မြောက်ဒဂုံတွင် ရာအိမ်မှူး ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ စစ်ကောင်စီခန့် ရာအိမ်မှူး တစ်ဦး ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း အဆိုပါ ရပ်ကွက်နေ ဒေသခံများထံက သိရသည်။ အပစ်ခံရသူသည် ဦးတင်လှ ဖြစ်ပြီး လှိုင်ရတနာလမ်းနှင့် လှိုင်ရ တနာ(၁) လမ်းထောင့်ရှိ ၎င်းနေထိုင်ရာ အိမ်အတွင်း ပစ်ခတ်ခံရခြင်း ဖြစ်သည်။
ဦးတင်လှသည် ရာအိမ်မှူး တစ်ဦး ဖြစ်သလို မြောက်ဒဂုံမြို့နယ် (၃၁) ရပ်ကွက်ရုံး ရုံးထိုင်စာရေး အဖြစ်လည်း လုပ်သည်ဟု ဒေသခံက ပြော သည်။”ဦးခေါင်းပိုင်း အပစ်မခံရဘဲ ဗိုက်အောက်တွေကိုဘဲ ပစ်ခံရတာ။ ချက်ချင်းတော့ မသေသွားဘူးဗျ။ ဆေးရုံကားပေါ် ရောက်မှသေတာ။ စစ်ကားတွေ အမြန်ဝင်လာပြီး ဆေးရုံကားနဲ့ ခေါ်သွားတာ။ အရင်က သူ့အိမ်မှာ ဗုံးခွဲခံရဖူးသေးတယ်။ သတိပေးတဲ့ အနေနဲ့ပေါ့။
အဲ့ဒါကို ထပ်သောင်းကျန်းလို့ ဒီနေ့ ပစ်ခံရတာ။ (၃၁) နဲ့ (၂၈) ရပ်ကွက် အစပ်နားက လူငယ်တွေ အဖမ်းခံရတာ သူ့ကြောင့်ပေါ့” ဟု မြောက်ဒဂုံ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
၎င်းပစ်သတ် ခံရပြီးသည့်နောက် အဆိုပါနေရာ အနီးရှိ မန္တလေးလမ်းနှင့် ဇေယျာမြိုင် လမ်းကြားတွင်ရှိသော အိမ်မှ အမျိုးသား နှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းသွားကြောင်း ရပ်ကွက်နေ ပြည်သူ တစ်ဦးထံက သိရသည်။ဦးတင်းလှကို မည်သည့်အဖွဲ့က ပစ်ခတ်သွားသည် ကိုမူ လက်ရှိတွင် မသိရသေးပေ။ mizzima