Monthly Archives: Dec 2021

စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် တပ်မ ၇၇ မှ အရာရှိအပါအဝင် ၁၂ ဦး သေဆုံး၊ ၁၅ ဦး အ ပြင်းအထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်သအင်းကျေးရွာ အရှေ့ဘက်တောင်ကုန်းပေါ်တွင် နေရာယူထားသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်း လွဲ ၂ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူ PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ တပ်မ ၇၇ မှ အရာရှိပါအဝင် ၁၂ ဦးသေဆုံးပြီး ၁၅ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ်က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဝက်သအင်းကျေးရွာအရှေ့ တောင်ကုန်းပေါ်တွင် ကြိုတင်ရောက်ရှိနေရာယူထားသော တပ်မ ၇၇ မှစစ်အင်အား ၁၂၀ ခန့်ကို KBU TIGER KBU ၊ တောညီနောင် KYUNHLA UG မဟာမိတ်အင်းအား ၃၅ ဦးခန့်ဖြင့် ပျောက်ကြားတိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၆၀ မမ M40 စက်လက် လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရှိရသည်။

PDF ဘက်မှ လက်လုပ်သေနတ် RPG မမနှင့် လက်လုပ်တူမီးများဖြင့်ပစ်ခတ်ခဲ့ရာ ၃ ပွင့်အရာရှိ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးပြီး ၁၅ ဦးအပြင်း အထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ khit thit

စစ်ကောင်စီ၏ ရက်စက်မှုကို အန်တုနေဆဲ ရန်ကုန်မြို့ ဆန္ဒပြပွဲများ 

လမ်းမတန်းရှည်၊ လမ်းသွယ်များနှင့် ဈေးတစ်ခုပါဝင်သည့် ရန်ကုန်၊ လှိုင်မြို့နယ်တစ်နေရာတွင် ဒီဇင်ဘာ ၅ ရက်နေ့က နံနက် ၈ နာရီခွဲခန့်သာရှိသေးသော်လည်း လူစည်ကားနေပြီ။

အခြားလူငယ်နှစ်ဦးနှင့်အတူ ကားတစ်စီးပေါ်၌ ရှိနေသည့် ရန်ကုန်အ​ခြေစိုက် တက္ကသိုလ်​ကျောင်းသားများသမဂ္ဂအဖွဲ့မှ အသက် ၂၄ နှစ်အရွယ် မလင်းလင်းက သူ၏ လက်ကိုင်ဖုန်းမှ နာရီကို ကြည့်လိုက်၊ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်နှင့် အလုပ်များနေသည်။

မနီးမဝေးတွင် အခြားလူငယ်များလည်း ဟိုတစ်ဖွဲ့၊ ဒီတစ်ဖွဲ့ဖြင့်ရှိနေ၏။ တစ်ဦးနှင့်တစ်ဦး ကျွမ်းဝင်ရင်းနှီးသူများချည်း မဟုတ်ကြ။  မျက်မှန်းတန်းမိရုံလောက်သာ ရင်းနှီးသူများလည်း ပါဝင်သည်။

စစ်အာဏာရှင်စနစ်ကို အမြတ်ဖြုတ်ရန် တစ်ထောင့်တစ်နေရာမှ ပါဝင်လိုစိတ်ဖြင့် တက်ကြွနေပြီး၊ ကြုံလာနိုင်မည့် အန္တရာယ်ကို ကြိုတင်တွက်ဆရင်း သူကဲ့သို့ပင် ထိုသူအားလုံး စိတ်လှုပ်ရှားနေလိမ့်မည်ဟု မလင်းလင်းက ပြောသည်။

စစ်ကားအသွားအလာရှင်းသည်။ ယခုမနက်လည်း ပတ်ဝန်းကျင်ကို ကားနှင့် တစ်ပတ်ပတ် ကြည့်ခဲ့ပြီးပြီ။

ပြည်သူ့ဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြောက်ကျားဆန္ဒပြရန် ၎င်းတို့က အချိန်စောင့်နေကြခြင်းဖြစ်သည်။

လက်ရှိအခြေအနေများအရ ကြိုတင်စီစဉ်ထားသည့် နံနက် ၉ နာရီ၌ ပြုလုပ်၍ ရနိုင်လိမ့်မည်ဟု မလင်းလင်းက ယူဆထားသည်။

သို့သော် ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီတပ်ဖွဲ့၏ ရန်ရှာနိုင်ခြေကို လျှော့တွက်၍မရ၊ ထို့ကြောင့် ကင်းထောက်တာဝန်ယူထားသည့် လူငယ်များထံ မလင်းလင်းက ထပ်မံဆက်သွယ်သည်။

ထိုနေရာတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ လှုပ်ရှားမှုများမတွေ့ရဟု သတင်းစကားထပ်ရသည်။ ၈ နာရီ ၅၅ မိနစ်ရှိပြီ။ သတ်မှတ်ချိန်ရောက်ရန် ၅ မိနစ်သာ လိုတော့သည်။ ထို့ကြောင့် ကားပေါ်ရှိ ကြွေးကြော်သံဆိုင်းဘုတ်တစ်ခုကို မလင်းလင်းက ကောက်ကိုင်ထားလိုက်ပြီ။

ထိုစဉ် မလင်းလင်းနှင့်အတူ ကားပေါ်တွင် ထိုင်နေသော လူငယ်တစ်ဦးထံ ဖုန်းဝင်လာသည်။ သူတို့ထက် ၁၅ မိနစ်ခန့်စော၍ ပြုလုပ်သည့် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီဟူသော သတင်းဆိုးဖြစ်သည်။

“အဖမ်းခံရတယ်၊ ၅ ယောက်ကျတယ်ဆိုပြီး ဖုန်းထပ်ဝင်လာတယ်။ ၅ ယောက်ကျတယ်ဆိုတဲ့သတင်းမှာ စိတ်က လုံးဝတင်းမထားနိုင်တော့ဘဲနဲ့ ငိုချမိလိုက်တယ်” ဟု မလင်းလင်းက ပြောသည်။

ပန်းပင်ကြီးလမ်းရှိ ဆန္ဒပြလူငယ်အုပ်စုကို စစ်ကားနှင့် အရှိန်မြှင့်ဝင်တိုက်၊ သေနတ်ပစ်ဖောက်၊ ထိုးကြိတ်၊ ရိုက်နှက်၊ ဖြိုခွင်းမှုကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ များပြားသည်ဟု ၎င်းတို့ သိလိုက်ရပြီ။

“ညီမ အရမ်းလန့်သွားတယ်။ အဲဒီထဲမှာ ညီမတို့နဲ့ အလုပ်တူတူလုပ်နေတဲ့ ရဲဘော်တွေလည်းပါတယ်။ အရမ်းရှော့ရပြီး ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိတော့ဘူး ဖြစ်သွားတယ်” ဟု မလင်းလင်းက ပြောသည်။

ပန်းပင်ကြီးလမ်းမှာ ၎င်းတို့ ဆန္ဒပြရန် စောင့်ဆိုင်းနေသည့် လှိုင်မြို့နယ်ရှိ တစ်နေရာနှင့် နာရီဝက်ပင် မဝေးသည့် ခရီး၌ပင်ရှိသည်။

ထိုဖြစ်စဉ်ကို မလင်းလင်းတို့နှင့်အတူ ဆန္ဒပြရန် စောင့်ဆိုင်းနေသည့် အခြားလူငယ်များလည်း ကြားကြပြီဖြစ်၍ လှုပ်လှုပ်ခတ်ခတ်ဖြစ်ကုန်သည်။

ဖုန်းကိုယ်စီထုတ်၍ ပန်းပင်ကြီးလမ်းဆန္ဒပြပွဲတွင် ပါဝင်သူ သူငယ်ချင်း၊ မိတ်ဆွေ၊ ရဲဘော်ရဲဘက်များထံ အပူတပြင်းဆက်သွယ်နေကြသည်ဟု ထိုစဉ်က အခြေအနေကို မလင်းလင်းက ပြန်ပြောပြသည်။

မိနစ်ပိုင်းအကြာတွင်ပြုလုပ်ရတော့မည့် ၎င်းတို့၏ ဆန္ဒပြပွဲကိုလည်း ရပ်လိုက်ရမည်လော၊ ဆက်လုပ်ရမည်လော၊ မလင်းလင်းလည်း ဝေခွဲမရ။ အချင်းချင်း ပြန်တိုင်ပင်ကြရသည်။

“ရုတ်တရက်သွေးပူသွားတဲ့အချိန်တော့ ငါတို့ရပ်လိုက်မလားပေါ့။ ပြီးတော့ သူတို့ကို သွားကူကြမလားပေါ့။ ညီမလည်း မြေပြင်မဆင်းတော့ဘဲ အဲဒီကိုသွားကူမလို့ တွေးမိတယ်” ဟု မလင်းလင်းက ပြောသည်။

အချိန်ကလည်း ဆန္ဒပြပွဲစတင်ရန် ကြိုတင်စီစဉ်ထားသည့် ၉ နာရီထိုးနေပြီမို့ ဆုံးဖြတ်ချက်တစ်ခုကို သူတို့ချလိုက်တော့သည်။ တစ်ဖက်တွင် ဖြိုခွင်းခံရသော်လည်း ဒီဘက်တွင် ဆန္ဒပြကြမည်ဟူ၍။

“သူတို့ အဲ့လို အဖမ်းခံလိုက်ရပေမဲ့လဲ မင်းတို့အတွက် ငါတို့က သပိတ်တွေ ပိုလုပ်ပေးနေတယ်ဆိုတာကို ပြချင်တယ်”ဟု ၎င်းတို့အဖွဲ့၏ ဆုံးဖြတ်ချက်ကို မလင်းလင်းက ပြန်ရှင်းပြသည်။

သို့သော် ရဲဘော်ရဲဘက်များအတွက် ပူပန်စိတ်ကဲနေသည့် မလင်းလင်းတို့က ဆန္ဒပြပွဲကို ၃ မိနစ်ခန့်သာ ပြုလုပ်ပြီးနောက် ပန်းပင်ကြီးလမ်းဖြစ်စဉ်မှ ကယ်ထုတ်ရမည့် သူတို့ကို ကူညီရေးဘက်သို့ လှည့်လိုက်ရသည်။

ထို့နေ့ (ဒီဇင်ဘာ ၅ ရက်) က ဆန္ဒပြခေါင်းစဉ်မှာ “ပျောက်ဆုံးနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဟူ၍ ဖြစ်ပြီး ရန်ကုန်တစ်မြို့လုံးတွင် ဆန္ဒပြပွဲ ၅ ခုရှိသည်။

ပန်းပင်ကြီးလမ်းဖြစ်စဉ်နှင့် တစ်ချိန်တည်းလိုပင် လှိုင်မြို့နယ်တွင် ဆန္ဒပြပွဲ ၂ ပွဲ၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ၁ ပွဲ၊ ညနေပိုင်းတွင် ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်၌ ၁ ပွဲ ဖြစ်သည်။

ပန်းပင်ကြီးလမ်းဆန္ဒပြပွဲတစ်ခုသာ စစ်တပ်၏ အရက်စက်ဆုံး ဖြိုခွင်းမှုခံရသည်။

ထိုဆန္ဒပြပွဲတွင် မောင်းလာသည့် စစ်ကားတစ်စီးက ဆန္ဒပြလူငယ်များကို အနားရောက်မှ အရှိန်မြှင့်ပြီး ဝင်တိုက်ကြောင်း မျက်မြင်သက်သေတချို့က ပြောသည်။ 

ထိုကား ဝင်တိုက်ခံရသူများထဲတွင် အသက် ၁၈ နှစ်အရွယ် ကိုသုတ*လည်း ပါဝင်သည်။

“ကျွန်တော့်နားကို ကားတစ်စီး အရှိန်နဲ့ ရောက်လာတဲ့ အသံလိုမျိုး ကြားလိုက်ရတယ်။ ကြားလိုက်ပြီးနောက်ကိုလည်း ပြန်လှည့်မကြည့်နိုင်ဘူး။ ပြေးနေတဲ့အချိန်ဆိုတော့ အဲဒီကားက ကျွန်တော့်ကို ဝင်တိုက်တယ်။ တိုက်တဲ့အချိန်မှာ ကျွန်တော် ရှေ့ကို လွင့်သွားတယ်” ဟု ကိုသုတက ပြောသည်။

ထိုလူငယ်မှာ ဦးခေါင်းနှင့် ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာ အပြင်းအထန်ရခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ထိုနေရာမှ လွတ်အောင်ပြေးနိုင်ခဲ့သည်။  

ထိုဖြစ်စဉ်ပြီး ၅ ရက်အကြာ ဒီဇင်ဘာ ၁၀ တွင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး ပေါင်း ၁၁ ဦး ဖမ်းမိကြောင်း၊ အမျိုးသမီး ၁ ဦး စိုးရိမ်ရကြောင်း၊ အခြားအမျိုးသား ၂ ဦး၏ ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း စစ်ကောင်စီက သတင်းထုတ်သည်။

သို့သော် လူအုပ်ကို ကားနှင့် ဝင်တိုက်သည့် ရုပ်သံသက်သေရှိလျက်နှင့်ပင် အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်သည်ဟု စစ်ကောင်စီက ဗြောင်ဘူးကွယ်သည်။

ထို့ကြောင့် စစ်ကောင်စီထုတ်ပြောသည့် ထိခိုက်၊ ဒဏ်ရာရ၊ ဖမ်းဆီး အရေအတွက်ကို ယုံရခက်သည်။ သို့သော် သီးခြားသက်သေပြနိုင်သည့် အခြေအနေမရှိသေးပါ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဒီဇင်ဘာ ၁၈ စာရင်းအရ အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း စစ်တပ်လက်ချက်ဖြင့် လူပေါင်း ၁၃၄၆ ဦးထက်မနည်း သေဆုံးခဲ့ရကာ ဆက်လက်ဖမ်းဆီးခံထားရသူ ၈၁၀၀ ကျော် အနည်းဆုံးရှိကြောင်း သိရသည်။

AAPP ကို တရားမဝင်အဖွဲ့အဖြစ် ကြေညာထားသည့် စစ်ကောင်စီကမူ ထိုသို့သော ကိန်းဂဏန်းများကို ထုတ်ပြန်လေ့မရှိပေ။

AAPP တာဝန်ရှိသူတစ်ဦးကမူ ထိုစာရင်းမှာ ဆန္ဒပြပွဲများအတွင်း ဖမ်းဆီး၊ သေဆုံးမှု အများစုပါဝင်ကြောင်း၊ လက်လှမ်းမီသလောက် စုစည်းခြင်းဖြစ်၍ ထို့ထက်များနိုင်ကြောင်း Myanmar Nowကို ဩဂုတ်လအတွင်း ပြောဖူးသည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး ကနဦးကာလများအတွင်း ရန်ကုန်မြို့နေ လူပေါင်း သိန်း၊ သန်းချီ၍ ဆန္ဒပြကြပြီးနောက် စစ်တပ်က အကြမ်းပတမ်းကိုင်တွယ်သည့်နောက် ထိုတာဝန်ကို လူငယ်ထုက ကြံ့ကြံ့ခံ၍ ဆက်လက်ထမ်းပိုးထားသည်။

“ကျွန်တော်တို့က စစ်တပ်ကို တိုက်ဖို့ အစောကြီးကတည်းက ဆုံးဖြတ်ပြီးပြီ။ အခုထိလည်း တိုက်နေကြတယ်။ မင်းအောင်လှိုင်နဲ့ ဖက်ဆစ်စစ်တပ် မကျမချင်း ကျွန်တော်တို့က တိုက်နေမှာပဲ။ ဘယ်သောအခါမှလည်း ရပ်သွားမှာမဟုတ်ဘူး”ဟု ကိုမြတ်မင်းခန့်က ပြောသည်။

သူသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၊ ရန်ကုန်ခရိုင် ဥက္ကဋ္ဌဖြစ်သည်။ 

လက်တွေ့တွင်လည်း ရက်စက်စွာဖြိုခွင်းခံရသည့် ပန်းပင်ကြီးလမ်းဖြစ်စဉ်အပြီး ၁၀ ရက်အတွင်းတွင် အထွေထွေသပိတ်ကော်မတီ (GSC) နှင့် ပူးပေါင်းလုပ်ဆောင်သည့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ၁၆ ကြိမ်၊ နိုင်ငံအနှံ့ ၂၆ ကြိမ် ရှိသည်ဟု ကိုမြတ်မင်းခန့်ထံမှ သိရသည်။

အသက်၊ ဘဝတို့နှင့် ရင်းရသည့် ထိုကိစ္စများတွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)၊ အဖွဲ့ပေါင်း ၃၀ ကျော်ပေါင်း၍ ဖွဲ့ထားသည့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ ရန်ကုန်ရှိ မြို့နယ်အသီးသီးရှိ သပိတ်ကော်မတီများလည်း တက်ကြွစွာ ပါဝင်နေသည်။

လမ်းပေါ်၌ ပြောက်ကျားဆန္ဒပြမှုတစ်ခုတည်းတင်မကဘဲ လှုံ့ဆော်စာများဝေခြင်း၊ အများပြည်သူမြင်ကွင်း၌ ကြွေးကြော်သံပိုစတာများကပ်ခြင်း၊ ခရီးသည်တင်ယာဉ်လိုင်းများပေါ်တွင် လိုက်လံဟောပြောခြင်း စသည့် နည်လမ်းမျိုးစုံ သုံးကြသည်။

ဖမ်းဆီးခံရမှုများမှာလည်း မှတ်တမ်းတင်ရခက်လောက်အောင်ပင် ရှိသည်။

“ကိုယ့်ရဲဘော်တွေ အဖမ်းခံလိုက်ရတဲ့အခါ စိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့လဲ တိုက်စရာရှိတာ ဆက်တိုက်ရမှာပဲ” ဟု ကိုမြတ်မင်းခန့်က ပြောသည်။

ထိုသို့အန္တရာယ်ကြားမှ လူငယ်တို့၏ ရုန်းကန်နေမှုကို နိုင်ငံအနှံ့ ပြည်သူအပေါင်းကလည်း မည်မျှ အားပေးထောက်ခံကြောင်း၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် သန္နိဋ္ဌာန် မည်မျှခိုင်မာကြောင်း ဒီဇင်ဘာ ၁၀ တွင် ပြသသည်။

အာဏာသိမ်းစစ်တပ်၏ အနိုင်ကျင့်၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို ပြည်သူတို့ ရင်ဆိုင်နေရကြောင်း ပြသရန် ထိုနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အသံတိတ်သပိတ်ဆင်နွှဲဖို့ လူငယ်တို့က သုံးရက် ကြိုတင်ပန်ကြားရာတွင် လူထုကလည်း လက်ခံ၊ လိုက်နာသည်။

ရုံးဖွင့်ရက် သောကြာနေ့ပင်ဖြစ်သည့်တိုင် ဒီဇင်ဘာ ၁၀ တွင် ရန်ကုန်ကဲ့သို့သော စီးပွားရေးမြို့တော်ကြီး၌ပင် သတ်မှတ်ချိန်မတိုင်မီ နံနက်အစောကတည်းက ဆိုင်များပိတ်ကာ လမ်းသွယ်များ၊ ရပ်ကွက်လမ်းများပင်မကျန် အသွားအလာရပ်ခဲ့၍ ကမ္ဘာ့ထိပ်တန်းသတင်းဖြစ်ခဲ့ရသည်။

အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကို လက်လုပ်ဒိုင်းဖြင့်ကာ၊ သဲအိတ်ဖြင့် အကာအကွယ်ယူရုံဖြင့် ဆန္ဒပြနိုင်ခဲ့ကြသည့် အခြေအနေမျိုး မရှိတော့သည့်​ လူငယ်တို့အတွက် လူထု၏ အသံတိတ်သပိတ်က စိတ်ခွန်အားဖြစ်စေခဲ့သည်။

စစ်ကောင်စီ၏ အညှာအတာမဲ့ အကြမ်းဖက်မှုများကြားမှ ဆန္ဒပြလူငယ်တို့ ဘေးကြုံလျှင် ကူညီတတ်သည့် လူထုက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး သွေးမအေးသေးကြောင်း အကောင်းဆုံး သက်သေပြလိုက်ခြင်းပင်ဖြစ်သည်ဟု ကိုမြတ်မင်းခန့်က ပြောသည်။

“ဒီတိုက်ပွဲပြီးတဲ့အထိ အတူတူတိုက်ကြရအောင်ပါ” ဟု ၎င်းက ပြည်သူတို့ကို တိုက်တွန်းသည်။

မြန်မာ့ဒီမိုကရေစီခရီးကြမ်းအစ ၁၉၈၈ အရေးတော်ပုံကို ဖြတ်သန်းခဲ့ဖူးသူ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ အသက် ၅၄ နှစ်အရွယ် အိမ်ရှင်မတစ်ဦးကလည်း ယနေ့ခေတ်လူငယ်တို့၏ ပိုကောင်းသော ရုန်းကန်အားကို အသိအမှတ်ပြုကြောင်း ပြောသည်။

“လူငယ်တွေက စတေးပြီးတော့ အန္တရာယ်ရှိမှန်းသိရဲ့သားနဲ့ လုပ်ပေးနေရတာ။ ပညာတတ်လူငယ်လေးတွေ၊ အရွယ်ကောင်းလေးတွေက နေရာအနှံ့ လိုက်လုပ်ပေးနေရတာ” ဟု ၎င်းက ပြောသည်။

ထိုသို့ အခက်အခဲနှင့် အန္တရာယ်များကြားမှ ရန်ကုန်မြို့တွင်း ပြောက်ကျားဆန္ဒပြပွဲများကို ဆက်၍ လုပ်ဆောင်နေခြင်းမှာ သွေးမအေးကြောင်း၊ စစ်ကောင်စီ အုပ်ချုပ်ခွင့်မရနိုင်ကြောင်း လူထုထံ သတင်းစကားပါးရန်ဖြစ်ပြီး အောင်မြင်ကြောင်း ကိုမြတ်မင်းခန့်က ပြောသည်။

“တိုက်ပွဲဟာ ရှိနေသေးတယ်။ တိုက်ပွဲဟာ မပြီးသေးဘူးဆိုတဲ့ဆိုတာအပြင် နိုင်ငံရေးအရ လှုံ့ဆော်မှုတွေအတွက် မြေပြင်က သပိတ်တွေက အရေးပါနေသေးတယ်”ဟု ၎င်းက ဆိုသည်။

သို့သော် လမ်းပေါ်၌ ဆန္ဒပြပွဲအရေအတွက်နှင့် လူအင်အား နည်းသွားသည်မှာ မှန်သည်ဟု တကသကျောင်းသားဟောင်းများ အင်အားစု ဦးဆောင်သူ ကိုနန်းလင်းက ဝန်ခံသည်။

သို့သော် ဆန္ဒပြသည့် နည်းလမ်းကို ပစ်ပယ်ခြင်း၊ စွန့်လွှတ်နေခြင်းမဟုတ်၊ တော်လှန်ရေးအတွက် အခြားတာဝန်များ သွားရောက်ထမ်းဆောင်နေသည့် လူငယ်များတိုးနေသည်ဟု ၎င်းက ပြောသည်။

“စစ်ကောင်စီက အခုလို ဖမ်းပြ သတ်ပြ နှိပ်စက်ပြလေ၊ တော်လှန်ရေးသမား အသစ်အသစ်တွေ ပေါ်လာလေပဲလို့ ပြောလို့ရတယ်။ ဘယ်တော်လှန်ရေးမဆို ကြည့်လိုက်ပါ၊ တော်လှန်ရေးမျိုးဆက် ပြတ်သွားတယ်၊ ကုန်သွားတယ်ဆိုတာ မရှိဘူး”ဟု ကိုနန်းလင်းက ဆိုသည်။

လက်တွေ့တွင်လည်း ကူးစက်မြန် ကိုဗစ်နိုင်တင်းကပ်ရောဂါ အန္တရာယ်ကြားမှပင် လူထုက တက်ကြွစွာ မဲပေးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို စိန်ခေါ်သည့် လှုပ်ရှားမှုများ နေ့စဉ် ရှိနေသည်။

၁၀ လကျော် ကြာလာချိန်တွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ တိုးပွားနေသည်မှာ အထင်အရှားဖြစ်သည်။

ထိုအခြေအနေတွင် ရန်ကုန်မြို့နေလူထုကို တော်လှန်ရေးစိတ်ခွန်အားနှင့် သတင်းစကားပေးရန် အနာခံ၍ ရှေ့တိုးမည့် ကိုသုတကဲ့သို့ လူငယ်များလည်းရှိနေသည်။

ပန်းပင်ကြီးလမ်းဖြစ်စဉ်အတွင်း အသက်ဘေးမှ သီသီလေးလွတ်ခဲ့သူ ကိုသုတက ဒဏ်ရာဗရပွနှင့် အိပ်ယာထဲလဲနေသော်လည်း သူ၏စိတ်က လမ်းမများပေါ် ရောက်နေသည်။  

“ကျွန်တော်နေကောင်းတာနဲ့ ဒါကိုဆက်လုပ်မယ် (ဆန္ဒပြမယ်)။ လုပ်ကိုလုပ်မယ်။ ဒါကြီးပြီးတဲ့အထိကို ဆက်လုပ်မယ်။ ကျွန်တော့်ခေါင်းထဲ အဲဒီအတွေးတစ်ခုပဲရှိတယ်” ဟု အားမွေးနေသည့် ကိုသုတက ပြောလိုက်သည်။

(* သတင်းရင်းမြစ်၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်) myanmar now

အရာတော်တွင် စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသွားသော အပြစ်မဲ့ ပြည်သူ ၈ ဦးကို ပျူစောထီး ၆ ဦးနှင့် ပြန်လည်လဲလှယ်ကာ ကယ်တင်နိုင်ဟုဆို

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ မင်းရွာကြီးအနီးတွင် အပြစ်မဲ့ရွာသား ၈ ဦးကို အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသော ပျူစောထီး ၆ ဦးနှင့် ပြန်လဲလှည်ကာ ရွာသားများကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အရာတော်မြို့နယ်၊ မင်းရွာကြီးအနီး ကောက်လှိုင်းစည်းများတင်ဆောင်နေသည့် ရွာသားရှစ်ဦးကို ယမန် နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားရာ ဒေသခံကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက ဖမ်းဆီးထားသည့် ပျူစောထီး ၆ ဦးနှင့်လဲလှယ်ကာ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်တွင် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

“သူတို့(အကြမ်းဖက်စစ်တပ်)က ပါးရိုက်တယ်၊ ဖိနပ်နဲ့ကန်တယ်၊ အဲ့နားက စီးပွားဖြစ် စိုက်ထားတဲ့ ဒန့်သလွန် ခင်းရှိတယ်ဗျ၊ တစ်ယောက်ကို ၁၅ပင်ခုတ်ခိုင်းတယ်၊ အခင်းပိုင်ရှင်က စခစစ်ကြောင်းထိုးလာတယ် သတင်းပေး လို့ဆိုတဲ့စွပ်စွဲချက်နဲ့ ဖျက်ဆီးခိုင်းတယ်၊ လက်ပြန်ကြိုးတုပ်ပြီး ကန်နီတောဘက်ကို ခြေလျင်လျှောက်ခိုင်းပြီး ဖမ်းသွားတာပါ”ဟု ဖမ်းဆီးခံရသူ တစ်ဦးက ဒေသသတင်းရင်းမြစ်သို့ ပြောဆိုသည်။

ရွာသားများဖမ်းဆီးခံရသည့်အတွက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက ငွေတွင်းရွာသို့ စစ်တပ် ထွက်ခွာချိန်၌ ဝင်ရောက်စီး နင်းခဲ့ပြီး ပျူစောထီးဒလန် အမျိုးသားငါးဦးနှင့် အမျိုးသမီး တစ်တစ်ဦးကို ပြန်လည်ဖမ်းဆီးခဲ့ကြောင်း၊ ငွေတွင်းရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ကြား နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖမ်း‌ဆီးခဲ့သူများတွင် ပျူစောထီးခေါင်းဆောင်၏ ညီဖြစ်သူ ပါသောကြောင့် နှစ်ဘက်ဖမ်းဆီးထားသူများလဲလှယ်ရန် ကြိုးစားခဲ့ကြပြီး ဒီဇင်ဘာ ၁၉ရက် နံနက်ပိုင်းတွင် ညှိ နှိုင်းမှု အဆင်ပြေ၍ လဲလှယ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းသတင်းမှန်ပြန်ကြားရေးက ရေးသားဖော်ပြသည်။ khit thit

လေးကေကော်တွင် စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ အခက်တွေ့နေ

တိုက်ပွဲများဆက်နေသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၈) တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့အကြား ပစ်ခတ်မှုရှိနေကာ အခြေအနေတင်းမာနေဆဲဖြစ်သည်။ 

လေးကေကော်မြို့အရှေ့တောင်ဘက်ရှိ စစ်ကောင်စီစခန်းကုန်းမှ ရေခပ်ဆင်းသည့် စစ်သားများကို KNLA နှင့် ပူးပေါင်းတပ်များက ယမန်နေ့ နံနက် ၁၁ နာရီခန့်က တိုက်ခိုက်ရာ စစ်တပ်ဘက်မှ တစ်ဦးသေဆုံးနိုင်ကြောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ထို့အတူ လေးကေကော်မှ နာရီဝက်ပင် ခရီးမရှိသည့် မဲ့ထော်သလေးရွာအနီး စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ၏ အင်ကြင်းမြိုင်ဂိတ်ကို ဒီဇင်ဘာ ၁၇ ရက် ညတွင် KNLA က သိမ်းပိုက်သည်ဟု လက်နက်ကိုင်အဖွဲ့များနှင့် နီးစပ်သည့် ထိုသတင်းရင်းမြစ်ကပင် ဆက်ပြောသည်။

“(စစ်ကောင်စီ၏) အမြောက်ကုန်းကို သိမ်းလိုက်တယ်ဆိုပြီး သတင်းကြားနေတာ။ အဲဒါနဲ့ လိုက်စုံစမ်းကြည့်လိုက်တော့ အမြောက်ကုန်းကို သိမ်းတာမဟုတ်ဘဲ မဲထော်သလေးကို အမြောက်ကုန်းက လှမ်းပစ်နေတာ။ KNU ဘက်ကနေ သိမ်းတာက အင်ကြင်းမြိုင်ကို သိမ်းလိုက်တာ” ဟု ၎င်းက ပြောသည်။

လေးကေကော်မြို့မှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ်အတွင်းက တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးအထိမ်းအမှတ်မြို့ဖြစ်ပြီး ဒေသလုံခြုံရေးနှင့် အုပ်ချုပ်ရေးကို KNU က တာဝန်ယူထားသည်။

လေးကေကော်မြို့တွင် ခိုလှုံနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူနှင့် လွှတ်တော်အမတ်အချို့ကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် ဒီဇင်ဘာ ၁၄ ရက်တွင် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ပြီးနောက် KNLA နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

၁၈ ဦးသေဆုံး၊ ၈ ဦး ဖမ်းခံရပြီးနောက် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ ရက်တွင် လေးကေကော်မြို့တွင်းမှ ပြန်ဆုတ်ကာ မြို့အရှေ့တောင်ဘက်ရှိ ၎င်းတို့၏ စခန်းကုန်း၌ ပြန်လည်နေရာယူထားသည်။

လေးကေကော်မြို့မှစ၍ မြဝတီနှင့် ကပ်လျက်ရှိ မဲ့ထော်သလေးအပြင် ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်ထိ စစ်မျက်နှာကျယ်ပြန့်ခဲ့ပြီး ယမန်နေ့အထိ ငါးရက်အတွင်း စစ်ကောင်စီဘက်မှ ၃၀ ခန့် သေဆုံးသည်ဟု KNU ၏ ဒူးပလာယာခရိုင်ပြန်ကြားရေး၏ ထုတ်ပြန်ချက်များက ဆိုသည်။​

မဲ့ထော်သလေးတိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ ပျောက်ဆုံးနေသူ နှစ်ဦးခန့်၊ တိုက်ပွဲများအတွင်း ပြင်းထန်ဒဏ်ရာရသူအချို့နှင့် သေဆုံးသူတစ်ဦးရှိနိုင်သည်ဟုသာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီသတင်းဌာနကို ပြောထားသည်။

လေးကေကော်မြို့တွင် ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများကို ကောင်းမွန်စွာထားသည်ဟု မှတ်တမ်းဓာတ်ပုံများနှင့်တကွ KNU က သတင်းထုတ်ပြန်ထားသည်။

လေးကေကော်မြို့သစ်နှင့် အနီးတစ်ဝိုက်ဒေသများကို KNLA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားချိန် ပိတ်မိနေသည့် တပ်များကို ကယ်ထုတ်ရန် စစ်ကောင်စီက စစ်အင်အားဖြည့်တင်း ပို့လွှတ်နေသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။ 

မြဝတီနှင့် လေးကေကော်မြို့နယ်များဘက်သို့ စစ်အင်အားဖြည့်တင်းရန် ယမန်နေ့ နံနက်က ဘားအံမြို့မှ စစ်ကား ၁၃ စီး မြဝတီမြို့နယ်ဘက်သို့ တက်လာကြောင်း၊ စစ်ရဟတ်ယာဉ်နှင့် လေယာဉ်များ ပျံဝဲနေကြောင်းလည်း သိရသည်။ 

အထက်ပါအခြေအနေအပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ထို့ပြင် ကရင်ပြည်နယ် မြဝတီတစ်ဝိုက်တွင် စစ်ရေးအခြေအနေ တင်းမာနေခြင်းအပေါ် KNLA နှင့် စစ်ကောင်စီတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

တိုက်ပွဲများကြောင့် ‌လေးကေကော်မြို့မှ ရပ်ကွက် ၆ ခုအပြင် မဲ့ထော်သလေး၊ ပဟိကလော်၊ ထီးမဲ့ဝါးခီး၊ ရသေ့ဂူ စသည့် ကျေးရွာများမှ စစ်ရှောင် ၇၀၀၀ ကျော်သည် ထိုင်းနယ်စပ်ရှိ ဖလူးကြီး၊ ဖလူးလေး စသည့် ကျေးရွာများဘက်သို့ တိမ်း‌ရှောင်နေရကြောင်း ထိုင်းနိုင်ငံဘက်တွင်လည်း စစ်ရှောင် ၂၅၀၀ ခန့်ရောက်ရှိနေကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံဘက်တွင်ရောက်ရှိနေသည့် စစ်ရှောင်များကို ထိုင်းအာဏာပိုင်များက နယ်စပ်နှင့် ၄ မိုင်ခန့်ဝေးသည့် မဲတောင် (Mae Tao) မြို့မှ စာသင်ကျောင်းတစ်ခုတွင် နေရာချထားပေးကြောင်း၊ အစားအသောက်ဖူလုံသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် သုံးရေလုံလောက်မှု မရှိကြောင်း ၎င်းက ပြောသည်။

စစ်ရှောင် လူဦးရေ ၂၅၀၀ ကျော်အတွက် ဆရာဝန်တစ်ဦးသာရှိကြောင်း၊ အိမ်သာခြောက်လုံးသာရှိပြီး သုံးရေမလုံ‌လောက်ကြောင်း၊ လူသစ်များထပ်ရောက်နေကြောင်းလည်း ထိုသူက ဆက်လက်ပြောသည်။

“ညဘက်နှင်းကျတော့ Tank( ရွက်ဖျင်တဲ) အပြင်ဘက်မှာ အိပ်တဲ့သူတွေကျတော့ ဒုက္ခတော်တော်ရောက်တယ်” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်းရှိ စစ်ရှောင်များ ယာယီရွှေ့ပြောင်းလာသည့် နွားခြံအနီး ကျရောက်ပေါက်ကွဲမှုကြောင့် အဖွားအိုတစ်ဦး ဒဏ်ရာရခဲ့၍ ထိုင်းစစ်တပ်က နယ်စပ်အနီး သံချပ်ကာယာဉ်ဖြင့်ပါ ကင်းလှည့်နေသည်ဟု ထိုသူ့ထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လေးကေကော်မြို့အတွင်း ဝင်ရောက် ဖမ်းဆီး၊ နှောက်ယှက်ဖျက်ဆီးမှုများသည် ငြိမ်းချမ်းရေးကို ဖျက်ဆီးခြင်းနှင့်အတူ လူအခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခြင်းလည်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ တော်လှန်မှုများ တိုးလာနေသည်။

ထိုအခြေအနေတွင် တော်လှန်ရေးအစဉ်အလာကြီးသည့် KNU/KNLA ၏ ခုခံမှုကိုပါ စစ်ကောင်စီ ရင်ဆိုင်နေရသည်။ myanmar now

လေးကေ့ကော်၊ မေတ္တာလင်းမြိုင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ခွဲမှူး ၂ ဦး၊ ဒုတပ်ခွဲမှူး ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးနီး ပါး သေဆုံး

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသ မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးတွင် ယနေ့ စစ်ကောင်စီတပ်များနှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ခွဲမှူး (၂) ယောက်၊ ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးနီးပါးသေဆုံးကြောင်း NUG ၏ တရားဝင်သတင်းဌာန PVTV က သတင်းထုတ် ပြန်သည်။

ထို့ပြင် ၆၀ မမ ၁ လက်၊ ပစ္စတို ၄ လက်၊ စနိုက်ပါ ၁ လက် ၊ MK1 ၃ လက်၊ MK2 ၃ လက် စုစုပေါင်း ၁၂ လက်နှင့် လက်ပစ်ဗုံးအချို့၊ ကျည်ကပ်အချို့ နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီလေယာဉ်များ ဝဲနေကြောင်း သိရှိရသည်။ khit thit

အင်းစိန်ထောင်တွင် ရိုက်နှက်ခံရသူများ ဆေး ကုခွင့်မရ၊ ဖိနှိပ်မှု ပိုတိုးလာ

နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း ဆန္ဒပြသဖြင့် ရိုက်နှက်၍ တိုက်ပိတ်ခံရသူများကို ထောင်အာဏာပိုင်များက ဆေးကုသခွင့် ပိတ်ပင်ထားသလို နိုင်ငံရေးအကျဉ်းသားများကို ပို၍ ဖိနှိပ်လာသည်ဟု အင်းစိန်ထောင်သတင်းရပ်ကွက်ကို ကိုးကားပြီး မိသားစုဝင်များက ပြောသည်။

ထောင်ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် သတိလစ်မေ့မျောသည်အထိ ဖြစ်ခဲ့ရသည့် ဆန္ဒပြသူများထဲတွင် ကိုဇော်ထက်နိုင်ဆိုသူလည်း ပါဝင်သည်ဟု သူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ အင်းစိန်ထောင်တွင်းတရားရုံးသို့ ရောက်လာသည့် ၂၄ နှစ်အရွယ် ကိုဇော်ထက်နိုင် (ခ) ဆစ်နိုင်၏ ဦးခေါင်းမှ ဒဏ်ရာမှာ လိုအပ်သည့် ကုသမှုမရသေးသည်ကို တရားခွင်တွင် ရှိနေသူတို့က တွေ့ခဲ့ရကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ − က နှင့် စွဲဆိုခံထားရသည့် အမှုကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထိုနေ့က တရားခွင်သို့ ရောက်လာသည့် ဆန္ဒပြ၍ ရိုက်နှက်ခံရသူများအနက် ကိုဇော်ထက်နိုင်မှာ ဒဏ်ရာအပြင်းထန်ဆုံးဖြစ်ကြောင်း သိရသည်ဟု မိသားစုဝင်က ပြောသည်။

“ခေါင်းကိုထိထားတဲ့အတွက် မျက်နှာတွေဆိုရင်လည်း ရောင်နေတယ်ပေါ့လေ။ တော်တော်ရောင်နေတယ်။ ခေါင်းထိထားလို့ ရှေ့ရက်တုန်းကဆိုရင် အန်တဲ့အထိ ဖြစ်တယ်ပြောတယ်။ ဒီနောက်ပိုင်းတော့ အန်တာမျိုး မရှိတော့ဘူးလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

ထောင်အာဏာပိုင်တို့က သူ့ကို PPE ဝတ်စုံ ဝတ်ဆင်စေကာ ညှဉ်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည်ဟု ကြားသိရကြောင်း အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။

“ခေါင်းက ကွဲသွားရင်တောင်မှ ပြင်ပဒဏ်ရာဆိုပြီး စိတ်ချရင် ချနိုင်သေးတယ်။ ရောဂါလက္ခဏာမပြဘဲနဲ့ အထဲမှာ ဖြစ်နေရင် ဘယ်လိုလုပ်မလဲပေါ့။ ခေါင်းထိထားတဲ့ လူတစ်ယောက်အတွက်တော့ ဆေးကုသခွင့် ရကိုရသင့်တယ်” ဟု ၎င်းက ဆိုသည်။

ကိုဇော်ထက်နိုင်(ခ) ဆစ်နိုင်သည် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၏ ဒုဥက္ကဌဖြစ်ပြီး မတ်လ ၃ ရက်က ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် ဆန္ဒပြရင်း အဖမ်းခံရသူဖြစ်သည်။

အလားတူ ညှဉ်းပန်းနှိပ်စက်ခံရပြီး တိုက်ပိတ်ခံရသူတစ်ဦးဖြစ်သည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း သိရသည်ဟု မိတ်ဆွေဖြစ်သူ ကိုအောင်ကောင်းဆက်က ပြောသည်။

ဆန္ဒပြ၍ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ကိုလေပြေစိုးမိုးမှာ နှက်ရက်ကြာ ကျောချ၍ပင် မအိပ်နိုင်ဟု အင်းစိန်ထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကို ဆန့်ကျင်ကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ်ဆင်နွှဲသည့် ထိုနေ့က ရိုက်နှက်ခံရသူများမှာ သီးသန့်ဆောင် (၁) နှင့် (၂) တွင်ရှိသည့် အကျဉ်းသား ၈၉ ဦးဖြစ်သည်ဟု သိရကြောင်း ကိုအောင်ကောင်းဆက်က ပြောသည်။

ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် အသံတိတ်သပိတ်ဆင်နွှဲကြပြီးနောက် ညနေပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်း သီဆိုချိန်တွင် ထောင်ဝန်ထမ်းတို့က အဆောင်များရှေ့တွင် လက်ကို ခေါင်းပေါ်တင်ခိုင်းကာ ရိုက်နှက်ပြီး ထောင်မကြီး ဆီသို့ ကားနှင့် ခေါ်ဆောင်သွားသည်ဟု ၎င်းက ပြောသည်။

ထောင်မကြီးရောက်ချိန်တွင်လည်း ဝန်ထမ်းအင်အား ထပ်တိုးကာ အကြိမ်ရေများစွာ ခြေကုန်လက်ပန်းကျသည်အထိ ရိုက်နှက်ကြသည်ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတို့ထံမှ သိရကြောင်း ကိုအောင်ကောင်းဆက်က ပြောသည်။

“နှစ်ကျော့ပြန် အရိုက်ခံရတာပေါ့။ ထောင်မကြီးဘက်မှာ ရိုက်တဲ့အခါမှာ သတိမေ့ပြီး လဲကျသူတွေပါရှိတယ်။ အဲဒီသတိမေ့ပြီး လဲကျတဲ့သူတွေကိုပါ ဆက်ရိုက်တယ်။ နှစ်ကျော့ပြန် ပြင်းပြင်းထန်ထန် နှိပ်စက်ခဲ့တဲ့အထိ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

ထို့နောက် အားလုံးကို တိုက်ပိတ်ကာ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် တစ်ပတ်ကျော်ကြာချိန် ယနေ့အထိ နေထိုင်နေရကြောင်း၊ အခြားအ သုံးအဆောင်များ ယူဆောင်ခွင့်မရကြောင်း၊ ပြင်ပမှ ထောင်ဝင်စာပို့ခွင့်လည်း မပေးကြောင်း ကိုအောင်ကောင်းဆက်က ပြောသည်။

၈ ပေ ပတ်လည် အခန်းကျဉ်းတွင် လူ ၆ ယောက် နေရသလို ကိုဇော်ထက်နိုင်နှင့် ကိုလေပြေစိုးမိုး အပါအဝင် ရိုက်နှက်ခံရသူများကို ဆေးကုသခွင့်မပေးကြောင်း၊ တိုက်ထဲ၌ပင် နှစ်ယောက်တစ်တွဲ သံခြေချင်းခတ်ထားကြောင်း၊ ရုံးထုတ်ချိန်တွင်လည်း ဖြုတ်မပေးကြောင်း ၎င်းက ဆက်ပြောသည်။

“ကျန်းမာရေးစောင့်ရှောက်မှုကလည်း လုံလုံလောက်လောက်မရဘူး။ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်လည်း မပေးထားဘူး။ နိုင်ငံရေးအ ကျဉ်းသားတွေကို တမင်တကာကို ဖိနှိပ် နှိပ်စက်တဲ့ အနေအထားဖြစ်ပါတယ်” ဟု ကိုအောင်ကောင်းဆက်က ဆိုသည်။

ထောင်အာဏာပိုင်များ၏ နောက်ဆက်တွဲဖိနှိပ်မှု

ထိုဖြစ်စဉ်ပြီးနောက် သီးသန့်ထောင်တွင် ကျန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်တို့က အကြောင်းမဲ့ရိုက်နှက်သည်အထိ ဖိနှိပ်မှုများ တိုးလာနေကြောင်း ဒီဇင်ဘာ ၁၃ ရက်အထိ သိရသည့် အခြေအနေကို လုံခြုံရေးအရ အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။

“မကျေနပ်ရင် မကျေနပ်တဲ့ကောင်ကို ခေါ်ပြီးတော့ ရိုက်တာတွေဘာတွေလုပ်တယ်။ ဘာလို့ မင်းမျက်နှာက အချိုးမပြေတာလဲ၊ မင်းထွက်ခဲ့စမ်းဆိုပြီး ရိုက်တာမျိုးတွေပါ လုပ်တယ်။ အဲဒါ တော်တော်ဆိုးတာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါလူငယ်သည် မတ်လ ၃ ရက်နေ့က တာမွေမြို့နယ်တွင် ဆန္ဒပြရင်း အဖမ်းခံရကာ ပုဒ်မ ၅၀၅ −က နှင့် အင်းစိန်ထောင်၌ ချုပ်နှောင်ခံရပြီးနောက် အောက်တိုဘာ ၁၉ ရက်ကမှ လွတ်ငြိမ်းသက်သာခွင့်ကြေညာချက်အရ ခြွင်းချက်နှင့် ပြန်လွတ်လာသူဖြစ်သည်။

အာဏာသိမ်းပြီး ၆လကျော်အကြာ ဇူလိုင် ၂၃ ရက်တွင် အင်းစိန်ထောင်တွင်း တစ်ကြိမ်ဆန္ဒပြပြီးနောက် ထောင်အာဏာပိုင်တို့ လိုက်လျောပေးခဲ့သည့် အခွင့်အရေးတချို့ကို ယခု ပြန်ပိတ်ပင်လိုက်ပြီဟု ၎င်းထံမှ သိရသည်။

ထိုစဉ်က ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအပါအဝင် အချက် ၁၁ ချက်ကို ဆန္ဒပြတောင်းဆိုရာတွင် အရေးမကြီးဆုံး အချက် ၃ ချက်ကိုသာ နားလည်မှုဖြင့် ထောင်အာဏာပိုင်တို့က လိုက်လျောထားခဲ့သည်ဟု ၎င်းက ပြောသည်။

ထောင်ဝန်ထမ်းများမှတစ်ဆင့် မိသားစုထံ တစ်ပတ်တစ်ခါ စာရေးပို့ခွင့်၊ ထောင်ဝင်စာတွင် ကော်ဖီမစ် အထုပ် ၃၀ အထိ ပို့ခွင့်၊ တစ်လလျှင် စာအုပ် ၅ အုပ်ပို့ခွင့် စသည့်အခွင့်အရေးများကို ယခု ပြန်ရုတ်သိမ်းလိုက်ပြီဟု ထိုလူငယ်က ပြောသည်။

“အရင်ကတည်းက သူတို့က အကြာကြီးပေးဖို့ အစီအစဉ်မရှိဘူး။ ထောင်တွင်းဆူပူမှုမှာ တစ်စုံတစ်ရာ ငြိမ်သက်သွားအောင် ကစားကွက်တစ်ခုအနေနဲ့ ကစားပြီး ကျွန်တော်တို့ကို လိုက်လျောခဲ့တာ တကယ်ကို တိတိပပ လိုက်လျောပေးတာမျိုးမဟုတ်ဘူးဗျ” ဟု ၎င်းက ပြောသည်။

မူလကပင် ဖိနှိပ်မှုဖြင့် နာမည်ဆိုးထွက်သည့် အင်းစိန်ထောင်၌ ဇူလိုင် ၂၃ ရက် ဆန္ဒပြမှုအပြီးတွင် ထောင်အရာရှိတို့ ပို၍ သဘောထားတင်းမာလာဖွယ် ရှိကြောင်း၊ လွန်ခဲ့သည့် တစ်ပတ်ခန့်က ဆန္ဒပြအပြီး ဖိနှိပ်မှုများ ယခုထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း ထိုလူငယ်က ခန့်မှန်းသည်။

ကိုယ်တိုင် အင်းစိန်ထောင်အတွင်းရှိနေစဉ်ကပင် ဖိနပ်မှားစီးမိသည့် အကျဉ်းသားကို ဝန်ထမ်းတစ်ဦးက ပါးရိုက်သည်ကို ကိုယ်တိုင်တွေ့ခဲ့ရသလို ထိုသို့ အနိုင်ကျင့်သည့် ဝန်ထမ်းများကို တိုင်တန်းလျှင် ထောင်အာဏာပိုင်များက အရေးယူလေ့မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ပါးရိုက်ခံရလိုက်၊ နားရိုက်ခံရလိုက်၊ နားရင်းအုပ်ခံရလိုက်၊ အထိုးခံရလိုက်နဲ့။ အဲလိုဟာမျိုးတွေက ခဏခဏဖြစ်တာ။ ကောင်လေးတစ်ယောက်ဆိုရင် ပါးရိုက်ခံရတာ မျက်လုံးထောင့်ကနေ နီရဲပြီးတော့ ကြည့်လို့မရဘူးတောင် ဖြစ်သွားတာ” ဟု  ထိုလူငယ်က ပြောသည်။

သို့သော် ထိုသို့ နှိပ်စက်ပြရုံဖြင့် နိုင်ငံရေးအကျဉ်းသားများက ဖိနှိပ်မှုများကို ငုံ့ခံနေမည်မဟုတ်ဟု သတင်းစကားများရထားကြောင်း ၎င်းက ဆက်ပြောသည်။

“အပြင်က ရဲဘော်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ သူတို့က ပြောတယ်”ဟု ထိုလူငယ်က ဆိုသည်။

အင်းစိန်ထောင်၌ ဒီဇင်ဘာ ၁၀ ရက် ရိုက်နှက်မှုများတွင် သီးသန့်ထောင်အဆောင်မှူး ဦးသော်ဇင်ထွဋ်၊ ဦးချစ်စမ်းမောင် (၃ ပွင့်အဆင့် ထောင်အရာရှိ)၊ ဦးအေးကြိုင် (ထောင်ပိုင်လေး) တို့ ဦးဆောင်ကျူးလွန်ကြောင်း Myanmar Now ကို သတင်းပေးလာသူရှိသော်လည်း သီးခြားအ တည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီကမူ အင်းစိန်ထောင်အတွင်း ဆန္ဒပြမှုများနှင့် ပတ်သက်၍ သတင်းအမှောင်ချထားဆဲဖြစ်သည်။

ထောင်တွင်းအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် အကျဉ်းဦးစီးဌာနကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း တယ်လီဖုန်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။ myanmar now

တိုက်ပွဲဖြစ်ချိန် တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၃၆ ဦး ကို ထိုင်းစစ်တပ် ဖမ်းဆီး

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေချိန် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ ပြောင်းလုပ်သား ၃၆ ယောက်ကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံလိုက်ပြီး  ထိုင်းနိုင်ငံဥပဒေနဲ့အညီ အရေးယူသွားမယ်လို့  တာခ်ခရိုင်၊ ဖုတ်ဖရမြို့မရဲစခန်းမှာ ဒီဇင်ဘာ ၁၉ ရက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းမိတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေဟာ  ရခိုင်ပြည်နယ်ဘက်က လာကြသူတွေဖြစ်ပြီး မြဝတီ လေးကေ့ကော်ဘက်ကနေ ထိုင်းနိုင်ငံဘက် ခိုးဝင်လာစဉ် နယ်စပ်အကျော်မှာ ထိုင်းစစ်တပ်က ပြည်ဝင်ခွင့်စာရွက်စာတမ်း မရှိတာကြောင့် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်တဝိုက်မှာ ဒီဇင်ဘာ ၁၅ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်နေပြီး ဒီနေ့ညနေပိုင်းမှာလည်း ဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်တွေ ထိုင်းဘက် ထွက်ပြေးနေကြပါတယ်။ DVB

မကွေးတိုင်းဝန်ကြီးချုပ်ကို‌ စစ်ကောင်စီက အ မှုတစ်မှုထပ်တိုးစွဲဆို

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အမှုတစ်မှုထပ်တိုးစွဲဆိုထားသည်ဟု ရှေ့နေဦးမြင့်အောင်က Myanmar Now ကို အတည်ပြုပြောဆိုခဲ့သည်။ 

ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးမှုဖြင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ် စွဲဆိုခြင်းကို မကွေးမြို့နယ်တရားရုံးက လက်ခံစစ်ဆေးနေသည်ဟု ဆိုသည်။  

“(ဒီဇင်ဘာ ၁၇) မနေ့က တရားရုံးမှာ စပြီး ရုံးထုတ်စစ်ဆေးတယ်။ ရာဇသတ်ကြီးပုဒ်မ ၁၇၁(စ)နဲ့ စွဲဆိုတာပေါ့”ဟု ရှေ့နေဖြစ်သူ ဦးမြင့်အောင်က ဆိုသည်။

အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်အထိ အမြင့်ဆုံးချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ထိုပုဒ်မတွင် သတ်မှတ်ပြဋ္ဌာန်းထားသည်။

စွဲဆိုခံရသည့် အမှုနှင့် ပတ်သက်ပြီး အသက် ၆၄ နှစ်အရွယ် မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မည်သည့်မှတ်ချက်မှ မပေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ဆိုသည်။

အမြင့်ဆုံး ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပုဒ်မ ၅၅ ဖြင့် အမှုပေါင်း ၆ မှုဖြင့် အာဏာသိမ်းစစ်ကောင်စီက စွဲဆိုထားသော်လည်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အပြစ်မရှိကြောင်း တုံ့ပြန်ထားသည်။

ဒေါက်တာအောင်မိုးညိုကို မကွေးပညာရေးကောလိပ်၊ မကွေးဒီဂရီကောလိပ်၊ ပခုက္ကူအစိုးရနည်းပညာအထက်တန်းကျောင်း တည်ဆောက်ရာတွင် နိုင်ငံ့ဘဏ္ဍာ ပိုမိုကုန်ကျစေသည်၊ လယ်ယာမြေ၌ Denko ဆီဆိုင်တည်ဆောက်ရန် ခွင့်ပြုရာတွင် ကျပ်သိန်း ၅၀၀ ရယူသည် စသဖြင့် စွပ်စွဲခဲ့သည်။

ထိုပြင် ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်မရှိဘဲ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ သုံးစွဲသည်၊ ဒေသတွင်း ဓာတ်အားပေးလုပ်ငန်းများကို လိုင်စင်သက်တမ်းတိုးမပေးသည့် အချိန်တွင် လုပ်ငန်းဆောင်ရွက်ခွင့် ပြုထားသဖြင့် မြေငှားရမ်းခငွေများ ဆုံးရှုံးသည်ဟုလည်း စစ်ကောင်စီက အကြောင်းပြထားသည်။

ထိုအကြောင်းအရာကိစ္စများနှင့် ပတ်သက်၍ ဘဏ္ဍာငွေလေလွှင့်ဆုံးရှုံးကြောင်း ဖော်ပြထားသည့် ပမာဏတွင် ကျပ်သိန်း ၅၀၀ သည်သာ အနည်းဆုံးဖြစ်ပြီး ကျပ် ၉ သန်းမှ သန်း ၃၀ ကျော်ထိ ရှိသည်ဟု ဒေါက်တာအောင်မိုးညို၏ ရှေ့နေက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ ဗိုလ်ချုပ်ကြီးများက ဒေါက်တာအောင်မိုးညိုကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နှင့် ဇွန်လအတွင်းက ထောင် ၂နှစ်ချခဲ့ပြီးဖြစ်သည်။

မဲစာရင်းမှားသည်ဟူသော အကြောင်းပြချက်နှင့် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နေအိမ်အကျယ်ချုပ်ဖြင့်သာ ရှိနေချိန်တွင် စစ်တပ်၏လုပ်ရပ်ကို လက်မခံနိုင်ဟု Facebook တွင် တိုက်ရိုက်ရုပ်သံလွှင့်တင်ပြီးနောက် ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီက အကျဉ်း ထောင်သို့ ပို့ဆောင်ပြီး ပုဒ်မများ တစ်ခုပြီးတစ်ခုတပ်ကာ အမှုဖွင့်နေခြင်း ဖြစ်သည်။

လက်ရှိရင်ဆိုင်နေရဆဲဖြစ်သည့် ထိုအဂတိမှုများကို ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးသတ်အမိန့်ချလိမ့်မည်ဟု ဒေါက်တာအောင်မိုးညို၏ ရှေ့နေက မျှော်လင့်ထားသည်။

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်လိုက်ပြီဟု ကြေညာကာ အာဏာသိမ်းပြီးနောက်တွင် လူထုဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရအဖွဲ့ခေါင်းဆောင်များကို ကြီးလေးသည့် အဂတိမှုများအပါအဝင် ပုဒ်မမျိုးစုံတပ်ကာ စစ်ကောင်စီက တရားစွဲ၊ ထောင်ဒဏ်များချမှတ်နေသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဆူပူအောင်လှုံ့ဆော်မှုဖြင့် ၂ နှစ်၊ အဂတိလိုက်စားမှု အမှု ၅ မှုဖြင့် ထောင် ၇၅ နှစ် ချထားသည်။ သူ၏အစိုးရအဖွဲ့မှ ဝန်ကြီး ဦးသန်းနိုင်မှာ ထောင် ၉၂ နှစ် ချခံထားရသည်။

ထိုပုံစံအတိုင်း ဆက်လက်ပြုမူမည်ဆိုပါက စစ်ကောင်စီတရားရုံးက မကွေးတိုင်းဝန်ကြီးချုပ်ကို‌ အမှုအားလုံးအတွက် လတ်တလော အများဆုံး ချ နိုင်သည့် ထောင်ဒဏ်မှာ စုစုပေါင်း ၉၄ နှစ် ဖြစ်သည်။ myanmar now

ဂန့်ဂေါ၊ မြင်သားကျေးရွာထိပ်တွင် မိုင်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး၊ ဆားလင်းကြီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၁၀ ဦးထက်မနည်းသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြိုကနယ်၊ မြင်သားကျေးရွာထိပ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန် ချီတက်လာသော စစ်ကောင်စီစစ်ကြောင်း ဂန့်ဂေါ PDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း YDF က ပြောသည်။

“မြင်သားရွာထိပ်မှာ မိုင်းမိလို့ စခ ၁၃ ကောင်သေပြီး ၂ ကောင် ဒဏ်ရာရ အတည်ပြုပြီးဖြစ်ပါတယ်။ မနက် ၁၀ နာရီမှာဖြစ်တာပါ” ဟု YDF က ပြောဆိုသည်။ အလားတူ ဆားလင်းကြီးတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ PDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင်း သိရှိရသည်။

“ဆားလင်းကြီးမြို့နယ် သမိုင်းဝင်အင်ကြင်းတောင် အနောက်ဘက်ကွေ့အဆင်းမှာ ဆားလင်းကြီးတစ်ကိုယ်တော် PDF သုဘရာဇာက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ခွေး ၁၀ ကောင်ထက်မနည်း သေဆုံးပါတယ်” ဟု ဆားလင်းကြီး PDF က တရားဝင် ထုတ်ပြန်ထားသည်။ khit thit

« Older Entries