မန္တလေးတွင် PDF ၂ ဦးကျဆုံးပြီး ၃ ဦး ဖမ်း ဆီးခံရကာအသက်အန္တရာယ်စိုးရိမ်နေရ၊ စစ် တပ်ကမူ PDF ၇ ဦး အသေဖမ်းမိဟုဆို
မန္တလေးတွင် ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်များ၏ ဝင်ရောက်စီးနင်းမှုကြောင့် PDF ၂ ဦးကျဆုံးပြီး ၃ ဦးဖမ်းဆီးခံရကြောင်း မန္တလေး မှ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်တွင် မဟာအောင် မြေမြို့နယ်၊ သံလျှပ်မှော် အနောက်ရပ်ကွက်၊ ၄၂ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ နေအိမ်တစ်ခုကို စစ်တပ်က ဝင်စီးကြောင်း၊ စစ်တပ်က ၀ိုင်းဝန်း ပိတ်ဆို့ပြီး စတင် ပစ်ခတ်သဖြင့် အိမ်ထဲရှိ PDF များ ပြန်လည် ပစ်ခတ်ကြောင်း၊ ယင်းပစ်ခတ်မှုတွင် ၂ ဦး ကျဆုံးပြီး ၃ ဦး အဖမ်းခံရကြောင်း သိရှိရသည်။
“၂ ဦးကတော့ ကျသွားတယ်။ ၃ ဦးကတော့ အရှင် သူတို့ ဖမ်းတယ်။ ဒါပေမယ့်လည်း ၃ ဦးလုံး အသက်အန္တရာယ်စိုးရိမ်ရတယ်။ ဒီနေ့ အဲဒီအထဲမှာ တစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး လိုက်ပြခိုင်းလို့ ကျနော်တို့ အဖွဲ့ဝင် ၁ ဦးရဲ့ အမေ ပေါ့ အတော်အသက်ကြီးနေပြီ အဲဒါကို ဖမ်းသွားတယ်။ လိုက်ပြတဲ့အဖွဲ့ဝင်လည်း မျက်နှာ ဖူးရောင်ပြီး သွေးတွေနဲ့” ဟု မန္တလေး တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။ စစ်ကောင်စီဘက်ကမူ PDF အဖွဲ့ဝင် ၇ ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း ပြောဆိုထားသည်။
“၇ ဦးအသေဆိုတာက ဘေးနားက ပြည်သူတွေကိုပါ သူတို့ ပစ်သတ်တာဗျ။ ဘေးအိမ်တွေဝင်။ ရွှေ၊ ငွေတွေ အကုန်လု အဲဒါမျိုးတွေ လုပ်တာ။ နောက်တစ်ခုကတော့ သူနာပြု လင်မယားကို သတ်တာက ကျနော်တို့ နဲ့ ဘာမှ မဆိုင်ဘူး။ ဒါကိုလည်း သူတို့ဘက်က PDF ကိုလာထိုးချနေတာ” ဟု တော်လှန်ရေးအဖွဲ့ဝင်က ပြောသည်။ လက်ရှိတွင် တော်လှန်ရေးမသက်ဆိုင်သူများကိုလည်း PDF ဟုဆိုကာ ဖမ်းဆီးမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် ၎င်းက ပြောဆိုသည်။ khit thit