ပုလဲ-ဂန့်ဂေါ လမ်းတွင် စစ်ကောင်စီယာဉ်တန်း ကို PPDF မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းနှင့် ရှေ့ပြေးခြေလျင်တပ်ဖွဲ့အား ပုလဲ-ဂန့်ဂေါလမ်းတွင် မိုင်းလေးကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်(PPDF)ထံက သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် ထိုစစ် ကြောင်းအား ကုက္ကိုကုန်းရွာ အနောက်ဘက်၊ လက်ပုကန်ရွာ အရှေ့ဘက်၊ လက်ပုကန်ရွာ အနောက်ဘက် နှင့် နှောကန်ရွာအရှေ့ဘက်တို့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အင်အားကတော့ တော်တော်များတယ်။ သူတို့က ကျွန်တော်တို့ရှိတဲ့ နေရာကိုသိထားတော့ လက်နက်ကြီးတွေနဲ့ အရင်ပစ်တာ ကျွန်တော်တို့ငုံ့ထားရတယ်။ အဲ့ဒီမှာ ပထမဆုံး ပေါ်လာတဲ့ကားနဲ့ ခြေလျင်လျောက်လာတဲ့ လူတွေကို မိုင်းဆွဲလိုက်တယ်။ ကားတစ်စီးတော့ ထိထိမိမိထိသွားတယ်”ဟု PPDFအဖွဲ့မှ ဗိုလ်နဂါးက မဇ္ဈိမကို ပြောသည်။ ထိုတိုက်ခိုက်မှုအား ဗိုလ်နဂါးဦးဆောင်သည့် PPDFတပ်ဖွဲ့မှ ရဲဘော်မောင်မောင်မြင့်တပ်ခွဲနှင့် ရဲဘော်မောင်ရွှေကြီး တပ်စိပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ကားအကြီး ငါးစီးထိခိုက်ကာ စစ်ကောင်စီတပ်သား ၂၅ ဦးခန့်သေဆုံးနိုင်ကြောင်း PPDF လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ “ကျွန်တော်တို့ မိုင်းလေးကြိမ်ဆွဲခဲ့တယ်။ လမ်းပိုင်းတစ်ခုထဲမှာပဲ။ ကားကတော့ စုတ်ပြတ်သွားတယ်။ နေရာနှစ်ခုမှာဆိုရင် တော်တော်ထိသွားတာ အနားကပ်တဲ့ လူတွေအကုန် စုတ်ပြတ်ကုန်တာ၊ သေတဲ့လူတွေကို ဒီကောင်တွေကတစ်ခါတည်း ပြန်မခေါ်သွားတော့ဘူး။ အာ့မှာပဲအလောင်းတွေကို မီးရှို့တယ်။ မြေမြှုပ်လိုက်တာလည်းရှိတယ်။ ပြန်တော့သွားမကြည့်ရသေးဘူး။ အဲ့နေရာတွေကို ဒီကောင်တွေက ရှေ့ဆက်မသွားရဲသေးတော့ အဲ့ဒီနေရာတွေမှာပဲ တပ်ဆွဲပြီးနေနေကြတာ”ဟု ဗိုလ်နဂါးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်မှလည်း မိုင်းထိပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုပစ် ခတ်မှုမှ လက်နက်ကြီးကျည် သုံးချက်ခန့် နွယ်လျောက်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုများကို စုံစမ်းဆဲဖြစ်သည်။ ထိုတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် ပုလဲ – ဂန့်ဂေါလမ်းအတိုင်း ချီတက်လာ၍ လမ်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သော မြကုန်း၊ ကုက္ကို၊ လက်ပုကန်၊ နွယ်လျောက်၊ ကြောင်သန်း နှင့်နှောကန်ရွာတို့မှ ဒေသခံ ဦးရေ ၁၀,၀၀၀ ခန့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။
“ကျွန်တော်တို့လည်း သတင်းကြားကြားချင်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးကြရတာပေါ့။ ညဘက်ထိ မပြန်ရဲဘူးလေ။ လက်နက်ကြီးသံတွေလည်း ကြားတယ်။ ပစ်ခတ်သံတွေလည်း ကြားတော့ တောထဲမှာပဲ ပုန်းနေကြရတာ၊ ရာသီဥတုကလည်းအေးအေးနဲ့ ပါတဲ့ပုဆိုးခြုံပြီး ကွေးရတာပဲ” ဟု လက်ပုကန်ရွာသား အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။
ထိုစစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် သပြေကုန်းရွာ အနောက်ဘက်၌ ယာဉ်သုံးစီးပါ စစ်ကောင်စီ ခြေလျင်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အဖွဲ့မှ ဗိုလ်နဂါးက ပြောသည်။ mizzima