Monthly Archives: Dec 2021

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌနှင့် အလွတ်တန်း ဓာတ်ပုံသတင်းထောက် ၁ ဦး ဖမ်းဆီးခံရ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မဆုရည်လင်း နှင့် အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ်တို့ သည် ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် ညနေက သပိတ်ဆန္ဒပြပွဲသို့ သတင်းယူရန် အသွား လမ်းခရီးတွင် အဖမ်းခံလိုက်ရကြောင်း သမဂ္ဂအသိုင်း အဝိုင်းထံမှ သိရသည်။ ယမန်နေ့ ညနေပိုင်းတွင် ပြုလုပ်မည့် သပိတ်စစ်ကြောင်းသို့ မိတ်ဆွေနှစ်ဦးဖြစ်သည့် ၎င်းတို့နှစ်ဦး အတူသွားစဉ် ကားပေါ်တွင်ပင် အဖမ်းခံလိုက်ရသည်ဟု သိရသည်။

“သပိတ်ကိုသွားရင်း အဖမ်းခံရတာပါ။ ကားပေါ်မှာ ဖြစ်ဖို့တော့ များပါတယ်။ ၅နာရီခန့်လောက်ကစပြီး ဖုန်းအဆက်အသွယ်ပြတ်သွားတာ၊ အဖမ်းခံရတာကို အချင်းချင်း သိရတာမို့လို့ အတည်ပြုပါတယ်။ သပိတ်ကိုတော့ အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်”ဟု တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုမှ ကျောင်းသားတစ်ဦးက ပြောသည်။

ကိုဇော်လင်းထွဋ် (ခေါ်) ဖိုးသားမှာ ဒဂုံတက္ကသိုလ် အဝေးသင်ကျောင်းသားတစ်ဦးဖြစ်ပြီး ဓာတ်ပုံသတင်းထောက်လုပ်သက် ငါးနှစ်ဝန်းကျင်ခန့်ရှိပြီဟု သိရသည်။”အဖမ်းမခံရခင်ကတော့ သူတို့လည်း သူတို့လုံခြုံမယ့် အိမ်မျိုးမှာပဲ နေတာပါ။ အခုက သူတို့စီးတဲ့ကားကို ပိတ်ဖမ်းပုံရတယ်။ သူတို့ နှစ်ယောက်လုံး ညှဉ်းပန်းနှိပ်စက်ခံရပြီး အသက်အန္တရာယ်ထိမဖြစ်ဖို့ ကျွန်တော်တို့ မျှော်လင့်တယ်။

အခုလည်း ဘယ်ခေါ်သွားမှန်း မသိရတဲ့ အခြေအနေဆိုတော့ ပိုစိတ်ပူနေရတယ်”ဟု အဖမ်းခံရသူနှစ်ဦး၏ နီးစပ်ရာ မိတ်ဆွေက ပြောသည်။ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ခန့်ကျော်လည်း လက်ရှိတွင် အဖမ်းခံထားရသည်။ mizzima

မကွေးနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ဂန်ဂေါမြို့နယ်မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၂ ယောက်သေဆုံးခဲ့တယ်လို့ PDF-ဂန့်ဂေါတပ်ရင်းက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

နှမ်းခါးရွာကို ရဟတ်ယာဥ်နဲ့ အကြမ်းဖက်တိုက်ခိုက်တုန်းက ရဟတ်ယာဥ်ပေါ်ကနေ ချထားခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ မနေ့က မနက်ပိုင်းမှာ တောင်ခင်ရန်း ရဲစခန်းကနေ မြင်သားရွာကို စစ်ကြောင်းထိုးလာတာကြောင့် PDF-ဂန့်ဂေါ တပ်ခွဲ ၁၈ က ဗိုလ်ဂဠုန်နဲ့ အဖွဲ့က ပဒေသာမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

PDF-ဂန့်ဂေါ တပ်ခွဲ(၁၈)က ရဲဘော်တွေအနေနဲ့ အထိခိုက် အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေဟာ မြင်သားကျေးရွာက အပြစ်မဲ့ ပြည်သူတစ်ယောက်ရဲ့ နေအိမ်တစ်အိမ်ကို မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဂန်ဂေါမြို့နယ်ထဲကို ကုန်းကြောင်း၊ လေကြောင်းကနေ ထိုး စစ်ဆင်တိုက်ခိုက်နေသလို ဒေသခံပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပစ္စည်းတွေကို ခိုးယူတာတွေနဲ့ ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ပြုလုပ်နေတယ်လို့ နှမ်းခါးကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တို့မှာလည်း စစ်ကောင်စီတွေယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တစ်ကိုယ် တော် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အယောက် ၃၅ ထက်မနည်း သေဆုံးခဲ့တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

တိုက်ခိုက်မှုကို ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ဆားလင်းကြီးမြို့ သမိုင်းဝင် အင်ကြင်းတောင် အနောက်ဘက် ကွေ့အဆင်းမှာ စစ်ကောင်စီတွေ လိုက်ပါလာတဲ့ ကားကို ဆားလင်းကြီး တစ်ကိုယ်တော် PDF သုဘရာဇာက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 ဒီဇင်ဘာ ၁၉ရ က်နေ့ညပိုင်းကလည်း ယင်းမာပင် တယ်ပင်ကန်ရွာအနီးမှာ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီယာန်တန်းကို မြောက်ယမားပြည်သူ့ကာကွယ်ရေးနဲ့ Hero Tigers အဖွဲ့တို့ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ကနီ စတဲ့မြို့တွေကို ကုန်းကြောင်းနဲ့ သာမက ရေကြောင်း၊ လေ ကြောင်းတွေကိုပါ ထိုးစစ်ဆင်နေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ သ တင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်ကောင်စီ ထောက်ပို့ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ မြင်းခြံတွင် မိုင်း ၁ဝဝ စစ်ဆင်ရေးဖြင့် စစ်ကား ၁စီး စတင်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံး

ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်ကိုင်းတိုင်းသို့ တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်၄စီးပါ ထောက်ပို့ ယာဉ်တန်းကို ရွာသာကြီးအနီးတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၉နာရီ ၅၅မိနစ်ခန့်၌ မြင်းဖြူရှင် ပျောက်ကြားတပ်ဖွဲ့ က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေ အနေကို မသိရှိရသေးကြောင်း မြင်းဖြူရှင် ပျောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရသော ယာဉ် ၄စီးအနက် ၃စီးမြောက်ရှိ ကားသမား ဆက်လက် မောင်းနှင်းနိုင်ခြင်းမရှိသောကြောင့် ၄စီးမြောက်ယာဉ်မှ လူ၁ဦးဖြင့် လူစားထိုးကာ ဆက်လက် မောင်းနှင်သွားကြောင်း သိရသည်။အလားတူ မန္တလေးတိုင်း မြင်းခြံမြို့နယ် မြင်းခြံ-နဘူးအိုင်ကားလမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၁စီးကို Zero ပြောက်ကျားတပ်ဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် မိုင်း ၁ဝဝ စစ် ဆင်ရေးဖြင့် ပဒေသာ မိုင်းဆွဲကာ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဦးသေဆုံးကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ khit thit

လက်နက်နှင့်မူးယစ်ဆေးများလက်ဝယ်ရှိပါက လာရောက်အပ်နှံကြရန် စစ်ကောင်စီ နှိုးဆော်

ပြည်သူလူထုအနေနဲ့ လက်နက်၊ခဲယမ်းနဲ့ မူးယစ်ဆေးတွေ လက်ဝယ်ရောက်ရှိ သိမ်းဆည်းထားရှိပါက ဒီလကုန်နောက်ဆုံးထားပြီး နီးစပ်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေထံ အပ်နှံကြဖို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်မှာ  သတိပေးနှိုးဆော်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လက်နက်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တချို့က ပြည်တွင်းကို ပို့နေတဲ့ လက်နက်တွေကို ဖမ်းဆီးရမိနေတယ်လို့ စစ်ကောင်စီ  ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။

ဖမ်းဆီးမိတဲ့သူတွေထဲမှာ တချို့က မသိနားမလည်ဘဲ အပ်နှံသိမ်းဆည်းခံစေရတာလို့ဆိုပြီး မသက်ဆိုင်သူတွေကို မလိုလားအပ်တဲ့ တရားဥပ ဒေရင်ဆိုင်ရတာတွေ မဖြစ်အောင် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ကိုယ့်ရဲ့ အိမ်၊ တိုက်ခန်းစတဲ့နေရာတွေမှာ ရှိနေတဲ့ လက်နက် ခဲယမ်းတွေကို အပ်နှံဖို့ တိုက်တွန်းတာလို့လည်း ဆိုပါတယ်။

ဒါကြောင့် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ မူးယစ်ဆေးတွေကို သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေ၊ နီးစပ်ရာ စစ်ကောင်စီတပ်တွေဆီကို လာရောက်အပ်နှံကြဖို့နဲ့ သတ်မှတ်ရက်ကျော်ပြီးနောက် စစ်ဆေးတွေ့ ရရင် အရေးယူမယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတဝန်းမှာ နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေကြပြီး စစ်ကောင်စီ ဘက်ကတော့ လေကြောင်းအပါအဝင် နည်း မျိုးစုံနဲ့ ပြန်လည် တိုက်ခိုက်နေတာပါ။ DVB

မြန်မာပလာဇာထဲရှိ ဆိုင်ခန်း အားလုံးနီးပါး ပြန်လည်ဖွင့်လှစ်ထားသော်လည်း လာရောက်လည်ပတ်သူ နည်းပါးနေဆဲဖြစ်

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ် ကန်ဘောင်ရှေ့ရှိ မြန်မာပလာဇာတွင် ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်ထားသော်လည်း ပြည်သူများက သပိတ်မှောက်ထားဆဲဖြစ်သောကြောင့် ယခင်ကဲ့သို့ စည်ကားနေခြင်းမရှိဘဲ လူသူခြောက်ကပ်နေပြီး စစ်ကောင်စီ လက်အောက်ခံ ရဲများကလည်း လုံခြုံရေးယူထားဆဲဖြစ်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက်တွင် မြန်မာပလာဇာသို့ လာရောက်လည်ပတ်သူ အနည်းငယ်သာရှိပြီး အများစုမှာ နိုင်ငံခြားသားများဖြစ်သည်။

မြန်မာပလာဇာအတွင်း ဆန္ဒပြသည့်လူငယ်များကို လုံခြုံရေးများက နိုဝင်ဘာလ ၂၅ ရက်တွင် ထိုးကြိတ်ဖမ်းဆီးခဲ့ခြင်းကြောင့် အများပြည်သူက ထိုပလာဇာသို့ မသွားလာခြင်းဖြင့် သပိတ်မှောက်ထားပြီး ဆိုင်ခန်းပိုင်ရှင်များကလည်း ဆိုင်များပိတ်ကာ ပြည်သူနှင့်အတူ ရပ်တည်ခဲ့ကြသည်။ ဆိုင်အားလုံးနီးပါး ပိတ်ခဲ့သည့်အတွက် စစ်ကောင်စီက ဆိုင်ခန်းပိုင်ရှင်များကို ဖိအားပေး အကြပ်ကိုင်မှုများရှိကြောင်း ဆိုင်ခန်းပိုင်ရှင်တချို့ထံက သိရသည်။

“အစ်မတို့တွေရဲ့ မြန်မာပလာဇာကဆိုင်ကို ပြန်ဖွင့်ရမယ်ဆိုပြီး ဖေစ့်ဘွတ် ပေ့ချ်တွေမှာ ပိုစ့်ပြန်တင်ရပါတယ်။ ခုဆို ပိုစ့်မှာ နားလည်ကြတဲ့သူတွေရှိသလို တချို့ကျလည်း ဇွတ် သိတဲ့အတိုင်းပါပဲ။ နိုဝင်ဘာလ ၂၉ ရက်နေ့က ဝန်ကြီးချုပ်နဲ့ ခံဝန်ထိုးခဲ့ပြီးတာတောင် ၃၀ ရက်နေ့မှာ ခရိုင်အဆင့် ထပ်ထိုးရမယ်ဆိုလား ခေါ်ထားသေးတယ်။ အိမ်တွေကိုလည်း လိုက်တယ်။ အဲ့လိုတွေရှိပါတယ်”ဟု ပလာဇာအတွင်း ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ၎င်းကြုံတွေ့ခဲ့ရသည့်အဖြစ်ကို ပြောသည်။

ယခင်က ဈေးဝယ်သူများ၊ လာရောက်လည်ပတ်သူများဖြင့် အလွန်စည်ကားခဲ့သော မြန်မာပလာဇာတွင် ယခုအခါ တံခါးတစ်ဝက်ချပြီး ဖွင့်သည့်ဆိုင်ခန်းနှင့် ပစ္စည်းအားလုံးသိမ်းပြီး အရောင်းရပ်နားထားသည့် ဆိုင်ခန်းအနည်းငယ်လည်းရှိနေသည်။ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး “အရင်နေ့တွေက ဝယ်သူတွေမရှိဘူး၊ ဒီနေ့မှပြန်ဝင်လာတာ။ မြင်တဲ့အတိုင်းပါပဲ။ ညီမတို့က ဝန်ထမ်းတွေဆိုတော့ ကြားညပ်နေတယ်။ ပြန်ဖွင့်တော့လည်း ပြန်ရောင်းနေရပါတယ်” ဟု ဆိုင်ခန်းတစ်ခန်းမှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့အပြင် မြန်မာပလာဇာ ဧရိယာအပြင်ဘက်တွင် ရဲအင်အားအနည်းငယ် လုံခြုံရေးယူထားပြီး အတွင်းထဲရှိ အလွှာတစ်ခုခြင်းစီ၌ ပလာဇာ လုံ ခြုံရေး ဝန်ထမ်း သုံးဦးမှ ငါးဦးအထိ စောင့်ကြပ် ကြည့်ရှုနေကြောင်း သိရသည်။ ယခင်က ပလာဇာ၏ အဓိက ဝင်ပေါက်နှင့် စက်မှု (၁) လမ်းမပေါ်တွင် အဌားယာဉ်ကားများ ပြည့်ကျပ်နေအောင် ရပ်နားထားလေ့ရှိသော်လည်း ယခုတွင် အဌားယာဉ်မောင်းအများစုပါ သပိတ်မှောက်ရာ တွင် ပါဝင်ခဲ့သောကြောင့် ပလာဇာသို့ ကားအသွားအပြန် အဌားမလိုက်လိုကြတော့ပေ။

ထို့အပြင် ပလာဇာထဲရှိ စားသောက်ဆိုင်များမှ မှာယူသည်ကို ပို့ဆောင်ပေးသည့် Delivery ဝန်ထမ်းများက ဝန်ဆောင်မှု ရပ်နားထားကြသည်။ မြန်မာပလာဇာတွင် ခရစ္စမတ်ကာလ အဖြစ် ဒီဇင်ဘာလ၂၁ မှ ၃၁ ကာလ အတွင်း မြန်မာကျပ် ၃၀‚၀၀၀ ဖိုးနှင့်အထက် လာရောက်ဝယ်ယူအား ပေးသူတိုင်း ကံစမ်းမဲ လက်ဆောင်များ ချက်ချင်း ရယူနိုင်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်အထိ အခမဲ့ကားရပ်နားခွင့် လေးနာရီအထိ ပေးထားကြောင်းလည်း Myanmar Plaza Facebook Pageတွင် ကြေညာထားသည်။ mizzima

မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားရင်း အာဆီယံသိက္ခာကို ဖြိုလှဲမယ့် ဟွန်ဆန်

တစ်ယောက်ယောက်ကများ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟွန်ဆန်ကို မြန်မာပြည်က မီးရှို့ခံထားရတဲ့ မြို့တွေ ရွာတွေ ရဲ့ ဓာတ်ပုံပြပေးလို့ရမလား။ မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင် တသိုက်ဟာ ပြည်သူလူထုအပေါ် စစ်ဆင်နွဲနေတယ်။ ဟွန်ဆန်က ဒါကို အားပေးအားမြှောက်လုပ်ဖို့ရှိနေတယ်။မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးအဖွဲ့ရဲ့ မကြာခင်က အစီရင်ခံစာမှာ ခုလိုဖေါ်ပြထားပါတယ်။

“ စစ်အာဏာရှင်များ၏ မြန်မာပြည်သူတို့အပေါ် ကျူးလွန်သည့် ရက်စက်မှုများသည် မျက်မှောက်ခေတ် အခြား ကမ္ဘာ့နေရာများမှလူ့အခွင့်အရေးဖေါက်ဖျက် ရက်စက်မှုများထက် လွန်ကဲပြင်းထန်ပါသည်။ မနှိုင်းယှဉ်သာလောက်အောင်ပင် ဖြစ်ပါသည်။ ဖေဖေါ်ဝါရီ ၁ ရက်အာဏာသိမ်းမှုနောက်ပိုင်း တပ်မတော်၏ လုပ်ရပ်များသည် နိုင်ငံတကာဥပဒေအရအကြမ်းဖက်မှုမြောက်သည်မှာ ရှင်းနေပါသည်။

” မြန်မာပြည်ကို ဇန်နဝါရီ လမှာလာပြီး အကြမ်းဖက်စစ်ခေါင်းဆောင်ချုပ် မင်းအောင်လှိုင်နဲ့တွေ့တာ၊ တစ်ချိန်တည်းမှာ အမှန်တကယ် လူထုကိုယ်စားပြုတဲ့ NUG အစိုးရနဲ့မတွေ့တာဟာ ဟွန်ဆန်အနေနဲ့ အကြမ်းဖက်ပဋ္ဋိပက္ခကို အရှိန်လျှော့အောင်လုပ်တာမဟုတ်ပါဘူး။ ဟွန်ဆန်ဟာ မအလရဲ့ တရားမဝင်အာဏာချုပ်ကိုင်ဖို့လုပ်တာကို အားပေးတာပဲဖြစ်ပါလိန့်မယ်။

မအလရဲ့ စစ်ရာဇဝတ်မှုတွေ ပြည်သူအပေါ်ကျူးလွန်နေတဲ့ လူသားမျိုးနွယ် အပေါ်ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုတွေကို အားပေးရာလည်း ရောက်ပါတယ်။ ဟွန်ဆန်ရဲ့ အလည်အပတ်ခရီးသာဖြစ်ခဲ့ရင် မြန်မာပြည်သူတွေကြားက အာဆီယံဂုဏ်သိက္ခာကို နောက်ဆုံး ပိတ်အပြီးသတ်ပေးသလို ဖြစ်ပါမယ်။ နိုင်ငံတကာ အလယ်က အာဆီယံဂုဏ်သိက္ခာလည်းပြိုလဲပါမယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ခင်ဗျား အိမ်မှာသာနေပါ။

(Igor Blazevic သည် မြန်မာ့အရေးကို အစဉ်တစိုက် အကူအညီနေသူတစ်ဦးဖြစ်သည်) khit thit

ရန်ကုန်သုံးခွမြို့နယ်တွင် ရိက္ခာတင်လာသောစစ်ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံး၊ လမ်းပိတ်ထား

ရန်ကုန်တိုင်း၊သုံးခွမြို့နယ်တွင် ရိက္ခာတင်လာသော စစ်ကား ၂ စီးကို သုံးခွမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နံနက် ၈ နာရီခွဲတွင် မိုင်းခွဲတိုက် ခိုက်ရာ စစ်သား ၂ ဦး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် ခရမ်းချန်နယ်က ပြောသည်။ သုံးခွမြို့နယ် လက်ပံကျိုးကျေးရွာတွင် ယနေ့မနက် ၈ နာရီခွဲခန့်က အကြမ်း ဖက်စစ်တပ်အတွက် ရိက္ခာတင်ဆောင်လာသော စစ်ကားနှစ်စီးကို သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TYF)က အဝေးထိန်းမိုင်း ၅ လုံးဖြင့် မိုင်းခွဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ လက်ရှိတွင် ၂ ဦးသေဆုံးထားကြောင်းသိရပြီး အထိအခိုက်အကျအဆုံးများမည်ဖြစ်ကြောင်း သုံးခွ-TYF တာ ၀န်ရှိသူတစ်ဦးကပြောသည်။ ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပေါက်ကွဲမှုဖြစ်ပွားရာအနီးအနားတ၀ိုက်တွင် ရမ်းသမ်းပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

`ကျွန်တော်တို့ အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲခဲ့ပါတယ်၊ သူတို့က ကား ၂စီးနဲ့လာတာ၊ ကားအကြီးတစ်စီး အသေးတစ်စီးပါ၊ ကျနော်တို့က ဘာကားမှန်း မသိပါဘူး၊ စစ်ကားဆို တီးတာပဲ၊ ရှေ့က ကားကြီးက ဖင်ပိုင်းလောက်ပဲမှီတယ်၊ မိုင်းကွင်းထဲက နောက်ကားမိတာ။ အားလုံးပေါင်း ၆ လုံးခွဲခဲ့တာပါ၊ တစ်လုံးချို့ယွင်းမှုဖြစ်သွားလို့ ၅လုံးပဲပေါက်သွားတယ်။ အပြန်အလှန်ပစ်တာမျိုးတော့မရှိပါဘူး၊

သူတို့ဘက်က မိုင်းအလုံးအရေများလို့ ရမ်းပစ်တာ၊ ကျွန်တော်တို့ကမိုင်းကွင်းထဲ ထည့်သတ်တာပါ၊ လူနာတင်ယာဥ် တွေလည်းသွားနေတယ်၊ လက်ရှိ ၂ ဦးသေထားတယ်လို့ သိရတယ်၊ အခုလည်း ခရမ်း-သုံးခွဘက်အဝင်ပိတ်လိုက်ပြီ။ ကျွန်တော်တို့က ပြည်သူတွေ မထိခိုက်အောင်နဲ့ ရမ်းသမ်းပြီးအဖမ်းမခံရအောင် စီစဥ်ထားတာပါ၊ သုံးခွမြို့ သွေးမအေးကြောင်းပြတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာပါ၊

ကျွန်တော်တို့ တနေ့မှ သွေးမအေးပါဘူး၊ ပြည်သူတွေ အသွားအလာ သတိထားဆင်ခြင်ပေးကြပါ၊ ကျွန်တော်သုံးခွ ကိုချစ်တယ်၊ ကျွန်တော့်အသက်ကို သုံးခွ လွတ်မြောက်ဖို့ အပေါင်တင်ထားပီးသားပါ´ ဟု သုံးခွ-TYF တာ၀န်ရှိသူတစ်ဦးကဆိုသည်။ထို့ပြင် ၎င်းက သုံးခွမြို့ပြည်သူ များကို အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာနေရာများတွင် သွားလာခြင်းမပြုရန်၊ အသွားအလာသတိထားဆင်ခြင်ပေးကြပါရန် သတိ ပေးပြောဆိုသည်။ khit thit

ကရင်နီစစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူ များ သောက်သုံးရေအခက်ကြုံ

ကယားပြည်နယ်အတွင်း စစ်ရှောင်တွေအများဆုံးခိုလှုံနေထိုင် နေကြတဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေထဲမှာ ရေရှားပါးမှုကြောင့်  ဒေသခံပြည်သူတွေ  သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

အဆိုပါ ဒေသတွေဟာ မူလကတည်းက ရေရှားပါးတဲ့အတွက် ရေအခက်အခဲရှိခဲ့တဲ့ဒေသဖြစ်ပြီး အခုလက်ရှိအချိန်မှာ ရေမလုံလောက်တော့တဲ့နေအထားဖြစ်သလို လာမယ့်လတွေမှာ ပိုပြီး အခက်အခဲဖြစ်လာနိုင်တယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ လူသားချင်းစာနာထောက် ထားမှုကော်မတီ တာဝန်ရှိသူတဦးဖြစ်တဲ့  ခွန်းမြင့်နိုင်က ပြောပါတယ်။

“ကျနော်တို့ စစ်ဘေးရှောင်အများဆုံးကတော့ ဒီးမော့ဆိုနဲ့ မိုးဗြဲ၊ ဖယ်ခုံပေါ့။ အဲဒီမှာ ရှိနေတဲ့ ပြည်သူလူထုတွေက အနောက်ဘက်ခြမ်းကိုပဲ ပြေး ကြတယ်။ ဒီအနောက်ဘက်ခြမ်းဆိုတာ ရေအရမ်းခက်ခဲတဲ့ဒေသ ဖြစ်တယ်။ တချို့အိမ်တွေက မိုးရေလှောင်ကန်တွေ သူတို့လှောင်ထားတဲ့ ဟာတွေက တနှစ်စာအတွက် သူတို့ မျှော်လင့်ထားတဲ့ဟာတွေက ရေက အဆင်မပြေတော့ဘူး။ ရေကအခုကတည်းက ကုန်သလောက် ဖြစ်နေတယ်။ တမိသားစု သုံးတဲ့ဟာကို မိသားစု သုံး လေး ငါးခု ဝိုင်းပေါင်းသုံးကြတဲ့အတွက်ကြောင့်မို့ မိုးရွာရင် ရွာသလို ရတယ်။ ဒါပေမဲ့ အခု မိုးမရွာတော့တဲ့အတွက် ရေက ကုန်သလောက် ဖြစ်နေပြီ။ ဆိုတော့ ရေက ဘယ်လိုလုပ်ရသလဲ ဆိုတော့ ဟိုးလွီးကထီးတို့ ဒီ ၁၀ မိုင် ၁၅ မိုင်လောက်ဝေးတဲ့နေရာမှာ ဆင်းခပ်ရတဲ့အခါ ရှိတယ်။ ဆင်းခပ်တဲ့အခါမှာ ထော်လာဂျီစက်နဲ့ လိုက်ရောင်းတဲ့သူဆီကနေ ဝယ်ရတာတွေရှိတယ်။ အလှူခံရတာတွေ ရှိတယ်။”

ဒါကြောင့် ဒီလို သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် ရေရရှိဖို့ အရေးပေါ် ကူညီမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

“လူတွေကတော့ ရေလိုအပ်ချက် ကြီးမားနေတယ်။ ခါတိုင်းနှစ် ဒီလိုမျိုး လူအုံနဲ့ကျင်းနဲ့ မရှိတာတောင် နွေရာသီ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလက စပြီး ရေခန်းခြောက်တာတွေ များနေတော့ ရေပြဿနာ နဂိုကတည်းက ရှိထားတဲ့ ဒေသဖြစ်တယ်။ ဒီနှစ်တော့ ရေပြဿနာ ပိုပြီး အကြီးအကျယ်ဖြစ်မယ့်အနေအထားပဲ”

ဒီလို ရေရှားပါးမှုကြောင့် လူမှုရေးနဲ့ ကျန်းမာရေးပြဿနာတွေပါ နောက်ဆက်တွဲဖြစ် ပေါ်လာနေတဲ့ အနေအထားမှာ ရှိတယ်လို့လည်း ပြောပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ နှစ်စဉ် ရေရှားပါးမှုနဲ့ကြုံတွေ့ခဲ့ရပြီး ဖေဖော်ဝါရီလကလည်း သောက်သုံးရေတွေ ခန်း ခြောက် ပြီး ဒေသခံတွေ ရေရှားပါးမှုနဲ့ ကြုံတွေ့ခဲ့ရ ပါတယ်။ DVB

« Older Entries