Monthly Archives: Dec 2021

စစ်ကောင်စီသတ်၍ ကန်ပက်လက်မြို့နယ်က ခရစ်ယာန် တရားဟောဆရာ သေဆုံး

အာဏာသိမ်း စစ်ကောင်စီတပ်က ပစ်သတ်သွားသည့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် မြို့ဟောင်းကျေးရွာမှ ခရစ်ယာန် တရားဟော ဆ ရာတော် အွမ်ကီး၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၂ ရက်တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ဆရာတော်အွမ်ကီးကို ဒီဇင် ဘာ လ ၁၁ ရက်တွင် စစ်တပ်က ဖမ်းဆီးပြီး နောက်တစ်ရက်တွင် အလောင်းကို လမ်းဘေးချုံအတွင်း စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။

“သူ့ကို ဒီဇင်ဘာ ၁၁ ရက်နေ့က ဖမ်းသွားတယ်။ နောက်တစ်ရက်ကျ ပန်းလေပြေ ဟိုတယ်နားမှာ ဦးခေါင်းပွင့်ပြီး ဦးနှောက်တွေပါ ထွက်နေတဲ့ သူရဲ့အလောင်းကို လမ်းဘေးက ချုံထဲမှာ လူငယ်တွေက ပြန်တွေ့တယ်။ အဲ့ဒီနေ့ပဲ သူ့ကို သင်္ဂြိုဟ်လိုက်ပါတယ်” ဟု ကန်ပက်လက် ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီက ပစ်သတ်ခဲ့သည့် ဆရာတော်သည် အသက် ၃၀ ဝန်းကျင် ရှိပြီး ကန်ပက်လက်မြို့ရှိ Church of Chirst ဓမ္မ အမှုတော်ဆောင် ဆရာတော်တစ်ပါး ဖြစ်သည်။

လက်ရှိတွင် ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က အင်အားများစွာ အသုံးပြုပြီး စစ်ဆင်ရေး လုပ်နေခြင်းကြောင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေသည်။စစ်တပ် အာဏာသိမ်းပြီး နောက် ပိုင်း ချင်းပြည်နယ် ထန်တလန်မြို့ ၊ မတူပီမြို့နယ်နှင့် ယခု ကန်ပက်လက်မြို့နယ်တို့မှ ခရစ်ယာန် ဆရာတော် သုံးပါး အသတ်ခံခဲ့ရသည်။ mizzima

တန့်ဆည်တွင် မိုင်းခွဲခံရမှုကြောင့် သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုရဲအုပ် စိုးကျော်သူနှင့် ရဲတပ်သား ဇင်ကိုလင်း တို့ကို သဂြိုလ်ပြီးစီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် တန့်ဆည် ပြည်သူ့ရဲဘော်တပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း တန့်တည်ပြည်သူ့ရဲဘော်တပ်ဖွဲ့ TPC က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် ရွာသာယာရွာမှ ပြန် လာသော စစ်ကောင်စီယာဉ်တန်း ကားတစ်စီးနှင့် ဆိုင်ကယ် ၅ စီးကို မှန်ကြိုင်၊ မှန်ရင်း မူးဘောင်အနီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ ၁ ဦးမှာ အရေးပေါ် အခြေ အနေဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဖြစ်သည့် တန့်တည်မြို့မရဲစခန်းမှ ဒုရဲအုပ် စိုးကျော်သူနှင့် ရဲတပ်သား ဇင်ကိုလင်း တို့ သေဆုံးသွားကြပြီး ယနေ့ သဂြိုလ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ khit thit

တော်လှန်ရေး ရန်ပုံငွေပွဲ ကနဦး လက်မှတ်ရောင်းရငွေ ကျပ်သိန်း ၁‚၀၀၀ ကျော်ကို NUG ကျန်းမာရေးဌာနသို့ ပေးအပ်

“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက် တို့မြန်မာ” တော်လှန်ရေးရန်ပုံငွေ ကံစမ်းမဲပွဲမှ ရရှိသည့် ပထမသုတ် လက်မှတ်ရောင်းရငွေ ထိုင်းဘတ်ငွေ ၂‚၀၀၀‚၀၀၀ ( ဘတ်ငွေ နှစ်သန်း လက်ရှိပေါက်ဈေး မြန်မာကျပ်ငွေ သိန်း ၁‚၀၀၀ ကျော်) ကို အမျိုးသား ညီညွတ်ရေး (NUG) အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက်ကြောင်း ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူ ဦးရဲမင်းက ပြောသည်။အဆိုပါ ထိုင်းဘတ်ငွေနှစ်သန်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံက ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် လက်ခံ ရယူခဲ့သည်။

“လက်မှတ်ကတော့ ဒီထက်ပိုပြီး ရောင်းရအုံးမယ်။ နောက်ထပ်လည်း ပိုက်ဆံတွေ ထပ်ကောက် နေတုန်းပဲပေါ့နော်။ ဒါက ကနဦး ဘတ်နှစ်သန်း ရတာကို NUG ကျန်းမာရေးဌာနကို AAC မဟာမိတ်အဖွဲ့က တရားဝင် လွှဲပြောင်းထားတာပါ” ဟု AAC အထွေထွေ တာဝန်ခံလည်းဖြစ်၊ ပွဲစီစဉ် ကျင်းပရေး ကော်မတီ တာဝန်ရှိသူလည်း ဖြစ်သည့် ဦးရဲမင်းက ပြောသည်။

ယခုအစီအစဉ်ကို NUG အစိုးရ ကျန်းမာရေး ဝန်ကြီးဌာန နှင့် ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် (AAC Myanmar) အဖွဲ့တို့ ပူးပေါင်းပြီး စီစဉ်နေခြင်း ဖြစ်သည်။ကံစမ်းမဲ ပွဲတော်က ရရှိလာသော ရန်ပုံငွေများကို NUG ကျန်းမာရေး ဝန်ကြီး ဌာနနှင့် တော်လှန်ရေး အောင်မြင်ရန် လိုအပ်သည့် နေရာများတွင် အသုံးပြု သွားမည်ဖြစ်ပြီး လက်မှတ် တစ်စောင်လျှင် ထိုင်းဘတ်ငွေ ၁၉၉ ဘတ်ဖြင့် နိုဝင်ဘာလ ၂၇ ရက်နေ့မှ စတင်ကာ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

“တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ၊ ထိုင်းရောက် တို့မြန်မာ” တော်လှန်ရေး ရန်ပုံငွေ ကံစမ်းမဲ ပွဲတော်ကို ယခုဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အမြင့်ဆုံး ဆုမဲအဖြစ် ငွေကျပ်သိန်း နှစ်ရာခန့် တန်ဖိုးရှိသည့် KAWASAKIA ဆိုင်ကယ် တစ်စီးလည်း ပါဝင်သည်။ mizzima

မင်းကင်းမြို့နယ် နေအိမ် ၂၀ ခန့်ကို စစ်​တပ်ကမီးရှို့ပြီး အိမ်​မွေးတိရစ္ဆာန်များကို သတ်ဖြတ်

စစ်ကိုင်းတိုင်း က​လေးခရိုင် မင်းကင်းမြို့နယ် ​တောင်တွင်း​ဒေသမှာ ဒီဇင်ဘာ ၁၄ ရက်​နေ့က စစ်​ကောင်စီတပ်ဖွဲ့​တွေဟာ လူ​နေအိမ်တွေကို မီးရှို့ပြီး အိမ်​မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်း ၈ နာရီ​လောက်မှာ ​မင်းကင်းမြို့နယ် ​တောင်တွင်း​ဒေသကို စစ်​ကောင်စီတပ်ဖွဲ့​တွေ​ ရောက်ရှိလာပြီး လမ်း​ဘေးဝဲယာမှာရှိတဲ့ ​ကျေးရွာက ​နေအိမ်​တွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို အိမ်​မွေးတိရိစ္ဆာန်များကိုလည်း ပစ်သတ်ထားခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ ​

ဒါ့အပြင် စစ်လျှင်​ချောင်းကျေးရွာ မီးရှို့ခံရစဥ်က ​ကျေးရွာဘက်ကိုသွားကြည့်တဲ့ ​ဒေသခံပြည်သူ ၁ ဦးလည်း မိုင်းထိမှန်သွားခဲ့တယ်လို့ ဆိုပါတယ်။  

လက်ရှိအချိန်ထိ စစ်​ကောင်စီတပ်ဖွဲ့​တွေဟာ ​တောင်တွင်း​ဒေသမှာ ရှိ​နေ​သေးပြီး ​ကျေးရွာ​ပေါင်း ၆ ရွာက ​နေအိမ် ၁၉ လုံးထက်မနည်း မီးရှို့ခံ ထား ရသလို အိမ်​မွေးတိရစ္ဆာန် နွား၊ ဝက် တွေကိုလည်း ပစ်သတ်သွားခဲ့ကြတယ်လို့ ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့များဟာ မင်းကင်းဘက်က​နေ က​လေးမြို့ဘက်အပြန်လမ်းမှာ အခုလိုလုပ်​ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ​တောင်တွင်း​ဒေသထဲမှာရှိ​နေ​သေးတာ​ကြောင့် ​နောက်ထပ်​နေအိမ်​တွေကို ထပ်မံမီးရှို့ဖျက်ဆီးခံရမှာ ​ဒေသခံ​တွေ စိုးရိမ်​နေကြပါတယ်။ DVB

NUG နှင့် CRPH တို့ကို တားဆီးပေးရန် သ ဘောဆောင်သည့် စစ်ခေါင်းဆောင် ထုတ်ပြောမှု ‘၎င်း၏ ရှုံးနိမ့်မှုကို ပြသနေခြင်း’ ဟု ရှေ့နေများ သုံးသပ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH ) တို့အပေါ် တားဆီးပေးရန် သဘောဆောင်သည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိန့်ခွန်းပြောဆိုမှု သည် ‘၎င်း၏ ရှုံးနိမ့်မှုကို ပြသနေခြင်းဖြစ်သည်’ ဟု တရားလွှတ်တော်ရှေ့နေများက သုံးသပ်ပြောဆိုသည်။နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ၎င်းတို့၏ရှေ့နေများဖြင့် တွေ့ဆုံခွင့်ပေးထား၍ လက်ရှိနိုင်ငံရေးဖြစ်စဉ်များကို သိရှိမည်ဖြစ်ကြောင်း၊ NUG နှင့် CRPH တို့နှင့် ပတ်သက်၍ ရှေ့နေများမှတစ်ဆင့် မှတ်ချက်များပေးခွင့်ရှိကြောင်း စစ်ခေါင်းဆောင်က ထုတ် ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင် လှိုင် က ထိုသို့ပြောကြားခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်သည်။“မျိုးစပါးတွေ ကြဲချသလို တိုက်ပွဲတွေက နေရာအနှံ့ဖြစ်နေတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က CRPH၊ NUG တို့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်တာဖြစ်ဖြစ် တစ်စုံတစ်ခုများ ပြောလိုက်ရင်ဖြင့် ဒီတိုက်ပွဲတွေက ငြိမ်များ ငြိမ်သွားမလားလို့ ဒီလိုစကားထုတ်လာတယ်လို့ မြင်တယ်။

သူတို့အတွက် အခြေအနေ မလှတော့ဘူး။ တိုက်ပွဲ တွေက နေရာအနှံ့ဖြစ်နေတဲ့ အကျပ်ဆိုက်တဲ့ အခြေအနေရောက်နေတဲ့အခါ ရှေ့ပြေးတရားလေးများ ဟောပေးမလားလို့ မျှော်လင့်ချက်နဲ့ ထုတ်ပြောတယ်လို့ ယူဆတယ်” ဟု အမည်မဖော်လိုသော တရားလွှတ်တော်ရှေ့နေ တစ်ဦးက သုံးသပ်သည်။အာဏာသိမ်း စစ်ကောင်စီသည် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အမှုအား လိုက် ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ကို အမှုအခြေအနေများနှင့် ပတ်သက်၍ မီဒီယာများတွင် ထုတ်ဖော်ပြောဆိုခြင်း မပြုရန် ပုဒ်မ ၁၄၄ အ မိန့်ထုတ် ကန့်သတ်ပိတ်ပင်ပြီးနောက် စစ်ခေါင်းဆောင်က ထိုသို့ပြောကြားလာခြင်း ဖြစ်သည်။

ယင်းအပြင် အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးအရထောင်ချောက်ဆင်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း လည်း ရှေ့နေတစ်ဦးက သုံးသပ်ပြောဆိုသည်။“ကမ္ဘာကျော်ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီးက ဒါနဲ့ပတ်သက်လို့ ပေးလိုက်တဲ့မှတ်ချက်တစ်ခု၊ ပြည်သူလူထုနဲ့တကွ ရပ်တည်ကြောင်းပြောလိုက်လို့ ငြိမ်းချမ်းရေးဆုရှင်ကြီးက ဒီလိုပြောပါတယ် ဆိုပြီးတော့ ပြစ်တင်ပုံချလိုတဲ့ အမှားကောက်လိုတဲ့ ပုံစံနဲ့ ထောင်ချောက်ဆင်တဲ့ စကားမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရင်ဆိုင်နေရသည့် အမှုများအနက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် နှစ်နှစ်စီနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီ မံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ် နှစ်နှစ်စီ စုစုပေါင်း တစ်ဦးလျှင် ထောင်ဒဏ် လေးနှစ်စီ အမိန့်ချမှတ်ထားသည်။စစ်တပ်က အာ ဏာ သိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ရှည်ထောင်ဒဏ်များချ မှတ်နိုင်သည့် စုစုပေါင်း အမှု ၁၂ ခုဖြင့် တရားရင်ဆိုင်နေရသည်။ mizzima

မုံရွာ-ယာကြီး-ကလေးဝကားလမ်းပိုင်းတွင် ပြည်သူပိုင် ဆိုင်ခန်းများနှင့် နေအိမ်ရှိ ပစ္စည်းများကို စစ်ကာင်စီ တပ်ဖွဲ့က ဝင်ရောက်လု ယက် မီးရှို့ဖျက်ဆီး

ကနီမြို့နယ် လာပို့ကျေးရွာအနီးရှိ မုံရွာ-ယာကြီး-ကလေးဝကားလမ်းပိုင်း၌ ပြည်သူများ ဖွင့်လှစ်ထားသော ဆိုင်ခန်းနှင့် နေအိမ်များကို အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ်မီဒီယာသို့ ပြော ဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် လာပို့ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ကျေးရွာအနီးအနားရှိ ပြည်သူပိုင် နေအိမ်များနှင့် ဆိုင်ခန်းများကို ဝင်ရောက်လုယက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက လမ်းဘေးဝဲယာမှာရှိတဲ့ ပြည်သူပိုင် ဆိုင်နဲ့ နေအိမ် ၁၀ လုံးကို ဖောက်ထွင်းတယ်။ ပစ္စည်းတွေကို ခိုးယူသယ်ဆောင်တယ်။ သူတို့ခိုးလို့ ဝသွားတဲ့ ဆိုင်နဲ့ နေအိမ် ၁၀ လုံး၊ တဲ ၇ လုံး၊ ဆိုင်ကယ် ၅ စီး၊ စပါး ၁ ခင်း၊ ကောက်ဆံပုံ ၁၀ ပုံ တို့ကို မီးရှို့ဖျက်ဆီးသွားတယ်။ နွားတစ်ကောင်ကိုလည်း သတ်ဖြတ်စားသောက်သွားတယ်။ မြင်းတစ်ကောင်ကိုလည်း ပစ်သတ်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

NUG ကာကွယ်ရေးဌာန ထုတ်ပြန်နှင့်ပတ် သက်၍ KNDF ကြိုဆို

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဟာ ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ပြီး ကာကွယ်ရေးဌာနက အသိအမှတ်ပြု၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက် ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဟာ ကရင်နီတပ်မတော်(KA) နဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးမှာ တပ်ဦးမှတွန်းလှန် တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် KNDF အနေနဲ့ ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ရင်း တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကာ စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့  တော်လှန်ရေး အဖွဲ့အစည်း ဖြစ်ပါတယ်။

KNDF ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြေပြင်စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို စဉ်ဆက်မပြတ် ချိတ်ဆက် ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး KNDF ပြောခွင့်ရသူကတော့ “KNDF နဲ့ NUG ဆက်ဆံရေးက ကျနော် နဂိုက တည်းက ပြောခဲ့သလိုပဲ အရမ်းစိမ်းတာတော့ မဟုတ်ဘူးလေ။ ဒါပေမဲ့ KNDF က ခွဲထွက်ရေးလားသို့မဟုတ် ပြည်နယ်တခုကို အခြေခံပြီးတော့ လုပ်တဲ့တပ်ဖွဲ့လားဆိုတဲ့ ဒေသတွင်းက အမြင်တွေကတော့ ပိုရှင်းသွားမယ်လို့ ကျနော်ကတော့ ယူဆတယ်။ ဘာလို့လဲဆိုတော့ KNDF မှာက နိုင်ငံရေး ဦးဆောင်မှုတော့ NUG/ CHPH ရဲ့လမ်းညွန်မှုအောက်မှာပဲ ကျနော်တို့ သွားကြမယ်ဆိုတာက ကျနော်တို့တွေ နဂိုကတည်းက ပြောထားပြီးသားပဲလေ။ ဒါပေမဲ့ တချို့ KNDF ကို အမြင်မရှင်းတဲ့ အဖွဲ့တချို့ လူတချို့တွေကတော့ ဒီထုတ်ပြန်ချက်အပေါ်မှာ အများကြီးတော့ အမြင်ရှင်းသွားပြီလို့ ကျနော်ကတော့ အဲလိုယူဆတယ်”လို့‌ ပြောပါတယ်။

ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF)ဟာ ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ကြီး ကြပ်မှုအောက်မှာ ရပ်တည်နေတဲ့အဖွဲ့ ဖြစ်သလို ဖွဲ့စည်းပုံ၊ စစ်ဦးစီးမှု၊ ခိုင်မာတဲ့မူဝါနဲ့ ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ် အပါအဝင် ကရင်နီပြည်နယ်တခုလုံးမှာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၉ ရင်းနဲ့ တပ်ရင်းတရင်းကို တပ်အင်အား ၃၀၀ ကနေ ၅၀၀ ကြားဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကရင်နီ(ကယား) ပြည်နယ်အတွင်းမှာလည်း ဒေသပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့တွေလည်း ဖွဲ့စည်းထားပြီး  တပ်ရင်း  ၉ ရင်းရှိတယ်လို့  သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး KNDF ပြောခွင့်ရသူက “ကျနော် ပြောချင်ကတော့ စစ်ကောင်စီကို တော်လှန်နေတဲ့အချိန်မှာတော့ ကျနော်တို့တွေ ကွဲကွဲ ပြားပြား ဖြစ်လို့မရဘူး။ ဖြစ်လို့မရတဲ့ အတွက်ကို ကျနော်တို့ အမြဲတမ်းပြောတယ်။ တစုတစည်းတည်း ဖြစ်အောင် ကြိုးစားတယ်။ ကျနော်တို့ကြိုး စားတာ အခုချိန်ထိ လာပူးပေါင်းမယ့် အဖွဲ့တွေကတော့ ကျနော်တို့ ကြိုဆိုနေဆဲပါပဲ။ ဒါကတော့ ကျနော်တို့ရဲ အရှိတရားပါ။ နောက် တခုက တော့ KNDF နဲ့ပူးပေါင်းဖို့ ကျနော်တို့ စောင့်နေတယ်။ ကြိုလည်းကြိုဆိုနေထားပြီးသားပါ။  ပူးပေါင်းတာ မပူးပေါင်းတာတော့ သူတို့အပိုင်း၊ ကျနော်တို့ကတော့ အမြဲတမ်း ကြိုဆိုတာပဲလေ။ ” လို့ ပြောတယ်။

KNDF ဟာ ကယားပြည်နယ်မှာ တပ်ရင်းအလိုက်နဲ့ တပ်သားနံပါတ်အလိုက် စနစ်တကျဖွဲ့ စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဖြစ်ပြီး ညီ ညွတ်ရေးတပ်ဖြစ်တာကြောင့် ဒေသတွင်းမှာ ရှိနေတဲ့ ကာကွယ်ရေးတပ်တွေအားလုံးနဲ့ပူးပေါင်းဖို့ ကြိုဆိုလမ်းဖွင့်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့  စစ်ကောင်စီနဲ့ KNDFတို့အကြား တိုက်ပွဲတွေကလည်း နေ့တိုင်းလိုလိုရှိနေပြီး စစ်ရေးက ဆက်လက်တင်းမာနေပါတယ်။ DVB

ရွှေဘို-မန္တလေးလမ်းပေါ် စစ်ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းမြို့နယ်အတွင်း ရွှေဘို – မန္တလေး လမ်းပေါ်  ကျော်ဇေယျာရွာနဲ့ ချိုင်းကြီးရွာအကြားမှာ ဒီဇင်ဘာ ၁၄ ရက် မနက် ၉ နာရီခွဲလောက်က  စစ်ကောင်စီတပ်ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကိုင်းကနေ ဝက်လက်၊ ရွှေဘို ဘက်သွားတဲ့ စစ်ကောင်စီတပ်ကား ၃ စီးကို အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ရှေ့ ထွက်မိုင်း ၈ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“သူတို့ကဝက်လက် ရွှေဘိုဘက်သွားမလို့။ ဒီလို မိုင်းဆွဲတိုက်ခိုက်လိုက်တော့ ဝက်လက် ရွှေဘိုဘက်ကကားနောက်ထပ်ရှစ်စီးလောက်နဲ့ပေါင်းပြီး စစ်ကိုင်းတပ်ထဲပြန်သွားတယ်” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) မှ တာဝန်ရှိသူက ပြောပါတယ်။

ဒီလို မိုင်ဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ တပ်သား ၂၀ လောက် သေဆုံးကာ ဒဏ်ရာသူ အများအပြားရှိနိုင်တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။ DVB

« Older Entries