Monthly Archives: Dec 2021

ရေစကြိုနှင့်မြင်းခြံ PDF အဖွဲ့ပူးပေါင်းပြီး တာဝေးပစ်စိန်ပြောင်း ထုတ်လုပ်

မြင်းခြံမြို့ PDF အဖွဲ့နဲ့ ရေစကြိုမြို့ ရေလယ်ကျွန်းဒေသက PDF အဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီး တာဝေး ပစ် အဝေးထိန်းစိန်ပြောင်း ထုတ်လုပ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

စမ်းသပ်ထုတ်လုပ်မှုမှာ ၁၅ ရက် ဝန်းကျင်လောက် ကြာမြင့်ခဲ့ပြီး စိန်းပြောင်းနဲ့ ထည့်ပစ်ရတဲ့ အသီး ပြုလုပ်စဉ်မှာ အခက်အခဲတွေရှိခဲ့တယ်လို့ PDF အဖွဲ့တွေက ထုတ်ပြန်ကြေညာထားပါတယ်။

ရေစကြိုမြို့ ရေလယ်ကျွန်းဒေသတွေမှာ စစ်ကောင်စီတပ်က  မကြာခဏ ဝင်ရောက် ပစ်ခတ်လေ့ရှိပြီး ကျေးရွာဒေသခံတွေလည်း ထိမှန်သေ ဆုံးမှုတွေ၊ ကျွဲနွားသေဆုံးမှုတွေ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေကို ကာကွယ်တိုက်ထုတ်နိုင်ဖို့အတွက် အခုလိုလက်နက်တွေကို တီထွင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီကို တွန်းလှန်တိုက်ထုတ်ရာမှာ  စစ်ကောင်စီဘက်က လက်နက်တွေက ရှိပြီးသားဖြစ်ပေမယ့်လည်း ဒေသခံ PDF တွေအတွက်ကတော့ ဘာလက်နက်မှမရှိတဲ့အတွက် အခုလို တီထွင်ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။

“စမ်းသပ်ထုတ်လုပ်နေတာတော့ ၁၅ ရက်ဝန်းကျင်လောက်ကြာတယ်ဗျ၊ စိန်ပြောင်းရယ်ထည့်ပစ်ရ တဲ့ အသီးရယ်အတွက် အခက်အခဲတွေရှိတယ်။ ဘာကြောင့်လုပ်ခဲ့ရလဲဆိုရင် လက်နက်ကြီးဆိုတာက ဝယ်ယူဖို့မတတ်နိုင်ဘူးဗျ၊ အဲ့တော့ ကိုယ်တိုင်တီထွင် ပြီးစမ်းသပ်ထုတ်ရတာပေါ့။ လက်နက်ကြီးတွေက စကစမှာက ရှိတယ်လေ၊ ကျနော်တို့မှာက အခုလို ထုတ်လုပ်မှ ရနိင်တာပါ” လို့ MG6  ပြောက်ကျားတပ်အဖွဲ့က တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၁  ရက်နေ့ကလည်း ရေစကြိုမြို့ ရေလယ်ကျွန်းကျေးရွာတွေဖြစ်တဲ့ ရွှေလှံကျေးရွာတွေမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ် ခတ်ခဲ့တာကြောင့် ကျေးရွာထဲက ပြည်သူတွေ ကျေးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဇရပ်အတွင်း နားနေတဲ့ လူငယ်တစ်ဦးလည်း ပစ်သတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်ပြီး နေအိမ်အတွင်းက ငွေကြေးနဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ DVB

စစ်ကောင်စီက နေပြည်တော်ရှိ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးခန်းကို ဆက်ဖွင့်ခွင့်မပြု

နေပြည်တော်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရုံးခန်းကို ဆက်ဖွင့်ခွင့် မပြုတော့ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးက ဒီဇင်ဘာလ ၂ဝ ရက်တွင် ထုတ်ပြန်သည်။

ယင်းရုံးခန်းသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသရန် အရပ်သား အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် နေ ပြည်တော်၌ စတင်ဖွင့်လှစ်ခွင့် ပြုခဲ့သည့် ရုံးခန်းဖြစ်သည်။မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှာရနာ ဘာဂနာ၏ တာဝန်ပြီးဆုံးပြီ ဖြစ်သည့်အတွက် ၎င်းရုံးခန်းကို မြန်မာနိုင်ငံတွင် ဆက်လက်မထားရန် ဆုံးဖြတ်ခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကုလသမဂ္ဂကို ဒီဇင်ဘာလ ၂ဝ ရက်တွင် အကြောင်းကြားခဲ့သည်။

ရုံးဆက်ဖွင့်ခွင့် မပြုကြောင်း စစ်ကောင်စီ၏ အကြောင်းကြားမှုအပေါ် လက်ရှိအချိန်အထိ ကုလသမဂ္ဂက တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပေ။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဆွစ်ဇာလန်နိုင်ငံသူ မစ္စခရစ္စတင်းရှာရနာ ဘာဂနာ သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကုန်တွင် လုပ်ငန်းတာဝန် ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် အဖြစ် စင်္ကာနိုင်ငံသူ မစ္စနိုလင်းဟေဇာကို ခန့်အပ်ကြောင်း ကုလသမဂ္ဂက အောက်တိုဘာလ ၂၅ ရက်တွင် ကြေညာထားသည်။ mizzima

NUG လမ်းညွှန်မှုအောက်ရှိ ဒီးမော့ဆို PDF တပ်ရင်း (A) သင်တန်းဆင်းပွဲ ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG လမ်းညွှန်မှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဒီးမော့ဆို တပ်ရင်း A ၏ အခြေခံစစ်သင်တန်းဆင်းပွဲကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းဆင်းပွဲကို NUG အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးချုပ်က ဂုဏ်ပြုလွှာပေးပို့ခဲ့ပြီး ဒီး​မော့ဆို PDF၏ ဗဟို​စစ်​ကော်မရှင် ၀င်များ၊ ဘာသာ​ရေး​ဆရာ​တော်များ၊ EAOsတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မဟာမိတ်တပ်ဖွဲ့၀င်များနှင့် မိဘပြည်သူများတက်ရောက်ချီးမြှင့်ခဲ့ကြောင်း ဒီးမော့ဆို PDF မှ သတင်းထုတ်ပြန်သည်။ khit thit

ထိုင်းဘက်ရောက် စစ်ရှောင် ၂၀၀ ကျော် နေ ရပ်ပြန်

စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်း စစ်ဘေးရှောင်စခန်းမှာ ထွက်ပြေးခိုလှုံနေသူတွေထဲက ၂၀၀ ကျော် ဒီနေ့ နေရပ်ပြန်သွားကြတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကနေ ထွက်ပြေးသွားတဲ့ စစ်ရှောင် ၂၁၉ ဦးဟာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ တိုက်ပွဲသံ မကြားရတော့တာကြောင့် မိမိဆန္ဒအလျောက် ထိုင်းစစ်ရှောင်စခန်းကနေ မြဝတီမြို့ ဖလူးလေးရွာကို ပြန်လာကြတာလို့ ဆိုပါတယ်။

နေရပ်ပြန်သွားသူတွေကတော့ ကျား ၁၁၃ ဦး၊  မ ၆၅ ဦးနဲ့ ကလေး ၄၁ ဦး ပါဝင်တယ်လို့ ထိုင်းစစ်တပ် ကောက်ယူထားတဲ့စာရင်းအရ သိရပါတယ်။

ဆန္ဒအလျောက် နေရပ်ပြန်သူတွေဟာ နှစ်ဘက် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာပါက ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်လာကြဦးမယ်လို့ ထိုင်းဘက်ခြမ်း စစ်ရှောင်စခန်းမှာ နေသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း ထိုင်းဘက် တိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူ ၁၃၀ ကျော်ကို ထိုင်းတာဝန်ရှိသူတွေက နယ်ခြားစောင့်တပ် (BGF) ဆီ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တို့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း ဒုက္ခသည်စခန်းတွေမှာ စစ်ရှောင် ၄၀၀၀ ဝန်းကျင်နဲ့ မြန်မာနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက်မှာ ၄၀၀၀ ဝန်းကျင်ရှိနေတယ်လို့ မြဝတီမြို့နယ် ဖလူးကျေးရွာ ဥက္ကဋ္ဌဟောင်းက အတည်ပြုပြောပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်က ကေအန်ယူနယ်မြေ လေးကေ့ကော်ဒေသကို  စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်လာရာက KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၁ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KNLA ၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။ DVB

လက်ပံတန်းမြို့နယ်တွင် လူငယ် ၁ ဦးကို စစ် တပ်က ပစ်သတ်၊ အလောင်းပြန်မပေး

ပဲခူးတိုင်းအနောက်ခြမ်း၊ မိုးညိုမြို့နယ်၊ နှမ်းကုန်းကျေးရွာစစ်ဆေးရေးဂိတ်အနီးမှာ ဒီဇင်ဘာ ၁၉ ရက် နေ့ည ၁၀ နာရီဝန်းကျင်က ဆိုင်ကယ်စီးပြန်လာတဲ့ လူငယ် ၁ ဦး စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ စီးနင်းလာတဲ့ ဆိုင်ကယ်ကိုလည်း ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားဖြစ်သူ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ လူငယ်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ဆင်မနီအုပ်စု၊ မိုးဆယ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မောင်ဆန်းမင်း ဖြစ်တယ်လို့ သိရပါတယ်။

မောင်ဆန်းမင်းရဲ့ မိသားစုဝင်တဦးက “ကလေးက အလုပ်ကပြန်လာတာ ပိုက်ဆံရရမှာကို စောင့်နေရင်းနဲ့ နောက်ကျသွားတာ။ ကလေးရဲ့ အလောင်းလည်း အခုထိပြန်မပေးသေးဘူး။ ကလေးနဲ့အတူပါလာတဲ့ ပိုက်ဆံ ၇ သိန်းကျော်နဲ့ ဆိုင်ကယ်ရယ်လည်း သိမ်းသွားတယ်။ ပြန်မပေးသေးဘူး။ ကလေးက အဖြစ်ဆိုးလိုက်တာ” လို့ ပြောပါတယ်။

မိုးညိုမြို့နယ်၊ နှမ်းကုန်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းတွေနဲ့ ပျူစောထီးအဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး သေနတ်ပစ်ခတ်ခံရတာကြောင့် မောင်ဆန်းမင်းဟာ နောက်ကျောထိမှန် ထုတ်ချင်းဖောက်ထွက်ဒဏ်ရာရရှိကာ သေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သေဆုံးသူ မောင်ဆန်းမင်းရဲ့ဆိုင်ကယ်နဲ့အတူ ရှေ့နောက်မောင်းနှင်လာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး တို့ ဆိုင်ကယ်လည်း ပစ်ခတ်ခံရလို့ ဆိုင်ကယ် မောင်းနှင်သူ အမျိုးသား ပေါင်ကို ကျည်ဆန်ထိမှန်ပြီး ဆိုင်ကယ်လည်းပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သေသွားတဲ့ကောင်လေးရယ်။ ဆိုင်ကယ်အတူစီးလာတဲ့ ၂ ယောက်ရယ်။ ဆိုင်ကယ် ၂ စီးရယ်ကို စစ်ကောင်စီတပ်သားတွေက ကားနဲ့တင်သွားတယ်။”

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွိဘီက လက်ပံတန်းမြို့နယ်နဲ့ မိုးညိုမြို့နယ်တို့က မြို့မရဲစခန်းတွေဆီကို အကြိမ်ကြိမ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပေါင်မှာ သေနတ်ထိမှန်တဲ့ အမျိုးသားနဲ့ အမျိုးသမီးကိုတော့ ဒီဇင်ဘာ ၂၀ ရက်နေ့မနက်က စစ်ကောင်စီတပ်တွေက ပြန်လွှတ်ပေးလိုက်ပြီး ဆေး ကုသမှုခံယူနေရကာ အမျိုးသားဖြစ်သူ ခြေထောက်ဖြတ်ရမယ့်အဆင့်အထိ ဖြစ်နေတယ်လို့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ DVB

ခင်ဦးမြို့နယ်တွင် စစ်ထရပ်ကားနှစ်စီး မိုင်းဆွဲခံရ၊ ၄ ဦးခန့်သေဟု ဆို

ယမန်နေ့ (ဒီဇင်ဘာ ၂၀) မွန်းတည့်ချိန်တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (PDF) က စစ်ထရပ်ကား နှစ်စီးကို  မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးသွားသည်ဟု သိရသည်။  

ရိက္ခာတင်ကားနှစ်စီးကို ရွှေဘိုမြို့နယ်ဘက်မှ ဗျူဟာလမ်းအတိုင်းမောင်းနှင်လာစဉ် ခင်ဦးလမ်းဆုံအကျော်၊ အလယ်လျှိုကျေးရွာတောင်ဘက်၊ မောဟချောင်းတံတားအနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ခင်ဦး PDF တာဝန်ခံတစ်ဦးက ပြောသည်။

“အတိအကျတော့ ၄ ယောက်ပဲ၊ ပိုရင်လည်းပိုမယ်။ ဒဏ်ရာရတဲ့သူတွေ သက်သက်ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။

ကားတစ်စီး မိုင်းထိပျက်စီးသွားခဲ့သည့် ထိုနေရာသို့ ခင်ဦးမြို့နယ်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကား ၆ စီး၊ ဆိုင်ကယ် ၅ စီး ရောက်လာကာ အနီးအနားပတ်ဝန်းကျင်ကို ပစ်ခတ်ကြောင်း၊ လမ်းဆုံတွင် ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးကြောင်း သူက ဆက်ပြောသည်။  

“လမ်းဘေး တောထဲကို လျှောက်ပစ်တာပေါ့။ တစ်ဒိုင်းဒိုင်းနဲ့ စစ်ဆေးတာတွေတော့ ရှိတယ်။ အဖမ်းခံရတာ၊ အပစ်ခံရတာတွေတော့ မရှိဘူး” ဟု ဆိုသည်။

လက်ရှိတွင် မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားကြောင်း၊ စစ်ကောင်စီကို ထောက်ခံသည့် အရပ်ဝတ်လက်နက်ကိုင် (ပျူစောထီး) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဖြတ်သွားဖြတ်လာ ကား၊ ဆိုင်ကယ်များကို ငွေကြေးတောင်းခံနေကြောင်း ၎င်းထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သည် စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ယခုအထိ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မှုအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီက ဒေသခံများကို ပစ်ခတ်သတ်ဖြတ်သကဲ့သို့ ဒေသကာကွယ်ရေးအဖွဲ့များကလည်း ရရာလက်နက်ဖြင့် ခုခံတိုက် ခိုက်နေကြသည်။

ခင်ဦးမြို့နယ်အတွင်း ယမန်နေ့ လက်လုပ်မိုင်းဆွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဌာနက စစ်ရေးသတင်းအကျဉ်းချုပ်တွင် ထည့်သွင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ myanmar now

မြိုင်မြို့နယ် တောင်ပိုင်းတွင် စစ်ကောင်စီက ဝါ ဒဖြန့်စာရွက်များ ရဟတ်ယာဉ်ဖြင့် လိုက်လံ ကျဲချ

မကွေးတိုင်း မြိုင်မြို့နယ် တောင်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ရဟတ်ယာဉ်ဖြင့် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဝါဒဖြန့်စာရွက်များ လိုက်လံ ကျဲချခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ ရဟတ်ယာဉ်များသည် မြိုင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာအားလုံးကို ဝါဒဖြန့်စာရွက်များ လိုက်လံ ကျဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဒီနေ့ ကျွန်တော်တို့ မြိုင်တောင်ပိုင်းမှာမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို စစ်တပ်ရဲ့ ဝါဒဖြန့် စာရွက်တွေ လိုက်ကျဲတယ်။ မြိုင်နယ်တောင်ပိုင်းက တိပိဋက ဆရာတော် ထွက်ခဲ့အောင် ပညာတတ်ကြတယ်။ စစ်တပ်က အကြမ်းဖက်အဖွဲ့ဆိုတာ ပြည်သူ အားလုံးသိတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ပုလဲ – ဂန့်ဂေါလမ်းပိုင်းတွင် အထိနာနေသည့် စစ်ယာဉ်တန်း

ပုလဲမြို့မှ ဒီဇင်ဘာလ ၁၄ ရက်တွင် စတင် ထွက်ခွာလာသော ကား ၅၈ စီးပါ စစ်ကောင်စီ ယာဉ်တန်းသည် ပုလဲ-ဂန့်ဂေါ လမ်းတစ်လျှောက် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ၏ ချုံခိုမိုင်းခွဲ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ပုံမှန်အားဖြင့် ပုလဲနယ်မှ ဂန့်ဂေါနယ်ထဲသို့ ရောက်ရန် တစ်နာရီ အချိန်ခန့်ဖြင့် မောင်းနှင်နိုင်သော်လည်း အဆိုပါ စစ်ယာဉ်တန်း ပုလဲမြို့မှ ထွက်ခွာလာသည်မှာ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် တစ်ပတ် ပြည့်ပြီ ဖြစ်သည်။

တစ်ပတ်ပြည့်သည့် နေ့မှပင် ထိုစစ်ယာဉ်တန်းသည် ဂန့်ဂေါနယ်ထဲသို့ ရောက်တော့သည်။ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင်လည်း နံနက် ၂ နာရီမှ စကာ ဗိုလ်နဂါး ဦးဆောင်သည့် ဒေသခံ တော်လှန်ရေးအဖွဲ့က မိုင်းအလုံးရေ ၆၀ ကျော်သုံးပြီး နေရာသုံးခုတွင် ထိုစစ်ကြောင်းအား ဖောက်ခွဲတိုက်ခိုက် လိုက်သည်။ “ပုလဲမြို့နယ်ထဲကို ဝင်လာတုန်းကတော့ ကားက ၅၈ စီး။ တစ်လမ်းလုံး မိုင်းခွဲခံရလိုက်၊ နောက်ကြောင်း ပြန်ဆုတ်တဲ့ အစီးတွေကလည်း ဆုတ်လိုက်၊ ပြန်အင်အားဖြည့်လိုက်နဲ့ တဖြည်းဖြည်းချင်း ရွေ့နေတာ” ဟု ပုလဲနယ်မှ တော်လှန်ရေးခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

ဒေသခံတော်လှန်ရေးတပ်များ စစ်ကောင်စီတပ်ကို ယနေ့ နေရာသုံးနေရာတွင် တိုက်ခိုက်ခဲ့ရာ ပုလဲ-ဂန့်ဂေါ လမ်းမပေါ်ရှိ ၅၈ မိုင်နှင့် ၅၉ မိုင်တွင် တစ်ကြိမ်၊ အင်တောပြန့်ရွာ အနီးတွင် တစ်ကြိမ်နှင့် ခင်အေးရွာ အနောက်ဘက်တွင် တစ်ကြိမ်တို့ ဖြစ်သည်။ “ဒီနေ့ဆိုရင် ပုလဲ-ဂန့်ဂေါ လမ်း ၅၈ မိုင်နဲ့ ၅၉ မိုင်ကြားမှာဆိုရင် မိုင်း ၄၁ လုံးကွဲတယ်။ ကျွန်တော်တို့ မိုင်းတွေက ပြင်းအားကြီးတဲ့ မိုင်းတွေ။ မီးလောင်တာမျိုးတော့ မရှိဘူးပေါ့။ ကားပေါ် ပါလာတဲ့ သူတွေကိုတော့ ထိခိုက်နိုင်တယ်။ ပြင်းအားက ဘယ်လောက်ရှိလဲဆိုရင် ကားတစ်စီး ပက်လက်ကို လန်သွားတာဗျာ။ ပေါက်တာကလည်း အတွဲလိုက်ဆိုတော့ အားအဲ့လောက်ထိ ပြင်းတယ်။ သူတို့ဘက်ကလည်း မိုင်းကွဲပြီဆိုတာနဲ့ ပြန်ပစ်တော့တာပဲ” ဟု မိုင်းမိသည့် စစ်ကောင်စီ ယာဉ်တန်း အခြေအနေကို ဗိုလ်နဂါးက ပြောသည်။

အဝေးမှ ထိန်းချုပ်ရသည့် မိုင်းများ အသုံးပြု တိုက်ခိုက်ကာ တူမီးများနှင့် ဝိုင်းဝန်းပစ်ခတ်သည့် အတွက် စစ်ကောင်စီတပ်သားများ အသေအ ပျောက် များနိုင်သည်ဟု ဗိုလ်နဂါးက သုံးသပ်သည်။ သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ ရုပ်ပုံများနှင့် မှတ်တမ်းများကိုမူ တိုက်ပွဲအ ကြား မှတ်တမ်းတင်ရန် ခက်ခဲသည့်အတွက် အရေအတွက် အတည်မပြုနိုင်ကြောင်း ၎င်းက ပြောသည်။ စစ်ကောင်စီသည် လွန်ခဲ့သည့် ဒီဇင် ဘာလ ၁၇ ရက်တွင် ဂန့်ဂေါနယ်ရှိ နှမ်းခါးရွာကို စစ်ရဟတ်ယာဉ် ခြောက်စီး အသုံးပြုကာ တိုက်ခိုက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

“ကြာလေ တိုက်ပွဲက ပြင်းထန်လေပေါ့ဗျာ။ ဒါပေမဲ့ တစ်ခုရှိတာက တစ်နေရာထဲမှာ တိုက်ပွဲ ပြင်းထန်နေမယ်ဆိုရင်တော့ စစ်ကောင်စီက အဲ့ဒီနေရာကို အင်အားသုံးပြီး ဖိနိုင်တာပေါ့။ တစ်နိုင်ငံလုံး နယ်အနှံ့ကသာ ထကြွမယ်ဆိုရင် စစ်တပ်က စစ်မျက်နှာ ဖြန့်ရမှာ။ ဒါဆိုရင်တော့ ပိုပြီး လွယ်လွယ်ကူကူနဲ့ စစ်ကောင်စီကို ဖြုတ်ချနိုင်မယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် လက်ရှိတွင် သွေးပျက်နေသည့်အကြောင်းလည်း ဗိုလ်နဂါးက ပြောသည်။ “အရင်ထဲက လက်ရုံးရည် နှလုံးရည် ယိုယွင်းနေရာက ခုပြည်သူနဲ့ ဆန့်ကျင်ဘက် အလုပ်ကို လုပ်ကြတာ။ ဒါကြောင့်လည်း ပြည်သူက လက်နက်ကိုင် တော်လှန်တာကို သွေးရူးသွေးတန်း ဂုဏ်သိက္ခာမဲ့စွာနဲ့ လေကြောင်းတွေနဲ့ ပစ်ခတ်တာတွေလုပ်လာလို့ ကျွန်တော်မြင်ပါတယ်” ဟု ၎င်းက ပြောသည်။ယခု အင်အားအပြည့် ပါသည့် စစ်ယာဉ်တန်းသည်လည်း ဂန့်ဂေါနယ်ဘက်သို့ ချီတက်နေသည့် အတွက် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သည်ဟု ဒေသခံ တော်လှန် ရေးခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။ mizzima

« Older Entries Recent Entries »