Monthly Archives: Dec 2021

ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် အသံတိတ်သပိတ်ပါဝင်သော နိုင်ငံရေးအကျဉ်းသားများကို ထောင်တာဝန်ရှိသူများက ရိုက်နှက်သဖြင့် ခေါင်းကွဲသူများရှိ၊ တိုက်ပိတ်ခြင်းနှင့်စည်း ကမ်းတင်းကျပ်မှုများ လုပ်ဆောင်

ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ စစ်အာဏာရှင် တော် လှန်ရေး အသံတိတ်သပိတ်ကို နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့ကြပြီး ထောင်အာဏာပိုင်များက ရိုက်နှက်သဖြင့် ဦးခေါင်းကွဲသူများ၊ တိုက်ပိတ်ခံရသူများရှိကြောင်း၊ ထောင်တွင်း စည်းကမ်းများကိုလည်း တင်းကျပ်ထားကြောင်း အင်းစိန်ထောင် သတင်းရပ်ကွက်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီဇင်ဘာလ ၁၀ ရက်နေ့ silent strike လုပ်လို့ နိုင်ငံရေးအကျဉ်းသားတွေ အထဲ မှာ နှိပ်စက်ရိုက်နှက်ခံရပါတယ်။ နိုင်ငံရေးအကျဉ်းသား ၉၀ ကျော်လောက် မှာ ခေါင်းကွဲသူတွေလည်းရှိတယ်။ တိုက်ပိတ်ခံရသူတွေလည်းရှိတယ်။ ပြီးတော့ထောင်မကြီးကိုလည်းပို့ပါတယ်။ လူတွေကိုလည်းခွဲထားပါတယ်၊ အ ဆောင် ၂ ကလူတွေကပိုခံရပါတယ်။

အခုထောင်မကြီးမှာ ခိုးဆိုးလုနှိုက် ရာဇ ဝတ်သားတွေက ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်တယ်။ ပြီးတော့ အကျဉ်းဦးစီးကဝန် ထမ်းတွေကလည်း နှိပ်စက်တယ်။ ညဘက်တွေဆိုလည်း မအိပ်ခိုင်းပဲ အော်ခိုင်းပါတယ်။ အလုပ်တွေ အရမ်းဖိခိုင်းတယ်။ မြောင်းတွေ ဖော်ခိုင်းတယ်။ အဆောင် ၂ ဆိုတာက သီးသန့်ဆောင်ပါ။

သီးသန့်ဆောင် အဆောင် ၂ ကအခံရဆုံးပါ” ဟု အင်းစိန်ထောင်အခြေအနေကို အဆက်အ သွယ်ရရှိလာသူ ရန်ကုန်တော်လှန်ရေး လူငယ်တစ်ဦးက ပြောသည်။လက်ရှိတွင် အသံတိတ်သပိတ်ပါဝင်သူ အကျဉ်းသားများ အကျဉ်းသားအခွင့် အရေး အကုန်ပိတ်ပင်ခံထားရကြောင်း သိရှိရသည်။ “တရားဝင်စာ ပို့ခွင့်မရတော့ဘူး။

ခဲတံဘောပင် မကိုင်ခိုင်းတော့ပါဘူး။ ထောင်မကြီးက သူခိုးဂျပိုးကောင်တွေနဲ့ အခုသီးသန့်ဆောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်း သားတွေကို ထောင်အာဏာပိုင်တွေက နှိပ်စက်ခိုင်းပါတယ်။ ဦးဆောင်သူတွေကတော့ တိုက်ပိတ်ခံရသူလည်း တော်တော်များတယ်” ဟု အဆိုပါလူငယ်က ဆိုသည်။ အင်းစိန်ထောင်သတင်းရပ်ကွက်ကလည်း အသံတိတ်သပိတ်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့သည်မှာ မှန်ကန်ပြီး ရိုက်နှက်ဖိနှိပ်မှုများ ရှိနေသည်ကိုလည်း အတည်ပြုသည်။ khit thit

စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အထည်ချုပ်စက်ရုံ လုပ်သားသိန်းချီ အလုပ်အကိုင်ဆုံးရှုံး

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အထည်ချုပ်စက်ရုံတွေက အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော် ဆုံးရှုံးခဲ့ရပြီး စီး ပွားရေး ကမောက်ကမတွေ ဖြစ်ရတဲ့အပြင် စစ်ဗိုလ်ချုပ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုလည်း ဖြစ်ပေါ်စေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

လုပ်ခလစာနည်းပါးပြီး အချိန်ပိုကြေးလည်း မရတဲ့ အထည်ချုပ်လုပ်သား အများအပြားရှိပေမဲ့ အလုပ်သမားသမဂ္ဂတွေဟာ စစ်တပ်ကို ဖိအားပေးဖို့အတွက် နိုင်ငံခြား ဖက်ရှင်ကုမ္ပဏီတွေနဲ့ အစိုးရတွေကို ကုန်သွယ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့ တွန်းအားပေးနေပါတယ်။ 

အထည်ချုပ်နဲ့ ဖိနပ်စက်ရုံ ၂၉၀ လောက်က အလုပ်သမား ၄၀၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ တချို့က အလုပ်လက်မဲ့ဖြစ်နေပေမဲ့ သူတို့ထဲက ၉၇ ရာခိုင်နှုန်းဟာ ပိုကျယ်ပြန့်တဲ့ ပိတ်ဆို့မှုတွေအတွက် သမဂ္ဂတွေရဲ့လှုပ်ရှားမှုကို မထောက်ခံတာကို တွေ့ရကြောင်း အလုပ်သမားများ ညီညွတ်ရေးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့အဆိုအရ သိရပါတယ်။

ပိတ်ဆို့မှုတွေပိုလုပ်ဖို့ သမဂ္ဂတွေက တောင်းဆိုနေကြပြီး အရင်ထက်ဝင်ငွေ ထက်ဝက်လောက် ကျဆင်းသွားပေမဲ့၊ အချိန်ပိုကြေး မရပေမဲ့လည်း ရှိတဲ့အလုပ်ကိုသာ အားထားနေရတဲ့ ဝင်ငွေနည်း အထည်ချုပ်လုပ်သားတွေကတော့ သူတို့အလုပ်အကိုင်တွေအတွက် စိုးရိမ်နေကြတာပါ။ 

ပိုပြီးပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုအတွက် သမဂ္ဂတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကို ဂရုပြုပြီး အောက်တိုဘာလမှာ ဥရောပပါလီမန်ဟာ ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်က မြန်မာ့အထည်ချုပ်တင်ပို့မှု အရှိန်အဟုန်မြင့်လာစေဖို့ ကူညီပေးခဲ့တဲ့ EU ကုန်သွယ်မှု အကျိုးအမြတ်တွေကို မြန်မြန်ပြန်သုံးသပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီကနေ အခွန်ကင်းလွတ် တင်ပို့ခွင့်ပြုထားတဲ့  Everything But Arms (EBA) အဖွဲ့ရဲ့ ကုန်သွယ်မှုအစီအစဉ်ကနေ ကူညီပံ့ပိုးပေးတဲ့ ဒီကဏ္ဍဟာ ၂၀၁၁ ခုနှစ်က ဒေါ်လာ ၁ ဘီလီယံအောက်ကနေ မြင့်တက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ပို့ကုန်အားလုံးရဲ့ ၃၀ ရာခိုင်နှုန်း ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံထိ တန်ဖိုးရှိလာတယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေအရ သိရပါတယ်။ 

ဖေဖော်ဝါရီ ၁ ရက်ကစလို့ အရပ်သား ၁၂၀၀ လောက် သေဆုံးခဲ့ရပြီးနောက်မှာ လူ့အခွင့်အရေး အကာအကွယ်ပေးထားတဲ့ နိုင်ငံတွေဆီ အပ်နှင်းထားတဲ့ EBA အဆင့်အတန်းဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတော့ဘဲ အလုပ်သမားအခြေအနေ ဆိုးရွားလာတယ်လို့ ဝေဖန်ပြောဆိုကြပါတယ်။

အာဏာသိမ်းမှုဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွင်း လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး EBA ပေးအပ်တဲ့ အခြေအနေတွေကို ထိခိုက်စေပါတယ်လို့ အီးယူပါလီမန်က အောက်တိုဘာ ၇ ရက် ဆုံးဖြတ်ချက်မှာ ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင် မြန်မာ့အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမား ၇ သိန်းလောက်ရှိပြီး အများစုမှာ ကျေးလက်မိသားစုတွေကို ထောက်ပံ့တဲ့ အမျိုးသမီးငယ်တွေ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော် ဆုံးရှုံးခဲ့ပြီး အလုပ်ဆက်ရှိသူတွေထဲက ထက်ဝက်ကျော်လောက်ကလည်း အလုပ်ချိန်တွေ ဖြတ်တောက်ခံရကြောင်း ကုလသမဂ္ဂ အလုပ်သမား အေဂျင်စီ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO)က ဆိုပါတယ်။

စီးပွားရေးနဲ့နိုင်ငံရေး မငြိမ်မသက်မှုတွေမှာ တချို့ စက်ရုံ အလုပ်ရုံ သူဌေးတွေနဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားတွေ ညီညွတ်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ 

အလုပ်သမားတွေကို ညသန်းခေါင်မှာ နေအိမ်တွေကနေ ဆွဲထုတ်ခံရပြီး စစ်တပ်၊ သို့မဟုတ် ရဲတွေဟာ ချုပ်နှောင်ခံထားရသူတွေကို သေတဲ့အထိ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်နေပါတယ်လို့ ကမ္ဘာလုံးဆိုင်ရာသမဂ္ဂ IndustriALL က ဥရောပကော်မရှင်ကို စာရေးခဲ့ပါတယ်။ စစ်အုပ်စုကို မှတ်ချက်တောင်းခံဖို့ ဆက်သွယ်တာ မရသေးပါဘူး။ 

ဂျီနီဗာအခြေစိုက် သမဂ္ဂအဖွဲ့ချုပ်ဟာ နိုင်ငံခြားအစိုးရတွေနဲ့ ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံနဲ့ စီးပွားရေးဆက်ဆံမှု အားလုံးကို ဖြတ်တောက်ဖို့ မြန်မာအလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၈၀ ကျော်က စည်းရုံးလှုံ့ဆော်မှုကိုလည်း ထောက်ခံထားပါတယ်။  DVB

မြောက်ဒဂုံတွင် ရာအိမ်မှူး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ စစ်ကောင်စီခန့် ရာအိမ်မှူး တစ်ဦး ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း အဆိုပါ ရပ်ကွက်နေ ဒေသခံများထံက သိရသည်။ အပစ်ခံရသူသည် ဦးတင်လှ ဖြစ်ပြီး လှိုင်ရတနာလမ်းနှင့် လှိုင်ရ တနာ(၁) လမ်းထောင့်ရှိ ၎င်းနေထိုင်ရာ အိမ်အတွင်း ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ဦးတင်လှသည် ရာအိမ်မှူး တစ်ဦး ဖြစ်သလို မြောက်ဒဂုံမြို့နယ် (၃၁) ရပ်ကွက်ရုံး ရုံးထိုင်စာရေး အဖြစ်လည်း လုပ်သည်ဟု ဒေသခံက ပြော သည်။”ဦးခေါင်းပိုင်း အပစ်မခံရဘဲ ဗိုက်အောက်တွေကိုဘဲ ပစ်ခံရတာ။ ချက်ချင်းတော့ မသေသွားဘူးဗျ။ ဆေးရုံကားပေါ် ရောက်မှသေတာ။ စစ်ကားတွေ အမြန်ဝင်လာပြီး ဆေးရုံကားနဲ့ ခေါ်သွားတာ။ အရင်က သူ့အိမ်မှာ ဗုံးခွဲခံရဖူးသေးတယ်။ သတိပေးတဲ့ အနေနဲ့‌ပေါ့။

အဲ့ဒါကို ထပ်သောင်းကျန်းလို့ ဒီနေ့ ပစ်ခံရတာ။ (၃၁) နဲ့ (၂၈) ရပ်ကွက် အစပ်နားက လူငယ်တွေ အဖမ်းခံရတာ သူ့ကြောင့်ပေါ့” ဟု မြောက်ဒဂုံ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

၎င်းပစ်သတ် ခံရပြီးသည့်နောက် အဆိုပါနေရာ အနီးရှိ မန္တလေးလမ်းနှင့် ဇေယျာမြိုင် လမ်းကြားတွင်ရှိသော အိမ်မှ အမျိုးသား နှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းသွားကြောင်း ရပ်ကွက်နေ ပြည်သူ တစ်ဦးထံက သိရသည်။ဦးတင်းလှကို မည်သည့်အဖွဲ့က ပစ်ခတ်သွားသည် ကိုမူ လက်ရှိတွင် မသိရသေးပေ။ mizzima

ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် လူငယ် ၂ ဦး အသက်အန္တရာယ်ရှိ ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ပညာရေးမှူးရုံး ဖောက်ခွဲမှု တရားခံဟုဆိုကာ စစ်ကောင်စီတပ်က ပစ် ခတ်ဖမ်းဆီးသွားသည့် လူငယ်နှစ်ဦးသည် စစ်ကြောရေးတွင် နှိပ်စက်မှုများကြောင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံထံမှ သိရသည်။

ကျောက်မဲမြို့မှ မျက်မြင်သိရှိသူ ဒေသခံတစ်ဦးက ပစ်ခတ်ဖမ်းဆီးခံရသူ လူငယ်နှစ်ဦးမှာ အဆိုပါနေ့ နေ့ခင်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး စစ် ကြောရေးတွင်ရရှိသည့် ဒဏ်ရာများကြောင့် ဆေးရုံသို့ ညတွင်းချင်း ရောက်ရှိလာကြောင်း ပြောသည်။ “ညဘက်ကို ဆေးရုံရောက်လာတယ်၊ စစ်ကြောရေးက ဒဏ်ရာတွေနဲ့ အတော်လေး အသက်အန္တရာယ် စိုးရိမ်ရတယ်၊ ဆေးရုံမှာလည်း သူတို့စောင့်ထားတယ်” ဟုပြောသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ၁၁ နာရီဝန်းကျင်ခန့်က ကျောက်မဲပညာရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လမ်းပေါ်တွင် ဆိုင်ကယ်စီး သွားလာနေသော ကိုအငယ်လေးနှင့် ကိုဝိုင်းဝိုင်းတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူငယ်နှစ်ဦးမှာ သာမန် ပန်းရံအလုပ်နှင့် လက်သမားအလုပ် လုပ်ကိုင်သူများသာဖြစ်ပြီး မည်သည့် အဖွဲ့အစည်းနှင့်မျှ မပတ်သက်ကြောင်း ဒေသခံများကယုံကြည်နေကြသည်။ mizzima

တောင်တွင်းကြီးမြို့မဈေးတွင် စစ်ကောင်စီတပ် ကပစ ၁၈ မှ တပ်ကြပ်ကြီးတစ်ဦးကို ဗိဿနိုးနယ်မြေ PDF က သေနတ်ဖြင့် ပစ်သတ်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ မြို့မဈေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အတွက် ဈေးလာဝယ်သော ကပစ ၁၈ မှ တပ်ကြပ်ကြီး တစ်ဦးကို ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။မြို့မဈေးတောင်ဘက်နားတွင် သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရပြီး အဆိုပါတပ်ကြပ်ကြီးသည် နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။ khit thit

ရေဦး မြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြို့မရဲစခန်းကို ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မွန်းတည့် ၁၂ နာရီလောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ရေဦး မြို့မစခန်းကို ဗုံး ၆ လုံးနဲ့ ကျနော်တို့ ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခဲ့တယ်။ ရဲတွေထိခိုက်တာတွေရှိနိုင်တယ်၊ အတိအကျတော့ မသိရဘူး။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်မှုမရှိဘဲ ဆုတ်ခွာခဲ့တယ်” လို့ ရေဦးပြည်သူ့ကာကွယ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် လိုင်းခန်းတခုနဲ့ ဆိုင်ကယ်တစ်စီး မီးလောင်သွားပြီး ရဲတွေ ရမ်းသမ်း ပစ်ခတ်တာကြောင့် ၁၀ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး

ရေဦးမြို့မရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက ရေဦးမြို့ လမ်းမတွေမှာ တင်းကျပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ DVB

စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်း၊ သံဃာတော်များနှင့် သတင်း ထောက် ၁ ဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အလုံမြို့ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းကို စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး သံဃာတော် လေးပါးနှင့် လူပုဂ္ဂိုလ် ရှစ်ဦးကို ဖမ်းဆီးသွားရာ ၎င်းတွင် Regional News Agency မှ သတင်းထောက် ကိုမင်းသိုက်ထွန်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက် နေ့လည် ၂ နာရီခန့်တွင် စစ်ကောင်စီ အင်အား ၂၀၀ နီးပါးသည် ချမ်းသာကြီး ဘုန်းကြီးကျောင်းအား ဝင်ရောက်စီနင်းပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ဘုန်းကြီးကျောင်းမှ ကားတစ်စီး၊ ဆိုင်ကယ် ခြောက်စီးနှင့် ငွေသား ၃သိန်းခန့်အား သိမ်းဆည်းပြီး သေနတ်ပစ်ဖောက်ကာ ရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံက ဆိုသည်။ယင်းအဖမ်းခံရသူများထံမှ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းများ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီ ဝါဒဖြန့် Fifty Two News လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထား သည်။

ကိုမင်းသိုက်ထွန်းသည် မုံရွာအခြေစိုက် Regional News Agency အွန်လိုင်း သတင်းဌာနမှသတင်း‌ ထောက်ဖြစ်ပြီး စစ်ကောင်စီ၏ ဥပဒေချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုနှင့် မြေပြင်တွင် ဖြစ်ပျက်နေသော သတင်းများကို ရေးသား တင်ပြနေသူ တစ်ဦးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။ယခု အဖမ်းခံထားရသူများအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို သိရှိရခြင်း မရှိကြောင်း ၎င်းက ထပ်မံပြောဆိုသည်။ mizzima

မန္တလေးတွင် PDF ၂ ဦးကျဆုံးပြီး ၃ ဦး ဖမ်း ဆီးခံရကာအသက်အန္တရာယ်စိုးရိမ်နေရ၊ စစ် တပ်ကမူ PDF ၇ ဦး အသေဖမ်းမိဟုဆို

မန္တလေးတွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်များ၏ ဝင်ရောက်စီးနင်းမှုကြောင့် PDF ၂ ဦးကျဆုံးပြီး ၃ ဦးဖမ်းဆီးခံရကြောင်း မန္တလေး မှ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်တွင် မဟာအောင် မြေမြို့နယ်၊ သံလျှပ်မှော် အနောက်ရပ်ကွက်၊ ၄၂ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ နေအိမ်တစ်ခုကို စစ်တပ်က ဝင်စီးကြောင်း၊ စစ်တပ်က ၀ိုင်းဝန်း ပိတ်ဆို့ပြီး စတင် ပစ်ခတ်သဖြင့် အိမ်ထဲရှိ PDF များ ပြန်လည် ပစ်ခတ်ကြောင်း၊ ယင်းပစ်ခတ်မှုတွင် ၂ ဦး ကျဆုံးပြီး ၃ ဦး အဖမ်းခံရကြောင်း သိရှိရသည်။

“၂ ဦးကတော့ ကျသွားတယ်။ ၃ ဦးကတော့ အရှင် သူတို့ ဖမ်းတယ်။ ဒါပေမယ့်လည်း ၃ ဦးလုံး အသက်အန္တရာယ်စိုးရိမ်ရတယ်။ ဒီနေ့ အဲဒီအထဲမှာ တစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လိုက်ပြခိုင်းလို့ ကျနော်တို့ အဖွဲ့ဝင် ၁ ဦးရဲ့ အမေ ပေါ့ အတော်အသက်ကြီးနေပြီ အဲဒါကို ဖမ်းသွားတယ်။ လိုက်ပြတဲ့အဖွဲ့ဝင်လည်း မျက်နှာ ဖူးရောင်ပြီး သွေးတွေနဲ့” ဟု မန္တလေး တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။ စစ်ကောင်စီဘက်ကမူ PDF အဖွဲ့ဝင် ၇ ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း ပြောဆိုထားသည်။

“၇ ဦးအသေဆိုတာက ဘေးနားက ပြည်သူတွေကိုပါ သူတို့ ပစ်သတ်တာဗျ။ ဘေးအိမ်တွေဝင်။ ရွှေ၊ ငွေတွေ အကုန်လု အဲဒါမျိုးတွေ လုပ်တာ။ နောက်တစ်ခုကတော့ သူနာပြု လင်မယားကို သတ်တာက ကျနော်တို့ နဲ့ ဘာမှ မဆိုင်ဘူး။ ဒါကိုလည်း သူတို့ဘက်က PDF ကိုလာထိုးချနေတာ” ဟု တော်လှန်ရေးအဖွဲ့ဝင်က ပြောသည်။ လက်ရှိတွင် တော်လှန်ရေးမသက်ဆိုင်သူများကိုလည်း PDF ဟုဆိုကာ ဖမ်းဆီးမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် ၎င်းက ပြောဆိုသည်။ khit thit

တောင်တွင်းကြီးမြို့ စည်ပင်ရုံးနှင့် MPT ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းတည့်က MDA-နဂါးတပ်ဖွဲ့နဲ့ ဗိဿနိုး PDF တို့ပူးပေါင်းပြီး မြို့နယ်စည်ပင်ရုံးနဲ့ MPT ရုံးတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တောင်တွင်းကြီးမြို့က စည်ပင်ရုံးနဲ့ MPT ရုံးကို ဒီကနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ နှစ်ဖွဲ့ပူးပေါင်းပြီး ဗုံးတစ်လုံးစီ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MDA တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆရာနှင်းမောင်က DVB ကို ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ် စည်ပင်ရုံးအနေနဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က Silent Strike ပြုလုပ်ခဲ့တဲ့ စျေးဆိုင်တွေကိုတွေကို စစ်ကောင်စီနဲ့ ပူး ပေါင်းပြီး အတင်းအကြပ် ပိတ်ခိုင်းနေပြီး MPT ရုံးကတော့ ပြည်သူလူထုဆီကနေ မိုးဘိုင်းအင်တာ DATA စျေးနှုန်းတွေ တိုးမြှင့် ကောက်ခံနေတာကြောင့် ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တောင်တွင်ကြီးမြို့ပေါ် လမ်းဆုံလမ်းခွတွေနဲ့ ဌာနာဆိုင်ရာ ရုံးတွေမှာ စစ်ကောင်စီတပ်အင်အား တိုးမြှင့်ထားတဲ့ကြားက ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

“အဲဒီပေါက်ကွဲမှုကြောင့် စည်ပင်ရုံးက ဝန်ထမ်းတစ်ချို့နဲ့ အဆောက်ဦကို ထိခိုက်နိုင်ပြီးတော့ MPT ရုံးအပြင်ဘက်မှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေလည်းပျက်စီးနိုင်တယ်ဗျ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဘေးကင်းရာကို ဆုတ်ခွာနေရတာကြောင့် ထိခိုက်ပျက်စီးတဲ့ အခြေနေကို အတိကျမသိရသေးဘူး” လို့ ပြန်ကြားရေးတာဝန်ခံ ဆရာနှင်းမောင်က ပြောပါတယ်။

အဲဒီ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် MPT ရုံးနားက ထွေအုပ်အငြိမ်းစား ဝန်ထမ်းတစ်ယောက်ပိုင်ဆိုင်တဲ့ တော်ဝင်စားသောက်ဆိုင်မှာ ထိုင်နေတဲ့ ပြည်သူ အယောက် ၂၀ လောက်ကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ တောင်းတွင်းကြီးမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်မှာ စစ်ရေးအရှိန်ဟုန်တိုးမြှင့်လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ အိမ်စီးကားတွေကို မှန်ချပြီးမှမောင်းနှင်ကြဖို့၊ စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေကို ရှောင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက သတိပေးထားပါတယ်။ DVB

« Older Entries