ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် လူငယ် ၂ ဦး အသက်အန္တရာယ်ရှိ ဟုဆို


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ပညာရေးမှူးရုံး ဖောက်ခွဲမှု တရားခံဟုဆိုကာ စစ်ကောင်စီတပ်က ပစ် ခတ်ဖမ်းဆီးသွားသည့် လူငယ်နှစ်ဦးသည် စစ်ကြောရေးတွင် နှိပ်စက်မှုများကြောင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံထံမှ သိရသည်။
ကျောက်မဲမြို့မှ မျက်မြင်သိရှိသူ ဒေသခံတစ်ဦးက ပစ်ခတ်ဖမ်းဆီးခံရသူ လူငယ်နှစ်ဦးမှာ အဆိုပါနေ့ နေ့ခင်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး စစ် ကြောရေးတွင်ရရှိသည့် ဒဏ်ရာများကြောင့် ဆေးရုံသို့ ညတွင်းချင်း ရောက်ရှိလာကြောင်း ပြောသည်။ “ညဘက်ကို ဆေးရုံရောက်လာတယ်၊ စစ်ကြောရေးက ဒဏ်ရာတွေနဲ့ အတော်လေး အသက်အန္တရာယ် စိုးရိမ်ရတယ်၊ ဆေးရုံမှာလည်း သူတို့စောင့်ထားတယ်” ဟုပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ ၁၁ နာရီဝန်းကျင်ခန့်က ကျောက်မဲပညာရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လမ်းပေါ်တွင် ဆိုင်ကယ်စီး သွားလာနေသော ကိုအငယ်လေးနှင့် ကိုဝိုင်းဝိုင်းတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လူငယ်နှစ်ဦးမှာ သာမန် ပန်းရံအလုပ်နှင့် လက်သမားအလုပ် လုပ်ကိုင်သူများသာဖြစ်ပြီး မည်သည့် အဖွဲ့အစည်းနှင့်မျှ မပတ်သက်ကြောင်း ဒေသခံများကယုံကြည်နေကြသည်။ mizzima