Monthly Archives: Dec 2021

ငရုတ်ကောင်းမြို့ကို အဝင်၊ အထွက် ၃ ရက် မလုပ်ရန် စစ်ကောင်စီ တားမြစ်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့နှင့် အနောက်ဘက်ကမ်းခြေ တစ်‌လျှောက်ရှိ ကျေးရွာများကို ဒီဇင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ နယ်ကျော် ခရီးသွားလာခြင်း မလုပ်ရန် စစ်ကောင်စီတပ်က တားမြစ်ထားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်များနှင့် အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့တို့ ငရုတ်ကောင်းမြို့အနီး ဒီဇင်ဘာလ ၅ ရက်က အပြန်အလှန် ပစ်ခတ်မှု အပြီးတွင် ကမ်းခြေတစ်‌လျှောက်ရှိ ကျေးရွာများကို စစ်တပ်က တောနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ် ၍ ငရုတ်ကောင်းမြို့သို့ ခရီးသည်ဝင်ရောက်မှုကို တားမြစ်ခဲ့သည် ဟု ဒေသခံက ပြောသည်။

“ရွာတွေဘက်ကနေ ငရုတ်ကောင်းကို သွားဖို့ ဝင်ခွင့်မပေးဘူး။ ဆိုင်ကယ်တွေရော လူရော ဝင်ခွင့်မပေးတာ။ သူတို့ လူတွေတော့ သွားလို့ရတယ်။ ခရီးသည် ကားတွေကိုလည်း သုံးရက် မထွက်ခိုင်းထားဘူး ကြားတယ် “ဟု ဒေသခံ တစ်ဦးက ပြောသည် ထိုတိုက်ပွဲ အပြီးတွင် ငရုတ် ကောင်းမြို့ အုပ်ချုပ်ရေးမှူးထံသို့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကသတိပေးစာ ပို့သည်ဟု ကြားသိရကြောင်းလည်း အဆိုပါ ဒေသခံက ပြောသည်။

ငရုပ်ကောင်းမြို့ အနောက်ဘက် ကမ်းခြေ တစ်‌လျှောက်ရှိ ကျေးရွာများနှင့် တောတွင်းနေရာများကို စစ်ကောင်စီ၏ ပုသိမ်လေတပ်စခန်းမှ လေ ယာဉ်များက တစ်နေ့လျှင် နှစ်ကြိမ်ခန့် နေ့စဉ် လာရောက် ထောက်လှမ်းမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံများထံက သိရသည်။ mizzima

ပေါင်မြို့ရှိ အချုပ်သား ၁၇ ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရ

မွန်ပြည်နယ်၊ ပေါင်မြို့၊ မြို့မရဲစခန်းတွင် အကျဥ်းကျနေသည့် အချုပ်သား ၁၇ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ထားရသည်။ပေါင်မြို့မရဲစခန်းမှ နေမကောင်းဖြစ်နေသည့် အချုပ်သားတစ်ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ဆေးခဲ့ရာမှ ရောဂါပိုး စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရဲစခန်းတာဝန်ရှိသူက ပြောသည်။

“နေမကောင်းဖြစ်နေတဲ့ အချုပ်သားတစ်ဦးကို စစ်လိုက်တာ ပိုးတွေ့ရှိခဲ့တယ်၊ ပိုးတွေ့တော့ ထိတွေ့မှုရှိနေတဲ့ အချုပ်သား ၃၂ ဦးကို ပိုး ရှိမရှိ ထပ်မံစစ်ဆေးလိုက်တယ်။ နောက်ထပ် ၁၆ ဦး ပိုးထပ်တွေ့တယ်။ သူတို့ရဲ့ ကျန်း မာရေး အခြေအနေက ကောင်းနေပါတယ်” ဟု ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အချုပ်သားနှင့် ထိတွေ့ဆက်စပ်နေသည့် အခြား အချုပ်သား ၃၂ ဦးကိုလည်း ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အချုပ်သား ၁၆ ဦးတွင် ရောဂါပိုး ထပ်မံတွေ့ခဲ့ပြီး စုစုပေါင်း အချုပ်သား ၁၇ ဦး ရောဂါကူးစက်ခံထားရသည်။ရောဂါပိုးတွေ့ရှိသည့် အချုပ် သားများကို သီးခြားခွဲခြားထားပြီး ဆေးကုသမှုပေးထားရသည်ဟု တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ကိုဗစ်-၁၉ အတည်ပြု အချုပ်သားလူနာများ၏ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေသည်ဟု သိရသည်။ပေါင်မြို့နယ်အ တွင်း အောက်တိုဘာလကတည်းက ကိုဗစ်-၁၉ ကူးစက်လူနာအသစ်များ တွေ့ရှိမှုမရှိခဲ့ရာမှ ယခု ဒီဇင်ဘာလအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာရခြင်း ဖြစ်သည်ဟု ကိုဗစ်အရေး ကူညီပေးနေသူများက ပြောသည်။

မွန်ပြည်နယ်တွင် ဩဂုတ်လခန့်မှစတင်ပြီး ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု လျော့နည်းကျဆင်းလာခဲ့ပြီးနောက် ယခု ဒီဇင်ဘာလအတွင်း မြို့နယ်အချို့တို့တွင် ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာနေခြင်း ဖြစ် သည်။လက်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်များ ပြန် လည်တွေ့ရှိနေသည်မှာ ကိုဗစ် တကျော့ပြန်လာခြင်း မဟုတ် ကြောင်း ကိုဗစ်တတိယလှိုင်းလက်ကျန်များသာ ဖြစ်သည်ဟု စစ်ကောင်စီလက် အောက်ခံ ကျန်းမာရေး ဝန်ကြီး ဌာနက တာဝန်ရှိသူများ ပြောဆိုထားသည်။mizzima

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆လ ချမှတ်ခံရ

ထားဝယ်ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦး(ခ) ညိုမာအား ထားဝယ်အကျဥ်းထောင်တွင်းတရားရုံးက ၅၀၅(က) နဲ့ ဆက်စပ်ပုဒ်မတွေအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန် ရက် (DNPP) ဆီက သိရပါတယ်။

မညိုမာဦးနဲ့ အခြားလူငယ် ၃ ဦးအား မေ ၂၉ ရက်နေ့က ရှမ္မလည်ဆွဲရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး  ပုဒ်မ ၅၀၅ (က) နဲ့ ၅၀၅(ဂ)တို့နဲ့ တရားဆွဲဆိုခဲ့တာပါ။

မညိုမာဦးကို ထားဝယ်ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ဒီနေ့မှ သတင်းရရှိတာလို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြမှုကြောင့် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်  ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂ ဦးကတော့ ပြန်လွတ်လာပြီလို့ သပိတ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိ မညိုမာဦးအပါအဝင် ၂ ဦး ထောင်ဒဏ်ချမှတ်ခံထားရပြီး တစ်ဦးကတော့ အမှုရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သပိတ်ကော်မတီ တာဝန်ရှိသူက “အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးပြီး၊ လက်အောက်ခံ တရားရုံးက မတရားပုဒ်မတပ် ထောင်ချတာဟာ  မတရားမှုဆိုတာတော့ပေါ်လွင်ပြီးသားပါ။ မတရားဖမ်းဆီးပြီး ထောင်ချခံနေရတဲ့ ရဲဘော်တွေအတွက် တတ်နိုင်သမျှ ကူညီပေးရင်း ကျနော်တို့လည်း တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားပြီး ဆက်လုပ်သွားဖို့ပဲ့ရှိတယ်။” လို့ ပြောပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးရိုက်နှက်မှုတွေ ရှိနေတဲ့ကြားက ကျောင်းသား လူငယ်တွေနဲ့ ပြည်သူတွေဟာ နေ့စဉ်ဆိုသလို ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။ DVB

လှိုင်သာယာတွင် စစ်တပ်တပ်စွဲထား‌သော အနော်ရထာစက်မှုဇုန်ဝင်းကို ရန်ကုန် PDF ဝင်ပစ်၊ စစ်သား ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ၊ ထန်းတပင်နှင့် တိုက်ကြီးတို့တွင်လည်း ရန်ကုန် PDF က တိုက်ခိုက်

ရန်ကုန်တိုင်းအတွင်းရှိ ထန်းတပင်မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော နေရာများကို ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ဒီဇင်ဘာလ ၉ ရက်၊ ၁၁ရက်နှင့် ၁၂ရက်တို့တွင် ဖောက်ခွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန် PDF တပ်ဖွဲ့ထံမှ သိရသည်။

ထန်းတပင်မြို့နယ် ဒိတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဒီဇင်ဘာလ ၉ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ လုံခြုံရေးယူထားစဉ် ရန်ကုန် PDF တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ဒဂုံဧရာအဝေးပြေး ကားဝင်းရှေ့ အနော်ရထာစက်မှုဇုန်ထိပ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း ဗျူဟာမှူး ရုံးထိုင်သည့် နေရာကို ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၇နာရီခန့်တွင် ရန်ကုန် PDF တပ်ဖွဲ့ဝင်များက ၄ဝ မမ ဗုံးသီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ နေရာသို့ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို သမကုန်း လမ်းဆုံအနီးတွင် မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၂ဦးသေဆုံးကာ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန် PDF တပ်ဖွဲ့ထံမှ သိရသည်။

ယင်းနောက် ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇နာရီခန့်တွင် တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် လုံခြုံရေး ယူ ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန် PDF တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၁ဦးသေ ဆုံးကာ ၁ဦး ပေါင်ပြတ်သွားကြောင်း သိရသည်။ khit thit

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာ နေ အိမ် ၃ လုံးကို စစ်ကောင်စီတပ် မီးရှို့

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာရှိ လူနေအိမ် သုံးလုံး ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် မီးရှို့ဖျက်ဆီး ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။ပျူစောထီး ခေါင်းဆောင် ဦးအောင်စိန် ပါဝင်သော စစ်ကောင်စီ တပ်ဖွဲ့များက Vigo ကား သုံးစီးဖြင့် အင်အား အပြည့် လာရောက်ကာ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မီးရှို့ခံရသည့် အိမ်များမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် အမာခံ ဆိုသူများ ဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးလွင်နှင့် ဦးဝင်းမောင်တို့၏ နေအိမ်များ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။”အခု မီးရှို့ခံရတဲ့ နေအိမ်ပိုင်ရှင်တွေက အိမ်မှာ မရှိပါဘူး။ သူတို့ကို လာဖမ်းတာ လူမတွေ့လို့ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာ ” ဟု စော်ဖျားကျေးရွာ ဒေသခံက ပြောသည်။

ကျေးရွာအတွင်း စစ်ကောင်စီတပ်က ယင်းသို့ ဖျက်ဆီးခြင်းနှင့် သေနတ် ပစ်ဖောက်ခဲ့ခြင်း တို့ကြောင့် ရွာသူရွာသား အချို့ ကြောက်လန့်ပြီး ထွက် ပြေး တိမ်းရှောင်ခဲ့ရသည်။ mizzima

ကော့မှူးမြို့နယ်တွင် စစ်တပ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်၊ ဒဏ်ရာ စိုးရိမ်ရဟုဆို

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ နတ်ရေတွင်းကျေးရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဆိုသူ ကို ဒီဇင်ဘာလ ၁၁ ရက် ညပိုင်းတွင် ကင်းလှည့်နေသည့် စစ်တပ်က ပစ်ခတ်ခဲ့ရာ အခြေအနေ စိုးရိမ်ရကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။

“မနေ့က ည ၉ နာရီ ၃၀ မိနစ်လောက်မှာ သူက အရိုးတောင်ရွာဘက်က ပြန်အလာ ဘုရားနီချောင်းကူးတံတားနားမှာ အပစ်ခံရတာ။ ဘုရားနီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကင်းလှည့်တဲ့အချိန်နဲ့တိုးပြီး ရှေ့မတိုးနဲ့ပြောတာ သူက “ဗိုလ်လေး” ကို ပြောထားတယ်ဆိုပြီး ရှေ့တိုးလာတဲ့အချိန် စစ်တပ်က ပစ်လိုက်တာ ပြီးမှ နတ်ရေတွင်းအုပ်ကြီးမှန်း သိပြီး ဆေးရုံတင်လိုက်ကြတယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။

လက်ရှိတွင် ဦးကျော်စိုးသည် ဆေးကုသမှု ခံယူနေရပြီး အခြေအနေစိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။ “မှားယွင်းပစ်ခတ်မှုဖြစ်ပြီးတော့ ကျော်စိုးကို ကျိုက်ထော်ဆေးရုံကို တင်လိုက်တယ်။ အဲ့နောက် ရန်ကုန်ဆေးရုံကြီးကို တစ်ဆင့်လွဲလိုက်တယ်လို့ သိရတယ်။ ဒီနေ့ နေ့ လယ်အထိ သိရသလောက် အခြေအနေ စိုးရိမ်ရတယ် ကြားတယ်” ဟု ကော့မှူး ဒေသခံတစ်ဦးက ပြောသည်။

နတ်ရေတွင်းရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသည် စစ်တပ် အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခံခဲ့ရပြီး ရွာသူ၊ ရွာသားများကို နေ့ရော၊ ညပါ ကင်းစောင့်ခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

ပလိပ်အင်းအတွင်း ဆောင်းခိုငှက်များ အဆိပ်ချသတ်ဖြတ်ခံနေရ

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်အင်း မှာ  နှစ်စဉ်ဝင်ရောက်ကျက်စားလေ့ရှိတဲ့ ဆောင်းခိုငှက်တွေကို ထိန်းသိမ်းစောင့်ရှောက်သူ မရှိတဲ့အတွက် အဆိပ်ချ၊ ဖမ်းဆီးသတ်ဖြတ်သူ တွေ များပြားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အရင်နှစ်တွေက ငှက်ချစ်သူတွေ လာရောက်ထိန်းသိမ်းစောင့်ရှောက်တာကြောင့် ဆောင်းခိုငှက်တွေအား သတ်ဖြတ်တာကို တားမြစ်ပိတ်ပင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှ်တော့ စောင့်ရှောက်ပေးသူ မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။

စောင့်ရှောက်မှုနည်းတာကြောင့် ငှက်မုဆိုးတွေက ငှက်ထောင်ဖမ်းဆီးတာတွေအပြင် အဆိပ်ချ ဖမ်းဆီးတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသ ခံတစ်ဦးက ပြောပါတယ်။

“ခါတိုင်းကျတော့ ငှက်ချစ်သူများအသင်းက စောင့်ရှောက်တာပေါ့။ အင်းမှာက အရင်က တရားဥပဒေနည်းနည်းစိုးမိုးတာပေါ့။ အခုကျတော့ စားဝတ်နေရေး ကျပ်တည်းတဲ့သူတွေ ငှက်မုဆိုးတွေရှိတာပေါ့။ စားဝတ်နေရေးကြောင့် ခါတိုင်းမလုပ်ပေမယ့် အခုလည်း ထုတာတွေ လုပ်တာတွေရှိတယ်။ ဆေးချတာတွေလည်းရှိနေတယ်။”

ပလိပ်အင်း စိုက်ခင်းတွေထဲမှာ ဆောင်းခိုငှက် သေတွေကို တောင်သူတွေ တွေ့ရှိနေရပြီး လက်ရှိအချိန်မှာ ငှက်တွေကို ဆေးချဖမ်းသူတွေအား ဖမ်းဆီးအရေးယူရေး တိုင်တန်းဖို့ မဖြစ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုကြပါတယ်။

“ငှက်က လိုက်ပစ်တဲ့သူမတွေ့ဘူး၊ ဒါပေမယ့် ငှက်တွေကတော့ သေနေတာတွေပဲတွေ့တယ်။ သေနေတယ်ဆိုတာက သူတို့ ငှက်သားတွေ ဘာတွေစားနေတာ၊ ငှက်တွေက ကျနော်တို့အင်းထဲမှာကျတဲ့ ငှက်တွေပေါ့လေ။” လို့ ဒေသခံက ပြောပါတယ်။

ဆောင်းခိုငှက်တွေဟာ ယခင်က တောင်သမန်အင်း၊ ပလိပ်အင်းနဲ့ ဗနောအင်းတွေမှာ အတွေ့ရများပြားပြီး အင်းရေ ရရှိမှု လျော့နည်းသွားတာနဲ့ အဆိပ်ချဖမ်းဆီးတာတွေကြောင့် တစ်နှစ်ထက်တစ်နှစ် ဝင်ရောက်မှု လျော့နည်းလာတယ်လို့ သိရပါတယ်။ 

ဆောင်းခိုငှက် မျိုးစိပ်ပေါင်း ၁၈၀ ကျော်ရှိပြီး ဆေးချတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်တဲ့ သူတွေကို ဇီဝမျိုးစုံမျိုးကွဲဥပဒေနဲ့ အရေးယူနိုင် ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဇီဝမျိုးစုံမျိုးကွဲ ဥပဒေမှာပါရှိပါတယ်။

ဆောင်းခိုငှက်တွေကို ဖမ်းဆီးသတ်ဖြတ်နေတာဟာ ဇီဝမျိုးစုံမျိုးကွဲ ဥပဒေကိုကျူးလွန်ရုံသာမက ပတ်ဝန်းကျင် ဂေဟစနစ်ကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ မြန်မာငှက်ချစ်သူတွေက ဆိုပါတယ်။ DVB

မန္တလေးတွင် ဆိုင်ကယ်စီး လူငယ် ၄ ဦးကို စစ် တပ်က ပစ်ခတ်သဖြင့် ၂ ဦးသေ ဆုံးပြီး ၂ ဦးစိုး ရိမ်ရ

မန္တလေးတွင် ဆိုင်ကယ်စီး လူငယ် ၄ ဦးကို ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ပစ်ခတ်ခဲ့ပြီး လူငယ် ၂ ဦး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ မန္တလေးအခြေစိုက် MFP နှင့် VOM သတင်းဌာနတို့က မန္တလေးကျုံးဘေး ၂၆ လမ်းနှင့် ၇၈ လမ်းထောင့်တွင် ဆိုင်ကယ်စီး လူငယ် ၄ ဦးကို စစ်တပ်က ယမန် နေ့ ညပိုင်း ၁၁ နာရီ ရပ်တန့်မပေးသဖြင့် စစ်တပ်က ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် သေဆုံးမှုများ ရှိကြောင်း သတင်းဖော်ပြခဲ့ကြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မန္တလေးမြို့ခံများနှင့် မြေပြင်ကင်းထောက်အဖွဲ့များထံယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ် မှန်ကန်ပြီး လူငယ် ၂ ဦးသေဆုံးကြောင်း၊ ၂ ဦးမှာ စိုးရိမ်ရ ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း၊ သေဆုံးသွားသည့် လူငယ် ၂ ဦး၏ အလောင်း ပြန်လည် ရရှိခြင်း မရှိကြောင်း ပြောဆိုကြသည်။

“ဖြစ်စဉ်ကတော့ မှန်တယ်။ လူငယ်တွေက ဆိုင်ကယ်နဲ့ လာတုန်း စစ်ဆေးရေးနဲ့တိုးတော့ ဆိုင်ကယ်ကို ပြန်လှည့်ပြီး သွားတာ။ အဲဒါကို လှမ်းပစ်တာ သေနတ်သံ ၆ ချက် ၇ ချက်လောက်ကြားရတယ်။ နောက်ဆက်တွဲ မနက်မှ ထပ်ကြားရတာ ၁ ဦးပွဲချင်းပြီး သေတယ်။ နောက်ထပ် လူ ငယ် ၁ ဦးလည်း ထပ်သေတယ်။ ကျန်တဲ့ ၂ ဦးလည်း ဒဏ်ရာတွေနဲ့ အဖမ်းခံရတယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်ပြောတယ်။ အလောင်းကို ဘယ်သူဘယ်ဝါမှန်း မသိသေးလို့ မပေးတာလား၊ သူတို့ပဲ သဂြိုလ်မှာလား အဲဒါလည်း သေချာမသိဘူး။ ဖြစ်စဉ်ကတော့ မှန်တယ်” ဟု မန္တ လေး မြို့ခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အမျိုးသား ၂ ဦး ဆိုင်ကယ်စီးခြင်းကို တားမြစ်ပြီး လူ ၂ ဦး စီးနင်းသော ဆိုင်ကယ်မှန်သမျှကို ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ယနေ့ နံနက်ပိုင်း မန္တလေးတွင် သူနာပြု ဆရာမ လင်မယားကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေ သခံများထံမှ သိရှိရသည်။ mizzima

« Older Entries Recent Entries »