Monthly Archives: Dec 2021

ကုလအေဂျင်စီများ၏လုပ်ရပ် မြန်မာစစ်တပ်ကို တရားဝင်အောင်လုပ်သလို ဖြစ်နေဟု အ ရပ်ဘက်အဖွဲ့များ ဝေဖန်

မြန်မာစစ်တပ်ကို တရားဝင်အောင်လုပ်သလိုဖြစ်နေတဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့ မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၅၀ ကျော်က အရေးပေါ်ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအေဂျင်စီတွေဟာ MoU တွေ လက်မှတ်ရေးထိုးတာ၊ တခြားပုံစံတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေကတဆင့် စစ်အုပ်စုကို တရားဝင်စေတာ၊ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး ယန္တရားကို ထောက်ကူအားပေးတဲ့နေရာကို ပံ့ပိုးပေးနေတယ်လို့ ဒီဇင်ဘာ ၁၀  ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

MoU တခု လက်မှတ်ထိုးတာကတဆင့် စစ်အုပ်စုနဲ့ မိတ်ဖွဲ့တာက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်နိုင်စွမ်းကို အထိခိုက်ခံပြီး အလျှော့အတင်း လုပ်နေတာဟာ စစ်အုပ်စုရဲ့ ကြီးမားကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတာတွေကို ဆက်လက်ကျူးလွန်စေဖို့ ပိုအ တင့်ရဲစေပြီး သူတို့ရဲ့ သူရဲဘောကြောင်တဲ့ နိုင်ငံရေးနဲ့ စစ်ရေး ရည်မှန်းချက်တွေ အထမြောက်စေရေးအတွက် ဩဇာအရှိန်အဝါတခု ပေး လိုက်သလို ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ဝေဖန်ထားပါတယ်။ 

မကြာခင်က ကုလသမဂ္ဂအထွေထွေညီလာခံကနေ မြန်မာစစ်အုပ်စုက တင်တဲ့ ကိုယ်စားလှယ်ကို လက်မခံခဲ့တဲ့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါဟာ စစ်အုပ်စုက မြန်မာနိုင်ငံကို ကိုယ်စားမပြုဘူး ဆိုတာ ကမ္ဘာ့အုပ်ချုပ်ရေးယန္တရားအဖွဲ့အစည်းတခုက အတည်ပြုလိုက်တာ ဖြစ်တယ်လို့လည်း အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ ကြားနေရေးမူနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့် တာ ဝန်ဝတ္တရားတွေကို ဆန့်ကျင်နေတဲ့အပြင် မြန်မာပြည်သူလူထုကို အကူအညီပေးရာမှာ လွဲမှားတဲ့ ချဉ်းကပ်မှုတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့က ချင်းနဲ့ ရိုဟင်ဂျာတွေ အပါအဝင် ပြည်သူတွေအတွက် အသက်ကယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးပို့ရာမှာ ကန့်သတ် ပိတ်ဆို့တားမြစ်တာတွေ ကြုံရတာကြောင့် MoU တွေရဲ့ ထိရောက်မှုအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေတဲ့ မူလဇာစ်မြစ် ဖြစ်နေတာကြောင့် သူတို့ဟာ ဒီအကျပ် အတည်းဖြေရှင်းဖို့ မိတ်ဖက် လုံးဝမဟုတ်ဘူးလို့လည်း အရပ်ဘက်အဖွဲ့တွေက ထောက်ပြထားပါတယ်။

ထိတ်လန့်အံ့ဩဖွယ်ကောင်းတာကတော့ နိုဝင်ဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ပူးတွဲစီစဉ်ကျင်းပတဲ့ အွန်လိုင်းအစည်းအဝေးတခုမှာ စစ်အုပ်စုကို တက်ရောက်စေခဲ့တာ ဖြစ်ပြီး တခြားသော ကုလသမဂ္ဂအေဂျင်စီတွေ ပြုလုပ်တဲ့ “ITU Digital World 2021″၊ UNWTO အဖွဲ့ရဲ့ The Future of World Tourism Summit-Ministerial Debate & UNEP a United Nations Biodiversity Conference တို့အပါအဝင် ထိပ်သီးဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေနဲ့ ပွဲတွေမှာလည်း စစ်အုပ်စုကို ပါဝင်တက်ရောက်စေခဲ့တယ်လို့ ဆိုပါတယ်။ 

ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာ ကုလသမဂ္ဂအေဂျင်စီတွေ၊ ရန်ပုံငွေ ထောက်ပံ့တာတွေနဲ့ ပရိုဂရမ်တွေဟာ လူ့အခွင့်အရေးကို အဓိကမဏ္ဍိုင်တရပ်အဖြစ် ရပ်တည်ကိုင်စွဲရမယ်လို့ ဖော်ပြထားတာကြောင့် ကုလသမဂ္ဂရဲ့ လုပ်ငန်းတွေကို လက်လှမ်းမီလုပ်ကိုင်နိုင်ရေးအတွက် လူ့အခွင့် အရေးတွေကို ချနင်းပြီး စစ်အုပ်စုအလိုကို ဖြည့်ဆည်းပေးတဲ့ မိစ္ဆာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုံးဝမရှိဖို့ လုပ်ဆောင်ရမယ်လို့လည်း ဆိုပါတယ်။ 

စစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် သတ်မှတ်ခံထားရပြီး နိုင်ငံတကာ မြန်မာ့အရေးကျွမ်းကျင်သူတွေက သတ်မှတ်ထားတဲ အကြမ်းဖက်မှုလုပ်ရပ်တွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်တဲ့အချိန်ကာလက သူတို့ရဲ့ စနစ်တကျ ပျက်ကွက် ကျရှုံးတာကို သင်ခန်းစာယူရမှာ ဖြစ်သလို လူမျိုးတုံး သတ်ဖြတ်တာနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေအပါအဝင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇ ဝတ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုသင့်တယ်လို့ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေ ရေးမစ်ရှင် (IWFFMM) ရဲ့ အစီရင်ခံစာမှာ ချပြခဲ့တဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်စေရေး၊ လျှော့ချရေး ဒါမှမဟုတ် အာရုံစိုက်မှုရလာစေရေးတို့ကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာကို မမေ့လျော့သင့်ဘူးလို့ အရပ်ဘက်အဖွဲ့တွေက ဝေဖန်ထောက်ပြပါတယ်။ DVB

ဆွစ်ဇာလန်ပိုင် Harry Winston က မြန်မာ့ကျောက်မျက်ဝယ်ယူမှု ရပ်တန့်ပြီ

ဆွစ်ဇာလန်ပိုင် Harry Winston ဟာ မြန်မာ့ကျောက်မျက်များ ရယူတင်သွင်းနေခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း Justice for Myanmar က ထုတ်ပြန်လိုက်သည်။ “နောက်ဆုံးမှာတော့ Harry Winston ဟာ မြန်မာ့ကျောက်မျက်များ ရယူ တင်သွင်းနေတာကို ရပ်တန့်လိုက်ပြီး မြန် မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ငွေကြေးထောက်ပံ့ခြင်းဖြင့် ကြံရာပါပတ်သတ်နေတဲ့ အနေအထားတစ်ခုကနေ လွတ်လွတ်ကင်းကင်းနဲ့ ရပ်တည်ပြလိုက်ပါပြီ။

ကျန်ရှိနေသေးတဲ့ မြန်မာ့ကျောက်မျက်ရောင်းချသူများ၊ စီးပွားရေးလုပ်ငန်းများ အနေနဲ့လည်း လူအခွင့်အရေးဆိုင်ရာ တာဝန်တွေနဲ့အညီ လေး စား လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး မြန်မာ့ကျောက်မျက်များ ရောင်းချခြင်းကို ရပ်တန့်ရပါမယ်။”ဟု Justice for Myanmar က ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။မြန်မာပြည်သူများအား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရန်ပုံငွေအားဖြည့်ပေးရာ ရောက်စေသည့် မြန်မာ့ကျောက်မျက်ရတနာများ ဝယ်ယူခြင်းကို ရပ်တန်ရန် Harry Winston ကုမ္ပဏီအပါအဝင် ကျောက်မျက်ကုမ္ပဏီများအား The Action Network အဖွဲ့က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ပြည်သူများ၏ ဆန္ဒ လက်မှတ်ပေါင်း ၂၅,၀၀၀ ကျော်ပါဝင်သော လက်မှတ်ရေးထိုးတောင်းဆိုမှုတစ်ရပ် အပါအဝင် International Campaign for the Rohingya နဲ့ NO Business with Genocide တို့က ဦးဆောင် ပြုလုပ်တဲ့ လူထုလုပ်ရှား တောင်းဆိုမှုများအပြီး Harry Winston က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။မြန်မာစစ်တပ်သည် ကရင်၊ ရှမ်းနှင့် ကချင်တို့အပါအဝင် နိုင်ငံတွင်းက တိုင်းရင်းသားလူ နည်းစုများအပေါ် ဆယ်စုနှစ်များစွာ၌ စစ်ရာဇဝတ်မှုများ ကျူးလွန်နေခဲ့သည်ဟု The Action Network အဖွဲ့က ဆိုသည်။

စစ်တပ်သည့် ကျေးရွာများအား မီးရှို့ခြင်း၊ အမျိုးသမီးနှင့် မိန်းကလေးများကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းနှင့် တွန်းလှန်သူများကို သတ်ဖြတ်ခြင်းများက နည်းစနစ်ကျကျ လုပ်ဆောင်လျက် ရှိနေကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိတွင် နိုင်ငံတကာ တရားစီရင်ရေးခုံရုံး ICJ ၌ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အမှုစွဲဆိုခံထားရသည်။

ကမ္ဘာ့ ပတ္တမြားနှင့် ကျောက်စိမ်း၏ ၉၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှ ထွက်ရှိကာ ထိုကျောက်မျက်ရတနာများမှာလည်း ကမ္ဘာ့ဈေးကွက်တွင် ဈေးအမြင့်ဆုံးရသည်။ မြန်မာနိုင်ငံရှိ ကျောက်မျက်ရတနာလုပ်ငန်းကို စစ်တပ်က ကြီးစိုးထားသည်။ ဆွစ်ဇာလန်ပိုင် Harry Winston ကဲ့သို့ ကျောက်မျက်ကုမ္ပဏီများက မြန်မာ့ကျောက်မျက်ရတနာများ ဝယ်ယူခြင်းအားဖြင့် စစ်တပ်အတွက် အကျိုးစီးပွားများ ဖော်ဆောင်ပေးရာ ရောက်နေသည့်အတွက် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ mizzima

ဒီပဲယင်း ၊ နဂါးတွင်းကျေးရွာတွင် စစ်တပ်က ဦးသန်းထွေး၊ ဦးကျော်ဝင်း၊ ကိုမိုး၊ ဦးကံညွှန့်၊ ကိုတိုးနှင့် ဦးဇော်ဝင်းတို့ကို ရက်စက်စွာ သတ် ဖြတ်ပြီး ရွာကို ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ နဂါးတွင်းကျေးရွာတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြန်လည် ထွက်ခွာသွားရာတွင် ပြည်သူ ၆ ဦး၏ သတ်ဖြတ်ခံထားရသော အလောင်းများကို တွေ့ရှိရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်တပ်က ဒီပဲယင်းနဂါးတွင်းကျေးရွာတွင် သတ် ဖြတ် သွားသည့်ပြည်သူ ၆ ဦးမှာ

၁ ဦးသန်းထွေး

၂ ဦးကျော်ဝင်း

၃ ကိုမိုး

၄ ဦးကံညွှန့်

၅ ကိုတိုး

၆ ဦးဇော်ဝင်း တို့ဖြစ်ကြောင်း သိရှိရသည်။

“တစ်ရွာလုံး အိမ်တွေကို ဖျက်ဆီးသွားတယ်။ အသတ်ခံထားရတဲ့သူတွေကလည်း ရက်ရက်စက်စက် အသတ်ခံထားရတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ် နဂါးတွင်းရွာမှ တပ်စွဲထားသော စစ်တပ်များ ယနေ့ ထွက်သွားအပြီးရက် ရက် စက် စက်သတ်ဖြတ်ခံထားရသည့် ပြည်သူများ အလောင်းများကို တွေ့ရှိရကြောင်း၊ ကျေးရွာရှိ နေအိမ်များကိုလည်း ဖျက်ဆီးသွားကြောင်း သိရှိရသည်။ khit thit

ဗိုလ်ချုပ်ရုပ်ရှင် သရုပ်ဆောင် နန့်ဇာခြည်လင်း ၏ ဈာပန မနက်ဖြန် ကျင်းပမည်

ဗိုလ်ချုပ်ရုပ်ရှင်မှာ ဒေါ်ခင်ကြည်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခံထားရတဲ့  နန့်ဇာခြည်လင်းဟာ  သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့ မနက်ဖြန် သူ့ရဲ့ ဈာပနကျင်းပ သင်္ဂြိုဟ်ဖို့ရှိပါတယ်။ 

နန့်ဇာခြည်လင်းဟာ အသက် ၃၉ နှစ်အရွယ်မှာ သွေးကင်ဆာရောဂါ အပြင်းထန်ခံစားပြီး ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းက ပုသိမ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

နန့်ဇာခြည်လင်းဟာ အ.မ.က (၁၃၂) ဆယ်ပင်လေး‌ မူလတန်းကျောင်းအုပ် ဆရာမတဦးလည်းဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပုသိမ်မြို့ သစ်ရောင်းချောင်း မီးသင်္ဂြိုဟ်စက်ကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ DVB

အမေရိကန်နှင့် အပေါင်းအပါများက မြန်မာစစ်တပ်ကို ထပ်မံဒဏ်ခတ်အရေးယူ 

မြန်မာပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်လုပ်ဆောင်နေသည့် မြန်မာစစ်တပ်ကို ဖိအားပေးသည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ အဖွဲ့သုံးခုနှင့် စစ်ကောင်စီခန့် ဝန်ကြီးချုပ်လေးဦးကို ဒဏ်ခတ်အရေးယူကြောင်း ကြေညာလိုက်သည့်နည်းတူ ဗြိတိန်နှင့် ကနေဒါကလည်း စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းလေးခုကို ဒဏ်ခတ်အရေးယူလိုက်သည်။

စစ်ဘက်အဖွဲ့အစည်းများဖြစ်သည့် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ စစ်ထောက်ချုပ်ရုံးနှင့် စစ်မှုထမ်းဟောင်းအဖွဲ့၊ စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နမ် တို့ကို အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်ခြင်းဖြစ်သည်။

“ဒီနေ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဆက်စပ်တဲ့သူတွေကို ပစ်မှတ်ထားအရေးယူရာမှာ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတို့ကလည်း အလား တူ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်သူတွေကို ဖော်ထုတ်ဖို့၊ တာဝန်ရှိမှုကို မြင်သာစေဖို့နဲ့ သူတို့ရဲ့ နိုင်ငံတ ကာ ငွေရေးကြေးရေးအခန်းကဏ္ဍကို ကန့်သတ်ဟန့်တားဖို့ ကျွန်တော်တို့ စိတ်တူကိုယ်တူ မဟာမိတ်တွေ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တရုတ်၊ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၁၅ ဦးနှင့် ကုမ္ပဏီအဖွဲ့အစည်း ၁၀ ခုကို ဒဏ်ခတ်အရေးယူကြောင်း အမေရိကန်က ကြေညာခြင်းဖြစ်သည်။ 

စစ်တပ်နှင့် ရဲတပ်ဖွဲ့သုံး စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေး အဓိကတာဝန်ရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ ထောက်ပံ့ပို့ဆောင်ရေးတာဝန်ရှိသူ စစ်ထောက်ချုပ်ရုံးနှင့် အရန်အင်အားအဖြစ် ထိပ်တန်းစစ်ဗိုလ်ချုပ်များ ပါဝင်ဖွဲ့စည်းထားသည့် စစ်မှုထမ်းဟောင်းအဖွဲ့တို့သည် အကြမ်းဖက်မှုများနှင့် ရာနှင့်ချီသော အရပ်သားသေဆုံးမှုများတွင် ပါဝင်ပတ်သက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဝန်ကြီးချုပ်လေးဦးသည်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သည့်အတွက် အရပ်သားသေဆုံးမှုများတွင် တာဝန်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါ စစ်ဘက်ဌာနအဖွဲ့အစည်းသုံးခု အပါအဝင် မြန်မာစစ်တပ်၏ နောက်ထပ်ထိပ်တန်းစစ်ဘက်ဆိုင်ရာဌာနတစ်ခုဖြစ်သည့် စစ်လက် နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးကို ဒဏ်ခတ်အရေးယူကြောင်း ဗြိတိန်နှင့် ကနေဒါတို့ကလည်း တစ်ရက်တည်းထုတ်ပြန်ကြေညာသည်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစကာ အမေရိကန်နှင့်အတူ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က မြန်မာစစ်ဗိုလ်ချုပ်များ၊ ၎င်းတို့မိသားစုဝင်များ၊ ပတ်သက်ဆက်နွှယ်သူများနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများကို အကြိမ်များစွာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရ၏ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်အရေးယူမှု ၁၁ ကြိမ် ရှိပြီဖြစ်ကာ စစ်ဗိုလ်ချုပ်ကြီးများအ ပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၆၈ ဦး၊ ကုမ္ပဏီနှင့် ဌာနအဖွဲ့အစည်းပေါင်း ၂၃ ခုရှိပြီဖြစ်သည်။ myanmar now

ရန်ကုန်မြို့လယ်ခေါင်၊ အနော်ရထာလမ်းပေါ်တွင် “ငါတို့ဟာ သတ်လို့ မသေတဲ့ တော်လှန်ပန်းပွင့်တွေ” စစ်အာဏာရှင် ချေမှုန်းရေး သ ပိတ်စစ်ကြောင်း ချီတက်

khit thit

ရခိုင်တွင် တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်ဟု AA ဆို

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သည့် အနေအထားကို ရောက်ရှိနေသောကြောင့် စစ်ရေးသတိကြီးစွာဖြင့် အထူးသတိထားစောင့်ကြည့်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့ (ဒီဇင်ဘာ ၁၀) တွင် ထုတ်ပြန်လိုက်သည်။

အကြောင်းပြချက်အမျိုးမျိုးဖြင့် ရခိုင်ကျေးရွာများအတွင်း နယ်မြေစိုးမိုးရေးအတွက် လှုပ်ရှားသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် တပ်အပြောင်းအရွှေ့ ဆက်တိုက်လုပ်ဆောင်နေခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး စသည့် အခြေခံ စားသောက်ကုန်ပစ္စည်းများ ဒေသတွင်း သယ်ယူပို့ဆောင်နေမှုများကို ဆက်လက်ဟန့်တား ပိတ်ပင်တားမြစ်နေခြင်း၊ ရန်စသော အပြုအမူများကို လုပ်ဆောင်နေခြင်းများကြောင့် ပြည်သူတို့စားဝတ်နေရေး ခက်ခဲလာသလို နှစ်ဖက်တပ်ကြား တင်းမာမှုများ မြင့်တက်စေသည်ဟုလည်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ဘုရားပွဲတော်ကျင်းပရေးအတွက် လမ်းပြုပြင်ရန်ဟု ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး ဘုရားပွဲကျင်းပမည့်ကိစ္စကို ဝင်ရောက်စွက်ဖက်မှုများ ဆက်လက်ပြုလုပ်နေပါက ဘုရားပွဲသို့ သွားရောက်မည့်ကိစ္စကို ပြည်သူများ “ဆင်ခြင်သုံးသပ်ကြရန်”လည်း AA ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ထို့ပြင် ရခိုင်ပြည်သူများ “စစ်ရေးသတိရှိကြရန်”လည်း AA က သတိပေးထားသည်။

AA ၏ ထုတ်ပြန်ချက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခု၊ ဒီဇင်ဘာအစောပိုင်းမှစ၍ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး၂၀၂၀ ခု၊ နိုဝင်ဘာတွင် နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်ခဲ့သည်။ 

AA သည် ပြည်နယ်တွင်း သြဇာလွှမ်းမိုးရန်အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နေပြီး ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်နေသည်။

ပြည်သူလူထုများအနေဖြင့် မတရားခံရမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာ စသည့် အမှုအအခင်းများအပြင် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် အမှုအခင်းများအားလုံးကို တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း သြဂုတ် ၁ က ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့တွင် သြဂုတ်ဒုတိယအပတ်မှစ၍ စစ်တပ်က ရိက္ခာနှင့် စစ်သည်အင်အား တိုးချဲ့နေ၍ ဒေသတွင်း စိုးရိမ်မှုမြင့်တက်ခဲ့ကြသည်။ 

ထို့နောက် ဩဂုတ် ၁၅ တွင် ​​အမေရိကန်အခြေစိုက် အာရက္ခမီဒီယာနှင့် အွန်လိုင်းဆက်သွယ်မေးမြန်းခန်းတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)  ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပိုင်းများကို တန်ပြန်ပြီး စစ်ကောင်စီက စစ်ရေးလှုပ်ရှားလာခြင်း၊ ခြိမ်းခြောက်လာခြင်းတို့ကြောင့် သတိထားစောင့်ကြည့်နေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ယခုနှစ် နိုဝင်ဘာ ၉ တွင်မူ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပတ်ဝန်းကျင်တွင် နယ်မြေကျော်လာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA ဘက်က ပြောဆိုခဲ့သော်လည်း စစ်ကောင်စီဘက်က ငြင်းဆို သည်။

ယင်းနောက်ပိုင်းတွင် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် နီပွန်ဖောင်းဒေးရှင်းဥက္ကဋ္ဌ မစ္စ တာဆာဆာကာဝါက ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အွန်လိုင်းတွင် တွေ့ဆုံကာ တိုက်ပွဲများ မဖြစ်ပွားဘဲ ငြိမ်းချမ်းသည့်အနေအထားကို ဆက်လက်ထိန်းသိမ်းထားရန် ပြောဆိုခဲ့သည်။

မြို့နယ်တချို့တွင် AA က ကျေးရွာအုပ်စုခေါင်းဆောင်များခန့်အပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသလို စစ်ကောင်စီဘက်ကလည်း ကျောက်တော်၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ ပေါက်တော စသည့် မြို့နယ်တချို့သို့ သွားရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး AA နှင့် မပတ်သက်ရန်၊ AA လှုပ်ရှားမှုများကို သတင်းပေးရန် သတိပေးထားသည်။ myanmar now

“စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းမှရမယ်ဆိုတဲ့ဟာ ပိုပိုပြီး ပေါ်လွင်လာတယ်”- သံအမတ်ကြီး ဦးကျော်မိုးထွန်း

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီး အရည်အချင်းစစ် စိစစ်ကော်မတီ  credentials committee ရဲ့ ဆုံးဖြတ်ချက်အ ပေါ် ကုလသမဂ္ဂအထွေထွေညီလာခံကနေ အတည်ပြုလိုက်ပြီး နောက်ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့၊ စစ်ကောင်စီတပ်တွေက  အပြစ်မဲ့ ရွာသားတွေကို  သတ်ဖြတ်မီးရှို့၊  ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို ကားနဲ့တိုက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို  နိုင်ငံတကာအသိုက် အဝန်းက အရေးယူဆောင်ရွက်နေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး။ လက်ရှိအနေအထားတွေက သံအမတ်ကြီးက ကြားကာလတခုမှာ ကုလသမဂ္ဂမှာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမယ့် အဓိပ္ပာယ်မျိုးလားရှင့်။ ဒါနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပေးပါဦး။

ဖြေ။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။ ခုနက ဆရာမ ပြောသွားတဲ့အတိုင်းပေါ့နော်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ credentials committee ပေါ့နော်။ အဖွဲ့ဝင် ၉ နိုင်ငံပါဝင်တဲ့ credentials committee အစည်းအဝေးလုပ်ပါတယ်။ အစည်းအဝေးပြီးပြီးချင်းပဲ credentials committee ဥက္ကဋ္ဌက သတင်းမီဒီယာတွေနဲ့ တွေ့တဲ့အချိန်မှာ သူ ပြောသွားတာ ရှိပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံနဲ့ အာဖဂန်နစ္စတန်တို့ရဲ့ ကိုယ်စားပြုမှုနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်မယ့်ဟာကို defer လုပ်(ရွှေ့ဆိုင်း)ပါတယ်တဲ့ ဆိုတဲ့ဟာကို အဖွဲ့ဝင်နိုင်ငံများ တူညီဆန္ဒနဲ့ အတည်ပြုခဲ့တယ်ပေါ့။ ပြီးတော့ ၆ ရက်နေ့မှာ credentials committee က တင်ပြတဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးက အတည်ပြုခဲ့တယ်ပေါ့။ 

ဆိုတော့ ယေဘုယျအားဖြင့် လက်ရှိ တာဝန်ယူနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် အနေနဲ့ လက်ရှိတာဝန်တွေကို အရင်အတိုင်း ၇၅ ကြိမ်မြောက်မှာ ဆောင်ရွက်ခဲ့တဲ့အတိုင်းရော ဒီ ၇၆ ကြိမ်မြောက် အရှေ့ပိုင်းမှာ ဆောင်ရွက်ခဲ့တဲ့အတိုင်းရောပေါ့နော် ဒီတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အားလုံး နားလည်ထားကြပါတယ်။ အစီရင်ခံစာထဲမှာ အသေးစိတ် မဖော်ပြထားသော်လည်းပေါ့နော်။ အခု လက်ရှိသွားနေတဲ့အတိုင်း ဆက်သွားတယ် ဆိုတာမျိုးကို ကျနော့်အနေနဲ့လည်း ယခင်လုပ်ခဲ့တဲ့အတိုင်း ဆက်လက်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါမယ်။ 

ဆိုတော့ ပြန်ကြည့်လိုက်ရင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကျနော် အထွေထွေညီလာ ခံမှာ မိန့်ခွန်းပြောပြီးတော့ ကျနော့်အနေနဲ့ ပြည်သူ့ဘက်က ရပ်တည်တယ်ဆိုတာ ထုတ်ဖော်ပြောခဲ့တယ်။ ဖေဖော်ဝါရီ ၂၇ မှာ ကျနော့်ကို Dismiss (ထုတ်ပယ်) ခဲ့တယ်။ ဒါပေမဲ့လည်း ကျနော့်အနေနဲ့ ရွေးကောက်ခံအစိုးရက ခန့်အပ်တဲ့အတွက်ကြောင့် ဆက်ရှိမယ်ဆိုတာမျိုးနဲ့ ပြောပြီးတော့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ဆီကိုရော၊ အထွေထွေ အတွင်းရေးမှူးချုပ်ဆီကိုရော အကြောင်းကြားခဲ့တယ်။ ဒါကြောင့် ဒီတိုင်းပဲ အဲဒီနောက်ပိုင်းမှာလည်း ကျနော့်အနေနဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ရမယ့် ဥစ္စာတွေအကုန်လုံးကို ဆက်လက်လုပ် ဆောင်ခဲ့တယ်။ အခုထိ အဲလို လုပ်ဆောင်တယ်။ ၆ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေပြီးတော့ credentials committee ရဲ့ Report ကို အတည်ပြုပြီးတဲ့နောက်မှာလည်း ဒီတိုင်း ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။ ဘာကို ဥပမာပေးပြီး ကြည့်ရမလဲဆိုရင် ၆ ရက်နေ့ မွန်းလွဲမှာ ပထမကော်မတီက တင်ပြတဲ့ အစီရင်ခံစာပေါ့နော်၊ ကော်မတီမှာ ပြီးခဲ့တဲ့ အောက်တိုဘာ၊ နိုဝင်ဘာတုန်းက တောက်လျှောက်လုပ်ခဲ့တဲ့ ကော်မတီရဲ့ လုပ်ငန်းစဉ်တွေ၊ နောက်ပြီးတော့ ဆုံးဖြတ်ချက် အဆိုမူကြမ်းတွေကို မျက်နှာစုံညီအစည်းအဝေးကို တင်ပြ အတည်ပြုချက်ယူပါတယ်။ အဲဒီမှာလည်း ဆုံးဖြတ်ချက် အဆိုမူကြမ်းတွေနဲ့ ပတ်သက်ပြီးတော့ မဲခွဲတာတွေ ဘာတွေရှိတယ်။ ကျနော်တို့ ဦးဆောင်တင်တဲ့ Nuclear disarmament (နျူကလီးယားဖျက်သိမ်းရေး)နဲ့ ပတ်သက်တဲ့ အဆိုမူကြမ်းကိုလည်း မဲခွဲအတည်ပြုတာတွေ ရှိတယ်။ အဲဒီမှာလည်း ကျနော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်တွေကို ပါဝင်မဲပေးမှုတွေ လုပ်ခဲ့တယ်။ ဆိုတော့ ပြန်ပြီးတော့ ချုပ်ပြောရရင် ကျနော်တို့ အရင်လုပ်တဲ့အတိုင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်ရဲ့ လုပ်ဆောင်ရမယ့်ဟာတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာလေးလည်း အသိပေး ပြောကြားလိုပါတယ်ခင်ဗျ။ 

မေး။ သက်တမ်းနဲ့ ပတ်သက်ပြီးတော့ တိတိကျကျတော့ ပြောလို့ မရသေးဘူးပေါ့နော်။

ဖြေ။ ဟုတ်ပါတယ်ခင်ဗျ။ ဒါပေမဲ့ ယေဘုယျ နားလည်ထားကြတာကတော့ ၇၆ ကြိမ်မြောက် တောက်လျှောက်လို့တော့ နားလည်ထားကြပါတယ်ခင်ဗျ။ ဒါပေမဲ့ အချိန်မရွေး credentials committee က အဖွဲ့ဝင်နိုင်ငံတနိုင်ငံက အစည်းအဝေးခေါ်စေချင်တယ်ဆိုရင် ပြန်ခေါ်တဲ့ အ နေအထားမျိုးတော့ ရှိတတ်ပါတယ်။ မုချပြောလို့မရပေမဲ့ ယခင်အစဉ်အလာတွေက တောက်လျှောက်သွားလို့ရတယ် ဆိုတာလေးတော့ အ သိပေး တင်ပြချင်ပါတယ်။

မေး။ ဟုတ်ကဲ့။ အခု ကုလသမဂ္ဂရဲ့ အနေအထားပေါ့နော်။ မြန်မာနိုင်ငံရဲ့ ပြဿနာကို အာဆီယံဘက်ကို လွှဲလိုက်တဲ့ အနေအထားမျိုးလို ဖြစ်နေတာပေါ့နော်။ တချို့ ဝေဖန်ကြတာက ကုလက ငြိမ်နေတယ်။ ကုလက ကြေညာချက်တွေပဲ ထုတ်နေတယ်ဆိုတာမျိုး ဝေဖန်ကြတာမျိုး ရှိတယ်။ နောက်ပြီး ဖမ်းဆီး ထိမ်းသိန်းခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့လို ထိပ်တန်းနိုင်ငံရေး သ မားတွေနဲ့ပတ်သက်ရင် ဒါထက်ပိုပြီး အသံထွက်ဖို့ လိုတယ်ပေါ့နော်။ နောက်ပြီး ယူအန်ရဲ့ ကိုယ်စားလှယ်အနေနဲ့ တွေ့ဆုံခွင့်တောင်းသင့်တယ် ဆိုတာမျိုးအထိပေါ့။ ဒါနဲ့ ပတ်သက်ပြီးရော သံအမတ်ကြီးရော ဘယ်လို နားလည် သဘောပေါက်ထားပါသလဲရှင့်။

ဖြေ။ ကျေးဇူးပါပဲခင်ဗျ။ ကုလသမဂ္ဂအနေနဲ့ အစောက ပြောသလိုပေါ့။ ကုလသမဂ္ဂကတော့ intergovernmental organization ဖြစ်တဲ့အ တွက် အဖွဲ့ဝင်နိုင်ငံတွေက ပေးတဲ့ mandate ကို အခြေပြုပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရော၊ အတွင်းရေးမှူးချုပ်ရုံးရော ဆောင်ရွက်ရတာလေးတွေ ရှိပါတယ်။ ပြည်သူတွေ အားမလိုအားမရ ဖြစ်တယ်ဆိုတာတွေလည်း ရှိသလို ကျနော်တို့ကိုယ်တိုင်လည်း အားမလိုအားမရဖြစ်တာတွေလည်း အများကြီးရှိပါတယ်။ ဘာဖြစ်ဖြစ် ကျနော်တို့လည်း တောက်လျှောက် တောင်းဆိုနေတာ ရှိတယ်။ ကုလသမဂ္ဂအနေနဲ့ ဆုံးဖြတ် ချက်တွေကို action တွေကို decisively လုပ်ဖို့ဆိုတာကို ကျနော်တို့ ပြည်သူတွေ တောင်းဆိုသလို ကျနော်တို့ ဒီဘက် မျက်နှာစာမှာလည်း တတ်နိုင်သမျှ အခွင့်အရေး ရရင်ရသလို တောင်းဆိုနေတာလည်း ရှိတယ်။ NUG လည်း တောင်းဆိုနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ Statem ent ထုတ်ရုံလောက်နဲ့၊ ပြောကြားရုံလောက်နဲ့ မလုံလောက်ဘူးဆိုတာ တောက်လျှောက် ကျနော်တို့ ပြောနေတာရှိတယ်။ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရုံးမှာ ရှိတဲ့သူတွေရော၊ ကုလသမဂ္ဂ အသိုင်းအဝိုင်းမှာ ရှိတဲ့သူတွေရော ဒါကိုတော့ နားလည်တယ်။ 

ဒါပေမဲ့ တချိန်တည်းမှာ intergovernmental organization ဖြစ်တဲ့အတွက်ကြောင့် တနိုင်ငံကသော်လည်းကောင်း၊ အစုအဖွဲ့တခုကသော် လည်းကောင်း လုပ်ချင်ပေမဲ့ တချို့နိုင်ငံတွေအနေနဲ့ လုပ်ပါလို့သော်လည်းကောင်း သဘောတူညီချက်ကို ပွင့်ပွင့်လင်းလင်း မပေးနိုင်သေးသမျှ ကာလပတ်လုံးကတော့ ရှေ့သွားတဲ့ဟာ ခုနကလိုမျိုး decisive action ယူတဲ့ဟာ နှေးနေတာမျိုး ရှိပါတယ်။ ခုနက လုပ်ပိုင်ခွင့်ကို အာဆီယံကို ပေးလိုက်တယ်ဆိုတာကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ၊ ထုတ်ပြန်တဲ့ အချက်အလက်တွေပေါ်မှာတော့ တယောက်နဲ့ တယောက်တော့ ဘာသာပြန်မှုတော့ နည်းနည်းတော့ လွဲတတ်တာမျိုးရှိပါတယ်။ 

ကျနော်တို့ ဒီဘက် နိုင်ငံတကာမျက်နှာစာတွေမှာ ယေဘုယျအားဖြင့် ဒေသတွင်းရဲ့ အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်ကို အားပေးလေ့ရှိတယ်။ ဒေသတွင်း ဆောင်ရွက်ချက်တွေ မအောင်မြင်တော့မှ အဲဒီဒေသရဲ့ အပြင်ဘက်ကို ရောက်ပြီးတော့ နိုင်ငံတကာမျက်နှာစာကနေ action ယူတယ်ဆိုတာမျိုး ဒါကတော့ ပုံမှန်က ကြည့်လိုက်ရင် နိုင်ငံတခုမှာဖြစ်တယ်၊ အဲနိုင်ငံက ဖြေရှင်းနိုင်လား။ မဖြေရှင်းနိုင်ရင် ဒေသတွင်းက ဖြေရှင်းနိုင်လား။ ဒေသတွင်းက မဖြေရှင်းနိုင်ရင် နိုင်ငံတကာမျက်နှာစာက ဖြေရှင်းမလားဆိုတာမျိုး သွားကြတာ ရှိပါတယ်။ အခုဆိုရင် အာဆီယံက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ 5 point consensus (ဘုံသဘောတူညီချက် ၅ ရပ်) ပေါ့နော်။ ဘာပဲပြောပြော ကျနော်တို့ မြန်မာပြည်သူအများစုအနေနဲ့ 5 point consensus ပေါ်လည်း လုံးဝဥဿုံ ကျေနပ်လားဆိုလည်း မကျေနပ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရင် လိုအပ်တဲ့ အ ဓိက အချက်တွေ မပါတဲ့ အပေါ်လည်း တောက်လျှောက်ပေါ့၊ ဧပြီ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်ကတည်းက ထောက်ပြနေခဲ့တာ။ 

ဥပမာ တကယ့်အရေးအကြီးဆုံး အချက်ထဲက တချက်အပါအဝင်ဖြစ်တဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေရော မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေရော ခြွင်းချက်မဲ့ အမြန်ဆုံးလွှတ်ပေးဖို့ဆိုတဲ့ အချက်က အဲဒီထဲမှာ မပါလာဘူးပေါ့နော်။ အဲလိုမျိုးလေးတွေ အား နည်းချက်တွေရှိတာကိုလည်း အများလည်း သိပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာလည်း တချို့တွေက အဲဒီအချက်ကို တောက်လျှောက်ကို အခုထိလည်း ပြောနေတယ်။ ဒါပေမဲ့ အခုလိုမျိုး အဖွဲ့အစည်းကနေ ထုတ်ပြန်တဲ့ ဘုံသဘောတူညီချက်ရှိတဲ့ ပုံစံမျိုးမှာတော့ ဒါတွေ မပါလာတာမျိုးတွေ ရှိပါတယ်။ ဒါကတော့ တခါတလေမှာ နိုင်ငံတကာမျက်နှာစာရဲ့ multilateralism ရဲ့ အားနည်းချက် အားသာချက်တွေ ရှိတယ်ဆိုတာမျိုးကိုလည်း အသိပေးလိုပါတယ်။ အထူးသဖြင့် အာဆီယံလိုမျိုး အဖွဲ့အစည်းမှာဆိုရင် အားလုံးကို ဘုံသဘောတူညီချက်နဲ့ပေါ့နော် by consensus နဲ့ လုပ်ကြရတာ ဖြစ်တဲ့အတွက် တချို့ဟာတွေမှာ အားလုံး တူညီချက်ရအောင် လျှော့ပေးလိုက်ရတာတွေ ရှိတယ်လို့တော့ ကျနော် သုံးသပ်ပါတယ်။ ဒါကြောင့် ခုနက ပြောသလို အာဆီယံထဲမှာ ၃၊ ၄၊ ၅ နိုင်ငံက နေပြီးတော့ ဒါကို လွှတ်ပေးပါလို့ တောက်လျှောက် ပြောနေသော်လည်းပဲ အချို့နိုင်ငံလေးတွေက ဒါနဲ့ပတ်သက်လို့ သိပ်ပြီးတော့ သူတို့အနေနဲ့ comfortable မဖြစ်တဲ့ အခြေအနေမျိုးမှာတော့ သူတို့ သဘောတူညီချက်ကို မပေးလိုက်ရင် အဲဒါက သဘောတူညီချက်ထဲမှာ မပါလာတဲ့ အနေအထားမျိုးရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာ မျက်နှာ စာအနေနဲ့ အာဆီယံကို လွှဲလိုက်တယ်ဆိုတာတော့ တချို့အနေနဲ့တော့ ဒါက အာဆီယံက ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် အာဆီယံကို ဦးဆောင်ပြီးတော့ လုပ်စေချင်တဲ့ဟာမျိုးနဲ့ ပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့အနေနဲ့ အမြဲတမ်းထောက်ပြနေတာရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ အာဆီယံရဲ့ အခန်းကဏ္ဍကို အလေးထားတယ်ပေါ့နော်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အာဆီယံ အဖွဲ့ဝင်ကြားထဲမှာ တချို့မူတွေအရ လုပ်ချင်တာ လုပ်သင့်တာတွေ ချက်ချင်းလုပ်နိုင်ဖို့ ထိထိရောက်ရောက် လုပ်နိုင်ဖို့တွေမှာ စိန်ခေါ်မှုတွေ ရှိတယ်၊ အကန့်အသတ်တွေ ရှိတယ်။

ဒါကြောင့်မို့လို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆက်ပြီးတော့ ပါဝင်ဖို့လိုတယ်။ ဆက်ပြီးတော့ စစ်တပ်ကို ဖိအားပေးနေဖို့လိုတယ်။ ဒါကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံကိစ္စမှာ အာဆီယံအနေနဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို ဒီဘက်မှာလည်း တောက်လျှောက် ပြောနေတာရှိတယ်။  နောက်ပြီး NUG က သက်ဆိုင်ရာ ဝန်ကြီးတွေအနေနဲ့ ကြုံရင်ကြုံသလို တောက်လျှောက်ပြောနေတာရှိတယ်။ ကျနော်က မေတ္တာရပ်ခံရရင် မြန်မာပြည်သူပြည်သားတွေ အကုန်လုံးရော မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးနေတဲ့သူတွေ အကုန်လုံးရော အာဆီယံရဲ့ ပါဝင်ပတ်သက်မှု တခုတည်းသာမက နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှုကို ဒီထက် ပါဝင်ဖို့လိုတယ်ဆိုတာ ကိုယ့်ရဲ့ ထောင့်နေရာ အသီးသီးကနေ နိုင်ငံတကာကို ဆက်တိုက်တွန်းပေးဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။ ကျနော့်အ နေနဲ့လည်း ဒီဘက်မျက်နှာစာမှာ အခွင့်အရေးပေးရင် ပေးသလို နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ တူညီတဲ့အနေအထားမှာ စုဖွဲ့ထားတဲ့ အစုအ ဖွဲ့သော်လည်းကောင်း၊ ကုလသမဂ္ဂကြီးတခုလုံးသော်လည်းကောင်း စစ်တပ်ကို ပြည်သူ့အာဏာပြည်သူ့ ပြန်ပေးဖို့၊ ဒီမိုကရေစီ ပြန်လည်ရရှိဖို့၊ မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့ဟာတွေမှာ  ဆက်လက်ပြီး ဖိအားတွေပေးသွားဖို့တော့ ကျနော့်အနေနဲ့ ဆက်လက်ပြီး တိုက်တွန်းနေမယ်။ ဆက်လက်ပြီး မေတ္တာရပ်ခံနေမယ်ဆိုတာ ဒီဗွီဘီကနေတဆင့် မြန်မာပြည်သူပြည်သားတွေကို အခွင့်အရေးလေးရတုန်း တင်ပြချင်ပါတယ် ခင်ဗျ။  

မေး။ ဟုတ်ကဲ့ သံအမတ်ကြီး ကျေးဇူးတင်ပါတယ်ရှင့်။ နောက်တခု မေးချင်တာက ဥပမာ သံအမတ်ကြီးအနေနဲ့ ကနီ ကိစ္စလိုဟာမျိုးတွေကို ယူအန်မှာ တင်သွင်းခဲ့တာတွေ ရှိတာပေါ့နော်။ ခုလည်း အလားတူကိစ္စတွေ ဖြစ်နေတာမျိုး ရှိတယ်။ ဟိုရက်ကဆို ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စမျိုးပေါ့နော်။ ဒုန်းတောရွာမှာ အစုလိုက်အပြုံလိုက် မီးရှို့သတ်ခံရတဲ့ ကိစ္စမျိုးတွေ ရှိနေတယ်ပေါ့နော်။ ဒီရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးတော့ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောထားတာကတော့ သံအမတ်ကြီးတို့နဲ့ ပူးပေါင်းချိတ်ဆက်ပြီး လုပ်နေတယ်လို့ ပြောထားပါတယ်။ ဒါလေးလည်း နည်းနည်းလောက် ပြောပြပေးပါဦး။ 

ဖြေ။ ကျေးဇူးပါခင်ဗျ။ ဒီမေးခွန်းမေးတဲ့အတွက်လေ။ ကြည့်မြင်တိုင်ကိစ္စ ဖြစ်တာမှာ တနိုင်ငံလုံးမှာ ပြည်သူတွေအနေနဲ့ တော်တော့်ကို စိတ်ထိခိုက်ရတယ်ပေါ့နော်။ ဒီ ဗွီဒီယိုကလစ်ကို ကြည့်လိုက်ရတဲ့ သူတွေအကုန်လုံးက ဘယ်လိုမှ မခံရပ်နိုင်အောင် ခံစားရတယ်။ အဲလိုမျိုး သိသိချင်း ကျနော်လည်း ဒီဘက်မှာရှိတဲ့ အသိုင်းအဝိုင်းထဲမှာ အဲဒီ ဗွီဒီယိုကလစ်ကို မျှဝေပေးခဲ့တယ်။ ဘာပဲပြောပြော ဒါက လူမဆန်တဲ့ လုပ်ရပ်ပေါ့။ ကျနော့်အနေနဲ့လည်း ဖေ့စ်ဘွတ်ခ်ရော၊ တွစ်တာမှာရော ဒီလိုမျိုး လုပ်ရပ်တွေ စစ်ကောင်စီအနေနဲ့ စစ်တပ်အနေနဲ့ နောက်ထပ် ဆက်မလုပ်နိုင်အောင် ဖိအားတွေ ပေးကြဖို့ကို မေတ္တာရပ်ခံခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောသလို ဆက်လက်ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိအောင်တင်မဟုတ်ဘဲ အရေးယူနိုင်အောင် ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ မဟာမင်းကြီးရုံးတို့၊ ဒီဘက်မှာရှိတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးတို့ကနေ တဆင့်ပေါ့။ ဖြစ်နိုင်တဲ့ နည်းလမ်းတွေပေါ့နော်။ အခုကတော့ ကျနော်တို့က ဒီ Information ကို provide လုပ်တာပဲ ရှိတဲ့အတွက်ကြောင့်။ ဒါနဲ့ပတ်သက်လို့ ခိုင်မာတဲ့ အချက်အလက်တွေ ပိုပိုရလာတယ်ဆိုရင် ဒီအရေးယူမှုအတွက် ဘယ်လမ်းကြောင်းက လုပ်မလဲ ဆိုတာတွေက အစပေါ့။ ကျနော်တို့က ရတဲ့နည်းလမ်းကို ဆောင်ရွက်သွားဖို့ ရှိတယ်။ 

အဓိက IIMM ကလည်း အချက်အလက်တွေ စုဆောင်းနေတာတွေ ရှိတယ်။ တော်တော်လေးကို ဆိုးရွားတဲ့ ကျူးလွန်မှုတွေအပေါ် Docume nted လုပ်ထားတာတွေ အများကြီး ရနေပြီပေါ့နော်။ ဒါကြောင့် ဒီ စုဆောင်းတာကနေတဆင့် action ယူတဲ့အဆင့်ကို ရောက်ဖို့တော့ ကျနော်တို့ ဆက်လက်ပြီးတော့ လုပ်သွားဖို့ လိုတယ်ပေါ့။ ခုနကဆိုလည်း အစုလိုက်အပြုံလိုက် မီးရှို့ပြီးသတ်တယ်ဆိုတဲ့ ပုံတွေ ထွက်လာတယ်ဆိုတာလည်း တော်တော် စိတ်မကောင်းစရာပေါ့နော်။ ဒါကြောင့် ကျနော်လည်း ကျနော့် ဖေ့စ်ဘွတ်ခ်မှာလည်း ကားနဲ့ နောက်ကနေ အရှိန်မြှင့်ပြီးတော့ လူတွေကို တိုက်သတ်တဲ့ ပုံစံမျိုးတွေက ပွင့်ပွင့်လင်းလင်းပြောရင် အကြမ်းဖက်လုပ်တဲ့သူတွေပဲ လုပ်တာ။ တော်ရုံလူက ဘယ်တော့မှ မလုပ်ဘူး။ ဒါကြောင့် ဒီစစ်တပ်ကို အားလုံး အများစုကနေပြီးတော့ အကြမ်းဖက်စစ်တပ်ပါလို့ ပြောတဲ့ဟာ အလကားပြောနေတာ မဟုတ်ဘူး။ သူတို့ရဲ့ လုပ်ရပ်တွေကြောင့် ပြောနေတယ် ဆိုတာမျိုးလည်း ကျနော် ပြောလိုပါတယ်ခင်ဗျ။ ဒါကြောင့် မေးခွန်းကို ပြန်ထပ်ဖြေရရင်တော့ ဒီဘက်မျက်နှာစာတွေမှာ ဒါနဲ့ပတ်သက်လို့ ဆိုးရွားစွာ ကျူးလွန်တဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ အရေးယူလို့ရအောင်တော့ တတ်နိုင်သမျှတော့ ဆက် လက် ဆောင်ရွက်နေပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ရင်လည်း အခွင့်အရေး ရရင်ရသလို ပြည်သူ့ထံ ပြန်တင်ပြဖို့တော့ ရှိပါမယ်ခင်ဗျ။ ဒါကြောင့် လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတယ်ဆိုတာလည်း ကျနော် အသိပေး တင်ပြလိုပါတယ်။ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ တင်တဲ့ ဟာတွေရှိတယ်။ တချို့တွေလည်း သတင်းမီဒီယာတွေ မတင်လည်း အချက်အလက်တွေ ရှိနိုင်တယ်။ အဲဒီအချက်အလက်တွေ ရှိတယ်ဆိုရင် လူ့အခွင့်အရေးဝန်ကြီးဌာနတို့ ဆရာ ဒေါက်တာဆာဆာတို့ဆီကို အချက်အလက်တွေ ဆက်လက်ပံ့ပိုးပေးဖို့ကိုလည်း ဒီနေရာကနေ မြန်မာပြည်သူပြည်သားတွေဆီကို  မေတ္တာရပ်ခံလိုပါတယ် ခင်ဗျ။

မေး။ ဟုတ်ကဲ့ သံအမတ်ကြီး ကျေးဇူးတင်ပါတယ်ရှင့်။ နောက်ဆုံးအနေနဲ့ သံအမတ်ကြီးအနေနဲ့ ထပ်ပြီး ဖြည့်စွက်ပြီး ပြောကြားချင်တာများ ရှိပါသေးလားရှင့်။

ဖြေ။ ဟုတ်ကဲ့ ခုနက ကျနော် ဖြေသွားတဲ့အထဲမှာတော့ တော်တော်များများ ကျနော် ပြောချင်တာလေးတွေတော့ ပြောခဲ့ပါတယ်။ ကျနော့်အ နေနဲ့တော့ ကုလသမဂ္ဂ credentials committee ကနေပြီးတော့ သူ့အစီရင်ခံစာကို အထွေထွေညီလာခံ မျက်နှာစုံညီကို တင်တယ်။ အထွေ ထွေညီလာခံကနေပြီးတော့ အတည်ပြုခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့် ကျနော့်အနေနဲ့  ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် လုပ်ငန်းတွေကို ယခင်အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီထက်ပိုပြီးတော့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေရဲ့ အသံကို နိုင်ငံတကာအသိုင်း အဝိုင်းက ကြားဖို့အတွက် မြန်မာနိုင်ငံပြည်သူပြည်သားတွေရဲ့ ဆန္ဒကို နိုင်ငံတကာက သိဖို့အတွက် ကျနော် တတ်နိုင်သမျှ အစွမ်းအစရှိသလောက် ဆက်လက်ပြီး ဆောင်ရွက်သွားမယ်ဆိုတာ ကျနော့်ရဲ့ Commitment ကို ဒီမှာ ထပ်လောင်းပြီးတော့ ပြောလိုပါတယ်။ နောက်တခုကတော့ ကျနော်တို့တွေ အခုကြည့်လိုက်ရင် စစ်ကောင်စီဘက်ကနေ ပြီးတော့ ပြည်သူတွေအပေါ် တုံ့ပြန်မှုက အရမ်းပြင်းထန်လာတယ်၊ အ ရမ်း ရက်စက်ကြမ်းကြုတ်လာ တယ်ပေါ့နော်။ အဲဒီ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျနော်တို့ရဲ့ ပြည်သူတွေရဲ့ စုပေါင်းအင်အားနဲ့ ပြန်လည်တိုက်ထုတ်ရဖို့ ရှိတယ်။ ပြန်လည်တွန်းလှန်ရဖို့ ရှိတယ်။ ဒါကြောင့်မို့လို ကျနော်တို့ရဲ့ ပြည်တွင်းမှာရှိတဲ့ ပြည်သူပြည်သားတွေ ပြည်ပမှာရှိတဲ့ ပြည်သူပြည်သားတွေ အကုန်လုံး ကျနော်တို့ မြန်မာပြည်သူပြည်သားတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အခုက အရမ်းအရမ်းကို အရေးကြီးတဲ့အတွက်ကြောင့် စစ်တပ် အမြစ်ပြတ်ချေမှုန်းမှ ရမယ်ဆိုတဲ့ဟာ ပိုပိုပြီး ပေါ်လွင်လာတယ်။ 

ဒါကြောင့် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်ချင်းယှက်ပြီးတော့ ကျနော်တို့ ရည်မှန်းတဲ့ပန်းတိုင် မရောက်မချင်း ဆက်လက် ဆောင်ရွက်သွားကြဖို့အတွက် ဒီကနေပြီးတော့ မေတ္တာရပ်ခံလိုပါတယ်။ ကျနော့်အနေနဲ့လည်း ဒီဘက်မျက်နှာစာမှာ လုပ်လို့ရတာတွေကို ဆက် လက်လုပ်သွားမယ်ဆိုတာ မြန်မာပြည်သူ ပြည်သားတွေကို အသိပေး တင်ပြလိုပါတယ်။ DVB

မကွေးတိုင်းမှ ချင်းခရစ်ယာန်ဓမ္မဆရာ စစ် ကြောရေးမှာ သေဆုံး

မကွေးတိုင်း၊ စေတုတ္ထရာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ပတ်သက်သည်ဟူသော သံသယနှင့် ဖမ်းဆီးစစ်ဆေးခံနေရသူတစ်ဦး ယမန်နေ့ (ဒီဇင်ဘာ ၉) က သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ 

သက္ကယ်တောင်ရွာ၊ ခရစ်ယာန်ဓမ္မအမှုတော်ဆောင် ၂၆ နှစ်အရွယ် ဆလိုင်းငွေကြာသည် အသင်းတော်တာဝန်ဖြင့် ဒီဇင်ဘာ ၆ တွင် ဆောမြို့ နယ်သို့အသွား စစ်တပ်က လမ်းတွင် ဖမ်းဆီးသွားပြီး စေတုတ္ထရာမြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စေတုတ္ထရာမြို့နယ်အခြေစိုက် အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) သို့ ပို့ဆောင်ကာ ထပ်မံစစ်ဆေးခဲ့သည်ဟု သိရကြောင်း မကွေးလူထုတိုက်ပွဲကော်မတီမှ တာဝန်ရှိသူ ကိုမာဃက ပြောသည်။ 

ဒီဇင်ဘာ ၈ တွင် ဆလိုင်းငွေကြာကို မကွေးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် သေဆုံးသွားပြီဟု မိသားစုထံ အကြောင်းကြားခဲ့သည်ဟု သိရကြောင်း ပြောသည်။

“ရဲစခန်းကနေ ကပစ ၂၀ ကို ခေါ်သွားသေးတယ်လို့ ကြားရတယ်။ စခန်းထက်စာရင် အဲဒီမှာလည်း ပိုပြီးတော့ ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးလိုက်မယ့်သဘောရှိမယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။

“သူတို့ လက်လွန်ခြေလွန်ဖြစ်ပြီး ပို့လိုက်တဲ့အခါကျတော့ ကျွန်တော်တို့သုံးသပ်ချက်အရတော့ မြို့နယ်ဆေးရုံမှာ မရတော့လို့ မကွေးကို ပို့ရတယ်လို့ ယူဆတယ်”

သေဆုံးရသည့်အကြောင်းအရင်း အသေးစိတ်မသိရှိရသေးဘဲ ရုပ်အလောင်းထုတ်ယူနိုင်ရေးအတွက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကိုမာဃက ပြောသည်။ 

“နောက်ဆုံးဆက်စပ်သတင်းအရတော့ အလောင်းကို ကပစ ၂၀ မှာပဲ ရှိတယ်လို့ သိရပါတယ်။ အလောင်းကို ယူဖို့တော့လည်း ကာယကံရှင်မိသားစုတွေက တိမ်းရှောင်နေရပြီဆိုတဲ့အခါကျတော့ ရပ်ရွာကပဲ ထုတ်သွားပြီးတော့ ယူဆောင်ဖို့လုပ်တဲ့အခါမှာ ဘယ်လိုယူဆောင်မလဲဆိုတာကို စဉ်းစားကြတဲ့နေရာ၊ စုဖွဲ့တဲ့နေရာမှာကို လောလောဆယ် အခက်အခဲရှိနေသေးတာ” ဟု သူက ဆက်ပြောသည်။

ဆလိုင်းငွေကြာ ဖမ်းဆီးခံရမှုနှင့် သေဆုံးရသည့် အကြောင်းရင်းကို စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ထံ မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

အရှိုချင်းတိုင်းရင်းသား ဆလိုင်းငွေကြာသည် ပြည်မြို့၊ အရှိုချင်းနှစ်ခြင်းကျမ်းစာကျောင်းတွင် ဓမ္မပညာသင်ယူနေသူဖြစ်ကြောင်း၊ သက္ကယ်တောင်ရွာ ခရစ်ယာန်အသင်းတော်ဓမ္မဆရာလည်းဖြစ်ကာ ရပ်ရွာအရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားသူဖြစ်ကြောင်း မိတ်ဆွေများက ဆိုသည်။ 

“သူက အနေအေးတယ်။ လူငယ်လို လွတ်လွတ်လပ်လပ်နေဖို့တောင် ပြောရတယ်။ စကားတစ်ခုခု ပြောပြီဆိုရင်လည်း လိုရင်းကို အေး အေ းဆေးဆေးနဲ့ ချက်ကျလက်ကျပြောတတ်တယ်။ ဓမ္မဆရာတစ်ယောက်ဖြစ်နေသလို ဒီရပ်ရွာရဲ့ ကျန်းမာရေး၊ ပညာရေးပိုင်းမှာဆိုရင် သူက ကူညီလုပ်ဆောင်ပေးတဲ့သူပါ” ဟု ဆလိုင်းငွေကြာ၏ မိတ်ဆွေတစ်ဦးက ပြောသည်။ 

စစ်ကောင်စီက သံသယနှင့်ဖမ်းဆီးခံရသည့် အရပ်သားများ စစ်ကြောရေးအတွင်း ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသည့်ဖြစ်ရပ်များနှင့် ပတ်သက်ပြီး လက်ခံနိုင်ဖွယ်မရှိကြောင်း အထက်ပါအမျိုးသားက မှတ်ချက်ပြုသည်။

“ဖမ်းဆီးမှုတွေဖြစ်စေ၊ သံသယဖြစ်စရာတွေဖြစ်စေ၊ ပြည်သူတွေဘက်ကနေ ဘာမှပြောခွင့်မရကြဘူး။ မှန်ကန်လား၊ မမှန်ကန်လားဆိုတာ သေချာစစ်စေချင်တယ်။ ဖမ်းမိတယ်ဆိုပြီး မသင်္ကာတိုင်း သတ်ပစ်တာ၊ ရက်ရက်စက်စက် နှိပ်စက်ပြီးမေးမြန်းတာမျိုးဆိုတာတွေက လုံးဝလက်မခံနိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီက သံသယဖြင့်ဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသည့် အရပ်သားပြည်သူ ၈၀ နီးပါး ရှိနေသည်။ 

နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီက ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို စာရင်းပြုစုနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည့်စာရင်းအရ စစ်ကောင်စီတပ်သားတို့ ဆက်လက် ဖမ်းဆီးထားသူအရေအတွက် ၇၉၁၆ ဦးထက်မနည်း ရှိသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားတို့ လက်ချက်ကြောင့် အနယ်နယ်အရပ်ရပ်တွင် သေဆုံးသူ ၁၃၂၅  အနည်း ဆုံးရှိသည်ဟု AAPP က ဆိုသည်။  myanmar now

« Older Entries Recent Entries »