မုံရွာ-ယာကြီး- ကလေးဝ လမ်းကြောတွင် ဖြစ်သည့် ပြင်းထန်တိုက်ပွဲ စစ်ကောင်စီဘက်က အများအပြား ကျဆုံး

မင်းကင်းနယ်မှ ကနီနယ် ဆယ်ရွာချောင်ဘက်သို့ ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုး ချီတက်လာသော စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နေ့လယ်တွင် တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အယောက် ၇၀ ဝန်းကျင် ကျဆုံးကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။ မုံရွာ-ယာကြီး- ကလေးဝ လမ်းမကြီးအတိုင်း ချီတက်လာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ တပ်ကို လမ်းခရီး နေရာ လေးခု၌ ယနေ့ နေ့လယ် ၁၂ နာရီတွင် မိုင်း ၁၀ လုံးခွဲ တိုက်ခိုက်ကာ အပြန်အလှန် ပစ်ခတ်ခဲ့ခြင်း ဖြစ် သည်။
“ တိုက်ပွဲကတော့ ဆက်တိုက် ဆိုသလို ဖြစ်နေတာပါ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ရေကြောင်းရော ကုန်းကြောင်းရော၊ ကနီဘက်ကို အင်အားတိုးချဲ့နေတာ။ ကျွန်တော်တို့ကလည်း လမ်းကဖြတ်ပြီး ရရင်ရသလို မိုင်းခွဲတိုက်ခိုက်တာ။ ဒီနေ့တော့ အပြင်းထန်ဆုံးလို့ ပြောလို့ရတယ်။ စစ်ကောင်စီ စစ်ကြောင်းမှာ ပျူအဖွဲ့က ပိုများတယ် ” ဟု ယနေ့ တိုက်ခိုက်ခဲ့သော ဒေသခံ ပူးပေါင်း အဖွဲ့များထဲမှ KLG PDF (Kani) ပြန်ကြားရေး တာဝန်ခံက ပြောသည်။
တိုက်ပွဲကြာချိန် ၂ နာရီ နီးပါးရှိခဲ့ပြီး ကနီ၊ ဆားလင်းကြီး ၊ မင်းကင်း၊ မုံရွာ နှင့် ယင်းမာပင် စသည့် ဒေသ ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တပ်သား အင်အား အများအပြားဖြင့် ဝိုင်းဝန်း တိုက်ခိုက် ကြခြင်း ဖြစ်သည်။ “ခုတိုက်ပွဲက စစ်ကောင်စီတပ်တွေ တက်လာတဲ့လမ်းမှာ ထောင် ထားတဲ့ မိုင်းနေရာတွေကို သူတို့ ရောက်တဲ့ အချိန် မိုင်းလည်းခွဲ ဝိုင်းပြီးတော့လည်း ပစ်တဲ့ သဘောမျိုးပါ။ စစ်ကြောင်းမှာက စစ်ကောင်စီ တပ် သားတွေထက် ပျူစောထီး အင်အားက ပိုများတယ်။ ပျူအချို့ကိုလည်း သူတို့က မောင်းပြန်တွေ ပေးထားတာ။ ဒါပေမဲ့ မိုင်းထိပြီး ဖရိုဖရဲ ဖြစ်နေတဲ့အချိန် ဒီဘက်က အပိုင် ပစ်ရတာမို့ သူတို့ အကျအဆုံး တော်တော်များတယ် ” ဟုဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။
တိုက်ပွဲအပြီးတွင် ထိုစစ်ကြောင်းသည် လမ်းမကြီးအနီးရှိ လာပို့ကျေးရွာတွင် တပ်စွဲ နေသည်ဟု ဆိုသည်။ ဒီဇင်ဘာလ ၁၁ ရက် နေ့လယ် ၁၂ နာရီခွဲ ခန့်ကလည်း ကျောက်စိမ်းများ ရေယာဉ်ဖြင့် သယ်ဆောင်လာသည့် စစ်ကောင်စီအုပ်စုသည် ချမ်းသာစုရွာနှင့် တအုံရွာကြား ရေယာဉ်ဆိုက်ကပ်ပြီးနောက် တပ်သား ၄၀ ခန့် သည် အနီးရှိ ရွာများသို့ လာသည့် ချီတက် လာကြောင်း သိရသည်။ ထိုစစ်ကြောင်းကို KLG PDF က မိုင်း သုံးလုံးခွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် ကျဆုံးသည်ဟု KLG PDF က ဒီဇင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန် သည်။
ဒီဇင်ဘာလ ၁၀ ရက် နံနက် ၉ နာရီ ဝန်းကျင်တွင် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ဆင်းလာသည့် စစ်ကောင်စီ ရေယာဉ် ၁၁ စီးအုပ်စုကို ကင်း ရွာနှင့် ပဲကင်းရွာကြားတွင် KLG PDF နှင့် ဒေသတွင်း မဟာမိတ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီရေယာဉ် တစ်စင်း မီးစွဲလောင်သွားပြီး ပဲကင်းရွာအနီးသို့ ဆိုက်ကပ် ရပ်နားသွားရသည်။
“ကျွန်တော်တို့မှာ လူအင် အားကတော့ တစ်နယ်လုံး မြစ်ကြောင်း တစ်လျှောက်လုံးက တော်လှန်ရေး သမားတွေချည်း ဆိုတော့ ပြောစရာကို မလိုဘူး။ မောင်းပြန်သာ အ ယောက်စေ့ ကိုင်နိုင်မယ်ဆိုရင် တက်လာသမျှ စစ်ကောင်စီတပ်သား အကုန်လုံးကို ငါးစာ ကျွေးပစ်လို့ ရတယ်။ ကူနိုင်တဲ့ သူတွေကိုတော့ လက်နက်များများ ကူညီပေးစေချင်တယ်“ ဟု ၎င်းက သတင်းစကားပါးသည်။
ထိုသို့ ချင်းတွင်းမြစ်ရိုး တစ်လျှောက် ဒီဇင်ဘာလ ၁၀ ရက်မှ စတင်ကာ ဖြစ်ပွားနေသည့် ပြင်းထန်တိုက်ပွဲများတွင် စစ်ကောင်စီနှင့် ပျူစောထီး စုစုပေါင်း ၁၀၀ ကျော်အထိ ကျဆုံး နိုင်သည်ဟု KLG PDF ပြန်ကြားရေးတာဝန်ခံက သုံးသပ်သည်။ mizzima