ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၁၇ရက် ညနေ ၃ နာရီက ဆက်သွယ်ရေးတပ် (ဒေသအခေါ် ဇင်းတပ်) မှ စံပါယ်နံ့သာရွာသို့ ဆင်းလာသော စစ်ကောင်စီကားကို ဝါးပိုးချောင်းတံတား အနီးတွင် မဟာမိတ်ပြောက်ကျားအဖွဲ့များက ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထိခိုက်သွားကြောင်း Kanbalu Underground Warriors အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ရွှေဘို-မြစ်ကြီးနား-ဗျူဟာလမ်းပေါ်က ဝါးပိုးချောင်းတံတားအနီး ဖြတ်လာသော စစ်ကောင်စီတပ်သားအင်အား ၁၀ဦးခန့်ပါ ကားကို ဆွဲမိုင်း ရှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ “မိုင်းကွဲတော့ ကားရှေ့ပိုင်းစုတ်ပြတ်ပြီး သုံးယောက်ထိသွားတာ မြင်လိုက်ရတယ်။ သေနတ်တွေ ရမ်းပစ်လို့ ပြေးခဲ့ရတာ။
အဲ့ဒီမှာတင် တုန်ဖုန်းကားနောက်လိုက်လာတဲ့ ဆိုင်ကယ်နဲ့ စကစ(စစ်ကောင်စီတပ်သား) ရှစ်ယောက်က မိုင်းလည်းကွဲရော ဇင်းတပ်ကို ပြန်ပြေးကြတာ၊ တုန်ဖုန်းကားက သူတို့ပါလာမယ်အထင်နဲ့ စောင့်ကျန်ရစ်ခဲ့တယ်”ဟု Kanbalu Underground Warriors အဖွဲ့တာဝန်ရှိသူက ပြော သည်။
ဆွဲမိုင်း ၁၀လုံး ပြင်ထားသော်လည်း ဆွဲမည့်နေရာတွင် ခရီးသည်ကားက လာရပ်နားခြင်းကြောင့် မိုင်းဆက်မဆွဲဘဲ ထားခဲ့ရသည်ဟု သိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သား သုံးဦးထိထားကြောင်း ကနဦးသိရှိရပြီး အသေးစိတ်ကိုမူ မသိရှိရသေးပေ။ အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခြင်းကို KBU-UG၊ ရောင်နီပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုသိမ်းငှက်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ mizzima