Monthly Archives: Dec 2021

ဒေါပုံမြို့နယ်တွင် ယနေ့ပိတ်သည့် ဈေးဆိုင်များကို စစ်ကောင်စီတပ် လိုက်လံဖျက်ဆီး

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ဇေယျာသီရိ ပေ ၈၀ လမ်းမတွင် ယနေ့ ဆိုင်မဖွင့်သည့် လမ်းဘေးဆိုင်နှင့် ဆိုင်ကြီးများကို နံနက် ၇ နာရီ မိနစ် ၃၀ မှ စတင်၍ စည်ပင်အဖွဲ့များက အင်အား အလုံးအရင်းဖြင့် လိုက်လံ ဖျက်ဆီးနေကြောင်း‌ ဒေသခံများထံက သိရသည်။ “ရတနာဈေးနားမှာ မနက်အစောက လူသိပ်မရှိတဲ့အချိန် အမိုးအုပ်ထားတဲ့ လမ်းဘေးမြောင်းကျော် ဖွင့်ထားတဲ့ဆိုင်တွေ ၊ မြောင်းကျော် ဖွင့်ထားတဲ့ ဆိုင်ကြီးတွေရောပဲ။

ဖြိုပြီး စည်ပင်ကားပေါ် တင်တာ။ သူတို့ ပါလာတဲ့ ပစ္စည်းတွေ Cutter တွေနဲ့ တိုင်ငုတ်တွေကအစ မကျန် မြင်သမျှဆိုင် အကုန်ဖျက်တာ။ စည် ပင်တွေက ဖြိုပြီး စစ်ကောင်စီ တပ်သားတွေက ဘေးနားမှာ သေနတ်နဲ့ စောင့်ပေးတယ် “ဟု တွေ့မြင်လိုက်သည့် ဒေသခံက မဇ္ဈိမကို ပြော သည်။

ထို့အပြင် ဒေါပုံမြို့နယ်နှင့် ထိစပ်နေသည့် သာကေတ မြို့နယ်ရှိ ရပ်ကွက်ငါးခုတွင်လည်း ယ‌နေ့ပိတ်ထားသည့် ဆိုင်များကို စစ်ကောင်စီ လက် အောက်ခံ အုပ်ချုပ်ရေးမှူးက ဆိုင်ကယ်ဖြင့် လှည့်လည် စာရင်းကောက်ယူ နေကြောင်း ဒေသခံများက ပြောသည်။ ရန်ကုန်မြို့နယ် အချို့တွင်လည်း ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပိတ်သည့် ဆိုင်များကို ရပ်ကွက် အုပ်ချုပ်ရေမှူးများက မြေထိုးစက်ဖြင့် ဖြိုမည်ဟု ခြိမ်းခြောက်ခြင်း ၊ဆိုင်ခန်းများ တံခါးလိုက်ထု၍ ဖွင့်ရန် ဖိအားပေးခြင်းများလည်း ရှိကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် မြန်မာတစ်နိုင်ငံလုံးက မြို့၊ရွာ များတွင် လူထုက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုအဖြစ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲလျက် ရှိသည်။ mizzima

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအမှုတရားလိုပြ သက်သေ ၂ ဦးကို စစ်ဆေ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက  စွဲဆိုထားတဲ့ အဂတိအမှုတွေအတွက် ဒီဇင်ဘာ ၁၀ ရက်နေ့က ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက လုပ်ငန်းရှင်တွေထဲက ငွေကြေး ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပြင် တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုကာ နိုင်ငံတော်ဘဏ္ဍာငွေတွေ ဆုံးရှုံးအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။

ဒီကနေ့ ရုံးချိန်းမှာတော့ အာဏာသိမ်းစစ်ကောင်စီက တင်သွင်းလာတဲ့ တရားလိုပြ သက်သေ ၂ ဦးကို  မေးမြန်းစစ်ဆေးခဲ့ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် တရားလိုပြ သက်သေဘက်က မွန်ပြည်နယ် စည်ပင်သာ ယာရေး ဝန်ကြီး ဦးမင်ကျော်လွင်နဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ ပါဝင်နေတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ ဒီဗွီဘီက အ တည်ပြု မနိုင်သေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီဟာ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) နဲ့လည်း အမှုဖွင့်ထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စွပ်စွဲထားတဲ့ ဥပဒေ ပုဒ်မ ၅၀၅ (ခ) အမှုကတော့ တရားခံပြ သက်သေတွေကို ဆက်လက် စစ်ဆေးနေတာပါ။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ထဲမှာ သူတစ်ဦးတည်းသာ ဖမ်းဆီးအ မှုဖွင့်ခံထားရတာ ဖြစ်ပါတယ်။ DVB

ပုလဲနှင့် မြိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် ဒေ သခံကာကွယ်ရေးတပ်တို့ တိုက်ပွဲများဖြစ်၊ ထိ ခိုက်သေဆုံးမှုများရှိ ဟုဆို

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ခင်အေးရွာအရှေ့ထိပ်နှင့် မကွေးတိုင်း၊ မြိုင်မြို့နယ် မင်းတကျရွာ အထွက်တို့တွင် ယမန်နေ့ ဒီဇင်ဘာ ၉ ရက်က စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) ထံမှ သိရသည်။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ခင်အေးရွာ အရှေ့ထိပ်တွင် ဒီဇင်ဘာလ ၉ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က ကျောမြို့မှ ထွက်လာသော တပ်မ (၁၁) လက်အောက်ခံ ခမရ (၂၁၇) မှ စစ်ကောင်စီ အင်အား ၉၀ ခန့်နှင့် ဒေသခံ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့ သတင်းကြိုရထားတယ်ဗျ၊ ဒီကောင်တွေ စစ်ကြောင်းက နှစ်ယောက်က ကျွန်တော်တို့ဆီ ထွက်ပြေးလာပြီး ခိုလှုံတယ်၊ မနေ့က သူတို့သတင်းပေးချက်အရ ကြိုပြီးသွားစောင့်ပြီး တိုက်တာ၊ ဒီကောင်တွေဘက်က လက်နက်ကြီးတွေနဲ့ ၁၂ ချက်လောက် ပြန်ပစ်တယ်၊ မိနစ် ၄၀ လောက် အပြန်အလှန် တိုက်ပွဲ ဖြစ်သွားတယ်။ ဒီကောင်တွေဘက်က ရှစ်ကောင်သေတယ်၊ လေးကောင်က ဒဏ်ရာပြင်းတယ်”ဟု ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PRA) ဘက်ကလည်း ရဲဘော်တစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ကြောင်း သိရသည်။ ထို့အပြင် မကွေးတိုင်း မြိုင်မြို့နယ်၊ မင်းတကျရွာအထွက်တွင် ယမန်နေ့ နေ့လယ် ၁ နာရီ မိနစ် ၃၀ ခန့်က စစ်ကောင်စီတပ် အင်အား ၆၀ ခန့်ပါသည့် ခြေလျင်တပ်ကို PRA အဖွဲ့က ပဒေသာမိုင်း ခြောက်လုံးဆွဲကာ တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PRA အဖွဲ့က ပြောသည်။

မြိုင်မြို့နယ်သည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း အစပ်တွင် တည်ရှိနေသည့် မြို့နယ်ဖြစ်သည်။”သူတို့ကမြိုင်ကနေ ထွက်လာတာ အင်အား ၆၀ လောက်တော့ရှိမယ်၊ ခြေမြန်တပ်လို့တော့ ယူဆရတယ်။ ပဒေသာမိုင်းတွေ ဆင်ထားတဲ့နေရာရောက်တော့ ခြောက်လုံးဆွဲလိုက်တယ်၊ ထိထိမိမိ ထိသွားတယ်၊ စစ်ခွေး (စစ်ကောင်စီတပ်သား) ငါးကောင် ကျတယ်လို့ အတည်ပြုလို့ရတယ်” ဟု ၎င်းကဆက်ပြောသည်။PRA တပ်၏ အ ဆို အရ ယမန်နေ့က ထိတွေ့တိုက်ပွဲ နှစ်ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ၁၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ mizzima

ပြည်သူအများ အိမ်ထဲနေချိန် မန္တလေးတွင် စစ်ကား ၂ စီး အချင်းချင်းတိုက်၊ စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်ဟုဆို

ယနေ့ နိုင်ငံတဝန်း ပြည်သူများ အိမ်အပြင်မထွက်ဘဲ စစ်အာဏာရှင်တော်လှန်ရေး Silent Strike ဆင်နွှဲနေချိန် မန္တလေးမြို့ ၃၅ လမ်းနှင့် ၇၈ လမ်းထောင့်တွင် မွန်းလွဲ ၂ နာရီခန့်၌ အကြမ်းဖက်စစ်ကောင်စီ ကား ၂ စီး အချင်းချင်းတိုက်မိပြီး စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရကြောင်း သတင်းရရှိသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ဓါတ်ပုံတွင် ၃၅ လမ်းပေါ်၌ Double Cab အမျိုးအစား စစ်ကား ၁ စီးရပ်ထားပြီး စစ်သား ၂ ဦးမှာ ကားလမ်းမပေါ် လဲနေကာ အခြားစစ်သား ၃ ဦးမှာ လမ်းပေါ် ပြန့်ကျဲနေသော သေနတ်များနှင့် အသုံးအဆောင်များ လိုက်လံကောက်ယူနေသည်ကို တွေ့ရှိရသည်။Silent Strike အသံတိတ်သပိတ်ကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး အဆိုပါအချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ လူသွားလမ်းများပေါ်တွင် ရှိနေခြင်းဖြစ်သည်။ khit thit

ကန်ပက်လက်တိုက်ပွဲတွင် စစ်ကောင်စီတပ် သား ၇ ဦးသေဆုံး၊ မကွေးက အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ဒီဇင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ယောက်သေ ဆုံးက ၆ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ကန်ပက်လက် CDF တပ်ဖွဲ့က ပြောပါတယ်။

ကန်ပက်လက်မြို့နယ်နဲ့ ဆောမြို့နယ်အစပ် ပေါင်ချောင်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ပါကွန်းကျေးရွာနားမှာ မ နေ့ မနက် ၉ နာရီလောက် တိုက်ခိုက်ခဲ့တာလို့ ကန်ပက်လက် CDF ရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

နှက်ဘက် တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီကြာ ဖြစ်ပွားခဲ့ပြီး ကန်ပက်လက် CDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ  ပါကွင်းကျေးရွာက လူနေအိမ် ၇ လုံးနဲ့ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ၂ စီးနဲ့ ပစ္စည်းတွေကိုလည်း ခိုးယူဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ကန်ပက်လက်မြို့နယ် ဒေသခံပြည်သူတွေရဲ့ အဓိကစိုက်ပျိုးသီးနှံဖြစ်တဲ့ ဝဥ သီး သိန်းတစ်ရာကျော် ဖိုးလောက်ကိုလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးသွားကြတယ်လို့  ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကန်ပက်လက်မြို့နယ်ကို အင်အားတိုးချဲ့ပြီး ပညာရေးမှူးရုံးနဲ့ မြန်မာ့ စီးပွားရေးဘဏ်မှာ တပ်စွဲထားကြတယ်လို့ ပြော ပါတယ်။

ကန်ပက်တိုက်ပွဲနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီတပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မကွေးတိုင်း မကွေးမြို့မှာလည်း ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မနေ့က မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီခန့် အောင်ဇေယျာ အုပ်ချုပ်ရေးမှူး ရဲလေးကို ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနောက်ကျောဘက်လမ်းမှာ No Chair ပြောက်ကျားတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရာ ဦးခေါင်းကိုထိမှန်ပြီး သေဆုံးသွားတယ်လို့ အဖွဲ့ရဲ့ ပြန် ကြားရေးတာဝန်ခံ ဗိုလ်မိုးနက္ခတ်က ပြောပါတယ်။

အဲဒီ အုပ်ချုပ်ရေးမှူးဟာ ကျူးကျော်တွေကိုဖယ်ခိုင်းတာ၊ မီတာခွန်တွေအတင်းဆောင်ခိုင်းတာ၊ ရဲနဲ့စစ်တပ်ကို သတင်းပေးတာတွေ လုပ်ဆောင်တဲ့အပြင် စစ်အုပ်စုနဲ့ ပူးပေါင်းပြီးတော့ ပြည်သူလူထုကို ဒုက္ခ အမျိုးမျိုးပေးနေတာကြောင့် သုတ်သင်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေကို အဆုံးထိ တိုက်ခိုက်ခြေမှုန်းပြီးတော့ စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျတဲ့ အထိတိုက်ပွဲဝင်သွားမယ်လို့ No Chair ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ အုပ်ချုပ်ရေးမှူးရဲ့ အလောင်းကို မကွေးပြည်သူ့ ဆေးရုံသို့ သယ်ဆောင်သွားပြီး ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ သင်္ဂြိုဟ်မယ် လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

No Chair ပြောက်ကျားတပ်ဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း မကွေးမြို့ အောင်မေတ္တာရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ယောက်ကို သေနတ်နဲ့ ပစ်ခတ်ပြီး သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ DVB

ဓနုမြို့တော် ပင်းတယတစ်မြို့လုံးရှိ ဆိုင်အား လုံးပိတ်၍ Silent Strike တွင် ပါဝင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သည့် ပင်းတယမြို့ရှိ ပြည်သူများက ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် စျေးအတွင်းနှင့် စျေးအပြင်ဆိုင်များ အားလုံးပိတ်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး တိတ်ဆိတ် ငြိမ်သက်ခြင်းသပိတ် (Silent Strike) တွင် ပါ ဝင် ဆန္ဒပြ နေကြသည်။

ပင်းတယမြို့မစျေး၊ ဘဏ်များ၊ ဓာတ်ဆီဆိုင်၊ စားသောက်ဆိုင်၊ ဆေးဆိုင်၊ ကုန်စုံဆိုင်နှင့် ကွမ်းယာဆိုင်များ စသည် ဖြင့် ဆိုင်များအားလုံး ပိတ် ကာ တစ်မြို့လုံး လမ်းပေါ် မထွက်ဘဲ ညီညွတ်စွာဖြင့် Silent Strike တွင် မြို့လုံးကျွတ် ပူးပေါင်း ပါဝင်ကြသည်။ mizzima

Silent Strike ပြုလုပ်သည့် မူဆယ်မြို့‌က ဈေးဆိုင်များ ၁ လ ပိတ်သိမ်းမည်ဟု စည်ပင်ကြေညာ

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ဆိုင်မဖွင့်တဲ့ မူဆယ်မြို့ဈေး ဆိုင်တွေကို ၁ လကြာ ဆိုင်ပိတ်ခံရမယ်လို့ စည်ပင်သာယာ‌က လိုက်လံ ကြေညာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံတ၀န်း ဈေးတွေ၊ ဆိုင်တွေ မဖွင့်ဘဲ  ငြိမ်သက်ခြင်းသပိတ် Silent Strike ဆင်နွှဲနေကြတာပါ။

အကြောင်းပြချက်မရှိဘဲ ဆိုင်တွေ မပိတ်ထားဘဲ ဖွင့်ထားကြဖို့၊  ဆိုင်မဖွင့်ပါက ၁ လ ပိတ်သိမ်းမယ်လို့ မူဆယ် မြို့အတွင်း စည်ပင်သာယာရေး ဌာနက ဒီနေ့မနက် လိုက်လံသတိပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“၁၀ ရက်၊ ၁၂ လ၊ ၂၀၂၁ ရက်နေ့ မူဆယ်မြို့နယ် စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ ဈေးများအားလုံး ခိုင်လုံသည့် အကြောင်းပြချက် တစုံတရာမရှိဘဲ ယနေ့ ဈေးရောင်း ချခြင်း မရှိပါက မြို့နယ် စည်ပင်သာယာရေး ဌာန၏ ဈေးစည်းကမ်းဥပဒေအရ ၁ လ ယာယီ ပိတ်သိမ်းသွားမှာ ဖြစ်ကြောင်း ကြိုတင် အသိပေး အကြောင်းကြားအပ်ပါသည်ခင်ဗျား” ဆိုပြီး လိုက်လံ သတိပေးနေတာလို့ ဆိုပါတယ်။

အဲဒီလို လိုက်လံ ခြိမ်းခြောက်နေ‌ပေမယ့် ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးကို တော်လှန်ရေးနဲ့ သိမ်းပိုက်ဖို့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဒီဇင် ဘာလ ၁၀ ရက်နေ့မှာ ငြိမ်သက်ခြင်းသပိတ် (Silent Strike) ပြည်သူ့ဆန္ဒကို ဖော်ထုတ်တဲ့အနေနဲ့ ဈေးဆိုင်တွေ ပိတ်ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဗလီမတက်ခြင်းဖြင့် ငြိမ်သက်ခြင်း သပိတ် ပါဝင်ဆင်နွှဲကြရန် နွေဦးတော်လှန်ရေး မြန်မာမွတ်ဆ လင်ကွန်ရက်က တိုက်တွန်း

အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဗလီမတက်ခြင်းဖြင့် ငြိမ်သက်ခြင်း သပိတ် တွင် ပါဝင်ဆင်နွှဲကြရန် ပြည်တွင်းအခြေစိုက် နွေဦးတော် လှန်ရေးမြန်မာမွတ်ဆလင်ကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးထွန်းကြည်က မဇ္စျိမကို ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၀ရက်တွင် ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် အကြမ်းဖက်စစ်အာဏာရှင်အား ဆန့်ကျင်သည့် အနေဖြင့် တိုင်းနှင့် ပြည်နယ်များအတွင်း ငြိမ်သက်ခြင်းသပိတ် ကို ပြည်သူလူထုက ပါဝင်ဆင်နွှဲနေကြခြင်းဖြစ်သည်။

ယနေ့သည် အစ္စလာမ်ဝင်ဘာသာဝင်များ ဝတ်ပြုဆုတောင်းရမည့် နေ့ထူး၊နေ့မြတ် သောကြာနေ့နှင့် တိုက်ဆိုင်နေသော်လည်း ဗလီမတက် ရောက်ခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် တစ်သားတည်း ပါဝင်ဆင်နွှဲကြရန် ဦထွန်းကြည်က မေတ္တာရပ်ခံ တိုက်တွန်းသည်။ “ဗလီမသွားခြင်းဖြင့်လည်း ပါဝင်ကူညီကြဖို့ပါ။ ဖက်ဆစ်စစ်တပ်အနေနဲ့ အခွင့်ကောင်းယူပြီး အမျိုးမျိုးအဖုံဖုံ လုပ်ကြံဖန်တီးနိုင်တယ်။ နောက်တစ်ချက်က အင်နဲ့အားနဲ့ တို့တိုင်းပြည်ရဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် တို့အစ္စလာမ်ဘာသာဝင် မွတ်ဆလင်ထုတစ်ရပ်လုံးကလည်း တစ်သားတည်း ဖြစ်ဖို့တော့ အရေးကြီး တယ်။ သွားခြင်း၊မသွားခြင်းထက် ဒီအချိန်မှာ တစ်သားတည်း ဖြစ်ဖို့ အရေးကြီးတယ်” ဟု ဦးထွန်းကြည်က ပြောသည်။

အစ္စလာမ်ဘာသာဝင်အချို့အနေဖြင့် ဗလီသွားချင်သည်ဆိုပါက နံနက် ၁၀ နာရီ သပိတ်မစတင်မီအချိန်တွင် ဗလီသို့ သွားရောက်ကြပြီး ညနေ ၄ နာရီ သပိတ်ပြီးဆုံးချိန်မှသာ ဗလီများအတွင်းမှ တိတ်ဆိတ်စွာ ထွက်ခွာပေးကြရန်လည်း တိုက်တွန်းထားသည်။ ထို့အပြင် နွေဦးတော်လှန် ရေးမြန်မာမွတ်ဆလင်ကွန်ရက်၏ ဒီဇင်ဘာလ ၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်ခေါင်းဆောင်အား အစ္စလာမ်ဘာသာကိုယ်စားပြုသည်ဆိုသော အဖွဲ့က သွားရောက်တွေ့ဆုံခဲ့ကြောင်း ၊ ယင်းသို့ သွားရောက် တွေ့ဆုံခဲ့သော ပုဂ္ဂိုလ်များသည် မြန် မာနိုင်ငံအစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာကို ကိုယ်စားမပြုကြောင်း၊ ၎င်းပုဂ္ဂိုလ်များကို မြန်မာနိုင်ငံ အစ္စလာမ်ဘာသာဝင်များ အ နေဖြင့် ရွံရှာ စက်ဆုပ်မိကြောင်း အတိအလင်း ထုတ်ပြန်အပ်သည်ဟု ပါရှိသည်။ mizzima

တိတ်ဆိတ်ခြင်းသပိတ်ကို သတ်မှတ်ချိန်ထက် စော၍ နိုင်ငံအနှံ့ ဆင်နွှဲနေ

ရန်ကုန်အပါဝင် မြို့ကြီးများတွင် ယနေ့ (ဒီဇင်ဘာ ၁၀) နံနက် အစောပိုင်းမှစ၍ ခြောက်သွေ့တိတ်ဆိတ်သွားကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲမည့် တိတ်ဆိတ်ခြင်းသပိတ်တွင် ပြည်သူများက ပူးပေါင်းပါဝင်လျက်ရှိသည်။

ယနေ့ ကျရောက်သည့် ကမ္ဘာ့လူ့အခွင့်ရေးနေ့အထိမ်းအမှတ်အနေဖြင့် အာဏာသိမ်းစစ်တပ်၏ အနိုင်ကျင့်၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို နိုင်ငံအနှံ့အပြားမှ ပြည်သူများ ရင်ဆိုင်နေရကြောင်း ပြသသည့်အနေဖြင့် တိတ်ဆိတ်ခြင်းသပိတ်တွင် ပါ၀င်ကြရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လှုံ့ဆော်ထားသဖြင့် လမ်းပေါ်တွင် ထူးထူးခြားခြား အသွားအလာနည်းပါးနေခြင်း ဖြစ်သည်။

တိတ်ဆိတ်ခြင်းသပိတ်ကို အလုပ်မသွား၊ ရုံးမသွား၊ ဈေးမဖွင့်ဘဲ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ရန် လှုံ့ဆော်ထားကြသော်လည်း သတ်မှတ်ချိန်ရောက်ရန် သုံးလေးနာရီအလိုကတည်းက လမ်းပေါ်တွင် လူရှင်းနေသည်ဟု ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။ 

“လက်ဖက်ရည်ဆိုင် ဆိုင်ကြီးတွေမှာတောင် လူသိပ်မရှိဘူး”ဟု ရန်ကုန်မြို့လယ်တွင် ရှိနေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ၁၀ နာရီမတိုင်ခင် တိတ်ဆိတ်ခြင်းသပိတ်ကို ရန်ကုန်ရှိ မြို့နယ်များတွင်သာမက မန္တလေးတိုင်း မိတ္ထီလာ၊ မိုးကုတ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ကလေးမြို့၊ ကန့်ဘလူ၊ တမူး၊ ရေဦးမြို့၊ ရှမ်းပြည်နယ်မြို့တော် တောင်ကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ တနင်္သာရီတိုင်း မြိတ်မြို့၊ လောင်လုံ၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ နေပြည်တော် လယ်ဝေးတို့တွင်လည်း ယနေ့ နံနက်အစောပိုင်းမှစ၍ လမ်းပေါ်တွင် လူရှင်းနေသည့် ဓာတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာပေါ် တင်ထားသည်ကို တွေ့ရသည်။

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့တွင်း ကားအသွားအလာများမှာလည်း အရင်ကထက် ၈၀%၊ ၉၀ % ခန့် ရှင်းလင်းသွားပြီး ဈေးဆိုင်အများစုလည်း ပိတ်ထားသည်ကို မြင်တွေ့ရသည်။

ထို့အပြင် မနက်စာရောင်းသည့် ဈေးဆိုင်အများစုမှာလည်း ၁၀ နာရီမတိုင်ခင် ပြန်လည်ပိတ်သိမ်းရန် ပြင်ဆင်နေသည်ကို တွေ့ရှိရသည်။

“မနက်စာရောင်းတဲ့ဆိုင်တွေတောင် ပိတ်နေပြီ။ မြို့ထဲက ဆိုင်အများစုနဲ့ ရပ်ကွက်ထဲက ကုန်စုံဆိုင်တွေလည်း ပိတ်ထားကြတယ်။ ရပ်ကွက်ဆိုင် တွေမှာတောင် တံခါးတစ်ချပ်ပိတ်ပြီး ရောင်းနေတယ်။ လိုအပ်တဲ့လူလာဝယ်မှ ရောင်းပေးတာ။ ပုံမှန်ခင်းပြီးရောင်းနေတဲ့ ဆိုင်တွေက တော့ ပိတ်ထားတယ်”ဟု ရန်ကုန်မြို့တွင်း ရှိနေသူက ဆိုသည်။

ရန်ကုန်မြို့အတွင်း၌ ရဲကားများလှည့်ပတ်သွားလာနေပြီး အရပ်ဝတ်လုံခြုံရေးဟု ယူဆရနိုင်သူများကို မြို့အတွင်း၌ အများအပြားတွေ့ရကြောင်း သိရသည်။

“ ကမာရွက် လှည်းတန်းဗဟိုလမ်းမှာ ပိတ်ထားတဲ့ဆိုင်‌တွေကို ပုံလိုက်ရိုက်နေပါတယ်”ဟု အနီးနားတွင် ရှိနေသူတစ်ဦးက ဆိုသည်။

နေပြည်တော် လယ်ဝေးမြို့ ဈေးကြီး နံနက် ၁၁ နာရီ မြင်ကွင်းမှာလည်း နာရီဆိုင် တစ်ဆိုင်နှင့် မုန့်ဆိုင်တချို့သာ ဖွင့်သည်ဟု သွားရောက်လေ့လာခဲ့သူက ပြောသည်။  myanmar now

ဘန်ကောက်တွင် မြန်မာမိန်းကလေး ၁ ဦးအား ခြေလက်ကြိုးတုပ်ပြီး Tik Tok ပေါ်လွှင့်တင်သည့် မြန်မာစုံတွဲ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မှာ မြန်မာမိန်းကလေး ၁ ဦးကို ခြေလက်ကြိုးတုပ်ပြီးတော့ လူမှုကွန်ရက် Tik Tok ပေါ်လွှင့်တင်ခဲ့တဲ့ မြန်မာစုံတွဲကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းလဝက ရဲဌာနချုပ်က  ပြောပါတယ်။  

ပြီးခဲ့တဲ့ ၈ ရက်နေ့က ဘန်ကောက် လဝကရဲဌာနချုပ်မှာ ပြုလုပ်တဲ့  လပတ်မှုခင်းသတင်းစာ ရှင်းပွဲမှာ ထိုင်းဒုရဲချုပ် ဖတ်ဖုန်းဖိဖတ်ဆတ်ကျဖန်းက အခြားအမှုတွေနဲ့အတူ ထည့်သွင်း ပြောကြားခဲ့တာပါ။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လလောက်က ပထုန်ဌာနီခရိုင် ခလောင်းလုံမြို့ရှိ တိုက်ခန်းတစ်ခု ထဲမှာ ဇော်လို့ခေါ်တဲ့ မြန်မာအမျိုးသား ၁ ဦးက မင်း (အမည်လွှဲ) မိန်းကလေး ၁ ဦးကို ခြေတောက်နှစ်ဘက်လုံးရော လက်နှစ်ဘက်လုံးကိုပါ ကြိုးတွဲလွဲချည်နှောင်ပြီး သူမဟာ သူခိုးလို့ပြောဆိုကာ ဗွီဒီယိုရိုက်ပြီး Tik Tok လူမှုကွန်ရက်မှာ ဖြန့်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါဖြစ်စဉ်ကို အိမ်နီးချင်းထိုင်းပြည်သူ ၁ ဦးက သိရှိပြီး သွားရောက်ဟန့်တားမှ မိန်း ကလေးကို လွှတ်ပေးခဲ့ကြောင်း၊ မိန်းကလေးက လွတ်လာတဲ့နောက် နယ်လှည့်လုံခြုံရေး ယူနေတဲ့ ရဲကိုတိုင်ကြားခဲ့ရာမှာ ရဲကလည်း ခလောင်းလုံနယ်မြေရဲစခန်းမှာ အမှုဖွင့်ပေးပြီး အထောက်အ ထားတွေစုဆောင်းကာ  ဆက်လက်စုံစမ်းစစ်ဆေးရေးတွေ လုပ်ခဲ့ပါတယ်။ 

အဲဒီနောက် ကျူးလွန်သူ ဇော်ဟာ ဘန်ကောက် စမဲဒမ်နယ်မြေ ဘန်ခွန်ထိမ်းလမ်းသွယ် ၁၄ ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုမှာ ပုန်းအောင်းနေကြောင်းသတင်းရတဲ့အတွက် သွားရောက်ဖမ်းဆီးခဲ့ပြီး သူ့ရဲ့မိန်းမကိုလည်း  ကြံရာပါအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့ လင်မယား ၂ ယောက်စလုံးကို ခလောင်းလုံရဲစခန်းက တပါးသူအားချုပ်နှောင်မှု၊ တပါးသူရဲ့ အရှက်နဲ့သိက္ခာပျက်ပြားအောင် ဆောင်ရွက်မှု၊ ကွန်ပြူတာဥပဒေတွေနဲ့ပါ အရေးယူ သွားမယ်လို့ လဝကရဲချုပ်က ပြောသွားပါတယ်။  DVB

« Older Entries Recent Entries »