Monthly Archives: Dec 2021

၅၀၀၀ တန်တွေကို ဗဟိုဘဏ်က ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းမှား

မြန်မာငွေကျပ် ၅၀၀၀ တန်တွေကို ငွေမဲအဖြစ် ဗဟိုဘဏ် ကြေညာပြီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်သံ သတင်းတစ်ခုကို Real News Of Myanmar ဆိုတဲ့ YouTube Channel ကနေ တင်ထားတာကို တွေ့ရပါတယ်။အဲ့ဒီ ရုပ်သံသတင်းကို Real News Of Myanmar ဆိုတဲ့ YouTube Channel က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စတင် ထားတာကို တွေ့ရပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ realnews-24.com ဆိုတဲ့ Website က ရုပ်သံ ကြည့်ရှု လို့ရမယ့် Real News Of Myanmar YouTube Channel လင့်နဲ့ ချိတ်ဆက်ပြီး တင်ထားတာကိုလည်း တွေ့ရပြန်ပါတယ်။

Real News Of Myanmar YouTube Channel ကတင်ထားတဲ့ မြန်မာငွေကျပ် ၅၀၀၀ တန်များကို ငွေမဲအဖြစ် ဗဟို ဘဏ် ကြေညာပြီဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ထားတဲ့ ရုပ်သံသတင်းဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ၅၀၀၀ ကျပ်တန် ငွေစက္ကူတွေကို ငွေမဲတွေဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန် ကြေညာ ထားတာကို မတွေ့ရသလို သတင်းဌာနတွေကလည်း ၅၀၀၀ တန် ငွေစက္ကူနဲ့ ပတ် သက်ပြီး သတင်းရေးသားထား တာကို မတွေ့ရလို့ပဲဖြစ်ပါတယ်။ဗဟိုဘဏ်ရဲ့ Website မှာ https://www.cbm.gov.mm/my ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် Real News Of Myanmar YouTube Channel က မြန်မာငွေ ၅၀၀၀ ကျပ်တန်တွေကို ငွေမဲအဖြစ် ဗဟို ဘဏ် ကြေညာပြီဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ထားတဲ့ ရုပ်သံထဲမှာ ဆိုရင် သတင်းခေါင်းစဉ်နဲ့ ကိုက်ညီတဲ့ သတင်း တွေကို ရုပ်သံပြုလုပ်ထားတာ မဟုတ်ပဲ ခေါင်းစဉ်နဲ့ ကိုက်ညီမှု မရှိတဲ့ အကြောင်းအရာတွေကိုပဲ ပြောဆို နေတာ ကို တွေ့ရပါတယ်။ဥပမာ – စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတဲ့သူတွေ သေဆုံးတဲ့ သ တင်း၊ ဘဏ်ဓါးပြတိုက်ခံရတဲ့ သတင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်တဲ့ သတင်း စတာတွေကို သတင်းရုပ်သံအဖြစ် ဖန်တီး ပြုလုပ်ထားတာကို တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက် အားလုံးကို ကြည့်လိုက်တဲ့အခါမှာ Real News Of Myanmar YouTube Channel နဲ့ realnews-24.com တို့ တင်ထားတဲ့ ရုပ်သံသတင်းဟာ သတင်းအမှား ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။Real News Of Myanmar ဆိုတဲ့ YouTube Channel ရဲ့ ရုပ်သံကို ကြည့်ရှု့သူ ကိုးသောင်း ငါးထောင်နီးပါးရှိ နေပြီး၊ သဘောထားမှတ်ချက်ပေးသူနဲ့ ကြိုက်နှစ်သူတွေလည်း အတော်များများ ရှိနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် ဒီရုပ်သံကိုပဲ NLD.NUG ဆို ချီးထက်ရွံ့သူများ၊ တပ်မတော်ထောက်ခံသူများနှင့် အမျိုးသားအရေး တက်ကြွလှုပ်ရှားသူတွေရဲ့ Facebook Group တွေထဲမှာ ထပ်ဆင့် ဖြန့်ဝေထားတာကို တွေ့ရပါတယ်။Real News Of Myanmar ဆိုတဲ့ YouTube Channel ဟာ စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်က စတင်လွှင့် တင်ခဲ့တဲ့ Channel ဖြစ်ပြီး အဲဒီ Channel ကနေ ကြည့်ရှု့သူတွေ စိတ်ဝင်စားအောင် ဓာတ်ပုံတွေကို စာအရေး အသားတွေနဲ့ ပြုလုပ်ပြီး ရုပ်သံသတင်း အမှားတွေအဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။

လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီးရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ဒါကြောင့် YouTube Channel တွေကပဲ ဖြစ်ဖြစ်၊ Website တွေကပဲဖြစ်ဖြစ်၊ Facebook ကပဲဖြစ်ဖြစ် အစရှိတဲ့ လူမှုကွန်ရက်တွေနဲ့ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ ပြောပြတော့မယ်ဆိုရင် ယုံကြည်စိတ်ချ ရတဲ့ သတင်းဌာနတွေနဲ့ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့လိုပါတယ်။ mizzima

KNU တပ်မဟာ ၂ နယ်မြေ ကစယ်ဒိုတောင် ခြေတွင် စစ်ကောင်စီတပ်နှင့် KNLA ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကစယ်ဒိုတောင်ခြေတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် နယ်ကျော်လာသော စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၆ ကြား နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကြောင်း သတင်းရရှိသည်။

နယ်ကျော်လာသည့် စစ်ကောင်စီတပ်ကို KNLA က ဆွဲမိုင်းဖြင့်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ကျော် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု KNLA သ တင်းရင်းမြစ်ထံမှ သိရှိရသည်။”ရှားစေးဘိုကျေးရွာက သူတို့ စခန်းထိပဲ သွားဖို့ သဘောတူထားတယ်၊ အခု သူတို့က အင်အား ၁၀၀ နီးပါးနဲ့ တပ်ချိန်းတပ်ပြောင်းလည်း မဟုတ်ဘဲ ကစယ်ဒိုတောင်ခြေအထိ နယ်ကျော်လာလို့ တိုက်ပွဲဖြစ်တာပါ၊ နယ်မကျော်ရင် တိုက်ပွဲဖြစ်စရာ မရှိဘူး” ဟု KNLA တပ်မဟာ ၂ တပ်မှူးတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင်လည်း ထန်းတပင်မြို့နယ် လေးလုံးပင်ဒေသသို့ နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ် ခမရ ၅၇ နှင့် KNLA တပ်မဟာ ၂ အထူးလုံခြုံရေးတပ်ဖွဲ့၊ LPDF ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ကျဆုံးစာရင်းကို ကနဦး အတည်မပြုနိုင်သေးပေ။ khit thit

အိန္ဒိယ မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင်ရောက် မြန်မာစစ်ရှောင်ဒုက္ခသည်များကို ထောက်ပံ့

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင်သို့ ရောက်ရှိနေသော မြန်မာစစ်ဘေးရှောင်များကို လူ့အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ကူညီပေးခဲ့ကြောင်း မီဇိုရမ်ပြည်နယ်ရှိ မြန်မာဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ အတွင်းရေးမှူး အက်စ်လားဟူလျံ (S.Lal Hu Lain) က ပြော သည်။

“ခန့်မှန်ခြေ ရူပီး လေးသိန်း (မြန်မာငွေ ၉၄ သိန်းခန့်) လောက်ရှိမယ့် ပစ္စည်းများကို ကျွန်တော်တို့ ဒီနေ့ ဆိုင်ဟားကို ပို့ပေးဖို့ ဒီနေ့ အိုက်ဇောမြို့ကနေ ထွက်ခွာသွားပါပြီ ” ဟု ၎င်းက ယနေ့ ပြောသည်။ လှူဒါန်းသော ပစ္စည်းများထဲတွင် အဝတ်အစား၊ စောင်၊ အိုးခွက်နှင့် ပန်းကန် အစရှိသော လူသုံးကုန်များ အစုံ ပါဝင်ကြောင်း ၎င်းက ဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်ကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ချယ်ဆီးဘောလုံး အသင်းကို အားပေးထောက်ခံသူ Mizo Chelsea Fans များကလည်း မြန်မာဒုက္ခသည်များကို ကူညီရန် ရူပီး ၂၀,၀၀၀ (မြန်မာငွေ ၆၅၀,၀၀၀ ခန့်) လှူဒါန်းထားသည်ကို လက်ခံရရှိကြောင်း ၎င်းက ဆိုသည်။ Mizo Chelsea Fans သည် ယခုနှစ်တွင် တည်ထောင်ခဲ့သည်မှာ ၁၀ နှစ် ပြည့်မြောက်မည် ဖြစ်ပြီး အသင်းဝင် ၁၇,၉၇၅ ဦး ရှိပြီ ဖြစ်သည်။

မြန်မာဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ (Myanmar Refugee Relief Committee )သည် မြန်မာစစ်ဘေးရှောင်များအား ကူညီနေသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဒုက္ခသည်များ အိမ်ငှားခ မပေးနိုင်ခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန် ငွေကြေး အခက်အခဲ ရှိသူများကိုလည်း အ ကူအညီပေးကြောင်း အသင်းအတွင်းရေးမှူးက ပြောသည်။ mizzima

ပခုက္ကူတွင် စစ်ကောင်စီထောက်ပို့ရထားကို PDF နှစ်ဖွဲ့ပေါင်းတိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ၏ ထောက်ပို့ရထားကို ယမန်နေ့ (ဒီဇင်ဘာ ၂၁) နံနက်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) နှစ်ဖွဲ့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PPDF) က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးခန့်လိုက်ပါလာပြီး ပခုက္ကူမှ ကျွန်းချောင်းဘက်သို့ ခုတ်မောင်းနေသည့် ထောက်ပို့ရထားကို နန်းတော်ရပ်ကျေးရွာနှင့် ထန်းပင်ကိုင်ကျေးရွာကြားတွင် မိုင်းလေးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ စက်ခေါင်းအပါအဝင် ရှေ့ပိုင်းတွဲများ အကြီးအကျယ်ပျက်စီးသွားသည့်ပြင် စစ်သားငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်ဟု PPDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧရာဝတီမြစ်ကမ်းဘေး ဒေသများဖြစ်သော မြစ်ခြေနှင့် ကျွန်းချောင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC-KCDF) နှင့် ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရထားတွင် မည်သည့်ပစ္စည်းများ တင်ဆောင်လာသည်ကို မသိရကြောင်း ထိုပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“အတွင်းသတင်းအရ ရှစ်ယောက်လုံး (စစ်သား) ဆေးရုံကို ရောက်လာတယ်။ သုံးယောက်လောက် ခြေထောက်ဖြတ်ရတယ်လို့ ကြားတယ်၊ ဒါတော့ အတည်မပြုနိုင်ဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ပျက်စီးသွားသည့် ရထားကို အခြားတစ်စီးဖြင့် ပုခုက္ကူမြို့ဘက်သို့ ဆွဲယူသွားသည်ဟု သတင်းရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ထောက်ပို့ရထားတိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်ကလည်း ကျွန်းချောင်း−ဆိပ်ဖြူလမ်းပေါ်တွင် PPDF နှင့် ပေါင်းကာ စစ်ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၇ ဦးသေမည်ဟု MC-KCDF က ထုတ်ပြန်ထားဖူးသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို ခုခံတော်လှန်မှုများ အရှိန်မြင့်တက်နေဆဲဖြစ်ကာ ဒေသအသီးသီးတွင် ရရာလက်နက်ဖြင့် တော်လှန်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ဖြစ်နေသည်။  myanmar now

၁ လတာ တိုက်ပွဲ ၁၅ ပွဲတွင် စစ်ကောင်စီတပ် သား ၆၀ ခန့်သေဆုံးဟု ယင်းမာပင် PDF ပြော

ဒီဇင်ဘာလထဲတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်ခန့်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ ဦးရေ ၆၀ ခန့်သေဆုံးသည်ဟု ယင်းမာပင် PDF ခေါင်းဆောင် ကိုစိုင်းက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၂ ရက် တွင်လည်း ယင်းမာပင်မြို့နယ် နုံးကြီးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့်နှင့် ဒေသခံပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းအဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ခင်း ၁၀ နာရီခန့်တွင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ငါးမိုင်ခန့်အကွာ နုံးကြီးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ “စစ် သားတွေက ခြေလျင်စစ်ကြောင်းနဲ့ဖြန့်ပြီး နယ်မြေရှင်းလင်းရေးလာလုပ်ကြတာ ကျွန်တော်တို့ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ကြရင်း အပြန်အလှန်ပစ်ကြတာပါ”ဟု ယင်းမာပင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။

အပြန်အလှန်ပစ်ခတ်ချိန် တစ်နာရီနီးပါးကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြင်းအထန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ပွဲတွင် နှစ်ဖက်ကျဆုံးမှု အခြေအနေအား အတည်မပြုနိုင်သေးကြောင်း ယင်းမာပင် PDF ခေါင်းဆောင်ကပြော သည်။ ပစ်ခတ်မှုများ အပြီးတွင် စစ်ကောင်စီတပ်သားများ ယင်းမာပင်မြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားသည်ဟု ၎င်းကပြောသည်။

ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများသည် နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် မကြာခဏ ထိုးစစ်ဆင်လေ့ရှိသည်။ ထိုသို့ထိုး စစ်ဆင်ချိန်တိုင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် ယင်းမာပင်၊ ကနီ၊ ပုလဲနှင့် မုံရွာဘက်မှ ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်မှု ၊ ချုံခိုတိုက်ခိုက်မှုများ ပြုလုပ်ကာ တိုက်ခိုက်လျက်ရှိသည်။

“စစ်ကောင်စီတပ်တွေက စစ်ကြောင်းလာထိုးလိုက်၊ မြို့ပေါ်ပြန်တက်သွားပြီး အင်အားပြန်ဖြည့်လိုက်နဲ့ လုပ်နေတာ။ သူတို့စစ်ကြောင်းထိုးတိုင်းလည်း တိုက်ခိုက်ခံရတယ်။ ကျွန်တော်မှတ်ထားတဲ့ စာရင်းအရဆိုရင် သူတို့ဘက်ကကျဆုံးတာ စုစုပေါင်း အယောက် ၆၀ လောက်ရှိပြီ” ဟု ၎င်းကပြောသည်။

အင်အားတိုးလာကာ စစ်သင်တန်းများတိုးချဲ့ပေးနေရသည့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များတွင် စားနပ်ရိက္ခာနှင့် စစ်အသုံးအဆောင်များ လို အပ်လျက်ရှိသည်။ “စားနပ်ရိက္ခာအတွက်တော့ ပြည်သူတွေက သူတို့ရှိတဲ့ ဆန်စပါးလေးတွေ ပဲလေးတွေကို လိုလိုချင်ချင်နဲ့ လာလှူကြတာမျိုးရှိတယ်။ ရဲဘော်တွေအတွက်လိုတဲ့ အခြားပစ္စည်းတွေအတွက်တော့ ကျွန်တော်တို့လည်း ငွေမရှိလို့ မဖြည့်ပေးနိုင်သေးပါဘူး။ လိုအပ်ချက်တွေတော့ အများကြီး ရှိနေပါသေးတယ်” ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ၏ အခက်အခဲကို ကိုစိုင်းက ပြောပြသည်။ mizzima

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၈ ဦး သေဆုံးကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်ခေတ်သစ်က စာရင်း ကောက်ခံရရှိသည်။

khit thit

မြောက်ဦးမြို့နယ် တိန်ညိုစစ်ရှောင်စခန်းမှ စစ်ရှောင်များကို နေရပ်ပြန်ခိုင်းနေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိန်ညိုစစ်ဘေးရှောင်စခန်းသို့ စစ်ကောင်စီ နောက်လိုက် ဒေါက်တာ သက်သက်ခိုင်နှင့် ဒေါက်တာအောင်ကျော်မင်းတို့ လာရောက်အပြီးတွင် စစ်ရှောင်များ နေရပ် ပြန်လိုက ပြန်နိုင်ကြောင်း ပြောဆိုခဲ့သည်ဟု အဆိုပါ စခန်းတာဝန်ခံက ပြောသည်။ “ပြန်မယ့် ဆန္ဒရှိတဲ့သူတွေ စာရင်းပေးလို့ ရတယ်လို့ ပြောတယ်။ နေရပ်ကို ပြန်ရင် နေအိမ်တွေ ပျက်စီးနေတာတွေကို ပြုပြင်ပေးမယ်။ စားဝတ်နေရေးအတွက် ထောက်ပံ့ပေးမယ်လို့တော့ ပြောတယ် ” ဟု တိန်ညို စစ်ဘေးရှောင်စခန်း ပြန်ကြားရေး တာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

မြောက်ဦးမြို့နယ်ရှိ တိန်ညို စစ်ရှောင်စခန်းသို့ စစ်ကောင်စီ၏ နောက်လိုက် ဒေါက်တာ သက်သက်ခိုင်၊ ဦးကိုကိုလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာအောင်ကျော်မင်း၊ ဗိုလ်မှူးကြီး ကျော်သူရ၊ ဗိုလ်မှူးကြီး ထိန်လင်းနှင့် စစ်တပ်အဖွဲ့သားများ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လာရောက်ခဲ့သည်။တိန်ညိုစခန်းမှ စစ်ရှောင် အများစုသည် နေအိမ်များကို စွန့်ခွာပြီး စခန်းကို ရောက်ရှိနေသည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်သည်။

ယခု ပြန်မည်ဆိုပါက နေအိမ်များ ပျက်စီးယိုယွင်း နေမည်ဖြစ်ပြီး တိုက်ပွဲများ ပြန်ဖြစ်လာမည် ကိုလည်း စိုးရိမ်နေကြသည်။ ယင်းအပြင် စစ်ကောင်စီ နောက်လိုက် ဝန်ကြီးများ၏ ကတိကဝတ် များကိုလည်း အယုံမကြည် မရှိ၍ မပြန်လိုဟု အဆိုပါစခန်းရှိ စစ်ရှောင်များက ပြောသည်။

“ပေးမယ်လို့ ပြောရင်လည်း သူတို့က အာမခံချက် မရှိတဲ့အတွက် ကျွန်မတို့က ယုံကြည်မှု မရှိဘူး။ ရွာမှာ သက်သေသက်ထား အဖြစ် တစ်ခုခုများ လုပ်ပြထားရင် ကျွန်မတို့က ယုံကြည်လို့ရမှာ။ အခုကဘာမှလည်း မလုပ်ပေးတဲ့အတွက် မယုံကြည်ဘူး။ ကျွန်မတို့က မပြန်ရဲသေးဘူး။ နောက်ထပ် စစ်ပွဲတွေ ဖြစ်လာမှာကိုလည်း ကြောက်တယ်။ စစ်သားတွေလည်း နေရာတိုင်းမှာ ရှိကြသေးတယ် ”ဟု စစ်ရှောင်တစ်ဦး ဖြစ်သည့် ဒေါ်အေးအေးက ပြောသည်။

နေရပ်ပြန်မည်ဆိုပါက နေအိမ်ပျက်စီးမှုးများကို အဆင့် A၊ B ၊ C ဟု သုံးဆင့်ခွဲ ကူညီမည်ဟု ကတိ ပေးခဲ့သည်ဟုလည်း ဆိုသည်။ အဆင့် (A) သည် လုံးဝပျက်စီးသွားသည့်အိမ်၊ အဆင့် (B သည် တစ်ဝက်တစ်ပျက် ပျက်စီးသည့်အိမ် ဖြစ်ပြီး အဆင့် (C) မှာ အနည်းငယ် ပျက်စီးသွားသည့် အိမ်ဟု ခွဲထားသည်ဟု ဆိုသည်။

“ သူတို့က ပြောတယ်။ စစ်ဘေးရှောင်တွေ အတွက် ကုန်နေတဲ့ ငွေတွေက တိုင်းပြည် တည်ဆောင်ရေး အတွက် အသုံးမဝင်ဘဲ မိမိနေရပ်ကို ပြန်ရင် ပိုအဆင်ပြေမှာပါလို့ ပြောတယ်။ အဲ့တော့ ကျွန်တော်တို့ဘက်က ပြောချင်တာက သူတို့ လူကြီးပိုင်းတွေက စာချုပ်စာတန်းတွေ၊ ကတိ ကဝတ်တွေနဲ့ အပစ်အခတ် ရပ်စဲပြီးမှ ပြန်လို့ရမယ်။ အဲ့လိုမျိုး မဟုတ်ရင် စိုးရိမ်စိတ်တွေ များနေတဲ့အတွက် အတင်းပြန်ခိုင်းလို့မှ မရတာ” ဟု တိန်ညိုစစ်ဘေးရှောင်စခန်း ပြန်ကြားရေး တာဝန်ခံ ဦးစိုးနိုင် က ပြောသည်။

တိန်ညို စစ်ဘေးရှောင်စခန်းကို ၂၀၁၉ ခုနှစ်တွင် ဖွင့်ခဲ့ပြီး ချင်း ပြည်နယ် ပလက်ဝ မြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြောက်ဦး မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၁၂ ရွာမှ စစ်ဘေးရှောင် ပြည်သူများ လာရောက် ခိုလှုံခဲ့ကြသည်။ လက်ရှိတွင် အိမ်ထောင်စု ၇၇၃ စု၊ လူဦးရေ ၂‚၈၆၂ ဦး နေထိုင်လျက် ရှိသည်။ mizzima

ပေါင်မြို့နယ် အန်အယ်လ်ဒီပါတီအမတ်၏ နေအိမ် ချိပ်ပိတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာရှိတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးရဲ့ နေအိမ်ကို စစ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းမှာ ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက  ဒီဗွီဘီကို ပြောပါတယ်။

ပေါင်မြို့၊ ပေါင်းရပ်ကွက်မှာရှိနေတဲ့ ဦးဇော်ဇော်ထူး နေအိမ်ကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀ ယောက်လောက်က  လာရောက်ပြီး ချိပ်ပိတ်သွားခဲ့တာပါ။

စစ်ကောင်စီကတော့ ဦးဇော်ဇော်ထူးဟာ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်ကို ချိပ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးဟာ ၂၀၂၀ နဲ့ ၂၀၁၅ အထွေထွေးရွေးကောက်ပွဲမှာ ၂ ကြိမ်ဆက် အနိုင်ရထားတဲ့ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

ဦးဇော်ဇော်ထူးဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရပြီး လက်ရှိမှာတော့ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

လွှတ်တော်အမတ် ဦးဇော်ဇော်ထူး နေအိမ်ဟာ မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် လွှတ်တော် ကိုယ်စားလှယ်ထဲမှာ ပထမဦးဆုံး ချိပ်ပိတ်ခံရတဲ့ နေအိမ်လည်း ဖြစ်ပါတယ်။ DVB

အရာတော် မုံရွာကားလမ်းပေါ်တွင် စစ်ကောင် စီ၏ ထောက်ပို့ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်-မုံရွာကားလမ်းပေါ်တွင် မုံရွာမြို့မှ အရာတော်မြို့သို့ ဦးတည်သွားသည့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တစ်စီးအား ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် တော်လှန်ရေး ပူးပေါင်းညီနောင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” ကားက တစ်စီးထဲပဲ။ သုံးယောက်လောက်တော့ ပါမယ်။ ကားက လမ်းပေါ်မှာ ကန့်လန့်ကြီးတင်သွားတာ မမောင်းနိုင်တော့ဘဲ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ ကားက ၂ နာရီလောက်အကြာမှာ လာမောင်းသွားတယ်။ ကားမောင်းလာတဲ့သူက မမောင်းနိုင်လို့ လာမောင်းပေးတာ”ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။စစ်ကောင်စီ၏ ထောက်ပို့ယာဉ်အား မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦး ဒဏ်ရာပြင်းထန်နိုင်ကြောင်း ၎င်းက ပြောသည်။

ယင်းလုပ်ဆောင်မှုကို သပြေညို ပြောက်ကျားတပ်ဖွဲ့ နှင့် Ayadaw Bone Naing PDF (A.B.N PDF) တို့မှ ဦးဆောင်၍ Ayadaw Falcon Froce (AF2)၊ Knight of The Red Land (KORL)တပ်ဖွဲ့ ၊တမန်တော်ပြောက်ကျားတပ်ဖွဲ့ (APOSTLE) Guerilla Commendo-Myinmu(PGC)၊ M.R.T.F တပ်ဖွဲ့နှင့် The Guys of Burma Revolution Force (GBRF) တို့ တော်လှန်ရေးညီနောင် ရှစ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ဒီဇင်ဘာလ ၂၀ ရက်ကလည်း မုံရွာ-အရာတော်လမ်းပိုင်းတွင် မုံရွာမှ အရာတော်သို့ဦးတည်သွားနေသော စစ်ကောင်စီ၏ ရိက္ခာတင်ကား သုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ mizzima

မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းမှုကို ၂၀၂၂ မတ်လအထိ အိန္ဒိယအစိုးရက ထပ်မံ သက်တမ်းတိုး

အိန္ဒိယအစိုးရက ပြည်ပကနေ  မတ်ပဲနဲ့ ပဲစင်းငုံတင်သွင်းမှုကို ၂၀၂၂ မတ်လ ၃၁ ရက်နေ့အထိ ၃လ ထပ်မံသက်တမ်း ထပ်တိုးလိုက်ပါတယ်။

မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းသုံးမျိုးကို ၂၀၂၁ အောက်တိုဘာလကုန်ထိ အရေအတွက်အကန့်အသတ်မရှိ သူ့နိုင်ငံအတွင်း လွတ်လပ်စွာ တင်သွင်ခွင့်ပေးခဲ့ရာကနေ   ဒီဇင်ဘာလကုန်အထိ သက်တမ်းတစ်ကြိမ်ထပ်တိုးပေးခဲ့ပြီး အခု ၂၀၂၂ မတ်လကုန်အထိ တင်သွင်းခွင့်ကာလကို ထပ်တိုးလိုက်တာပါ။

အိန္ဒိယက ၂၀၁၇ ခုနှစ်နောက်ပိုင်းက စတင်ပြီး ပြည်ပက ပဲတင်သွင်းမှုကို ခွဲတမ်းစနစ်နဲ့ ပမာဏကန့်သတ်ပြီး တင်သွင်းစေခဲ့ရာကနေ သူ့နိုင်ငံအတွင်း  ပဲလိုအပ်ချက်များပြားနေတဲ့ အခြေအနေကြောင့် ခွဲတမ်းစနစ်ကို အခုနှစ်မှာ ပယ်ဖျက်ပေးလိုက်ပြီး မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်း သုံးမျိုးကို အကန့်အသတ်မရှိ လွတ်လပ်စွာ တင်သွင်းခွင့်ပေးခဲ့တာပါ။

တဖက်မှာလည်း နှစ်နိုင်ငံအစိုးရချင်း ရေးထိုးထားတဲ့ MOUအရ မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန်နှစ်သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် တစ်သိန်းတို့ကို ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်ကနေ စတင်ပြီး ၅ နှစ်တာ နှစ်စဥ် တင်သွင်းသွားမှာဖြစ်တာကြောင့် ပဲစျေးကွက်အလားအလာကောင်းနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ကြပါတယ်။

ပဲကုန်သည်တစ်ဦးက “သုံးလလည်း ထပ်သက်တမ်းတိုးတယ်၊ G to G လည်း ထွက်မယ်ဆိုတော့ ပဲစျေးကမကျနိုင်ဘူး။ အခုတောင် စျေးကပြန်တက်နေပြီ။ အိန္ဒိယကသက်တမ်းထပ်တိုးပြီး ၀ယ်မယ်ဆိုတော့ မြန်မာပြည်က ပဲစျေးလည်း တက်သွားတာပါ။ ပဲအသစ်ပေါ်ချိန်ဆိုတော့ တောင်သူအတွက် အကျိုးအမြတ်ရှိနိုင်တယ်” လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတို့ကို အိန္ဒိယစျေးကွက်အပေါ်မှီခိုပြီး အဓိကထား စိုက်ပျိုးနေတာဖြစ်လို့ အိန္ဒိယနိုင်ငံရဲ့ ပဲတင်သွင်းခွင့် မူဝါဒ အပေါ်မူတည်ပြီး ပြည်တွင်းပဲစျေးကွက်အပေါ် ရိုတ်ခတ်မှုရှိပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပဲ၀ယ်ယူမယ့် သတင်းတွေကြောင့် အသစ်ပေါ်ချိန် စျေးနှုန်းကျဆင်းနေတဲ့ မတ်ပဲစျေးနှုန်းတွေ ပြန်လည်မြင့်တက်လာပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင် နေ့စဥ်ထုတ်ပြန်တဲ့စျေးနှုန်းတွေအရ  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မတ်ပဲ (FAQ) တစ်တန်ပေါက်စျေး  ကျပ် ၁၂၀၇၅၀၀ သာရှိခဲ့ပေမဲ့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ တစ်တန်ကို ကျပ် ၁၂၆၇၅၀၀ ပေါက်စျေးရှိပြီး ၂ ရက်အတွင်း မတ်ပဲတစ်တန်ကို ကျပ်ခြောက်သောင်း၀န်းကျင် စျေးပြန်မြင့်တက်ခဲ့ပါတယ်။ DVB

« Older Entries