အရာတော် မုံရွာကားလမ်းပေါ်တွင် စစ်ကောင် စီ၏ ထောက်ပို့ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်-မုံရွာကားလမ်းပေါ်တွင် မုံရွာမြို့မှ အရာတော်မြို့သို့ ဦးတည်သွားသည့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တစ်စီးအား ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် တော်လှန်ရေး ပူးပေါင်းညီနောင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” ကားက တစ်စီးထဲပဲ။ သုံးယောက်လောက်တော့ ပါမယ်။ ကားက လမ်းပေါ်မှာ ကန့်လန့်ကြီးတင်သွားတာ မမောင်းနိုင်တော့ဘဲ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ ကားက ၂ နာရီလောက်အကြာမှာ လာမောင်းသွားတယ်။ ကားမောင်းလာတဲ့သူက မမောင်းနိုင်လို့ လာမောင်းပေးတာ”ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။စစ်ကောင်စီ၏ ထောက်ပို့ယာဉ်အား မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦး ဒဏ်ရာပြင်းထန်နိုင်ကြောင်း ၎င်းက ပြောသည်။
ယင်းလုပ်ဆောင်မှုကို သပြေညို ပြောက်ကျားတပ်ဖွဲ့ နှင့် Ayadaw Bone Naing PDF (A.B.N PDF) တို့မှ ဦးဆောင်၍ Ayadaw Falcon Froce (AF2)၊ Knight of The Red Land (KORL)တပ်ဖွဲ့ ၊တမန်တော်ပြောက်ကျားတပ်ဖွဲ့ (APOSTLE) Guerilla Commendo-Myinmu(PGC)၊ M.R.T.F တပ်ဖွဲ့နှင့် The Guys of Burma Revolution Force (GBRF) တို့ တော်လှန်ရေးညီနောင် ရှစ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ဒီဇင်ဘာလ ၂၀ ရက်ကလည်း မုံရွာ-အရာတော်လမ်းပိုင်းတွင် မုံရွာမှ အရာတော်သို့ဦးတည်သွားနေသော စစ်ကောင်စီ၏ ရိက္ခာတင်ကား သုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ mizzima