ငါးမြောင်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ် ၂ဝကျော် မီးရှို့ဖျက်ဆီး

မကွေးတိုင်း မြိုင်မြို့နယ် ငါးမြောင်းကျေးရွာကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ နေအိမ် ၂ဝကျော်ကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
” ဒီနေ့ နံနက်ပိုင်းလောက်က စစ်သားတွေ ရွာထဲကို ဝင်လာ တစ်ရွာလုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေရတယ်။ ရွာထဲမှာ ရှိတဲ့ အိမ်ခြေ ၂ဝကျော် လောက်ကို မီးရှို့ဖျက်ဆီးသွားတယ်။ ဒေသခံပြည်သူတွေ မီးဝိုင်းငြိမ်းလို့ မီးတော့ ငြိမ်းသွားပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးတော့ မသိရသေးဘူး။ ရွာမှာ လူဦးရေ ၁ထောင် လောက်တော့ နေထိုင်တယ်။ အခုတော့ အကုန်လုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေရတယ် ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မွှေနှောက်မှုများ လုပ်ဆောင်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားကာ ယင်း စစ်ကောင်စီ စစ်ကြောင်းနှင့် မုံရွာ-ဂန့်ဂေါ လမ်းပိုင်းတွင် ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ khit thit