မင်းကင်းမြို့နယ် နေအိမ် ၂၀ ခန့်ကို စစ်တပ်ကမီးရှို့ပြီး အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်

စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေဟာ လူနေအိမ်တွေကို မီးရှို့ပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်း ၈ နာရီလောက်မှာ မင်းကင်းမြို့နယ် တောင်တွင်းဒေသကို စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိလာပြီး လမ်းဘေးဝဲယာမှာရှိတဲ့ ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြသလို အိမ်မွေးတိရိစ္ဆာန်များကိုလည်း ပစ်သတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်လျှင်ချောင်းကျေးရွာ မီးရှို့ခံရစဥ်က ကျေးရွာဘက်ကိုသွားကြည့်တဲ့ ဒေသခံပြည်သူ ၁ ဦးလည်း မိုင်းထိမှန်သွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တောင်တွင်းဒေသမှာ ရှိနေသေးပြီး ကျေးရွာပေါင်း ၆ ရွာက နေအိမ် ၁၉ လုံးထက်မနည်း မီးရှို့ခံ ထား ရသလို အိမ်မွေးတိရစ္ဆာန် နွား၊ ဝက် တွေကိုလည်း ပစ်သတ်သွားခဲ့ကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များဟာ မင်းကင်းဘက်ကနေ ကလေးမြို့ဘက်အပြန်လမ်းမှာ အခုလိုလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ တောင်တွင်းဒေသထဲမှာရှိနေသေးတာကြောင့် နောက်ထပ်နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးခံရမှာ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ DVB