ကံမမြို့ ဒန်းကိုင်းစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့အထွက်ရှိ ဒန်းကိုင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ ဒီဇင်ဘာလ ၁ဝ ရက် နံနက်အစောပိုင်း ၂ နာရီခန့်တွင် ရှော့တိုက်ဒုံးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့(ကံမ-သရက် ပူးပေါင်းအဖွဲ့ ) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ကံမမြို့အထွက် တောင်ဘက် နှစ်မိုင်ခန့်အကွာ ကဒူးပြင်လမ်းခွဲအနီးရှိ ထိုစစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပူးပေါင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ “မနက် ၂ နာရီခန့်မှာ ကျွန်တော်တို့ဘက်က ရှော့တိုက် တစ်လုံးနဲ့ အရင် စပစ်ပါတယ်။ ခဏနေတော့ သူတို့ဂိတ်ဘက်ကနေ သေနတ်တွေနဲ့ ရမ်းပြီး ပစ်ခတ်ကြပါတယ်။
ဒီဘက်က နောက်ထပ်ရှော့တိုက်တစ်လုံး ထပ်ပစ်ပြီး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ မရှိနှင့် နောက်ဆက်တွဲအခြေအနေကိုမူ ယနေ့ နေ့လယ်ပိုင်းအချိန်အထိ မသိရသေးကြောင်း ထိုတာဝန်ရှိသူက ဆက်ပြောသည်။
“ဒီစစ်ဆေးရေးဂိတ်က စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)၊ ရခ(စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်) ပူးပေါင်းပုံမှန်ဂိတ်ပါ။ ညဆိုရင် အင်အား ၁၀ကျော်ကနေ ၂၀ခန့်အထိ ရှိတတ်ပါတယ်။ သွားရောက်တိုက်ခိုက်တာ မနက် ၂ နာရီဆိုတော့ တအားမှောင်နေလို့ ထိခိုက်မှုအခြေအနေတော့ မသိရဘူး” ဟု၎င်းက ပြောသည်။
စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရခြင်းမှာ ပုံမှန်စစ်ရေးအရ တိုက်ခိုက် ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ အဓမ္မစစ်သားစုဆောင်းခြင်း၊ ရွာအချို့ကို ရည်ရွယ်ချက်ရှိရှိ လျှပ်စစ်မီးဖြတ်တောက်ခြင်းများလုပ်နေသည့် အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ကံမ-သရက် ပူး ပေါင်း အဖွဲ့ တာဝန်ရှိသူက ဆိုသည်။ mizzima