရသည်။”အဲဒီဘက်က ကျေးရွာတွေက NLD ပါတီဝန်းရံထောက်ခံတဲ့ ရွာတွေဗျ။ အဲဒီကျားကျေးရွာကလည်း NLD ပါတီ ထောက် ခံတဲ့ရွာ။ အသတ်ခံရတာတွေကလည်း အရပ်သားတွေပဲ။

PDF ထင်လို့ သတ်သွားတာလားမသိဘူးဗျ။ ပျူစောထီးလက်ချက်လို့ ထင်တာပဲဗျ။ ဒီရက်ပိုင်း ပျူစောထီးတွေ ဆိုင်ကယ်တွေ လက်နက်တွေနဲ့ လှည့်တာများတယ်” ဟု ဒေသခံတစ်ဦးက‌ ပြောဆိုသည်။ အသတ်ခံရမှုကြောင့် သေဆုံးသူ ပြည်သူ ၈ ဦးမှာ ဦးမြင့် အသက် ၆၇ နှစ်၊ ကိုအောင်ခိုင် ၂၇ နှစ်၊ ကိုကျော်ထက်အောင် ၁၆ နှစ်၊ ကိုအောင်မျိုးနိုင် ၂၇ နှစ်၊ ကိုဇင်မင်းထက် ၁၇ နှစ်၊ ကိုမျိုးမြင့် ၂၀ နှစ်၊ကိုဇော်ထက်အောင် ၁၉ နှစ်၊ကို ပြည့် ဖြိုးသူ ၁၇ နှစ်တို့ဖြစ်ကြောင်း သိရသည်။ khit thit

« Older Entries