မုံရွာ-အရာတော် လမ်းတွင် စစ်ကောင်စီကား အမြောက်ဖြင့် ပစ်ခံရ
မုံရွာမြို့မှ အရာတော်မြို့သို့ မောင်းနှင်လာသော စစ်ကောင်စီကားကို အရာတော်မြို့ အနောက်ဘက် ၂၂ မိုင်ကွေ့ အနီး၌ ရှေ့ထွက်အမြောက် နှစ်လုံးဖြင့် ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် ညနေတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။
“ကားပေါ်မှာ အင်အား ၂၀ လောက် ပါတယ်လို့တော့ သိရတယ်။ ဘယ်လောက်ထိလဲ ဆိုတာ အတိအကျ မသိပေမဲ့ အထိအခိုက်ကတော့ များနိုင်တယ်။ လမ်းဘေးကနေ အနီးကပ် ကပ်ဆင်ထားတာ ဆိုတော့ ” ဟု သပြေညို ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ အဆိုပါ ပစ် ခတ်မှုကို Ayadaw Falcon Force (AF2) က ဦးဆောင်၍ တမန်တော် ပြောက်ကျား တပ်ဖွဲ့ (Apostle) ၊ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Knight of The Red Land (KORL) တပ်ဖွဲ့၊ Ayadaw Bone Naing PDF (A.B.N PDF)၊ Guerillas Commendo-Myinmu၊ M.R.T.F တပ်ဖွဲ့ နှင့် Local Rangers တော်လှန်ရေးအဖွဲ့ ညီနောင် ရှစ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာလ ၈ ရက်ကလည်း အရာတော်မြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၃၆၉) အမြောက်တပ်ရင်း (အရပ်ခေါ် သစ်ကျင်းကြီးတပ်) ကို စိန်ပြောင်း သုံးလုံးဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သေးသည်ဟု ဒေသခံ ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။ mizzima