Monthly Archives: Dec 2021

ရန်ကုန်တိုင်းရှိ စစ်ကောင်စီတပ်စခန်းများ နှစ်ရက်ဆက်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း လှိုင်သာယာနှင့် တိုက်ကြီးမြို့နယ်တွင် ယမန်နေ့နှင့် ယနေ့ (ဒီဇင်ဘာ ၁၁) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးနှင့် ဒဏ်ရာရသူများ ရှိနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ပြောသည်။

ယမန်နေ့ ည ၇ နာရီခန့်က လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမပေါ် ဒဂုံ-ဧရာအဝေးပြေးကားဝင်းရှေ့၊ အနော်ရထာစက်မှုဇုန်ထိပ်ရှိ စစ်ကောင်စီ စစ်ဗျူဟာမှူး ရုံးထိုင်သည့် စခန်းကို ဗုံးသီးခြောက်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ရန်ကုန်တိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုကို ကြီးကြပ်နေသည့် ထိုအဖွဲ့က ပြောသည်။

တိုက်ခိုက်မှုအတွင်း ပစ်မှတ်သတ်မှတ်ထားသည့် နေရာလေးခုကို ထိမှန်ခဲ့ကာ ထိုစခန်း၏ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားသည်ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ထိုနေရာသို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီတပ်ဖွဲ့မှ ဗျူဟာမှူး ပါဝင်သည့် စစ်ကားငါးစီးပါ ယာဉ်တန်းကို သမကုန်းလမ်းဆုံ၌ မိုင်းလေးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ကားနှစ်စီးပျက်စီးသွားကြောင်း ၎င်းက ဆက်ပြောသည်။

“မိုင်းဆွဲ mission (စစ်ဆင်ရေး) က အပြန်မှာ အပစ်ခံရတယ်။ ပစ်ကွင်းကြားထဲက ရဲဘော်တွေအကုန် အောင်မြင်စွာပြန်ဆုတ်နိုင်ခဲ့တယ်”ဟု အထက်ပါ တာဝန်ခံက ပြောသည်။

ဗုံးသီးဖြင့် တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှုကို အတည်မပြုနိုင်သေးသော်လည်း ယာဉ်တန်းကို မိုင်းဖြင့်တိုက်ရာတွင် စစ် သားနှစ်ဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရသည်ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ဆိုသည်။

သို့သော် အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

လှိုင်သာယာမြို့နယ် အနော်ရထာလမ်းပေါ်ရှိ အမှတ် ၉ ရဲတပ်ရင်းရှိရာ နေရာအနီးတွင် စစ်သားအင်အား အများအပြားတပ်စွဲထားရာ နေရာ၌ ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်း ထိုနေရာတွင်နေထိုင်သူ အမျိုးသား တစ်ဦးက အတည်ပြုသည်။

စစ်စခန်းအတွင်းသို့ ည ၁၂ နာရီခန့်အထိ အရေးပေါ်လူနာတင်ကားများ အဆက်မပြတ် ဝင်ထွက်နေသည်ကို တွေ့ရသည်ဟု ၎င်းက ဆက်ပြော သည်။

ထို့အတူ ထိုဖြစ်စဉ်ပြီးနောက်တွင် ကားဖြင့် ၁၀ မိနစ်ဝန်းကျင် ခရီးသာရှိသည့် သမကုန်းလမ်းဆုံဘက်မှ ပေါက်ကွဲသံများ၊ သေနတ်သံများထွက်ပေါ်ခဲ့သည်ဟုလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ 

“ကျွန်တော်တို့က အပြင်ထွက်ကြည့်လို့ မရဘူးလေ။ အသံပဲကြားရတာ။ သူတို့(စစ်ကောင်စီတပ်) ထိတာတွေတော့ များလိမ့်မယ်။ သမကုန်းမိန်းလမ်းမကြီးမှာတော့ အပြန်အလှန်ပစ်ကြသေးတယ်”ဟု ၎င်းက ဆိုသည်။

လှိုင်သာယာမြို့နယ်သတင်းများ ဖော်ပြနေသည့် HTY Information ကလည်း မြို့နယ်အတွင်း ယမန်နေ့ညက တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောသည်။

“(သေဆုံးသူအရေအတွက်) အခုထိ မသိရသေးပါဘူး။ အတွင်းသတင်းဖြစ်နေတော့ သတင်းရဖို့ မလွယ်သေးပါဘူး” ဟု HTY Information တာဝန်ရှိသူတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၁၂) မွန်းလွဲပိုင်းတွင် ပြောသည်။

ထို့အတူ ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် တပ်စွဲထားသည့် ဘန်ကာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ စစ်သားတစ်ဦး သေဆုံးပြီး တစ်ဦးပေါင်ပြတ်သွားသည်ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တိုက်ကြီးမြို့နယ်အတွင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍မူ ဒေသခံများကို ဆက်သွယ်နိုင်ခြင်း မရှိသေးပါ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းနေသည့် စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ ပေါ်ပေါက်လာပြီး ရန်ကုန်တိုင်းသည်လည်း အပါအဝင်ဖြစ်သည်။

စစ်တပ်ဘက်မှလည်း ဖမ်းဆီးမှုများ အပြင်းအထန်လုပ်နေပြီး ရန်ကုန်ရှိ ခုခံမှုများကို ဦးဆောင်နေသူများဟု ၎င်းတို့ စွပ်စွဲလေ့ရှိသူများအနက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ် ဦးဖြိုးဇေယျာသော်တို့ကို ဖမ်းထားသည်။

ဖမ်းဆီးစဉ် ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် တို့ကို ဖမ်းဆီးပြီး လအတန်ကြာသည်အထိ မည်သည့်နေရာ၌ရှိသည်ကိုပင် စစ်ကောင်စီက ထုတ်မပြောပေ။

သို့သော် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီကို ပစ်မှတ်ထားသည့် အထက်ပါကဲ့သို့ တိုက်ခိုက်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်က လှိုင်သာယာမြို့နယ် အောင်ဇေယျကြိုးတံတားအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF ဘက်က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်တွင် သေဆုံးမှုရှိသည်ဟု NUG ဘက်က ပြောထားသည်။

NUG ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ဘက်မှ ထုတ်ပြောသည့် ရန်ကုန်တိုင်းအတွင်း အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။ myanmar now

မုံရွာ-ယာကြီး- ကလေးဝ လမ်းကြောတွင် ဖြစ်သည့် ပြင်းထန်တိုက်ပွဲ စစ်ကောင်စီဘက်က အများအပြား ကျဆုံး

မင်းကင်းနယ်မှ ကနီနယ် ဆယ်ရွာချောင်ဘက်သို့ ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုး ချီတက်လာသော စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နေ့လယ်တွင် တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အယောက် ၇၀ ဝန်းကျင် ကျဆုံးကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။ မုံရွာ-ယာကြီး- ကလေးဝ လမ်းမကြီးအတိုင်း ချီတက်လာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ တပ်ကို လမ်းခရီး နေရာ လေးခု၌ ယနေ့ နေ့လယ် ၁၂ နာရီတွင် မိုင်း ၁၀ လုံးခွဲ တိုက်ခိုက်ကာ အပြန်အလှန် ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။

“ တိုက်ပွဲကတော့ ဆက်တိုက် ဆိုသလို ဖြစ်နေတာပါ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ရေကြောင်းရော ကုန်းကြောင်းရော၊ ကနီဘက်ကို အင်အားတိုးချဲ့နေတာ။ ကျွန်တော်တို့ကလည်း လမ်းကဖြတ်ပြီး ရရင်ရသလို မိုင်းခွဲတိုက်ခိုက်တာ။ ဒီနေ့တော့ အပြင်းထန်ဆုံးလို့ ပြောလို့ရတယ်။ စစ်ကောင်စီ စစ်ကြောင်းမှာ ပျူအဖွဲ့က ပိုများတယ် ” ဟု ယနေ့ တိုက်ခိုက်ခဲ့သော ဒေသခံ ပူးပေါင်း အဖွဲ့များထဲမှ KLG PDF (Kani) ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တိုက်ပွဲကြာချိန် ၂ နာရီ နီးပါးရှိခဲ့ပြီး ကနီ၊ ဆားလင်းကြီး ၊ မင်းကင်း၊ မုံရွာ နှင့် ယင်းမာပင် စသည့် ဒေသ ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တပ်သား အင်အား အများအပြားဖြင့် ဝိုင်းဝန်း တိုက်ခိုက် ကြခြင်း ဖြစ်သည်။ “ခုတိုက်ပွဲက စစ်ကောင်စီတပ်တွေ တက်လာတဲ့လမ်းမှာ ထောင် ထားတဲ့ မိုင်းနေရာတွေကို သူတို့ ရောက်တဲ့ အချိန် မိုင်းလည်းခွဲ ဝိုင်းပြီးတော့လည်း ပစ်တဲ့ သဘောမျိုးပါ။ စစ်ကြောင်းမှာက စစ်ကောင်စီ တပ် သားတွေထက် ပျူစောထီး အင်အားက ပိုများတယ်။ ပျူအချို့ကိုလည်း သူတို့က မောင်းပြန်တွေ ပေးထားတာ။ ဒါပေမဲ့ မိုင်းထိပြီး ဖရိုဖရဲ ဖြစ်နေတဲ့အချိန် ဒီဘက်က အပိုင် ပစ်ရတာမို့ သူတို့ အကျအဆုံး တော်တော်များတယ် ” ဟုဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲအပြီးတွင် ထိုစစ်ကြောင်းသည် လမ်းမကြီးအနီးရှိ လာပို့ကျေးရွာတွင် တပ်စွဲ နေသည်ဟု ဆိုသည်။ ဒီဇင်ဘာလ ၁၁ ရက် နေ့လယ် ၁၂ နာရီခွဲ ခန့်ကလည်း ကျောက်စိမ်းများ ရေယာဉ်ဖြင့် သယ်ဆောင်လာသည့် စစ်ကောင်စီအုပ်စုသည် ချမ်းသာစုရွာနှင့် တအုံရွာကြား ရေယာဉ်ဆိုက်ကပ်ပြီး‌‌နောက် တပ်သား ၄၀ ခန့် သည် အနီးရှိ ရွာများသို့ လာသည့် ချီတက် လာကြောင်း သိရသည်။ ထိုစစ်ကြောင်းကို KLG PDF က မိုင်း သုံးလုံးခွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် ကျဆုံးသည်ဟု KLG PDF က ဒီဇင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန် သည်။

ဒီဇင်ဘာလ ၁၀ ရက် နံနက် ၉ နာရီ ဝန်းကျင်တွင် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ဆင်းလာသည့် စစ်ကောင်စီ ရေယာဉ် ၁၁ စီးအုပ်စုကို ကင်း ရွာနှင့် ပဲကင်းရွာကြားတွင် KLG PDF နှင့် ဒေသတွင်း မဟာမိတ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီရေယာဉ် တစ်စင်း မီးစွဲလောင်သွားပြီး ပဲကင်းရွာအနီးသို့ ဆိုက်ကပ် ရပ်နားသွားရသည်။

“ကျွန်တော်တို့မှာ လူအင် အားကတော့ တစ်နယ်လုံး မြစ်ကြောင်း တစ်လျှောက်လုံးက တော်လှန်ရေး သမားတွေချည်း ဆိုတော့ ပြောစရာကို မလိုဘူး။ မောင်းပြန်သာ အ ယောက်စေ့ ကိုင်နိုင်မယ်ဆိုရင် တက်လာသမျှ စစ်ကောင်စီတပ်သား အကုန်လုံးကို ငါးစာ ကျွေးပစ်လို့ ရတယ်။ ကူနိုင်တဲ့ သူတွေကိုတော့ လက်နက်များများ ကူညီပေးစေချင်တယ်“ ဟု ၎င်းက သတင်းစကားပါးသည်။

ထိုသို့ ချင်းတွင်းမြစ်ရိုး တစ်လျှောက် ဒီဇင်ဘာလ ၁၀ ရက်မှ စတင်ကာ ဖြစ်ပွားနေသည့် ပြင်းထန်တိုက်ပွဲများတွင် စစ်ကောင်စီနှင့် ပျူစောထီး စုစုပေါင်း ၁၀၀ ကျော်အထိ ကျဆုံး နိုင်သည်ဟု KLG PDF ပြန်ကြားရေးတာဝန်ခံက သုံးသပ်သည်။ mizzima

ကံပေါက်ဒေသ ရွာသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး

တနင်္သာရီတိုင်း  ထားဝယ်ခရိုင် ကံပေါက်ဒေသ ရွာသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ မွန်းတည့် နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မွန်းတည့် ၁၂ နာရီအချိန်လောက်က ကံပေါက်ဒေသ လှည်းကုန်းအမှတ် (၁) ရပ်ကွက်ရှိ ဦးနွမ်မဲကို ကံပေါက် ခြေလျင်တပ်ရင်း ၂၇၃ တပ်က စစ်ဆေးစရာရှိတယ်ဆိုပြီး လာရောက် ဖမ်းဆီးခေါ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဦးနွမ်မဲကို စစ်ကောင်စီတပ်က ဘကြောင့် အခုလို လာရောက်ဖမ်းဆီးသွားသလဲ ဆိုတာတော့ မသိရသေးဘဲ ထားဝယ်ခရိုင် ကံပေါက်ဒေသ ၂၇၃ တပ်ရင်းမှာ စစ်ဆေးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကလည်း ပြည်သူ ၁၅ ဦးလောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အချို့ကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။  DVB

မြင်းမူမြို့နယ်တွင် ကား ၂၇ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကိုင်းမှ မုံရွာသို့ ဦးတည်သွားနေသော ကား ၂၇ စီးပါ စစ်ကောင်စီ ယာဉ်တန်းအား ဘိုးမင်းကြီးကင်းကျေး ရွာနှင့် ဂွေးပင်တောကျေးရွာကြားတွင် ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက် နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်က ဒေသခံ ပြောက်ကျားတပ်ဖွဲ့များ ပူးပေါင်း ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က သုံးစီးလာတာ ကျွန်တော်တို့ အနေနဲ့ ဘာမှလုပ်ချိန် မရလိုက်ဘူးဗျ၊ ဒီနေ့ စစ်ကား ၂၇ စီးလာတယ်၊ ပဒေသာမိုင်းတွေကော လက်နက် ကြီး တွေကော ပစ်လိုက်တယ်။ နှစ်စီးကို ထိထိမိမိထိသွားတယ်”ဟု People Defence Force Myinmu-MMPDF အဖွဲ့ကပြောသည်။အဆိုပါ တိုက်ခိုက်မှုတွင် ပဒေသာမိုင်း လေးလုံး၊ တစ်ဖက်ပွင့် စိန်ပြောင်း နှစ်လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု MMPDF က ပြောပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား နှစ်စီး ထိထိမိမိ ထိသွားသော်လည်း သေဆုံး ဒဏ်ရာရ ဦးရေကိုမူ အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က သေနတ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သော်လည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ အောင် မြင် စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force – MMU ကဦးဆောင်ကာ Myin Mu Defence Force-MMDF ၊ မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့၊ People’s Defence Force Myinmu-MMUPDF ၊ မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM စသည့် ညီနောင်မဟာမိတ် ငါးဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ mizzima

နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာပွဲ တိုကျိုမြို့တော်တွင် ကျင်းပ

မြန်မာ့နွေဦးတော်လှန်ရေးအတွက်  ရန်ပုံငွေရှာပွဲတော်ကို   ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရဲ့ လူစည်ကားရာ ရှင်ဂျူခုရှိ ခဘူခိချို ရပ်ကွက်မှာ ဒီဇင်ဘာ ၁၂ ရက်က  နွေဦးပွဲတော်အမည်နဲ့  ကျင်းပပါတယ်။ 

တိုကျိုနွေဦးပွဲတော်ကို မြို့တော်ဝန်ဟောင်း မစ္စတာယိုရှိနိုဖူဂျီနာဝါနဲ့ အထက်လွှတ်တော်အမတ် မစ္စတာ အီချီဘရှီ မီချီဟီရိုတို့က ဖွင့်လှစ်ပေးခဲ့ပြီး NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားဗီဒီယိုပေးပို့ခဲ့ကာ မြန်မာအရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေ အပါအဝင် ဂျပန်ရောက်မြန်မာနိုင်ငံသား ၄၀၀၀ နီးပါး ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးအတွက် တဖက်တလမ်းက အထောက်အကူပြုဖို့နဲ့ မြန်မာ့အရေးကို ဂျပန်တွေ ပိုမိုသိရှိ အားပေးကူညီစေရေးအ တွက် ကျင်းပတာဖြစ်ပြီး ဂျပန်ရောက် မြန်မာလူငယ်အဖွဲ့အစည်းတွေ ဦးဆောင်ကျင်းပကြတာဖြစ်တယ်လို့  ဦးဆောင်ကျင်းပရေးအဖွဲ့ဝင် ကိုသန့်ဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။

ပွဲတော်မှာ မြန်မာရိုးရာအစားအစာတွေအပြင် နွေဦးတော်လှန်ရေးအမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်တွေ ခင်းကျင်းပြသရောင်းချကြပြီး ပွဲ တော်က ရရှိမယ့် အကျိုးအမြတ်အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ပေးပို့လှူဒါန်းမယ်လို့ ပွဲတော် ဦးဆောင်ကျင်းရေးအဖွဲ့ဝင်တဦးဖြစ်တဲ့  မလဲ့လဲ့လွင်က ပြောပါတယ်။

ပွဲတော်ဖြစ်မြောက်ရေး ကူညီပေးသူ  ဆုယုဂရှိမ မြို့တော်ဝန်ဝန်ဟောင်း တက္ကသိုလ်ပါမောက္ခ ယိုရှိနိုဖူဂျီနာဝါက မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှ ဂျပန်ပြည်သူတွေကလည်း မြန်မာပြည်သူတွေနဲ့ တသားတည်းရှိပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရေးအတွက် အစွမ်းကုန်ကူညီပံ့ပိုးသွားမယ်လို့လည်း ဒီဗွီဘီကို ပြောပါတယ်။

တိုကျိုနွေဦးပွဲတော်မှာ နွေဦးတော်လှန်ရေးသီချင်းတွေ၊  သံချပ်တွေနဲ့ ဖျော်ဖြေခဲ့ကြပြီး အဆိုတော် ရုပ်ရှင်မင်းသား မင်းမော်ကွန်းရဲ့ တခန်းရပ်ပြဇာတ်ကိုလည်း ဂျပန်ရောက်မြန်မာလူငယ်တွေက တင်ဆက်ပြသခဲ့ပါတယ်။  DVB

စစ်ကိုင်းတိုင်းတွင် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ကျောင်းဆင်းဗိုလ်များ အပါ အဝင် စစ်ကောင်စီ တပ်သားများ သေဆုံးနေ၊ နေ့စဉ် ရက်ဆက် သေဆုံးမှုကြောင့် စစ်သားသေဆုံးမှု ၁၀၀ နီးပါးရှိလာ

စစ်ကိုင်းတိုင်းတွင် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် အရာရှိငယ်များ အပါအဝင် စစ်ကောင်စီ တပ်သားများ သေဆုံးနေပြီး နေ့စဉ် ရက်ဆက် သေ ဆုံးမှုကြောင့် စစ်သားသေဆုံးမှု ၁၀၀ ဦး နီးပါး ရှိလာကြောင်း ဒေသ ခံကာကွယ်ရေးတပ်များထံမှ သိရှိရသည်။ ကနီတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများနှင့် စစ်ကူလာသော ပျူစောထီးများ စစ်သားများ ဒီဇင်ဘာ ၉ရက်၊ ၁၁ရက်နှင့် ၁၂ရက်နေ့တို့တွင် ဆက်တိုင်မိုင်းဆွဲ တိုက်ခိုက်ခံရကာ ၁ဝဝကျော်ထက်မနည်းသေဆုံးပြီး မုံရွာသို့ လာသည့် စစ်ကား ၂၇စီးလည်း မိုင်းဆွဲ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရကာ အ သေအပျောက်များနိုင်ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများကို ဒီဇင်ဘာလ ၉ရက်၊ ၁၁ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကနီမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) KPDF-2က မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်သား ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၄၄ဦးထက်မနည်း သေဆုံးကြောင်း KPDF-2 တပ်ဖွဲ့ထံမှ သိရသည်။

ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း မိုင်တိုင် (၆၆) အနီးတွင် ဒီဇင်ဘာလ ၉ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကား ၄စီးဖြင့် ခြေလျင်တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဆယ်ရွာချောင်ဒေသ တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်နဂါး ဦးဆောင်သော KPDF-2 အဖွဲ့မှ မိုင်း (၁၁) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကာ ရှေ့ဆက်မတိုးနိုင်ဘဲ မိုင်တိုင် (၆၇) မိုင်တွင် ညအိပ်စခန်းချခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၁ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့များ စခန်းချခဲ့သော နေရာသို့ စစ်တပ်က ရိက္ခာတင်ယာဉ်တန်းနှင့်အတူ ၁ ဖာလုံခန့်အကွာမှ စစ်ကောင်စီတပ်ဖွဲ့များ ဆက်လက် ချီတက်လာကာ မိုင်တိုင် (၆၂/၆၃) တွင် KPDF-2 အဖွဲ့မှ မိုင်း (၈) လုံးဖြင့် ထပ်မံ ဖောက် ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၁၄ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KPDF-2 အဖွဲ့ထံမှ သိရသည်။ ယနေ့ ဒီဇင် ဘာ လ ၁၂ ရက်နေ့ နံနက် ၈နာရီခန့်တွင် နေရာအနှံ့မှ ဗျူဟာဖြန့်ကာ ချီတက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့များကို KPDF-2တပ်ဖွဲ့က မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင်း ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီးနောက် ကျန်ရှိသော စစ်သား ၈ဝခန့်သည် လာပို့ရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကာ ကာကွယ်ရေးအဖွဲ့များလည်း လက်နက်အင်အားမမျှသ ဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။

ထို ၃ရက်တာ ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပြည်သူပိုင် ပစ္စည်းများလည်း ဖျက်ဆီးခဲ့ပြီး ၉ ရက်နေ့ တွင် မိုင်တိုင် (၆၆) ရှိ ဒေသခံပြည်သူပိုင် ဆိုင်ကယ် (၂) စီး၊ အိမ် (၂) လုံး၊ ကားလမ်းပြုပြင်ဆောင်ရွက်နေသော ရွှေမန်းကုမ္ပဏီ၏ တဲ (၃) လုံး နှင့် အလုပ် သ မားများ နေထိုင်သည့် တဲ (၃) လုံးတို့အား မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင်း၊ ဒီဇင်ဘာလ ၁၁ရက်နေ့တွင် မိုင်တိုင် (၆၅)ရှိ ပြည်သူပိုင် နွားတစ်ကောင်အား သတ်ဖြတ် စားသောက် ခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၁၂ရက်နေ့တွင် ဆယ်ရွာချောင်ရှိ ဒေသခံပြည်သူပိုင် နေအိမ် ၁၀ လုံးကို မီးရှို့ဖျက် ဆီးခဲ့ခြင်းကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း ကနီမြို့နယ် မင်းကင်းမှ ဆယ်ရွာချောင်ဘက်သို့ စစ်ကူလာသော ပျူစောထီးတပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် KLG PDFနှင့် ဒေသတွင်း မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၄နေရာခွဲကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပျူစောထီးနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ဝကျော် သေဆုံးကြောင်း KLG PDFတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရသော ပျူစောထီးနှင့် အကြမ်းဖက် စစ်ကောင်စီ ပူးပေါင်း စစ်ကြောင်းတွင် အင်အား ၁ဝဝကျော်ခန့်ပါဝင်ပြီး ထိ ခိုက် ဒဏ်ရာရရှိသူများလည်းရှိကာ ကျန်ရှိသော အင်အား ၂ဝကျော်သည် လာပို့ရွာသို့ ဝင်ရောက်တပ်စွဲနေရာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီး နေကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်း ကျေးရွာနှင့် ဂွေးပင်တော ကျေးရွာ အကြားတွင် မုံရွာသို့ တက်လာသည့် စစ်ကား ၂၇ စီးပါ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၃ဝ မိနစ်ခန့်တွင် ဒေသခံပြည်သူကာကွယ်ရေး တပ်ဖွဲ့ ၅ဖွဲ့က ပဒေသာမိုင်း ၄လုံး၊ တစ်ဖက်ပွင့်ပြောင်း ၂လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ပြီး ကား၂စီး ထိမှန်ခဲ့ကာ အသေအပျောက်များနိုင်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defence Force၊ Myin Mu Defence Force၊ မြင်းမူ လျှပ်စီး ပျောက်ကြားတပ်ဖွဲ့၊ Myin Mu People’s Defence Forceနှင့် CDSOM စသည့် ပြည်သူ့ကာကွယ်ရေး မဟာမိတ် ၅ဖွဲ့တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။khit thit

စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ပူး ပေါင်းဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက AA ကိုကမ်းလှမ်း

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က စစ်အာဏာရှင်စနစ် ပြုတ်ကျရေး တော်လှန်ရေး ခရီးစဉ်တွင် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် (ULA/AA)နှင့် အတူလက်တွဲ ကြိုးပမ်းလုပ်ဆောင် လိုကြောင်း ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ တွင်ပြောသည်။

“ပြည်ထောင်စု မြန်မာနိုင်ငံတွင် အမျိုးသားတန်းတူညီမျှ‌ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိရေးနှင့် လွတ်လပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာရေးအတွက် အာဏာရှင်စနစ် ပြုတ်ကျရေး တော်လှန်ရေး ခရီးတွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့်ပါ အတူလက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း “ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ ကပြောသည်။

ယာယီသမ္မတကြီး ဒူဝါလရှီးလနှင့် ယာယီသမ္မတကတော် လထော်နန်တောင် တို့၏ အိမ်ထောင်သက် နှစ် (၄၀) ပြည့်မြောက်သည့် ပတ္တမြားရတု မင်္ဂလာအထိမ်းအမှတ်နေ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ဗဟိုကော်မတီမှ ပေးပို့သည့် မင်္ဂလာဆုမွန် သဝဏ်လွှာကို ပြန်လည်အကြောင်းကြားသည့် သတင်းထုတ်ပြန်ချက်တွင် ယာယီသမ္မတကြီးဒူဝါလရှီးလ က အခုလို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကျေးဇူးတင်သဝဏ်လွှာတွင် “ မင်္ဂလာဆုမွန် သဝဏ်လွှာတွင် ဆုတောင်းထားသကဲ့သို့ ပြည်‌ထောင်စု မြန်မာတစ်နိုင်ငံလုံး၏ အမျိုး သား လွတ်မြောက်ရေး အောင်ပွဲရယူသွားနိုင်ရန်အတွက် ကျွန်ုပ်အနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားမဟာမိတ် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်” ဟု ယာယီသမ္မတကြီး ဒူဝါလရှီးလ က ထပ်မံရေးသားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်အတွင်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ရခိုင်ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြဖို့ ကြေညာချက်တစ်ခု ထုတ်ပြန်ထားသေးသည်။ mizzima

ကနီမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက် ခိုက်ခံရ

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယာကြီး-က‌လေးလမ်းပေါ်  ယာကြီးနဲ့ လာပို့ကျေးရွာကြား ၆၁ မိုင်နားမှာ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်း ၈ နာရီက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အယောက် ၂၀ ထက်မနည်း သေဆုံးဒဏ်ရာ ရရှိသွားကြတယ်လို့ သိရပါတယ်။

ကနီမြို့နယ်တော်လှန်ရေးအင်အားစု B21 ရဲ့ တပ်ရင်းမှူးက ”ဒီကောင်တွေ ၆၂ မိုင်မှာ မနေ့က တပ်စွဲ ညအိပ်တယ်။ ဒီနေ့မနက်ခင်း ၆၁ မိုင်မှာ မိုင်စွဲတာတွေ ထပ်လုပ်ခဲ့တယ်။ သေတာက ၁၀ ဦး အတိအကျရှိမယ်။ မိုင်းစွဲတဲ့နေရာတွေမှာ ကျန်တဲ့ လဲကျနေတာတွေရော ပေါင်းရင် အယောက် ၂၀ ရှိတယ်” လို့ ပြောပါတယ်။

မိုင်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အယောက် ၂၀ ထက်မနည်း သေဆုံးဒဏ်ရာရမှုနဲ့နဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်အတွင်း ဒီဇင်ဘာ ၁၀ ရက်ကတည်းက ဝင်လာနေတာဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒီနေ့ မိုင်ဆွဲခံရတဲ့ ၆၁ မိုင်နေရာနားက ဒေသခံ လူနေအိမ်တဲတွေကို မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။

ကနီမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ‌ မြေပြင်မှာရော ချင်တွင်းမြစ်ကြောင်းမှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေပြီ ဒေသခံအများအပြား စစ်ဘေးရှောင်နေရကာ  ဒီနေ့လည်း  နှစ်ဖက်တင်းမာနေတယ်လို့ သိရပါတယ်။ DVB

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတနှင့်ဇနီးတို့ အိမ်ထောင်သက် နှစ် ၄၀ ပြည့် မင်္ဂလာအထိမ်းအမှတ် AA က မင်္ဂလာဆုတောင်းသဝဏ်လွှာပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလနှင့် ယာယီသမ္မတကြီးကတော် လထော်နန်တောင်တို့၏ (၁၂-၁၂-၂၀၂၁) ရက်နေ့တွင် ကျရောက် သည့် အိမ်ထောင်သက် နှစ် (၄၀) ပြည့်မြောက်သည့် ပတ္တမြားရတု မင်္ဂလာအထိမ်းအမှတ် နေ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ဗဟိုကော်မတီ ပေးပို့လာသည့် မင်္ဂလာဆုမွန် သဝဏ်လွှာအား ဝမ်းမြောက်စွာ လက်ခံရရှိကြောင်းယာယီသမ္မတက သဝဏ်လွှာ ပြန် လည်ပေးပို့သည်။

မင်္ဂလာဆုမွန်သဝဏ်လွှာတွင် ဆုတောင်းထားသကဲ့သို့ ပြည်‌ထောင်စုမြန်မာတစ်နိုင်ငံလုံး၏ အမျိုးသားလွတ်မြောက်ရေး အောင်ပွဲရယူသွားနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားမဟာမိတ် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ သက်ရှည်ကျန်းမာစွာဖြင့် ဆက်လက်တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် အမျိုးသားတန်းတူညီမျှ‌ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိရေးနှင့် လွတ်လပ်သည့် လူ့အဖွဲ့အစည်းတစ် ရပ် ပေါ်ထွန်းလာရေးအတွက် အာဏာရှင်စနစ် ပြုတ်ကျရေးတော်လှန်ရေးခရီးတွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့်ပါ အတူလက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း အလေးအနက် ကတိပြုရင်း မင်္ဂလာဆုမွန်သဝဏ်လွှာကို ပေးပို့လာသည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (UL A /AA) အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဝမ်းမြောက်စွာဖြင့် ပြန်ကြားအပ်ကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ပြန်ကြားထား သည်။ khit thit

« Older Entries