Monthly Archives: Dec 2021

လေးကေ့ကော်အမြှောက်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့က KNU ထံ ရိက္ခာပေးရန် အကူအညီတောင်း

ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေ ၊ လေးကေ့ကော်မြို့သစ်နားရှိ အမြှောက်ကုန်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သားအင်အား ၈၀ က ရိက္ခာမရှိတော့၍ KNU ထံ အကူအညီတောင်းခံလာကြောင်း သိရှိရသည်။

“သူတို့မှာ ရေနဲ့ ရိက္ခာပေးပါဆိုပြီး အကူအညီတောင်းလာတယ်ပြောတယ်။ လေးကေ့ကော်ဥက္ကဋ္ဌကလည်း လက်နက်ချရင် ပေးမယ်လို့ ပြန် ပြောထားတယ်လို့ သိရပါတယ်” ဟု အဆိုပါနယ်မြေတွင်း ရောက်ရှိနေသည့် သတင်းထောက်က ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး KNU၏ တရားဝင် အတည်ပြုချက် ရရှိခြင်း မရှိသေးပေ။ လေးကေ့ကော်အမြှောက်ကုန်းသည် လေးကေ့ကော်မြို့သစ်၊ ရသေ့ဂူအပါအဝင် အဆိုပါပတ်ဝန်းကျင်များသို့ လက်နက်ကြီးများ တောက်လျှောက်ဆိုသလို ဒီဇင် ဘာလ ၁၅ ရက်နေ့မှ ယနေ့အထိ ပစ်ခတ်နေသော မဟာဗျူဟာမြောက်နေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။ khit thit

မယ်လဒုက္ခသည်စခန်းတွင်း ဆန္ဒပြတောင်းဆိုမှုနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းပေးခြင်းမရှိသေး

မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှာ စက်တင်ဘာ ၁၄ ရက်‌ညက ဆန္ဒပြမှုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် စခန်းအုပ်ချုပ်ရေးကော်မတီက ည ၆ နာရီနောက်ပိုင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ စခန်းတွင်း ဖြစ်ပွားခဲ့တဲ့ ပျက်စီးမှုတွေ၊ လူထုတောင်းဆိုမှုတွေနဲ့ပတ်သက်လို့ အခုချိန်ထိ တရားဝင်ညှိနှိုင်းဖြေရှင်းတာ မရှိသေးဘူးလို့ စခန်းမှာနေထိုင်သူတဦးက ပြောပါတယ်။

“အခု လူတွေကို ဖမ်းဆီးပြီး အရေးယူတာမျိုးတော့ မရှိသေးဘူး။ အခုတော့ လူတွေ လွတ်လွတ်လပ်လပ်သွားလာနေကြတယ်။ ဒါပေမဲ့ စခန်းကော်မတီက ထုတ်ပြန်ထားတဲ့အတိုင်း ညနေ ၆ နာရီကစပြီး မထွက်ကြဘူး။ အခု ဘယ်သူမှ ဘာမှ မဖြေရှင်းသေးဘူး။ အခုက ထိုင်းဂိတ်တွေဘာတွေ ဘာမှ မရှိတော့ဘူး။ ဒါကြောင့် ကလေးရောလူကြီးတွေပါ လမ်းပေါ်တက်ပြီး လျှောက်သွားနေကြတယ်။”

အခုချိန်ထိ အပျက်အစီးတိုင်းပဲ ရှိနေပြီး တစုံတရာ ရှင်းလင်းဆောင်ရွက်တာ မရှိသေးဘူးလို့လည်း စခန်းနေပြည်သူတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက် ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ဒီဇင်ဘာ ၁၅ ရက် ညမှာတော့ စခန်းကော်မတီက ညနေ ၆ နာရီကစပြီး စခန်းတွင်း နေထိုင်သူတွေ နေအိမ်အပြင် မထွက်ကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စခန်းတွင်း နေထိုင်ကြတဲ့ မိဘတွေအနေနဲ့လည်း  မိမိတို့ သားသမီးတွေကို ပဋိပက္ခ ဖန်တီးလုပ်ဆောင်မှုမှ အများပြည်သူအခွင့်အရေးထိခိုက်စေခြင်းကနေ ရှောင်ကြည်နိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း ဒီနေ့အထိ ထိုင်းအာဏာပိုင်တာဝန်ရှိသူတွေက လာရောက်လုံခြုံရေး မချထားတော့ဘဲ မနက်ပိုင်း ခဏသာ ဈေးမှာ ဝင်ပြီး ပြန်လည်ထွက်ခွာသွားကြတယ်လို့ စခန်းတွင်းနေထိုင်သူတွေက ပြောပါတယ်။

စခန်းတာဝန်ရှိသူတဦးကတော့ အခုချိန်ထိ ထိုင်းအာဏာပိုင်အနေနဲ့ ဘာလာပြောမယ်ဆိုတာ စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက စခန်းအပြင်ပေးမထွက်တာ အပါအဝင်  တင်းကျပ်ပိတ်ပင် တားဆီးမှုတွေကြောင့် ဒီဇင်ဘာ ၁၄ ရက်  ညနေ ၆ နာရီလောက်ကစပြီး စခန်းသူ စခန်းသားတွေက ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။

ထိုင်းတာဝန်ရှိသူတွေနဲ့ စခန်းတွင်း စီးပွားရေးသမားတဦးနဲ့ပေါင်းက စခန်းတွင်းနေထိုင်သူတွေပေါ် တင်းကျပ်မှုတွေ၊ ငွေကောက်ခံမှုတွေ ဖိနှိပ်မှုတွေ လုပ်ဆောင်တယ်လို့ဆိုပြီး စခန်းနေသူတွေက စခန်းတွင်း ထိုင်းအာဏာပိုင်ရုံးတွေ၊ မနက်ဈေးရုံတွေအပြင် ထိုင်းအာဏာပိုင်တွေပိုင်တဲ့ ဆိုင် ကယ်နဲ့ ကားတွေပါ အကုန် ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။DVB

အားကစားနှင့် လူငယ်ရေးရာ ဒုဝန်ကြီးနှင့် ဒုညွှန်ချုပ် အထင်မှားမှုဖြစ်ပေါ်နေ

ဖေ့စ်ဘုတ်အသုံးပြုသူများအကြား အာဏာသိမ်းစစ်ကောင်စီ၏ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတူ ပုဂ္ဂိုလ်နှစ်ဦးအကြား ဝန်ကြီးနှင့် ဒုညွှန်ချုပ်တို့ကို လွဲမှားစွာညွှန်းဆိုမှုဖြစ်ပေါ်နေသည်။ခန္ဓာကိုယ်၀ဖြိုးနေသည့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးကျော်ဦးအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဝန်ကြီး၊ ဒုဝန်ကြီးဟု မှားယွင်းစွာ ဖော်ပြနေခြင်းဖြစ်သည်။လူပေါင်း တစ်သိန်း ခုနစ်သောင်းကျော်မှ လိုက်ခ် ပြုလုပ်ထားသည့် Myanmar Celebrity Club ဆိုသည့် ဖေ့ဘုတ်စ်စာမျက်နှာတွင် “ ပြည်သူလူထု ကျန်းမာ ရေးအတွက် ဦးဆောင်လမ်းပြကာ အားကစားဝန်ကြီး သင်တန်းပို့ချ” ဟု ဆိုကာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယညွှန်ချူပ် ဦးကျော်ဦးအား ဝန်ကြီးဟု မှားယွင်းအသုံးပြုထားသည်ကို တွေ့ရသည်။

ပုံများကတော့ စစ်ကောင်စီ၏ အားကစားနှင့် လူငယ်ရေးရာ Sports & Youth Affairs, Myanmar မှ ပုံများဖြစ်သည်။အဆိုပါပို့စ်ကို လူပေါင်း ရှစ်ရာကျော်မှ ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။

“မှုခင်းသတင်းနှင့် ပြည်သူတို့ ရင်ဖွင့်သံသတင်းများ”ဆိုသည့် ဖေ့ဘုတ်စ် ဂရုတွင်လည်း “စစ်ကောင်စီခန့် လူငယ်ရေးရာ ဒုဝန်ကြီးမှ လိုအပ်သည်များ မှာကြားနေပုံ” ဟု ဖော်ပြထားသည်။အမှန်တကယ်မှာ ပျံံ့နှံ့နေသည့်ပုံပါ ပုဆိုးဝတ်ထားသူသည် အားကစားနှင့် လူငယ်ရေးရာ ဒုဝန်ကြီး ဦးမျိူးလှိုင်ဖြစ်ပြီး အင်္ကျီခရမ်းရောင်နှင့်သူသည် ဒုညွှန်ချူပ် ဦးကျော်ဦးဖြစ်သည်။

“ပုံမှာ အဖြူနဲ့က ဦးမျိူးလှိုင်၊ သူက အရင်အစိုးရလက်ထက်တုန်းက ညွှန်ချူပ်၊ နောက် ၀ ၀ နဲ့ တစ်ယောက် သူက ဦးကျော်ဦး ဒုဝန်ကြီးက ၀ တယ်ဆိုပြီး အခု troll နေကြတာလေ။ တကယ်တော့ သူက ဒုညွှန်ချူပ် ကြာပြီ” ဟု အားကာဝန်ကြီးဌာနနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တပ်ကအာဏာသိမ်းပြီး ဩဂုတ်လ ၁ ရက်နေ့က ဝန်ကြီးဌာန ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာတွင် အရပ်သားအစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား နှစ်ခုခွဲလိုက်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဟူ၍ ဖြစ်သည်။အဆိုပါ စစ်ကောင်စီ၏ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးမှာ ဦးမျိုးလှိုင်ဖြစ်သည်။ mizzima

မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြားတွင် ခြေလျင်သွားလာနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များက ယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးကြောင်း Black Eagle Defense Force – MMU အဖွဲ့က သတင်းထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၈ ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း၊ တိုက်ခိုက်မှုကို Black Eagle Defence Force-MMU အဖွဲ့ ဦးဆောင်ပြီး Myin Mu Defence Force – MMDF၊ မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့၊ People’s Defence Force Myinmu- MMUPDF၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM စသည့် မဟာမိတ်အဖွဲ့ ၅ ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ khit thit

မင်းတပ်CDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ် မင်းတပ်မြို့နယ် ဘုရားစခန်းရွာသို့ စစ်​ကောင်စီတပ် အင်အား ၂၀၀ခန့်ကျေးရွာ တောလမ်းမှ တဆင့် ရောက်လာခဲ့ပြီးနောက် ယနေ့(ဒီဇင်ဘာ ၁၇)ရက်မွန်းလွဲ ၁နာရီဝန်းကျင်တွင် CDF-MINDAT နှင့် ထိတွေ့တိုက်ပွဲပြင်းထန်နေသည်ဟု တော်လှန်ရေးတပ်ဘက်ကပြော သည်။

”စကစအင်အား၂၀၀ခန့်နဲ့ CDF(Mindat)တို့တိုက်ပွဲပြင်းထန်နေတယ်။တိုက်ပွဲက မွန်းလွဲ၁နာရီလောက်ကတည်းက စဖြစ်နေတာပါ ၊တိုက်ပွဲက ရက်ကြာမယ်ခန့်မှန်းရပါတယ်”ဟု CDF မင်းတပ်တောင်ပိုင်း ဗျူဟာမှူးကပြောသည်။လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ​​ကျေးရွာ ဒေသခံများ အရေးပေါ်စစ်ဘေးရှောင်‌နေရပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားလာနိုင်သည့် အခြေအနေ ရှိ​ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး သတင်းအဖွဲ့ မှလည်းသတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင်လက်နက်ကြီးသံများကြောင့်အနီးအနားရှိရွာကြီးများတွင်ခိုလှုံနေကြသည့်စစ်ဘေးရှောင်များလည်းထပ်မံစစ်ရှောင်ကြရန်ပြင်ဆင်နေကြသည်ဟုသိရသည်။ mizzima

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပူကျေးရွာအုပ်စုနဲ့ မနီးမဝေး သံလွင်ရွာဘက်မှာ စစ်ကောင်စီဘက်က ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲ  ၁ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ 

ရွာရဲ့ မလှမ်းမကမ်းလောက်မှာ ကိုးကန့်တပ်ဖွဲ့ တပ်စွဲထားတာကြောင့်  ဗုံးကြဲတာမျိုး ဖြစ်နိုင်ပြီး ဗုံးကြဲခဲ့တဲ့နေရာမှာ ရွာသားတွေနေထိုင်ရာနဲ့ အနီးဝန်ကျင်မှာ ရှိတာကြောင့် ဒေသခံတွေ ဗုံထိမှန်မှာကို စိုးရိမ်နေကြပေမဲ့ ထိခိုက်မှု မရှိသေးဘူးလို့ ပြောပါတယ်။ 

မနေ့ မနက်ပိုင်းကလည်း နူတ်ဂူတ်ရွာအနီး တောင်ကြောမှာ စစ်ကောင်စီ ကိုးကန့်တပ်မတော်(MNDAA)တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့  ပစ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင်တိုက်လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် နမ့်ပူကျေးရွာအုပ်စုအနီးဝန်းကျင်က ဒေသခံရွာသားတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်။ 

စစ်ကောင်စီဟာ ဒီဇင်ဘာလ ၁၅ ရက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ထဲက ၆ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ မိုင်းလားမှာ တွေ့ဆုံ ဆွေးနွေးခဲ့တာမျိုး ရှိခဲ့ပြီး သတင်းထုတ်ပြန်တာမျိုးတော့ မရှိခဲ့ပါဘူး။  DVB

စစ်သားများ အာဏာရှင်လက်အောက်တွင် ဘ၀ အဆုံးမခံဘဲ ပြည်သူ့ရင်ခွင်ခိုလှုံ လက် နက်ချရန် People’s Embrace က ဖိတ်ခေါ်

အကြမ်းဖက် လူသတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော စစ်သားများအနေဖြင့် အာ ဏာရှင်လက် အောက်တွင် ဘ၀အဆုံးမခံဘဲ ပြည်သူ့ရင်ခွင်လှုံပြီး လူလို ဆက်ဆံခံပြီး လက် နက်ချကြရန် CDM တပ်မတော်သားများဖြင့် ဖွဲ့ စည်းထားသော People’s Embrace က ဖိတ်ခေါ်လိုက်သည်။

“ကိုယ်ကျိုးစီးပွားကလွဲရင် အောက်ခြေစစ်သည်တွေမျက်နှာကို လှည့်မကြည့်တဲ့ ဆီမှာနေပြီး ဘဝဆုံးခံမလား၊ ရန်သူကိုတောင် လူ့ဂုဏ်သိက္ခာမလျော့အောင် ဆက်ဆံတဲ့သူဆီ လက်နက်ချမလား။ ရှေ့တန်းရောက်နေသူတွေ၊ အင်တာနက်သုံးရခက်နေသူတွေအတွက်လည်း ဆွေမျိုး/မိ သားစုဝင်တွေက ပြည်သူ့ရင်ခွင် – People’s Embrace ကို Telegram : @MyanmarPeople ( http://t.me/MyanmarPeople ) ကနေ ကိုယ်စားဆက်သွယ်နိုင်ပါတယ်” ဟု People’s Embrace က ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

ယနေ့ KNU ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ချုပ်နှောင်ခြင်းမပြုဘဲ ကောင်းမွန်စွာ ကျွေးမွေး စောင့်ရှောက် ထားကြောင်း သိရှီရသည်။ ပြည်သူ့ရင်ခွင် – People’s Embrace” သည် ပြည်သူ့မှ ပြည်သူသို့မူဝါဒဖြင့် ပြည်သူများနှင့် ဖွဲ့စည်းထားသည့် လွတ်လပ်သော အဖွဲ့တစ်ခုဖြစ်ပြီး တပ်နှင့်ရဲ CDM တို့၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် တတ်နိုင်သည့်နည်းလမ်းတို့ဖြင့် အဘက်ဘက်မှ ထောက်ကူနေသော အဖွဲ့ဖြစ်ကြောင်း၊ တပ်နှင့်ရဲ CDM များအတွက် မူဝါဒဆိုင်ရာ ဆွေးနွေးခြင်းများအပါအဝင် CDM ကုဒ်ထုတ်ပေးခြင်းလုပ် ငန်းများကို “ပြည်သူ့ရင်ခွင် – People’s Embrace” တစ်ဖွဲ့တည်းကသာ ကာကွယ်ရေးဝန်ကြီးဌာန Ministry of Defence – National Unity Government of Myanmarနှင့်ပူးပေါင်း၍ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ရင်ခွင်အဖွဲ့ကို http://t.me/MyanmarPeople (@MyanmarPeople Telegram) မှ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။ khit thit

လေးကေ့ကော်တိုက်ပွဲ စစ်ဘေးရှောင်များ အ ရေးပေါ် ထပ်မံနေရာ ရွှေ့ပြောင်းရ

လေးကေ့ကော်မြို့သစ် တိုက်ပွဲကြောင့် မယ်ဝါးခီး ကျေးရွာတွင် စစ်ဘေးလာရှောင်နေသူများ လက်နက်ကြီး ကျရောက်လာနိုင်ခြင်းကြောင့် အရေးပေါ် ထပ်မံနေရာ ပြောင်းခဲ့ရကြောင်း အဆိုပါနေရာရောက်နေသည့် စစ်ဘေးရှောင် တစ်ဦးက ပြောသည်။မယ်ဝါးခီး ကျေးရွာဒေသခံများနှင့် ကျေးရွာသို့ ခိုလှုံရန် ရောက်ရှိလာသူများ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ အားလုံးကို ဖလူးကြီး ကျေးရွာရှိ စစ်ဘေးဒုက္ခသည်စခန်းသို့ ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်နေရာရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်သည်။“မယ်ထီးကလော်မှာ တိုက်ပွဲဖြစ်နေတယ်။

KNU ကနေပြီးတော့ စစ်ကောင်စီကို ဝိုင်းထားတယ်။ အဲဒီဘက်က စစ်ကောင်စီတပ်က ဆုတ်လမ်းဆိုပြီးတော့ ပဲဟိကလော်ရယ်၊ မယ်ဝါးခီးရယ်၊ အဲဒီက ဆုတ်မယ်ပြောတော့ အဲဒီကို လက်နက်ကြီးကျမယ့် ရာခိုင်နှုန်းများတော့ နေရာရွှေ့လိုက်တာ” ဟု မယ်ဝါးခီးကျေးရွာမှ ဖလူးကြီး စစ်ရှောင်စခန်းသို့ တိမ်းရှောင်ရာတွင် ပါဝင်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

လေးကေ့ကော် အနီးတစ်ဝိုက် မယ်ထော်တလေးရွာ ဘက်တွင် ယနေ့ နံနက်ပိုင်းကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက အမြောက်ကုန်းပေါ်မှ မယ်ထော်တလေးဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ကူ ပေးခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်က ဆိုသည်။လေးကေ့ကော်နှင့် အနီးတစ်ဝိုက် ကျေးရွာ ငါးရွာခန့်မှ ဒေသခံ ဦးရေ၂၀၀၀ ကျော်သည် ဖလူးကြီး စစ်ဘေးရှောင် ဒုက္ခသည် စခန်း၌ ရောက်ရှိ ခိုလှုံနေကြပြီး အ ဝတ် အထည်၊ စောင်နှင့် ရိက္ခာများလည်း အရေးပေါ် လိုအပ်လျက် ရှိကြောင်းသိရသည်။

လက်ရှိတွင် မယ်ဝါးခီးရွာမှ ရွှေ့ပြောင်းလာသည့် စစ်ဘေးရှောင် ဒုက္ခသည်များ ဖလူးကြီး စစ်ဘေးရှောင် စခန်းသို့ ရောက်ရှိပြီး ဖြစ်ကြောင်း သ တင်းရင်းမြစ်က ပြောသည်။ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ခဲ့သော လေးကေ့ကော်မြို့သစ် တိုက်ပွဲတွင် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေသော စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၇‚၀၀၀ ဝန်းကျင် ရှိနေပြီး မြန်မာဘက် ခြမ်းတွင် ဦးရေ ၄‚၀၀၀ ခန့်နှင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ရောက် ရှိခိုလှုံနေရသူ ဦးရေ ၃‚၀၀၀ ဝန်းကျင် ရှိကြောင်း ကူညီ ကယ်ဆယ်ရေး လုပ်ကိုင်နေသူများက ပြောသည်။ mizzima

« Older Entries