အဘွားကမ် ကတော့ အသက် (၁၀၁)နှစ် အရွယ်ရှိနေပါပြီ။နိုဝင်ဘာ ၂၆ရက် ဆောင်း မနက်ခင်းမှာ အဘွားကမ် တယောက် စစ်ရှောင်စခန်းတစ်ခုရဲ့ ဇရပ်ရှေ့မှာ ထိုင်ပြီး သျှမ်းပြည်ဆောင်းဒဏ်ကို အံတုနေပါတယ်။အဘွားကမ် နေထိုင်တဲ့ ကျောက်မဲမြို့နယ် လွယ်ကုန်ကျေးရွာ အနီးမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု ဖြစ်တဲ့ (SSPP /SSA၊ TNLA)တပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာ ခဲ့ရတာဖြစ်ပါတယ်။“ အဲဒီနေ့က အသံ အရမ်းကျယ်တယ်လေ၊ အ ဖွားရဲ့ အိမ်နားမှာ လက်နက်ကြီး ကျတာပေါ့၊ အဖွားအိမ်တော့ မထိဘူး” လို့ အဘွားကမ်က တိုက်ပွဲ ဖြစ်ပွားတဲ့ရက် အကြောင်းကို ပြန်ပြောပြနေတာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ရက်မှာ ကျေးရွာအနီးဝန်းကျင် လက်နက်ကြီး ကျခဲ့ပေမယ့် (၁၀)ပေ ပတ်လည်ရှိ ဝါးနဲ့ ဆောက်လုပ်တဲ့ အဘွားကမ် အိမ်ပေါ်လက်နက်ကြီးမကျတာ အလွန်ကံကောင်းကြောင်း သူက ပြောပါတယ်။အဲဒီလို စစ်ရှောင်ထွက်ပြေးလာတဲ့သူတွေထဲမှာ လက်နက်ထိမှန်ဒဏ် ရာရထားပြီး လမ်းမလျှောက်နိုင်တဲ့ သက်ကြီး အမျိုးသား (၂)ဦးနဲ့ ကိုယ်ဝန်သည် (၂)ဦးအပြင် အသက် (၁၀၁)နှစ် ရှိနေပြီဖြစ်တဲ့ အဖွားကမ်လည်း ပါဝင်ပါတယ်။ပန်စလော့ကျေးရွာကလည်း တိုက်ပွဲဖြစ်ပွားတဲ့ တောင်နဲ့ နီးနေရာဖြစ်ပြီး၊ စားနပ်ရိက္ခာပို့ဆောင်ဖို့အတွက် လမ်းပန်း ဆက်သွယ်ရေးခက်ခဲပါတယ်။
ဒါ့အပြင် စစ်ရှောင်တွေအတွက်လည်း လုံခြုံမှုမရှိတဲ့အတွက် ကျောက်မဲမြို့နဲ့နီးတဲ့ မန်ခါဘုန်းကြီးကျောင်း စစ်ရှောင်စခန်းကို ထပ်ပြီးပြောင်း ရွှေ့ခဲ့ရပါတယ်။“အဘွားကအဆင့်ဆင့် လာရတယ်။ လမ်းလျှောက် ရတယ်။ ကားနဲ့ လည်းစီးရတယ် ။ အိမ်ကနေ ထွက်လာတာ ပိုက်ဆံ (၅၀) တန် တစ်ရွက်ပဲ ပါတယ်၊ အဝတ်လည်း အပိုမပါဘူး၊ ဘာမှမပါလာဘူး၊ အဲ့တုန်းက အရမ်းလည်း ချမ်းတယ်၊ မိုးကရွာတယ်လေ” ဆိုပြီး စစ်ရှောင်လာစဉ် ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်ကို အဘွားကမ် က မျက်ရည်ဝဲကာ ပြန်ပြောပြပါတယ်။
အသက် (၁၀၁) နှစ် အဘွားကမ် တယောက် ဟာ ဂျပန် နဲ့ ကိုလိုနီခေတ် ကို တွေ့ကြုံ ဖြတ်သန်းခဲ့ရသူတစ်ဦး ဖြစ်ခဲ့ပေမယ့် ယခုလို ရာချီ လူအုပ်နဲ့ ထွက်ပြေးတိမ်းရှောင်ရတာ အဆင့်ဆင့် ထွက်ပြေးရတာကိုတော့ တကြိမ်မှ မကြုံခဲ့ဖူးပေ။“အဖွားမှတ်မိသလောက်ဆိုရင် အင်္ဂလိပ်ခေတ်တုန်းက ဘာမှ မဖြစ်ခဲ့ဘူး၊ ဂျပန်တွေလာတော့ စပြီး ရှောင်ပုန်းရတယ်၊ အဲ့တုန်းကလည်း ဒီလို လူအများကြီးနဲ့ ပြေးရတာမဟုတ်ဘူး၊ တောထဲ၊ ခြံထဲ၊ တောင်ယာထဲမှာ သွားနေတာ၊ ဒီလို လူအများကြီးနဲ့ ထွက်ပြေးရတာ ခု ပထမဆုံးပဲ” လို့ အဖွားကမ်က လေသံတိုးညှင်းစွာဖြင့် ပြောပြပါတယ်။
“အဘွားက သေနတ်ပဲ ဆိုရင်တော့ အဲ့လောက်ထိ ကြောက်မှာမဟုတ်ဘူး၊ သေနတ်ပြောင်းဝက ကိုယ့်ဘက်လှည့်နေမှ၊ ကိုယ့်နဲ့ တည့်နေမှ ကြောက်မှာလေ၊ ခုက အဲ့လိုမှမဟုတ်တာ၊ လက်နက်ကြီးတွေရော ပစ်နေတာ” ဆိုပြီး လက်နက်ကြီးသံကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရပုံကို အဘွားကမ်က ပြန်ပြောပြပါတယ်။ဒါ့အပြင် မန်ခါစစ်ရှောင် ရောက်တော့ အသက် တရာကျော်ရှိတဲ့ အဘွားဟာ စစ်ပြေးဒဏ် သာမက ကိုဗစ်ဘေးဒဏ်ပါ ထပ်ကြုံရပါတယ်။
“အဘွားက အရမ်းကံကောင်းတယ်၊ ကိုဗစ်ပိုးကူးစက်ခံရသေးတယ်လေ၊ ကျန်းမာရေးဆိုးဆိုးရွားရွားမဖြစ်ခဲ့ဘူး၊ ခုတော့ ပျောက်သွားပြီ” လို့ စစ်ဘေးရှောင်ကူညီပေးတဲ့ အမျိုးသမီး တစ်ဦးကပြောပါတယ်။အဖွားကမ် အပါအဝင် လွယ်ကုန်ဒေသခံတွေ မန်ခါစစ်ဘေးရှောင်စခန်းမှာ (၃) လပြည့်တဲ့အထိ အေးချမ်းတဲ့အအေးဒဏ် စိတ်ကျဉ်းကျပ်မှုတွေနဲ့ နေထိုင်ခဲ့ရပါတယ်။လက်ရှိမှာတော့ လွယ်ကုန်၊ ပန်စလော့နဲ့ အနီးနားကျေး ရွာဘက်တွေမှာလည်း တိုက်ပွဲသံ ငြိမ်နေတဲ့အတွက် နိုဝင်ဘာလနှောင်းပိုင်းမှာ အဘွားကမ်တယောက် နေရပ်ပြန်သွားခဲ့ပါပြီ။ဒါပေမယ့် အဘွားကမ်တယောက် ရွာထဲမှာ တိုက်ပွဲပြန်ဖြစ်မှာ ကို စိုးရိမ်ထိတ်လန့်မှုနဲ့ ရွာသားတွေတောင်ယာသွားရင် မိုင်းနင်းမိမှာကိုတော့ ရင်တထိတ်ထိတ်ဖြစ်နေပါတယ်။
“ အဘွားကတော့ တိုက်ပွဲပြန်ဖြစ်မှာကို အကြောက်ဆုံးပဲ။ ထင်းခွေသွားမယ်၊ လက်ဖက်ခူးသွားမယ်ဆိုလည်း သူတို့တွေ(လက်နက်ကိုင်တပ်) မိုင်းထောင်ထားမှာကို အရမ်းကြောက်တယ်။ မိုင်းထိတဲ့သူလည်း ရှိခဲ့တယ်လေ၊ ဒဏ်ရာရတာတွေရော ရှိတယ်” လို့ အဘွားကမ်တယောက် ပူပင်သောကတွေနဲ့ ပြောလာပါတယ်။အဘွားကမ်တယောက် နေအိမ်ပြန်ပြီး နေထိုင်နေပေမယ့် သူမရဲစိတ်မှာတော့ သောက အပူမီးတွေကောင်းမွန်စွာ မအိပ်စက်နိုင်သေးပေ။
“တကယ်လို့ တိုက်ပွဲထပ်ဖြစ်ရင် ပြေးရဦးမယ် ဆိုရင် အဘွားကတော့ မပြေးတော့ဘူး၊ ဒီတိုင်းပဲ နေတော့မယ်၊ အသက်လည်း ကြီးနေပြီ၊ နေပါ စေတော့” လို့ စိတ်သောကအပြည့်နဲ့ သူက ဆိုလိုက်ပြန်ပါတယ်။ mizzima
Like this:
Like Loading...