Monthly Archives: Dec 2021

စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အရာတော်မြို့နယ်၊ ကဲဘာရွာမှ ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင် ပျက်စီး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကဲဘာ‌ကျေးရွာကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည် သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ကဲဘာကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး အဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီး နင်းခဲ့ခြင်းဖြစ်ပြီး စစ်သားများ ပြန်လည်ထွက်ခွာသွားချိန်တွင် ကျေးရွာနေ ပြည်သူများ ရွာအတွင်းသို့ ပြန်လည် ဝင်ရောက် လာကြောင်း၊ စစ်တပ်၏ မီးရှို့မှုကြောင့် ပြည်သူပိုင် နေအိမ် ၁ဝဝကျော် မီးလောင် ဖျက်ဆီးခံခဲ့ရကြောင်း ဒေ သခံပြည်သူများက ပြောဆိုသည်။

” စစ်ခွေးတွေက ရွာထဲမှာရှိတဲ့ ပြည်သူတွေပိုင်တဲ့ဟာတွေ အကုန်လုံး စားသောက်ပြီးတော့ ပြန်သွားကျပြီး ရွာထဲမှာ နေအိမ် ၁၀၀ ကျော်ကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒေသခံပြည်သူတွေနဲ့ PDF ကာကွယ်ရေး တပ်ဖွဲ့တွေက အခုမီးငြိမ်းနေတယ်။ ကျေးရွာနေ ပြည်သူတွေရဲ့ ဆုံးရှုံးမှုကတော့ တော်တော်များတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

စစ်ကောင်စီတပ်က ဖာပွန် ဒေသခံစက်လှေများကို ဖမ်းဆီးထိန်းသိမ်း

ကရင်ပြည်နယ် ဖားပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းက ဒေသခံစက်လှေတွေကို စစ်ကောင်စီရဲ့တပ်တွေက ဖမ်းဆီးထိန်းသိမ်းပြီး ကျေးရွာသားအချို့ကို ရိုက်နှက်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်က ဖာပွန်မြိုနယ် မထောကျေးရွာမှာ အခြေချနေတဲ့ စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံတပ်ဖွဲ့ဝင်တွေက မထောကျေး ရွာအုပ်စု (နားကူနား) ရွာသားတွေရဲ့ စက်လှေတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အတွက် ဒေသခံတွေ သွားရေးလာရေးအပြင် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။

မထောကျေးရွာသား စက်လှေမောင်းသူတစ်ဦးက “စက်လှေတွေကိုအကြောင်းမဲ့ ဖမ်းဆီးတယ်။ ရိုးရိုးသားသား ရှာစားနေတာကို ဖမ်းတော့ ဒေသခံတွေ သွားရေးလာရေးနဲ့ စားနပ်ရိက္ခာသယ်ယူတဲ့နေရာမှာ စက်လှေတွေမရှိတော့ ဒုက္ခရောက်ကုန်တာပေါ။ စကစက ကျနော်တို့ ဒေသခံတွေကို အကြောင်းအမျိုးမျိုးနဲ့ သက်သက်မဲ့ ဒုက္ခပေးနေတာ” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီလောာက်ကလည်း စစ်ကောင်စီရဲ့တပ်ဖွဲဝင်တွေဟာ ဖာပွန်မြို့အတွင်း လုံခြုံရေးအကြောင်းပြပြီး မြို့ခံတွေကို မနက်စောစော ချက်ပြုတ်စားသောက်ပြီး ဗုံးခိုကျင်းအတွင်း နေထိုင်ကြဖို့ လှည့်လည်ပြောဆို ခြိမ်းခြောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီအချိန်လောက်က စစ်ကောင်စီရဲ့လက်အောက်ခံ စကစ ၈၊ ခမရ ၄၀၇ တပ်ဖွဲ့ဝင်တွေက ငါးအိမ်စုကျေးရွာကို စျေးသွားရောက်ဝယ်ယူခဲ့တဲ့ တဒွီးခိုကျေးရွာသား စောထူးထူးကို ဖမ်းဆီးကာ မျက်နှာကိုထိုးကြိတ်ပြီး ညနေ ၄ နာရီလောက်မှ ပြန်လွှတ် ပေးလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

စစ်ကောင်စီ တပ်နဲ့ BGF တပ်တွေဟာ ကေအန်ယူ ထိန်းချုပ်မြေအတွင်း ကျူးကျော်ဝင်ရောက်ပြီး ဒေသခံပြည်သူတွေအပေါ် လူအခွင့်အရေးအကြိမ်ကြိမ် ချိုးဖောက်တာတွေ၊ လယ်ယာ၊ ဥယျာဥ်ခြံမြေ၊ လုပ်ကိုင်စားသောက်ရာနေရာတွေနဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ DVB

ရှမ်းပြည်နယ်မှ ရဲတပ်ကြပ် ဦးနေလင်းအောင် ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF နှင့်ပူး ပေါင်း

ရှမ်းပြည်နယ်၊ ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် ဦးနေအလင်းအောင် ( ကိုယ်ပိုင်အမှတ် လ-၁၅၉ ၂၉၈ ) သည် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကရင်နီဒီမိုက ရက်တစ်တပ်ဦး KDF နှင့်ပူးပေါင်းလိုက်ကြောင်း KDF က တရားဝင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၃ရက်နေ့ တွင်ကိုယ်ပိုင်အမှတ် လ – ၁၅၉၂၉၈ရဲတပ်ကြပ် ဦးနေလင်းအောင်သည် တာချီလိတ် ဝမ်ပုံရဲစခန်းမှတစ်ဆင့် (ရှမ်းပြည် နယ် ရဲတပ်ဖွဲ့သို့ တွဲဖက် ၂လ ဖြင့် တာဝန်ကျစဥ် စစ်အာဏာရှင် ပြုတ်ကျရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) နှင့်လာရောက်ပူပေါင်းခဲ့ကြောင်း KDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲတပ်ကြပ် ဦးနေလင်းအောင်ကို KDF က ဝမ်းမြောက် ဂုဏ်ယူစွာ ကြိုဆိုလိုက်ပြီး ပြည်သူ့ရင်ခွင် ခို့လှုံနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်သူနှင့်အတူ ပူပေါင်းပါဝင်လာမည့် တပ်မတော်သားများနှင့်ရဲဝန်ထမ်းများကို ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ကြို ဆိုလျက်ရှိကြောင်း Karenni Democratic Front. KDF သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။ khit thit

ဖောင်းဆိုင်ဒေသတွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ ဖောင်းဆိုင်ဒေသဘက်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ MNDAA တို့အကြား လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ပွဲ ပြန်လည်ပြင်းထန်နေပြီး လေယာဉ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတယ် လို့ ဒေသခံတွေက ပြောပါတယ်။

“ပစ်နေတယ်။ ဘန်မွေးရွာ၊ မန်းယန်ရွာ၊ ဖောင်းဆိုင်ရွာ၊ လရှပ်ရွာ အဲဒီ တကြောလုံး တိုက်ပွဲ ပြင်းထန်နေတယ်။ ချင်ဆိုင်ထန်ဘက်တော့ ဒီမနက် လေယာဉ်နဲ့ လာပစ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

တရွာနဲ့တရွာ တောင်ကြောတခုတည်းမှာ ရှိနေပြီး ၁၀ မိနစ်လောက် လမ်းလျှောက်ရတဲ့အကွာ အဝေးဖြစ်ကာ မန်းယန်ရွာဘက်မှာ စစ်ကောင်စီတွေနဲ့ ဘန်မွေးရွာဘက်မှာ ကိုးကန့် MNDAA တို့ ရှိနေတာလို့ ဆိုပါတယ်။

အမည်မဖော်လိုသူ ဒေသခံတဦးက “ပြည်သူတွေရဲ့ အခြေအနေတော့ မသိရသေးဘူး။ ဘန်မွေး တဝိုက်က ပြည်သူတွေကိုတော့ ကိုးကန့်အဖွဲ့ဘက်က ရှောင်ခိုင်းထားတယ်။ မန်းယန်ဘက်က သူတွေကိုတော့ အကြောင်းမကြားလိုက်နိုင်ဘူး။ နောက်ဆုတ်လည်း မရ။ ရှေ့တိုးလည်းမရ။ အိမ်မှာပဲ ပုန်းနေရတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ မနက် ၃နာရီ ဝန်းကျင်လောက်ကစပြီး လရှပ်ရွာ၊ မန်းယန်ရွာ၊ ဘန်မွေးရွာစတဲ့ ဖောင်းဆိုင် ၃ နေရာမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မနက် ၈ နာရီလောက်ကတော့ ဘန်ငူးတောင်ဘက်မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ အဆက်မပြတ်  ပြင်းပြင်းထန်ထန် ပစ်ခတ်သံ ကြားနေ‌ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်တာကြောင့်  မြေပြင်သတင်း အသေးစိတ်ကို သိရိနိုင်ဖို့ စုံစမ်းဆဲ ဖြစ်ပါတယ်။

အဲဒီဒေသမှာ ၂၀၂၁ ဇူလိုင်လဆန်းကစ စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားလာတာပါ။ DVB

စစ်တပ်ဝင်ရောက်စီးနင်းသည့် ကနီမြို့နယ် ထန်းတပင်ရွာ မီးလောင်နေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ထန်းတပင်ရွာကို ယနေ့ (ဒီဇင်ဘာ ၁၂) နံနက်ပိုင်းတွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မီးလောင်နေကြောင်း ရွာခံအမျိုးသားတစ်ဦးနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ 

မုံရွာ-ယာကြီး- ကလေးဝလမ်းပေါ် မိုင်တိုင် ၅၈ အနီးရှိ ထန်းတပင်ရွာကို အင်အား ၁၀၀ ခန့်ရှိ စစ်တပ်က လက်နက်ကြီးများ တရစပ်ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ နေအိမ်နှင့် ဈေးဆိုင်အချို့ မီးရှို့ခံရကြောင်း လုံခြုံရေးအရ အမည်ထုတ်မပြောနိုင်သော ရွာခံအမျိုးသားက Myanmar Now ကို ပြောသည်။​

“လက်နက်ကြီးက မရေတွက်နိုင်အောင်ပစ်တာ။ တရစပ်ပစ်နေတာ။ တောင်ကုန်းတွေ၊ ရိုးတွေ အကုန်ပစ်ဝင်လာတာ။ ရွာထဲရောက်တော့လည်း လက်နက်ကြီးပစ်တာ မရပ်ဘူး။ လက်နက်ကြီးသံတွေက အခုထိ ကြားနေရတယ်။ အခု ပြောနေရင် နောက်တစ်ဆိုင်ကို မီးရှို့နေပြီ” ဟု ယနေ့ ညနေ ၄ နာရီအချိန် ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ပြောသည်။​

စစ်တပ်က လက်နက်ကြီးများ တရစပ်ပစ်ခတ် ဝင်ရောက်လာသဖြင့် ရွာသူရွာသားများ ထွက်ပြေးခဲ့ရကြောင်း၊ နံနက် ၈ နာရီဝန်းကျင်မှစ၍ စစ်တပ်က ရွာပြင်ရှိ တဲ ၉ လုံးကို မီးရှို့ခဲ့ပြီး ရွာထဲရှိ အိမ်သုံးလုံးနှင့် ဈေးဆိုင်လေးဆိုင် မီးရှို့ခံထားရသည်ဟုလည်း အဆိုပါက အမျိုးသားက ဆက်ပြောသည်။ 

ယနေ့ နံနက်ပိုင်းက ထန်းတပင်ရွာအရှေ့ဘက် ၁၀ မိုင်အကွာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ထိုသို့ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ကနီမြို့နယ် PDF ပြန်ကြားရေးတာဝန်ယူထားသူတစ်ဦးက ပြောသည်။ 

“တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ သူတို့ဘက်ကပဲ လက်နက်ကြီးတွေ ပစ်နေတာ။ မီးလောင်တာက လက်နက်ကြီးကြောင့်လား၊ ရှို့တာလား သေသေချာချာ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။

ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်ကို ကနီ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာသဖြင့် ရွာကို မီးရှို့ခြင်းဖြစ်သည်ဟု အထက်ပါ PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။​

“ဒီနေ့ မနက်ခင်း မိုင်းခွဲလိုက်တာ ဗိုလ်ကြီးအဆင့်တစ်ယောက် ကျသွားတယ်လို့ သိရတယ်။ အဲဒါကြောင့် သူတို့က ပိုပြီး သောင်းကျန်းနေတာ။ ထန်းတပင်ဘက်မှာ အိမ်တွေကို ဓာတ်ဆီလောင်း မီးရှို့၊ စပါးတိုက်တွေလည်း မီးရှို့နေတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။ 

စစ်တပ်ဝင်ရောက်ပြီးနောက် မီးလောင်နေသည့် ထန်းတပင်ရွာအပါဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း သိရသည်။​

မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှု မည်မျှရှိသည်၊ မီးလောင်နေသည်ဆိုသော ထန်းတပင်ရွာတွင် မည်မျှထိခိုက်ပျက်စီးမှုရှိသည်ကိုမူ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရသူမရှိသော်လည်း မီးလောင်ဆုံးရှုံးမှုအနေအထားကို အတိအကျမသိရသေးကြောင်း၊ အင်တာနက်ဖြတ်တောက်ခံထားရကြောင်း ထန်းတပင်ရွာခံ အမျိုးသားက ပြောသည်။

“ရွာအရှေ့ပိုင်းမှာ မီးရှို့နေတာ။ မီးခိုးတွေနဲ့ လုံနေတဲ့အတွက် ဘယ်နှစ်အိမ်လဲ အတိအကျ ကျွန်တော်ပြောလို့မရသေးဘူး။ သဲသဲကွဲကွဲမမြင်ရဘူးဗျ” ဟု ၎င်းက ဆိုသည်။ myanmar now

စစ်ဘေးရှောင်ပြည်သူများထံ အကူအညီမပေးနိုင်စေရန် စစ်ကောင်စီ ပိတ်ဆို့တားဆီး

မြန်မာစစ်ကောင်စီဟာ သန်းနဲ့ချီတဲ့ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်တွေနဲ့ တခြားသော အန္တရာယ် ကျရောက်နေတဲ့သူတွေဆီ အလွန်အမင်းကို လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသက်ကယ်အကူအညီတွေကို မပေးပို့နိုင်အောင် ပိတ်ဆို့ထားတယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။

ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နဲ့ သက်ဆိုင်ရာအစိုးရတွေဟာ လိုအပ်နေတဲ့ အကူအညီတွေ အားလုံးကို အရေး တကြီး လက်လှမ်းမီမီ ရောက်ရှိနိုင်စေဖို့ စစ်အာဏာရှင်အဖွဲ့ရဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဖိအားပေးသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

မကြာသေးမီလတွေအတွင်းမှာ စစ်အုပ်စုနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ လူမှုကူညီရေး လုပ်သားတွေကို ခရီးသွားလာခွင့်ကန့်သတ်ချက်အသစ်တွေ ချမှတ်ခဲ့ပြီး ဝင်ရောက်ရမယ့် လမ်းတွေနဲ့ အကူအညီပေးရေးယာဉ်တန်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။

စစ်ဘက်နဲ့မဆိုင်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အကူအညီပေးရေး ဝန်ထမ်းတွေကို တိုက်ခိုက်ခြင်းနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။

မြန်မာစစ်အာဏာပိုင်တွေဟာ ထိခိုက်လွယ်အုပ်စုတွေအတွက် အကူအညီတွေရရှိရေးကို ကာလရှည်ကြာ တားမြစ်ပိတ်ပင်ထားချိန်မှာပဲ တနိုင်ငံလုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကို ဖန်တီးပြီး ကန့်သတ်ချက်အသစ်တွေကို စစ်အုပ်စုက ချမှတ်ထားပါတယ်။ 

အာဏာသိမ်းမှုမတိုင်ခင်က အကူအညီလိုတဲ့ လူဦးရေဟာ ၁ သန်းကနေ ၂၀၂၂ ခုနှစ်မှာတော့ ကလေး ၅ သန်းကျော် အပါအဝင် လူပေါင်း ၁၄ ဒသမ ၄ သန်းကို ရောက်ရှိသွားမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

လူဦးရေ ၂၅ သန်း သို့မဟုတ် လူဦးရေ ထက်ဝက်လောက်ဟာ နိုင်ငံတော်ဆင်းရဲမွဲတေမှု အခြေပြမျဉ်းအောက်မှာ နေရနိုင်တယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်ကောင်စီအုပ်စုရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီ၊ လုံခြုံရေးကောင်စီ၊ ဥရောပပါလီမန်နဲ့ အလှူရှင်အစိုးရတွေရဲ့ အတားအဆီးမဲ့ အကူအညီတွေ ပေးအပ်ဖို့ တောင်းဆိုမှုတွေကို လျစ်လျူရှုထားပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေအောက်က မြန်မာနိုင်ငံရဲ့ တာဝန်ဝတ္တရားတွေနဲ့အညီ ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ ကောင်းကျိုးချမ်းသာတွေ ရရှိစေဖို့ ကုလသမဂ္ဂ၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေက စစ်ကောင်စီကို ဖိအားပေးသင့်တယ်လို့ Human Rights Watch မှ ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေအပေါ် နိုင်ငံတကာ တုံ့ပြန်မှုဟာ မလုံလောက်ဘူးလို့လည်း ဆိုပါတယ်။ 

ကုလသမဂ္ဂနဲ့ တခြားအကူအညီပေးရေးအေဂျင်စီတွေဟာ မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ ရေးပေါ်အခြေအနေကို တုံ့ပြန်ဖို့အတွက် သူတို့ တောင်းဆိုထားတဲ့ အမေရိကန်ဒေါ်လာ ၁၀၉ သန်းရဲ့ ၁၈ ရာခိုင်နှုန်းကိုသာ ရရှိခဲ့ပါတယ်။ 

အကျပ်အတည်းကြောင့် ၂၀၂၂ ခုနှစ်အတွက် ရန်ပုံငွေလိုအပ်ချက်ဟာ ဒေါ်လာ ၈၂၆ သန်းအထိ နှစ်ဆ တိုးလာပါတယ်။

ရန်ပုံငွေနဲ့ အကူအညီပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့ စစ်တပ်ရဲ့ အဂတိလိုက်စားမှုမှတ်တမ်းနဲ့ အကျင့်ပျက် ခြစားမှုလမ်းကြောင်းကိုသုံးပြီး စစ်အုပ်ချုပ်ရေးအာဏာပိုင်တွေကနေတဆင့် သွားခြင်းထက် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဗြိတိန်တို့အပါအဝင် အလှူရှင်တွေဟာ ပြည်တွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကနေတဆင့် အကူအညီတွေ ပေးပို့နေချိန်မှာပဲ ရန်ပုံငွေကိုလည်း တိုးမြှင့်သင့်တယ်လို့ Human Rights Watch မှ ပြောပါတယ်။ DVB

ရေဦးတွင် မြို့မရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးကို PDF က ဝင်တိုက်၊ တောင်သာတွင် စစ်တပ်တပ်စွဲနေရာကို PDF ဝင်ပစ်ပြီး စစ်သား ၄ ဦးသေဆုံး၊ မကွေးမြို့ပေါ် စည်ပင်နှင့်MPT ရုံးကို PDF က တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ် မြို့မ ရဲစခန်း နှင့် အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး ရုံးတို့ကို ဗုံး၊ သေနတ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းတည့်ချိန်တွင် ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ နှင့် PDF များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးတို့ကို သွားရောက်တိုက်ခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိဘဲ လုံခြုံသည့်နေရာသို့ ပြန်ရောက်ရှိနေပြီဟု ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြထားသည်။

“ရေဦး မြို့မစခန်း ဗုံး ၆ လုံးနဲ့ တိုက်ခိုက်ပါတယ်။ ရဲတွေ ရမ်းပစ်လို့ ၁၀ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး ဗိုက်ကို ကျည်ထိမှန်သေဆုံးပါတယ်” ဟု ရေဦးမြေပြင်ကင်းထောက်တစ်ဦးက သတင်းပေးပို့သည်။ ထို့အပြင် မြို့ပေါ်ပျောက်ကြားတိုက်စစ်စတင်နေပြီဖြစ်သောကြောင့် မြို့အဝင်အထွက် CCTV များဖြုတ်ပေးထားရန် City Hunter -ရေဦး ပ.က.ဖ က တောင်းဆိုထားသည်။

လက်ရှိတွင် ရေဦးမြို့ပေါ်တွင် စစ်တပ်နှင့်ရဲက ပိတ်ဆို့ပြီး စစ်ဆေးနေကြောင်း၊ ပြည်သူများကိုလည်း မိုက်ရိုင်းစွာ ဆဲဆိုအော်ဟစ် ရိုက်နှက်မှုများရှိနေကြောင်း သိရှိရသည်။ လက်ရှိ ရေဦးမြို့နယ်အဝင်အဝ တောကျောင်းတွင် အိမ် ၃ လုံးကို ဖျက်ဆီးထားပြီး ဆိုင်ကယ်များနှင့်ဆိုလာပြားများကို မီးပုံရှို့နေကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်တွင် တောင်သာမြို့နယ်၊ မင်္ဂလာဦးရပ်ကွက် စာ သင် ကျောင်းတပ်စွဲထားသော စစ်တပ်ကို မြေလတ်-PDF ၊27 Revolution Force၊ Natogyg Regionalforce၊ Seven PDF တို့က ပူးပေါင်း တိုက်ခိုက်ကြောင်း၊ စစ်သား ၄ ဦးသေဆုံးပြီး ဗိုလ်တစ်ဦး လက်ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ စည်ပင်ရုံးနှင့် MPT ရုံးကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် MDA နဂါးတပ်ဖွဲ့နှင့် ဗဟာမိတ် ဗိဿနိုး PDF က ပူးပေါင်း ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အသံတိတ်သပိတ်ပါဝင်မှုဖြင့် စျေးသည်များကို စျေးဆိုင်ပိတ်ခိုင်းသည့် စည်ပင်နှင့် စစ်တပ်အားပေး MPT ရုံးတို့ကို သတိပေး တိုက်ခိုက်ခြင်းဖြစ်သည်ဟု PDF များက ထုတ်ပြန်သည်။ khit thit

အာဆီယံ ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် မြန် မာစစ်တပ်ကို ပါဝင်ခွင့်ပေးသည့်အပေါ် ဝေဖန်

အင်ဒိုနီးရှားနဲ့ အာဆီယံဟာ ရေတပ်စစ်ရေးလေ့ကျင့်တာမှာ  မြန်မာစစ်တပ်ကို ပါဝင်စေပြီး နိုင်ငံတကာ အသိအမှတ်ပြုတာလိုအပ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကို တရားဝင်အောင် လုပ်ပေးနေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပြောဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ပထမဆုံးအကြိမ် အာဆီယံ-ရုရှား ရေတပ်စစ်ရေးလေ့ကျင့်တာကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က လက်ခံကျင်းပခဲ့ပြီး မြန်မာ ရေတပ်ဗိုလ်မှူးချုပ် ဇော်ဇော်လတ် ကွပ်ကဲတဲ့ ကျန်စစ်သားစစ်ရေယာဉ်လည်း ပါဝင်ခဲ့ပါတယ်။

ဒီ စစ်ရေးလေ့ကျင့်မှုဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးခံရတာမရှိဘဲ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးတာပဲ ဖြစ်တယ်လို့ Justice For Myanmar  က ဝေဖန်ထားပါတယ်။

စစ်ကောင်စီမီဒီယာ ထုတ်ပြန်ချက်အရ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပူးတွဲစစ်နည်းဗျူဟာဆိုင်ရာ လှုပ်ရှား ဆောင်ရွက်တာ၊ အချက်ပြဆက်သွယ်ခြင်းသင်တန်း၊ ဆက်သွယ်ရေးဆိုင်ရာတွေနဲ့ သံသယဖြစ်ဖွယ် ရေယာဉ်တွေကို ကြားဖြတ်ထောက်လှမ်းတာတွေ ပါဝင်လို့ ဒါတွေက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာ့ရေတပ်ကို တိုက်ရိုက်ပံ့ပိုးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ရေတပ်သည် ၂၀၁၇ ခုနှစ်၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆင်ရေးမှာ တစိတ်တပိုင်း ပါဝင်ခဲ့ပြီး ရိုဟင်ဂျာလူမျိုးတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ခြေမြန်တပ်သားတွေကို ရေတပ်စက်လှေတွေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ပို့ပေးခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း အထောက်အပံ့ပစ္စည်းတွေ သယ်ဖို့ ကြက်ခြေနီက ငှားခဲ့တဲ့ လှေတစီးကိုလည်း ရေတပ်က တိုက်ခိုက်တာကြောင့် လူတယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာလှေတွေကို ကြားဖြတ်ဖမ်းဆီးတာ၊ လှေပေါ်မှာ ပါလာသူတွေကို ဥပဒေမဲ့ဖမ်းဆီးတာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တာတွေကိုလည်း ရေတပ်က ကျူးလွန်ခဲ့ပြီး မကြာသေးခင်ကလည်း ဖိနိုပ်ညှဉ်းပန်းတာတွေက လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့ ကလေး ၃၃ ယောက်ပါတဲ့ ရိုဟင်ဂျာ ၂၂၈ ယောက်ကို ရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ရေတပ် စစ်ရေးလေ့ကျင့်တာကို မလက္ကာရေလက်ကြားမှာ ကျင်းပခဲ့ပြီး ရုရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာစစ်ကောင်စီတို့အပြင် ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကလည်း ပါဝင်ခဲ့ကြတာပါ။

အာဆီယံ-ရုရှား ရေတပ်စစ်ရေးလေ့ကျင့်မှုဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ အာဆီယံတို့ရဲ့ မြန်မာစစ်တပ်နဲ့ ကြံရာပါပတ်သက်မှုမှာ နက်ရှိုင်းတဲ့ အဆင့်တခုကို ပြနေပြီး ပြီးခဲ့တဲ့ ဧပြီလက အင်ဒိုနီးရှားနိုင်ငံမှာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ပါဝင်တက်ရောက်ခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဖော်ဆောင်ဖို့ အာဆီယံရဲ့ စိတ်ဆန္ဒအပေါ် မေးခွန်းထုတ်ရမယ်လို့ ဆိုပါတယ်။

ဘုံသဘောတူညီချက်ငါးရပ်ရဲ့ ပထမအချက်ဟာ “မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ရေး” ဖြစ်ပြီး စစ်ကောင်စီက ဒါကို လျစ်လျူရှုထားတဲ့အပြင် ဧပြီလကစလို့ သတ်ဖြတ်တာတွေ၊ လူအုပ်စုလိုက် ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တွေ၊ အရပ်သားတွေအပေါ် လေ ကြောင်းတိုက်ခိုက်တာ၊ ဗုံးကြဲတာတွေနဲ့ သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို တိုးမြှင့် လုပ်ဆောင်လာခဲ့တာကြောင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ အခုလိုအခြေအနေမှာ အင်ဒိုနီးရှားနိုင်ငံနဲ့ အာဆီယံတို့အနေနဲ့ မြန်မာ့ရေတပ်ကို တိုက်ရိုက်ပံ့ပိုးဖို့ သင့်တော်တယ်လို့ မြင်တာက စိတ်ပျက် ဝမ်းနည်းဖို့ ကောင်းတယ်လို့လည်း ဆိုပါတယ်။

အာဆီယံအနေဲ့ တရားမဝင်စစ်ကောင်စီကို အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေနဲ့ အခမ်းအနားတွေ အားလုံးက ဖယ်ရှားဖို့၊ မြန်မာနိုင်ငံရဲ့ တရား ဝင် ဒီမိုကရေစီအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့လည်း Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း အာဆီယံရဲ့နောက်မှာ ပုန်းကွယ်နေတာကို ရပ်တန့်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကတဆင့် ပစ်မှတ်ထား အရေးယူပိတ်ဆို့တာတွေ၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ မြန်မာစစ်တပ် ကျူးလွန်သူတွေကို နိုင်ငံတ ကာ ရာဇဝတ်ခုံရုံးဆီ လွှဲပြောင်းတာတို့အတွက် ပြတ်သားတဲ့ အရေးယူဆောင်ရွက်တာတွေ ချမှတ်ရမဲ့ အချိန်ဖြစ်တယ် လို့လည်း ဆိုပါတယ်။ DVB

ထားဝယ် တက္ကသိုလ်ကျောင်းသား ကိုချစ်နိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ် အမိန့်ချ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၊ ပထဝီဝင်ဌာနမှ ပထမနှစ် အဝေးသင်ကျောင်းသား ကိုချစ်နိုင်ကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ တရားရုံးက ထောင်ဒဏ် ၁၁ နှစ် အပြီးသတ် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်း သားများသမဂ္ဂက ထုတ်ပြန်သည်။

ကိုချစ်နိုင်ကို အကြမ်းဖက်မှု ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ခုနှစ်နှစ်၊ နိုင်ငံတော ်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) အတွက် ထောင်သုံးနှစ်နှင့် လက်နက်မှု ၁၉ (စ) အတွက် ထောင်တစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ကိုချစ်နိုင်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့သစ် (၇) လမ်းတွင် အရပ်ဝတ် ဝတ်ဆင်ထားသော အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှု ခံလိုက်ရခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးပြီးနောက် ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ကာ ငါးလနီးပါးအကြာတွင် ထားဝယ်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၁ ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။

ထားဝယ်မြို့တွင် ယခုရက်ပိုင်းအတွင်း တက္ကသိုလ်ကျောင်းသား လူငယ်အချို့ကို အာဏာသိမ်း စစ်ကောင်စီက ဆက် တိုက်ဖမ်းဆီးနေပြီး ဒီဇင် ဘာလ ၁၀ ရက်နေ့ကလည်း ထားဝယ်တက္ကသိုလ် ကျောင်းသားဟောင်း ကိုအောင်ကိုလွင် နှင့် ကိုကောင်းထက်စွမ်း အပါအဝင် ငါးဦးကို အာ ဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။ mizzima

မြိတ်တွင် မော်တော်ယာဉ်များကို စစ်ကောင်စီတပ်က အကြောင်းပြချက်မျိုးစုံဖြင့် ငွေတောင်းခံနေ

တနင်္သာရီတိုင်း မြိတ်မြို့မှာ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာ မော်တော်ယာဉ်တွေကို တားဆီးပြီး အကြောင်းပြချက်မျိုးစုံပြကာ ငွေကြေးတောင်းခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

မြိတ်မြို့ ဘုရားကိုင် ညောင်ပင်အောက်မှာ စစ်ကောင်စီ တပ်သားတွေက လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို Mask မတပ်လို့ဆိုပြီး ဒဏ်ငွေ ဆောင်ခိုင်းကာ နောက်ထပ်တစ်နေရာဖြစ်တဲ့ မြိတ်မြို့ ကရာနီ မီးပွိုင့်လမ်းဆုံက စစ်ကောင်စီတပ်ဖွဲ့တွေကတော့ Mask တပ်လို့ ဒဏ်ငွေဆောင်ခိုင်းနေတယ်လို့ ဆိုပါတယ်။ 

လမ်းသွားလမ်းလာတစ်ဦးကတော့ Mask အမည်းရောင်တပ်လို့ ဒဏ်ငွေ သုံးသောင်း ဆောင်လိုက်ရတယ်လို့ မြို့ခံတစ်ဦးက‌ပြောပါတယ်။ 

စစ်ဝတ်စုံ၊ ရဲဝတ်စုံ၊ မီးသတ်ဝတ်စုံနဲ့ အရပ်ဝတ် ဝတ်စုံတွေဝတ်ဆင်ထားတဲ့ ပူးပေါင်းအဖွဲ့တွေက မြိတ်မြို့ နေရာတော်တော်များများမှာ အခုလို ပြုလုပ်နေကြတာလို့ ဆိုပါတယ်။

အဆိုပါအဖွဲ့တွေအနေနဲ့ ဆိုင်ကယ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်ဦးထုတ်၊ နောက်ကြည့်မှန်၊ နံပါတ်ပြား ပြည့်စုံမှုရှိမရှိ စစ်ဆေးနေပြီး ပြည့်စုံနေလည်း Mask တပ်ခြင်း မတပ်ခြင်း စတဲ့အကြောင်းပြချက်တွေနဲ့ အခုလိုငွေကြေးတောင်းခံနေတာလို့ ငွေကြေးပေးခဲ့ရသူက ပြောပါတယ်။  

အခုလို ငွေကြေးတောင်းခံနေတာကြောင့် ဆိုင်ကယ် တက္ကစီ မောင်းနေတဲ့သူတွေအနေနဲ့လည်း အခက်ခဲတွေ့နေကြတယ်လို့ တက္ကဆီမောင်းသူတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် လိုင်စင်မဲ့ မော်တော်ယာဉ်တွေကိုလည်း ဖမ်းဆီးစစ်ဆေးနေပြီး လိုင်စင်မဲ့ မော်တော်ယာဉ်စစ်ဆေးတွေ့ရှိရင် စစ်ကောင်စီတပ်ဖွဲ့တွေက ဒဏ်ငွေ ၁၀ သိန်းတောင်းခံပြီး တစ်နှစ်စာ စီးနင်းခွင့် ကတ်ပြား ထုတ်ပေးနေတယ်လို့ သိရပါတယ်။ 

မြိတ်မြို့မှာ အခုလို တောင်းခံနေတာ တစ်ပတ်ဝန်းကျင်ရှိနေပြီ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ DVB

« Older Entries Recent Entries »