Monthly Archives: Dec 2021

ရခိုင်တွင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ဖန်တီးလှုံဆော်သည့် ထူးခြားဖြစ်စဉ်များကို သတိပြုရန် တိုက်တွန်း

ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့မှာ လူမျိုးရေးပဋိပက္ခဖြစ်ပွားစေနိုင်တဲ့ ထူးခြားဖြစ်စဥ်တွေဟာ ဆက်တိုက်ဖြစ်ပွားလာနေတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ သတိထားဆင်ခြင်ကြဖို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဒီဇင်ဘာလ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်မှာ ဒီဇင်ဘာ ၉ ရက်မှ ၁၄ ရက်အတွင်း မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းခြွေလှေ့စက် ၂ လုံး မီးရှို့ခံရတာ၊ မြောက်ဦးမြို့နယ် လောင်းကြက်ရွာအနီး ရိတ်သိမ်းပြီး စုပုံထားတဲ့စပါးစည်း(ကောက်လှိုင်းစည်း)တွေ မီးရှို့ခံရမှု၊ ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာအနီး ရခိုင်အမျိုးသမီး တယောက်ကို  မွတ်ဆလင်အမျိုးသား ၂ ယောက်က မုဒိန်းပြုကျင့်ရန်ကြံစည်မှု၊ ဂွမြို့နယ် ရွာမရပ်ကွက် မင်္ဂလာလမ်းရှိ မူလတန်း(လွန်)ကျောင်းအား မီးရှို့ခံရမှု၊ ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာမှာ လယ်သမား ၃ ယောက် ပိုင်ဆိုင်တဲ့ ရိတ်သိမ်းပြီး စပါးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မီးရှို့မှု စတဲ့ဖြစ်စဉ်တွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်ရပ်တွေမှာ မွတ်ဆလင်ကျေးရွာတွေနဲ့ နီးကပ်စွာရှိတဲ့ ​လောင်းကြက်ရွာလို ကျေးရွာတွေအနီးမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်အပါအဝင် ရခိုင်ကျေးရွာတွေထဲမှာပါ တပြိုင်နက်တည်းရှေ့ဆင့်နောက်ဆင့် တိုက်ဆိုင်စွာဖြစ်ပွားခဲ့တယ်လို့ ULA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလို ဖြစ်စဥ်တွေရဲ့နောက်မှာ အဖွဲ့အစည်းတစ်ခုခုက မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခုနဲ့ နိုင်ငံရေးလှုံဆော်မှုကို နောက်ကွယ်ကကြိုးကိုင်ကာ ပြုလုပ်နေတာကို သံသယဖြစ်စေပြီး လုံခြုံရေးဆိုင်ရာစိုးရိမ်မှုနဲ့အတူ လူမျိုးရေးပဋိပက္ခတွေကို ဦးတည်လာမှာကို စိုးရိမ်ဖွယ်ရာဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

ဒီလိုဖြစ်စဥ်တွေဟာ လတ်တလော တည်ငြိမ်နေတဲ့ ရခိုင်ပြည်ကို လူမျိုးရေးပဋိပက္ခတွေ ဖန်တီးကာ ဒေသတွင်း ပဋိပက္ခတွေ ဖြစ်ပေါ်လာစေဖို့ တမင်ရည်ရွယ်ကာ  လုပ်ဆောင်နေတဲ့ လုပ်ရပ်၊ မတည်မငြိမ်မှုတွေကို ဖန်တီးလှုံဆော်တဲ့လုပ်ရပ်၊ စိုးရိမ်ထိတ်လန့်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးတဲ့ လုပ်ရပ်အဖြစ်  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ရှုမြင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြို့၊ ရွာတွေမှာရှိတဲ့ လူငယ်တွေအနေနဲ့ လုံခြုံရေး၊ မီးဘေးအန္တရာယ်တွေ ကင်းဝေးစေဖို့  မိမိတို့ရပ်ရွာတွေ၊ မြို့တွေမှာ လူစိမ်းအ ဝင်အထွက်တွေကို စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်အနေနဲ့လည်း အဆိုပါဖြစ်စဥ်တွေအပေါ်မှာ ပြည်သူတွေနဲ့လက်တွဲကာ သေချာစွာစုံစမ်းပြီး၊ ပြည်သူတွေရဲ့လုံခြုံရေးအတွက် တာဝန်ယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ DVB

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၇ရက်‌ ညနေ ၃ နာရီက ဆက်သွယ်ရေးတပ် (ဒေသအခေါ် ဇင်းတပ်) မှ စံပါယ်နံ့သာရွာသို့ ဆင်းလာသော စစ်ကောင်စီကားကို ဝါးပိုးချောင်းတံတား အနီးတွင် မဟာမိတ်ပြောက်ကျားအဖွဲ့များက ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထိခိုက်သွားကြောင်း Kanbalu Underground Warriors အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ရွှေဘို-မြစ်ကြီးနား-ဗျူဟာလမ်းပေါ်က ဝါးပိုးချောင်းတံတားအနီး ဖြတ်လာသော စစ်ကောင်စီတပ်သားအင်အား ၁၀ဦးခန့်ပါ ကားကို ဆွဲမိုင်း ရှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ “မိုင်းကွဲတော့ ကားရှေ့ပိုင်းစုတ်ပြတ်ပြီး သုံးယောက်ထိသွားတာ မြင်လိုက်ရတယ်။ သေနတ်တွေ ရမ်းပစ်လို့ ပြေးခဲ့ရတာ။

အဲ့ဒီမှာတင် တုန်ဖုန်းကားနောက်လိုက်လာတဲ့ ဆိုင်ကယ်နဲ့ စကစ(စစ်ကောင်စီတပ်သား) ရှစ်ယောက်က မိုင်းလည်းကွဲရော ဇင်းတပ်ကို ပြန်ပြေးကြတာ၊ တုန်ဖုန်းကားက သူတို့ပါလာမယ်အထင်နဲ့ စောင့်ကျန်ရစ်ခဲ့တယ်”ဟု Kanbalu Underground Warriors အဖွဲ့တာဝန်ရှိသူက ပြော သည်။

ဆွဲမိုင်း ၁၀လုံး ပြင်ထားသော်လည်း ဆွဲမည့်နေရာတွင် ခရီးသည်ကားက လာရပ်နားခြင်းကြောင့် မိုင်းဆက်မဆွဲဘဲ ထားခဲ့ရသည်ဟု သိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သား သုံးဦးထိထားကြောင်း ကနဦးသိရှိရပြီး အသေးစိတ်ကိုမူ မသိရှိရသေးပေ။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခြင်းကို KBU-UG၊ ရောင်နီပြောက်ကျားတပ်ဖွဲ့၊ ​ရွှေဘိုသိမ်းငှက်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ mizzima

တန့်ဆည်မြို့ ၌ ရဲ ၄ ဦး မိုင်းထိမှန်၊ မင်းဘူး-စကုမြို့နယ်တွင် ဓာတ်အားပေးတိုင် ဖောက်ခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက ဆိုင်ကယ် ၂ စီးနဲ့ စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်  ၄ ဦး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

“တန့်ဆည်မြို့တော်ခန်းမနဲ့ စာကြည့်တိုက်အကြားမှာ မိုင်းဆွဲတိုက်ခိုက်လိုက်လို့ ရဲလေးယောက် အပြင်းအထန်ဒဏ်ရာ ရသွားကြတယ်။ ကျနော်တို့ ရဲဘော်တွေ လုံခြုံတဲ့နေရာ အမြန်ရှောင်လိုက်ရလို့ ရဲ ၄ ယောက် သေ၊ မသေအတည်မပြုနိုင်ဘူး” လို့ Phoenix Defence Force – Taze (တန့်ဆည်မီးငှက်) အဖွဲ့တာဝန်ခံက ပြောပြပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ယောက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

ဒီဇင်ဘာ ၁၂ ရက်ကလည်း တန့်ဆည်မြို့၊ ရွှေဒေါင်းမင်းဆီဆိုင်နားမှာ စစ်ဆေးရေး လုပ်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက် ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားပြီး အများအပြားဒဏ်ရာရရှိသွားကြပါတယ်။

မကွေးတိုင်း၊ မင်းဘူး-စကုမြို့နယ်၊ ကုန်းသာကျေးရွာအနီးမှာတော့ စစ်လက်နက်စက်ရုံကို သွယ်တန်းတဲ့ လျှပ်စစ်ဓာတ်အားပေးတိုင်တတိုင် ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့ မနက် ၅ နာရီဝန်းကျင်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

မင်းဘူး-စကု PDF ဘီလူးစစ်ဆင်ရေးအထူးတပ်ဖွဲ့တာဝန်ခံက “အဲဒီတာဝါတိုင်ကို ဒီနေ့မနက်ပိုင်းမှာ ပြင်းအားမြင့်မိုင်းတလုံးနဲ့ ဖောက်ခွဲခဲ့တာ၊ တိုင်ပျက်စီးသွားပြီး  သူတို့စက်ရုံလည်း မီးပျက်သွားတယ်” လို့ပြောပါတယ်။

ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးနေကြဖို့၊ သူတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ နေရာတွေမှာ သွားလာတာရှောင်ကြဉ်ကြဖို့  မင်းဘူး-စကု PDF က ထုတ်ပြန်ထားပါတယ်။ DVB

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၇ ဦး ကျဆုံးဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မြောက်ပိုင်း အုတ်ဖိုရွာအနီး၌ စစ်ကောင်စီတပ်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်း ၃ နာရီ ဝန်း ကျင်တွင် တိုက်ခိုက်ခဲ့ရာ ခုနစ်ဦး သေဆုံးကြောင်း မြိုင်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (Myaing PDF) သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်ခွန့်ချိမ့်က မဇ္စျိမကို ပြောသည်။ အင်အား ၁ဝဝ ဝန်းကျင် ပါရှိသည့် စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မြိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Mya ing PDF) နှင့် Myaing Villages Revolution Front (MVRF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က သူတို့လာတာ သိလို့ ကင်းပုန်းဝပ်ထားတာ။ အဲ့ဒီအချိန် အင်အား ၂ဝ လောက်က အရင်တက်လာတာ။ ကျွန်တော်တို့ ကင်းပုန်းဝပ်နေတဲ့ ကလေးတွေက တက်လာတဲ့ အင်အား ၂ဝ လောက်ကို ပစ်လိုက်တာ။ သေဆုံးတဲ့ထဲမှာ လေးယောက်က ရဲကို စစ်သားဝတ်စုံ ဝတ်ပေးထားတဲ့ သူတွေ။ အောက်က ရဲယူနီဖောင်း၊ အပေါ်က ကုတ်က စစ်သားဝတ်စုံနဲ့ဗျ။ ကျန်သုံးဦးကတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ဒေသခံ ကာကွယ်ရေးတပ်များ အထိအခိုက် မရှိဘဲ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း Myaing PDF က ဆိုသည်။ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး၏ အလောင်းများကို ရေစကြိုမြို့နယ်၊ မအူမြို့ ဘက်မှ စစ်ကောင်စီတပ်များက ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် လာရောက် ကောက်ယူခဲ့ကြောင်း Myaing PDF တာဝန်ခံက ပြောသည်။

မြိုင်မြို့နယ်သည် ဒီဇင်ဘာလ ၁၄ ရက်မှ စတင်ကာ စစ်ကောင်စီတပ်၏ စစ်ကြောင်း သုံးကြောင်းထိုး တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး ပုလဲ-ခင်အေး၊ မြိုင်- မင်းသားကျ၊ မြိုင်- သက်ကယ်ကန် တို့ဘက်မှ စစ်ကြောင်းထိုး တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။ mizzima

မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြိုင်မြို့နယ် ငါးမြောင်းရွာနေပြည်သူ ၁၀၀၀ ကျော် အကူညီလိုအပ်

စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ မြိုင်မြို့နယ် ငါးမြောင်းကျေးရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော်လောက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည် အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ​မြိုင်မြို့နယ် ငါးမြောင်းကျေးရွာကို ဒီဇင်ဘာ ၁၆ ရက်မှာ စစ်တပ်အင်အား ၉၂ ယောက်လောက်က ဝင်ရောက်မီးရှို့တာကြောင့် နေ အိမ် ၃၀ လောက် မီးလောင်ပြီးတော့ အိမ်ခြေ ၂၀ လောက် ပြာကျသွားတယ်လို့ ငါးမြောင်းကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

ငါးမြောင်းရွာမှာ အိမ်ခြေ ၂၁၅ အိမ် ရှိပြီးတော့ အဲဒီ မီးရှို့ ခံရတဲ့နေ့ကစလို့ ရွာသားတွေဟာ ဘေးလွတ်ရာ တောထဲမှာ မိုးကာတဲ ထိုးပြီးနေထိုင်ကြရကာ စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ အဝတ်အထည် အကူညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်က ရွာနဲ့ ၂ မိုင်လောက်အကွာမှာ တပ်စွဲထားတာကြောင့် ရွာမှာမနေရဲကြသလို စစ်ကြောင်းထိုးနေတာကြောင့် အနီးပတ်ဝန်းကျင်  ကျေး ရွာ ၁၀ ရွာလောက်က ပြည်သူတွေဟာလည်း ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ငါးမြောင်းကျေးရွာက ဒေသခံပြည်သူတွေကို ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ဆက်သွယ်လှူဒါန်းမယ်ဆိုရင် မြိုင်PDF ရဲ့ Facebook Page ဖြစ်တဲ့ (Myaing People’s Defence Team) Messenger ကနေတဆင့် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။ DVB

ပလက်ဝမြို့နယ်တွင် အရပ်သား ၆ ဦး သတ် ဖြတ်သူများကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု CDF ကြေညာ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် အရပ်သားခြောက်ဦးကို လက်နက်ကိုင်တစ်စုကို သတ်ဖြတ်မှုပြုလုပ်ခဲ့ခြင်းအ ပေါ် ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု CDF- ပလက်၀က ထုတ်ပြန်လိုက်သည်။ဆမီးမြို့ စိုးနီကနောင်ကျေးရွာတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် လက်နက်ကိုင်ဆောင်ထားသူ ငါးဦးရောက်လာပြီး ကျေးရွာသားလေးဦးနှင့် ကုမ္ပဏီဝန်ထမ်းသုံးဦးကို ရွာပြင်ခေါ်သွားခဲ့ကာ ခြောက်ဦးကိုသတ်ပစ်ခဲ့သည်။

တစ်ဦးကတော့ ဒဏ်ရာရ၍ ဆမီးမြို့တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။” ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး CDF-ပလက်၀ နှင့်ပြည်သူအကြားအထင်လွှဲမှားမှုများဖြစ်ပေါ်လာနိုင်သည့်အပြင် အပြစ်မဲ့ပြည်သူများအပေါ် လက်နက်အားကိုးဖြင့် အစုလိုက်အပြုံ လိုက်လူမဆန်စွာသတ်ဖြတ်ခဲ့သော အဖွဲ့အစည်း လူပုဂ္ဂိုလ်များအား ဆက်လက်စုံ စမ်းစစ်ဆေးမှုများပြုလုပ်ကာ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားရန်” ဟု CDF-ပလက်၀က ထုတ်ပြန်သည်။

ထို့အပြင် “ပြည်သူများ၏လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ်အပြည့်အဝတာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်” ဟုလည်းပါရှိသည်။ စိုးနီကနောင်ကျေးရွာသည် ဆမီးမြို့မှ ၁၂ မိုင်ခန့် ကွာဝေးကာ အိမ်ခြေ ခြောက်ဆယ်ဝန်း ကျင်ရှိပြီး ခူမီးချင်းများ နေထိုင်သည့်ကျေးရွာဖြစ် သည်။mizzima

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီကုန်သွယ် ရေးဂိတ် ပြန်ဖွင့်

ကချင်ပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ်က ၄ လ ကျော်ကြာ ပိတ်ထားခဲ့တဲ့ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာ ၁၇ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ နယ်စပ်ကုန်သွယ် ရေးအသိုက်အဝန်းကနေ သိရပါတယ်။ 

မြန်မာကုန်သည်တဦးက “မနေ့က ဖွင့်လိုက်ပြီ။ လောလောဆယ်တော့ ကန့်သတ်ထားတယ်။ တရက်မှ အစီး ၃၀ ပေါ့။ စမ်းပြီးတော့ဖွင့်မှာ။ လုပ်တဲ့ စနစ်မိုက်တယ်။ ဘာမှ ခေါက်တိုကား မရှိဘူး။ ရှန်တိန်ကား မရှိဘူး။ အဲလိုပဲ ကားချင်းချင်း ပိုးသတ်ပြီးတော့ ပြောင်းလိုက်တာပဲ။ လုပ်တဲ့ စနစ် တအားကောင်းတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စမ်းသပ်ကာလအနေနဲ့ ဖွင့်လှစ်ထားတာဖြစ်ပြီး တရုတ်ဘက် တင်ပို့ကုန်ကို တရုတ်ဘက်က ရင်နှီးမြှုပ်နှံမှု လုပ်ထားတဲ့ တစ်သျှူးငှက်ပျောနဲ့ သွင်းကုန်ကိုတော့ ငှက်ပျော သီးထည့်တဲ့ ဂျက်ဖာတွေ အဓိကထားခွင့်ပြုသွားမှ ဖြစ်ကြောင်း မြန်မာဘက်က ငှက်ပျောကုန်တင် ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။ 

“ဖွင့်ပီ။ မနေ့က ၇ စီးထင်။ ငှက်ပျောကား။ ဟိုဘက်က အထွက်မရှိဘူး။ အဝင်က ငှက်ပျော ဂျက်ဖာလောက်ပဲ ရှိမှာ။ ခုက အစမ်း ကာလ ဟုတ်တယ်။ ရောဂါ ထိန်းသိမ်းနိုင်ရင်၊ ပိုးတွေ့တာ တွေ မရှိရင် ဆက်ဖွင့်မှာ။” လို့ သူက ရှင်းပြပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဂိတ် ဖွင့်ဖို့ ရက်‌‌တွေရွှေ့ ဆိုင်းတာတွေ ရှိတာကြောင့် ကြိုတင် စောင့်ဆိုင်းကာ ရက်ကြာသောင်တင်သူတွေလည်းရှိကြောင်း “ကျနော်က အခုမှ ခြံထဲဝင်ရမှာ။ ကြိုပြီးတင်ထားတဲ့ ကား‌ကတော့ ကြာတာပေါ့။” လို့ သူ က ပြောပါတယ်။

မြန်မာဘက်က လုပ်ငန်းရှင်တွေအနေနဲ့  တရုတ်ဘက် ပို့ကုန်တင်ပို့ရာမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဆီ ခွင့်ပြုချက် တင်ပြီး ခွင့်ပြုတဲ့အတိုင်းသာ တင်ပို့ရကြောင်း လုပ်ငန်းရှင် ၁ ဦး က ပြောပါတယ်။

မြန်မာဘက်ခြမ်းက ယာဉ်မောင်း‌တွေနှင့် ယာဉ်နောက်လိုက်တွေအနေနဲ့ ဝါရှောင်ဂိတ်မှာ ၁ ကြိမ်၊ ကန်ပိုက်တီ (ကံပိုင်တည်)ဂိတ်မှာ ၁ ကြိမ် ကိုဗစ်-၁၉ စစ်ဆေးမှာဖြစ်ကာ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်တွေကို တရုတ်ဘက်ခြမ်းရောက်ရင် လှဲလှယ် မောင်းနှင်ရမယ်လို့ သူက ဆိုပါတယ်။

”နယ်စပ်ကုန်သွယ်ရေး စခန်းကို ကျော်ပြီးတဖက်မှာ ခေါက်တိုကားသမားတွေရှိတဲ့ နေရာ ကားသွားအပ်ရမယ်။ အဲ့ဒီခေါက်တိုကားသမားတွေက မောင်းပြီး တရုတ်ထဲ ဝင်မယ်၊ ကုန်တွေချမယ်။ ပြီးရင် ကားအလွတ်ကို ယူလာပြီး မြန်မာဘက်က ကားသမားတွေဆီ ကားပြန်အပ်မှာ။ မြန်မ ာကားသမားတွေကတော့ တရုတ်ထဲတော့မဝင်ဘူး” လို့ တစ်သျှူးငှက်ပျော လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ မြန်မာဘက်ခြမ်းက တစ်သျှူးငှက်ပျော အဓိကတင်ပို့မှာဖြစ်ပြီး လူသုံးကုန်စားသုံးကုန်များ၊ ဆောက်လုပ်ရေးသုံး ပစ္စည်း၊ စိုက်ပျိုးရေးပစ္စည်းတွေ တင်သွင်းမှာ ဖြစ်ပြီး မြန်မာဘက်က ကုန်ကားအစီးရေ ၅၀၀ နဲ့ ကုန် သွယ်ဖို့ ကနဦး သဘောတူညီမှုရရှိထားတယ်လို့ နယ်စပ်ကုန်သည်တွေထံက သိရပါတယ်။

ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရဘက်မှ ဇူလိုင်လ ၁၁ ရက်နေ့က စပိတ်ထားခဲ့တာပါ။  DVB

ကျုံပျော်မြို့နယ်တွင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ချင်းယားအုပ်စု၊ ဂျုံးဂျုံးကျ ကျေးရွာအနီးတွင်ရှိသော Mytel တာဝါတိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဒီဇင်ဘာလ ၁၈ ရက် မနက် ၃ နာရီခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ကျုံပျော်မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် တာဝါတိုင်အောက်ခြေရှိ စက်များနှင့် ဝါယာကြိုးများအားလုံးပျက်စီးသွားခဲ့သည်ဟု သိရပြီး ကျုံပျော်မြို့ပြပြောက် ကျားနှင့်အခြားမဟာမိတ်အဖွဲ့နှစ်ဖွဲ့ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် ရဲများက ဂျုံးဂျုံးကျ ကျေးရွာအနီးတွင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။ mizzima

လေးကေ့ကော်တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည့် ရွာသား ၁၀ ဦး မဲဆောက်မြို့၌ ဆေးကုသမှုခံယူ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ကရင်လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေကြောင့် ဒီဇင်ဘာလ ၁၈ ရက်အထိ ဒေသခံပြည်သူ ၁၀ ယောက်လောက် ဒဏ်ရာတွေ ရရှိခဲ့ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဆေးကုသမှု ခံယူနေကြရပါတယ်။

တိုက်ပွဲမှာ ဒေသခံရွာသားတွေ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိသလို နှစ်ဘက်တပ်တွေ သေဆုံးဒဏ်ရာရတာရှိခဲ့ကာ နေရပ်စွန့်ခွာထွက် ပြေးပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ရိုင်၊ မဲဆောက်မြို့နဲ့ ဖုတ်ဖရမြို့နယ်မှာ လာရောက်ခိုလှုံလာသူပေါင်းလည်း အယောက် ၄၀၀၀ လောက်ရှိသွားပြီ ဖြစ်ပါတယ်။

စစ်ဘေးခိုလှုံလာတဲ့ အသက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် မြန်မာ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းဒေသခံတွေနဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေက အစားအစာ၊ အဝတ်အထည်တွေနဲ့ ဆေးဝါးကူညီပံ့ပိုးပေးသလို ကလေးငယ်တွေအတွက်လည်း အလှူရှင်တွေက သီးခြား ဟင်းလျာချက်ပြုတ်လှူဒါန်းနေကြပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားတဲ့ လေးကေ့ကော်မြို့သစ်မှာတော့ နှစ်ဘက်တပ်တွေ စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက် မနက် ၇  နာရီလောက်မှာ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်သား ၈ ယောက်ကို ပြန်ပေးအပ်ဖို့  စစ်ကောင်စီဘက်က  ကေအန်ယူထံ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ၂ ရက်ဆက်တိုက်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လေးကေ့ကော်မြို့သစ် အနီးပတ်၀န်းကျင် ကျေးရွာတွေမှာလည်း ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေတဲ့  စစ်ရှောင်ဒုက္ခသည်တွေ ထောင်ချီပြီး ရှိနေပါတယ်။ 

ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲ ထပ်မံဖြစ်ပွားတော့မယ့် အခြေအနေရှိနေတာ ကြောင့် အဲဒီစစ်ရှောင်ပြည်သူတွေကို ဘေးလွတ်ရာနေရာကို ထပ်မံရွှေ့ပြောင်းခိုင်းနေပါပြီလို့ စစ်ဘေးရှောင်နေသူ တယောက်က ပြောပါတယ်။

မနေ့ နေ့လယ်က ဗျူဟာကုန်းဘက်ကနေ စစ်ကောင်စီက စတင်ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ နှစ်ဘက် အပြန်အလှန် ပြစ်ခတ်ကြပြီး၊ အခု စစ်ဘေးရှောင်တွေ နေတဲ့နေရာက တိုက်ပွဲဖြစ်နေတဲ့ နေရာ ၂ ခုရဲ့ ကြားထဲမှာ ရောက်နေတာကြောင့် တိုက်ပွဲမပြင်းထန်ချိန်မှာ EAO တွေရဲ့အကူ အညီနဲ့ ရွှေ့ပြောင်းနေကြတာလို့ စစ်ဘေးရှောင်လူငယ်တယောက်က ပြောပါတယ်။

မဲထောင်သလေး၊ ထီးမယ်ဝါခီး၊ လေးကေ့ကော်၊ ပဟိကလော် ကျေးရွာတွေက ပြည်သူတွေနဲ့ စစ်ဘေးရှောင်နေသူတွေကို  အဓိက ရွှေ့ပြောင်းခိုင်းနေတာဖြစ်ပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေး ရွှေ့ပြောင်းနိုင်ခဲ့ကာ EAO အဖွဲ့တွေကကား စီစဥ်ပေးတယ်လို့ သိရပါတယ်။

မြဝတီမြို့နယ်အပြင်  ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ သထုံဘက်မှာလည်း ကေအန်ယူ အပါအဝင် ကရင်လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းလာနေတဲ့အတွက်   ဒေသတွင်းမှာ အခုရက်ပိုင်း တိုက်ပွဲတွေထပ်ပြီး ပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ DVB

« Older Entries