စစ်တပ်နှင့်ပြည်သူကို မီဒီယာက သွေးခွဲဟု မင်းအောင်လှိုင်က မှတ်ချက်ပေးပြီးနောက် Khit Thit မီဒီယာ၏ လူမှုကွန်ရက်စာမျက်နှာကို ၀ိုင်းဝန်း Report ထုရန် စစ်ရုံးက အမိန့်ထုတ်ဟုဆို


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်နှင့် ပြည်သူများကို မီဒီယာက သွေးခွဲနေသည်ဟု မိတ္တီလာတွင် ပြုလုပ်သည့် စစ်တပ် (လေ) ၇၄ နှစ်မြောက် အခမ်းအနားတွင် ပြောဆိုပြီးနောက် Khit Thit ခေတ်သစ်မီဒီယာ၏ လူမှုကွန်ရက်စာမျက်နှာကို ၀ိုင်းဝန်း Report ထုရန် နေပြည်တော်စစ်ရုံးက ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။
Report ထုရာတွင် တစ်ပြိုင်နက်တည်း လုပ်ဆောင်ကြမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပြိုင်တူ တစ်ပြိုင်နက်တည်း Report တင်မည်ဖြစ်ကြောင်း၊ ယင်းနောက် အမြဲမပြတ် Report ထုကြရန် ညွှန်ကြားထားကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့က စစ်တပ်ဂုဏ်သိက္ခာကျဆင်းစေရန်၊ စစ်တပ်နှင့် ပြည်သူသွေးကွဲ စေရန် လူမှုကွန်ရက်များ၊ ပြည်ဖျက်မီဒီယာများမှတစ်ဆင့် မဟုတ်မမှန်သတင်းများနှင့် ဝါဒဖြန့်လျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင်များအနေနှင့်လည်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေမှန်များကို သိရှိအောင်လေ့လာသွားကြရန် နှင့် စစ်သတင်းနှင့် စာရွက်စာတမ်းလုံခြုံရေး၊ စစ်ပစ္စည်း လုံခြုံရေး၊ စစ်မှုထမ်းလုံခြုံရေး၊ စစ်ဆင်မှုနှင့် လေ့ကျင့်ခြင်းလုံခြုံရေးဆိုသည့် လုံ(၄)လုံကို အထူးသတိပြုဆောင်ရွက် ရန်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ခေတ်သစ်မီဒီယာက စစ်တပ်က ကျူးလွန်သော ကင်းမကျေးရွာမီးလောင်မှု၊ ဆားလင်းကြီးမှ ပြည်သူ ၁၁ ဦးမီးရှို့သတ်ခံရမှု ၊ ကြည့်မြင်တိုင်တွင် ပြည်သူများကို စစ်ကားဖြင့် တိုက်သတ်မှု စသည့် စစ်ရာဇဝတ်မှုများကို စဉ်ဆက် မပြတ် ထုတ်ဖော်လျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီက ယင်းသတင်းများ မဟုတ် မှန်ဟုဆိုကာ ခေတ်သစ်မီဒီယာကိုလည်း ပြည်ဖျက် မီဒီယာဟု သုံးနှုန်း ညွှန်းဆို လျက်ရှိသည်။ အကြမ်းဖက် အာ ဏာသိမ်းစစ်ကောင်စီသည် ခေတ်သစ်မီဒီယာ၏ သတင်းဌာန လုပ်ပိုင်ခွင့် လိုင်စင်ကို မတ်လ ၈ ရက်နေ့တွင် ရုပ်သိမ်းခဲ့သည်။ khit thit